The Corner

The Corner

cropped-Logo_round_grey-background.png

စစ်ကြီးအတွင်း ကျွန်မ ကဗျာဆရာ,မဖြစ်ချင်ဘူး

Share မယ်

ကျုပ်တို့ ဂါဇာကလူတွေ အဆင်ပြေပါတယ်။ နို့ … ခင်ဗျားတို့ရော၊ ခင်ဗျားတို့ရဲ့လိပ်ပြာတွေ၊ ခင်ဗျားတို့ရဲ့ တန်ဖိုးထားမှုတွေ အစစအရာရာ အဆင်ပြေကြရဲ့လား၊ ကျုပ်တို့က ခင်ဗျားတို့အတွက် စိတ်ပူနေတာ။

– ရီးမ်အဘူဂျာဘာ၊ ဂါဇာကမ်းမြောင်ရှိ ဒေးယားအယ်လ်-ဘာလာမြို့၌နေထိုင်သူ
(ပြင်သစ်ရုပ်မြင်သံကြား၊ ၁၆ အောက်တိုဘာ ၂၀၂၃ အင်တာဗျူး)

တလောက စာရေးဆရာပေါင်း ၇၀ နီးပါးပါဝင်ရေးသားထားသည့် “ဂါဇာရဲ့ အရုဏ်ဦး” (Daybreak in Gaza) စာအုပ်ဖတ်ရသည်။  ပါလက်စတိုင်းယဉ်ကျေးမှု၊ သမိုင်းနှင့် လူမှုဘဝတို့ကို ဖော်ကျူးထားသည့် စာပေါင်းစု (Anthology) ဖြစ်ပြီး ဆောင်းပါး၊ အက်ဆေး၊ ကဗျာ၊ စစ်အတွင်းဒိုင်ယာရီ၊ လူတွေ့မေးမြန်းခန်း၊ ပါးစပ် ရာဇဝင်၊ ဓာတ်ပုံနှင့် ပန်းချီသရုပ်ဖော်ပုံများပါသည်။ ယင်းစာအုပ်ထဲမှ  ကဗျာဆရာမ ဟင်းဒ်ဂျူဒါ၏ “စစ်ကြီးအတွင်းမှာ” (In Times of War) ကဗျာကို ပြန်ဆိုတင်ဆက်လိုက်ပါသည်။

စစ်ကြီးအတွင်းမှာ 

စစ်ကြီးအတွင်းမှာ ကဗျာဆရာဖြစ်ရတာ ဘယ်သို့ရှိပါစ?
တောင်းပန်ပြီးရင်း တောင်းပန်ရင်းပဲ …
ကျယ်ကျယ်ပြန့်ပြန့်ကို တောင်းပန်နေရတာ
မီးကျွမ်းသွားတဲ့သစ်ပင်တွေကို
အသိုက်မဲ့သွားတဲ့ ငှက်တွေကို
ကြေမွသွားတဲ့ အိမ်တွေကို
လမ်းတစ်လျှောက်က အက်ကွဲကြောင်းရှည်ကြီးတွေကို
မသေမီ … သေဆုံးသွားတဲ့ ဖြူရော်ရော်မျက်နှာပိုင်ရှင်ကလေးလေးတွေကို
ကြေကွဲနေတဲ့ … အသတ်ခံသွားရတဲ့ မိခင်ရဲ့မျက်နှာတွေကို
စစ်ကြီးအတွင်းမှာ လုံလုံခြုံခြုံနေရတာ ဘယ်သို့ရှိပါစ?
အားနာပြီးရင်း အားနာရင်းပဲ …
မိမိ အပြုံးအတွက်
မိမိ နွေးထွေးစွာနေရတဲ့အတွက်
မိမိရဲ့ သန့်ပြန့်တဲ့အဝတ်အစားတွေအတွက်
မိမိရဲ့ အချိန်ပိုတွေအတွက်
မိမိရဲ့ သမ်းဝေမှုအတွက်
မိမိရဲ့ ကော်ဖီခွက်အတွက်
မိမိရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်မှုအတွက်
မိမိ ချစ်ရသူတွေသက်ရှိထင်ရှားရှိနေတဲ့အတွက် 
မိမိ ဗိုက်ပြည့်တဲ့အတွက်
မိမိ ရေအလွယ်တကူရတဲ့အတွက်
မိမိ ရေကောင်းရေသန့်ရတဲ့အတွက် 
မိမိ ရေမိုးချိုးနိုင်တဲ့အတွက်
မိမိ အမှတ်မထင် အသက်ရှင်နေတဲ့အတွက်
အို … ဘုရားသခင်
စစ်ကြီးအတွင်း တပည့်တော်မ ကဗျာဆရာ,မဖြစ်လိုပါအရှင်။

ဟင်းဒ် ဂျူဒါ (၁၉၈၃- )

ဂါဇာဒေသ စစ်ရှောင်စခန်း၌ မွေးဖွားခဲ့။ မဂ္ဂဇင်းအယ်ဒီတာ / ရေဒီယိုတင်ဆက်သူ / သတင်းရုပ်ရှင်ရေးသူအဖြစ်ဆောင်ရွက်။ ဤကဗျာကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ကရေးဖွဲ့ခဲ့ခြင်းဖြစ်။

စာညွှန်း။ Matthew Teller (edit.) Daybreak in Gaza. 2024. Saqi Books. London

၁၄ ဩဂုတ် ၂၀၂၄

မှတ်ချက်။

by author
by author

What does it mean to be safe in times of war? / It means being ashamed… ကို ရှေးဦးစွာ “အရှက်ရပြီးရင်း ရရင်း” ဟုပြန်ဆိုခဲ့သည်။ နောင် ဆရာမင်းသုဝဏ်၏ “သူ့မှာတမ်း” ကဗျာထဲက “အားနာခဲ့ကြောင်းပြောပါလေ” ကို ပြေးသတိရလိုက်သည်နှင့် “အားနာပြီးရင်း အားနာရင်း … “ ဟု ပြင်ဆင်ပြန်ဆိုလိုက်ပါသည်။

IN TIMES OF WAR

Hind Joudah

What does it mean to be a poet in times of war?
It means apologising…
extensively apologising
to the burnt trees
to the nestless birds
to the crushed homes
to the long cracks along the streets
to the pale-faced children before and after death
to the faces of every sad or murdered mother
What does it mean to be safe in times of war?
It means being ashamed…
of your smile
of having warmth
of your clean clothes
of your idle hours
of your yawning
of your cup of coffee
of your restful sleep
of having loved ones who are alive
of having a full stomach
of having available water
of having clean water
of being able to shower
And for incidentally being alive
Oh God,
I don’t want to be a poet in times of war.

ဟင်းဒ်ဂျူဒါ (၁၉၈၃ –  )
(အပေါ်ပုံ)

Click to rate this post!
[Total: 2 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *