ဦးသုခ သီဆိုသော ” ဂုဏ် ” သီချင်းတွင် “ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်” ဆိုသော်လည်း လောကတွင် ငွေပေး၍မရသော အရာများစွာ ရှိပါသည်။
နော်ဝေလူမျိုး ကဗျာဆရာ၊ ပြဇာတ်ရေးဆရာကြီး Henrik Ibsenက ငွေပေးလို့မရတာတွေကို ရေတွက်ပြထားသည်။
What money can buy
1. A bed, but not the sleep ခုတင်တစ်လုံးကို ဝယ်ယူနိုင်သော်လည်း အိပ်ပျော်ခြင်းကို ဝယ်လို့မရနိုင်ပါ။
2. Books, but not the wisdom စာအုပ်တွေကို ဝယ်ယူနိုင်သော်လည်း ဉာဏ်ပညာကို ဝယ်လို့မရနိုင်ပါ။
3. Food, but not the appetite အစားအစာကို ဝယ်ယူနိုင်သော်လည်း ခံတွင်းလိုက်တာကို ဝယ်လို့မရနိုင်ပါ။
4. Finery, but not the beauty အလှပြင်ပစ္စည်းတွေကို ဝယ်ယူနိုင်သော်လည်း အလှအပကို ဝယ်လို့မရနိုင်ပါ။
5. House, but not the home နေအိမ်ကို ဝယ်ယူနိုင်သော်လည်း မိသားစုအသိုက်အမြုံကို ဝယ်လို့မရနိုင်ပါ။
6. Medicine, but not the health ဆေးဝါးကို ဝယ်ယူနိုင်သော်လည်း ကျန်းမာရေးကို ဝယ်လို့မရနိုင်ပါ။
7. Luxuries, but not the culture စည်းစိမ်ချမ်းသာကို ဝယ်ယူနိုင်သော်လည်းရိုးရာယဉ်ကျေးမှုကို ဝယ်လို့ မရနိုင်ပါ။
8. Amusements, but not the happiness ဖျော်ဖြေမှုတွေကို ဝယ်ယူနိုင်သော်လည်း ပျော်ရွှင်မှုကို ဝယ်လို့ မရနိုင်ပါ။
9. Acquaintances, but not the friends အပေါင်းအသင်းကို ဝယ်ယူနိုင်သော်လည်း မိတ်ဆွေစစ်ကို ဝယ်လို့ မရနိုင်ပါ။
10. Servants but not faithfulness အခိုင်းအစေတွေကို ဝယ်ယူနိုင်သော်လည်းသစ္စာရှိသူတွေကို ဝယ်လို့ မရနိုင်ပါ။
11. Religion, but not the salvation ဘာသာတရားကို ဝယ်ယူနိုင်သော်လည်း ကယ်တင်ခြင်းကို ဝယ်လို့ မရနိုင်ပါ။
ခုတင်အကောင်းစားပေါ်မှာ ပိုးဖဲကတ္တီပါ မွေ့ရာအထူစား၊ ရေမြှုပ်ခေါင်းအုံး၊ ဖက်လုံးတွေရှိကာ လေအေးပေးစက် တပ်ဆင်ထားပါလျက် အိပ်၍မပျော်သူတွေရှိနေပါသည်။ စာကြည့်တိုက်ပမာ စာအုပ်တွေ ပိုင်ဆိုင်ထားပါလျက် ပညာရရှိနိုင်မည်မဟုတ်ပါ။ အမေရိကန်သူဌေးကြီး အင်ဒရူးကာနက်ဂျီသည် ထိပ်တန်း ဟိုတယ်ကြီးတစ်ခု၏ အကောင်းစား ဟင်းလျာအစားအစာတွေကို မစားချင်စားချင် တို့ကနန်းဆိတ်ကနန်း စားနေရာက ပြတင်းပေါက်မှ လှမ်းကြည့်မိရာ လမ်းဘေးဆိုင်မှာ အလုပ်ကြမ်းသမားတစ်ယောက် အပေါစား အစားအစာကို မြိန်ရေရှက်ရေ စားသောက်နေတာတွေ့တော့ ” ဒီလိုခံတွင်းလိုက်မှုမျိုးကိုသာ ဝယ်လို့ရမယ်ဆိုရင် ဒေါ်လာတစ်သန်းပေးပြီး ဝယ်လိုက်ချင်ပါရဲ့” လို့ညည်းတွားမိသည်အထိ ဖြစ်ခဲ့ဖူးပါသည်။
ဗြူတီပါလာမှာ အလှဆုံး ခြယ်မှုန်းပါလျက် အလှဆုံးဖြစ်မလာနိုင်တာက ပင်ရင်းမကောင်းလို့ မိတ္တူကောင်း မထွက်နိုင်ခြင်းသာ ဖြစ်ပါသည်။ မိသားစုအသိုက်အမြုံက ခွဲခွာလာရပြီး ကြယ်ငါးပွင့် အဆင့်မြင့်ဟိုတယ် ကြီးမှာ နေရပါလျက် ကြာလျှင် ဇိမ်မကျနိုင်တော့ပါ။ (A house is made up of walls and beams, a home is build with love and dreams)ဟု အိမ်ဆိုတာ နံရံတွေ ရက်မတွေဖြင့် ပြုလုပ်ရသော်လည်း မိသားစု အသိုက် အဝန်းကိုမူ ချစ်ခြင်းမေတ္တာနှင့် အိပ်မက်လှလှများဖြင့် တည်ဆောက်ရ၏တဲ့။
ငွေကြေးတတ်နိုင်တိုင်း ဆေးဝါးအပြည့်အဝ ကုသနိုင်သော်လည်း စင်းလုံးချော ကျန်းမာခြင်းသုခကို ရရှိ ခံစားနိုင်မည် မဟုတ်ပါ။ ဖျော်ဖြေမှုတွေ ကြည့်ရှုခံစားနိုင်ပါလျက် ပျော်ရွှင်မှုကိုရရှိပိုင်ဆိုင်နိုင်မည်မဟုတ်ပါ။ တဒင်္ဂတော့ပျော်စရာ ဖြစ်နိုင်သော်လည်း ထာဝရပျော်ရွှင်မည်မဟုတ်ပါ။ ငွေရှိမှ ခင်မင်လာသူတွေ မိတ်ကောင်း ဆွေမွန်မဟုတ်နိုင်ပါ။ ကိုယ့်လက်အောက် ငယ်သားတွေကို ငွေပေးတိုင်း သစ္စာရှိရှိ ကတိတည်ကြည်နိုင်မည် မဟုတ်ပါ။ ငွေရှိလျှင် အလှူဒါန ပြုနိုင်သော်လည်း သီလနှင့် ဘာဝနာကိုတော့ ငွေရှိပါလျက် အားမထုတ် မကျင့်ကြံဘဲ ရရှိနိုင်မည်မဟုတ်ပါ။ ဤသို့ဖြင့် Henrik Ibsen ၏ အဆိုအမိန့်ကို ခံစားခံယူရရှိနိုင်ပါသည်။ သို့ရာတွင် Henrik Ibsen ၏အဆိုအမိန့်ထက် ငွေပေးလို့မရသော အခြင်းအရာတွေ များစွာ ရှိပါသည်။ အသိပညာ (Knowledge) ကို ဝယ်၍ရနိုင်သော်လည်း ဉာဏ်ပညာ (Wisdom) ကိုဝယ်လို့မရနိုင်ပါ။ အလားတူပင် အကြံဉာဏ် (Advice) ကို ဝယ်၍ရနိုင်သော်လည်း လက်တွေ့လုပ်ဆောင်မှု (Conduct) ကို ဝယ်လို့မရနိုင်ပါ။
သူတကာအတွေးအခေါ် (Idea) ကိုဝယ်၍ရနိုင်သော်လည်း ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု (Thinking) ကိုဝယ်လို့မရနိုင်ပါ။ အမူအကျင့် (Habits) ကိုဝယ်၍ရနိုင်သော်လည်း အကျင့်စာရိတ္တ (Character) ကို ဝယ်လို့မရနိုင်ပါ။ ဝန်ဆောင်မှု (Service) ကို ဝယ်၍ရနိုင်သော်လည်း စေတနာအကြင်နာ (Kindness) ကို ဝယ်လို့မရနိုင်ပါ။ လက်ဆောင်ပစ္စည်း (Gift) ကိုဝယ်၍ရနိုင်သော်လည်း ကျေးဇူးတရား (Gratitude) ကိုဝယ်လို့မရနိုင်ပါ။
အပြုံးတွေ (Smile) ကို ဝယ်၍ရနိုင်သော်လည်း နှလုံးသား (Heart) ကို ဝယ်လို့မရနိုင်ပါ။ နောက်လိုက်ငယ်သား (Follower) ကို ဝယ်၍ရနိုင်သော်လည်း ဦးစီးခေါင်းဆောင် (Leader) ကိုဝယ်လို့မရနိုင်ပါ။ တူညီဝတ်စုံ (Uniform) ကိုဝယ်၍ရနိုင်သော်လည်း စည်းကမ်း (Discipline) ကိုဝယ်လို့ မရနိုင်ပါ။ လက်နက်တွေ (Weapons)ကို ဝယ်၍ရနိုင်သော်လည်း ရဲစွမ်းသတ္တိ (Courage)ကို ဝယ်လို့မရနိုင်ပါ။ နာရီ (Clock) ကို ဝယ်၍ ရနိုင်သော်လည်း အချိန် (Time) ကိုမူ ဝယ်လို့မနိုင်ပါ။ လက်သုံးကိရိယာ (Tools) ကို ဝယ်၍ရနိုင်သော်လည်း ကျွမ်းကျင်မှု (Skill) ကို ဝယ်လို့မရနိုင်ပါ။
အိပ်ဆေး (Sleeping Pills) ကို ဝယ်၍ရနိုင်သော်လည်း အိပ်မက် (Dream) ကို ဝယ်လို့မရနိုင်ပါ။ မျက်မှန် (Spectacles) ကို ဝယ်၍ရနိုင်သော်လည်း အမြင်အာရုံ (Vision) ကို ဝယ်လို့ မရနိုင်ပါ။ ကာမဂုဏ် အာရုံ (Sex) ကို ဝယ်၍ရနိုင်သော်လည်း မေတ္တာ (Love) ကို ဝယ်လို့မရနိုင်ပါ။ ထိမ်းမြားလက်ထပ်ခြင်း (Marriage) ကိုဝယ်၍ ရနိုင်သော်လည်း မိသားစု (Family) ကို ဝယ်လို့မရနိုင်ပါ။ မျက်နှာသာပေးမှု (Favour) ကို ဝယ်၍ရနိုင် သော်လည်း တရားဥပဒေ (Law) ကို ဝယ်လို့မရနိုင်ပါ။ ချိုသာပျူငှာမှု (Diplomacy) ကို ဝယ်၍ ရနိုင်သော်လည်း မူဝါဒ (Policy) ကို ဝယ်လို့မရနိုင်ပါ။ ဆုတောင်းမေတ္တာ (Prayers) ကို ဝယ်၍ ရနိုင်သော်လည်း ကံကြမ္မာ (Fortune)ကို ဝယ်လို့မရနိုင်ပါဟူ၍ ဒေါက်တာရဲနိုင်က ” လူဆိုတဲ့လူ” စာအုပ်တွင် ဆန့်၍ ဖြန့်ကြက်တွေးဆ ထားပါသည်။
ဦးသုခ၏ ဂုဏ်သီချင်းသည် လူငယ်လူရွယ်တို့ ကြားတွင် ရေပန်းစားလျက် နှုတ်ဖျားရွရွသီဆိုနေကြပါသည်။ သီချင်းက အပြုသဘောထက် လောကကိုထီမထင်၊ ငွေကိုသာရှေ့တန်းတင်လျက် “သောက်မယ်စားမယ် ပျော်မယ်ပါးမယ်၊ အချစ်ဆိုတာ ကစားပြမယ် ယခုဘဝဝယ် ဘယ်သူ့မှမတွယ် လူ့ဘဝတကယ် ပျက်ပြုန်းစေ တော့ တစ်သက်လုံးပဲ မိုက်ပြပါတော့မယ်” ဟူသော စာသားက လူငယ်လူသွမ်း လူရမ်းကားလေးတွေ အသည်းစွဲ ဖြစ်နေပေတော့သည်။ ဇာတ်ဝင်ခန်းအရ သဘာဝကျအောင် သရုပ်ဆောင်ရင်း သီဆိုခဲ့သော သီချင်း ပင်ဖြစ်လင့်ကစား လူငယ်လေးတွေကို မိုက်တွင်းနက်စေရန် ပို့ဆောင်ပေးသလို ဖြစ်နေသည်။ ထိုသီချင်း၏ မိုက်တွင်းနက်မှုကို ပျက်ပြယ်စေရန် ဖြေဆေး အတွက် ငွေပေး၍မရတော့ပါ။
တကယ်တော့ ငွေဆိုသည်မှာ ကုန်ပစ္စည်းဖလှယ်ရာမှာ နှစ်ဦးနှစ်ဖက်သဘောတူ တန်ဖိုးသတ်မှတ် ထားသည့် ကြားခံပစ္စည်းမျှသာ ဖြစ်သည်။ သိမ်းဆည်းရာ သယ်ယူရာလွယ်ကူ၍ အသုံးတည့်ပါသည်။ လူတို့၏လိုအပ်ချက် မှန်သမျှ ငွေပေးဝယ်ရ၍ ငွေကိုရှာဖွေရ၊ စုဆောင်းရဖြင့် ငွေနောက်ကိုလိုက်ကြရင်း လူဖန်တီးသည့်ငွေသည် လူတို့၏ အရှင်သခင် ဖြစ်မှန်းမသိဖြစ်လာကာ တန်ခိုးထွား၍ ခွန်အားကြီးမား လာရသည်။ ငွေကြောင့် ချစ်ကြ မုန်းကြ အာဏာလုကြ စစ်ဖြစ်ကြဖြင့် ဆိုးရွားမှုတွေ ဖန်တီးလာကြသည်။ ထို့ကြောင့် Bible သမ္မာကျမ်းစာထဲတွင် (For the love of money, is the root of all evil) ငွေကိုချစ်ခြင်းသည် မကောင်းမှုအားလုံး၏ အရင်းအမြစ်ဖြစ်၏ ဟုဆိုသည်။
ဤလောကဘုံတစ်ခွင်ဝယ် ကျင်လည်ကြရသော လူ့ဘောင်ဘဝတွင် ငွေသည် ဒုတိယဘုရားသခင်ဟု မည်သို့ပင် တင်စားစေကာမူ ငွေပေး၍မရသော အခြင်းအရာတွေ များစွာရှိနေပါသည်။ (Money can make the world as a rosy place ) ငွေသည် ကမ္ဘာ့မြေအပြင်ကို နှင်းဆီမွေ့ရာ သဖွယ်ခင်းကျင်းနိုင်သည်ဆိုသော်လည်း Henry Fielding ၏အဆိုအမိန့်ကို သတိပြုသင့်ပါသည်။ (Make money your God, it will plague like a devil) ငွေကို သင့်ရဲ့ဘုရားအဖြစ် ကိုးကွယ်နေပါက သင့်ကို မကောင်းဆိုးဝါးလို ဒုက္ခပေးလိမ့်မယ် ဟူ၍ ဖြစ်ပါသည်။


