အိုပက် (OPEC) ခေါ် ရေနံရောင်းနိုင်ငံများအဖွဲ့ကို မေ့လိုက်ကြ။ တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ညွှန်ကြားမည်။
အီရန်စစ်ပွဲဟာ ဓာတ်ဆီသမိုင်းတစ်လျှောက်မှာ ဖြန့်ဖြူးမှုမမျှော်လင့်ဘဲ အကြီးအကျယ်လျော့နည်း ကျဆင်းသွားတဲ့ ဖြစ်ရပ်ကိုပေါ်ပေါက်စေခဲ့ပါတယ်။ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့အချိန်မှာတောင် ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၅ဝ ဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ ဆန်းစစ်လေ့လာသူ အတော်များများက အဲဒီအီရန်ပဋိပက္ခ ဖြစ်ပွားခါစမှာ ကြိုတင်ဟောကိန်းထုတ်ခဲ့ကြတယ်။ အဲဒီအတွက် အစိုးရတချို့ကို ကျေးဇူးတင် ရမှာပါ။ အီရန်ရဲ့ စစ်လက်နက်တွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းသွားလာလို့မရတော့ဘဲ ပင်လယ်ကွေ့အတွင်းမှာ တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၁၄ သန်းခန့် ပိတ်မိသွားပြီးတဲ့နောက် သိပ်ပြီးတော့ မကြာခင်မှာပဲ အဘူဒါဘီနှင့် ဆော်ဒီအာရေဗျနိုင်ငံ တွေက ရေနံ သူ ဌေးအာရပ်ဘုရင်တွေဟာ အဲဒီရေလက်ကြားကို ရှောင်ကွင်းတဲ့ပိုက်လိုင်းတွေကတစ်ဆင့် တစ်နေ့ကို ရေနံစည် ငါးသန်းကို အပိုဆောင်း တင်ပို့ခဲ့ကြတယ်။ အမေရိကန်နဲ့ဂျပန် ဝန်ကြီးတွေကလည်း အရေးပေါ် သိုလှောင်ထားတဲ့ရေနံတွေထဲကနေ တစ်နေ့ကိုရေနံစိမ်း စည်ပေါင်း နှစ်သန်းကို စံချိန်တင် ထုတ်ရောင်းချ ပေးခဲ့ကြတယ်။ ပိုပြီးဆင်းရဲတဲ့နိုင်ငံတွေမှာတော့ အစိုးရက ဦးဆောင်ပြီးခွဲတမ်းနဲ့ သုံးစွဲစေခဲ့တာကြောင့် ရေနံဝယ်လိုအား အတော်များများကို လျှော့ချနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လို့ တခြား မြို့တော်တစ်ခုဖြစ်တဲ့ ပေကျင်းမြို့မှာ လူသိရှင်ကြား သိပ်မလုပ်ဘဲ ချမှတ်ခဲ့တဲ့ ဆုံးဖြတ် ချက်တွေသာ မရှိခဲ့ရင် အဲဒီ ကပ်ဘေးကြီးက ဆိုက်ရောက်နေဦးမှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလနဲ့ ဇွန်လ ကြားမှာ တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုကို ထက်ဝက်လောက် (တစ်နည်းဆိုရရင် တစ်ရက်ကို ရေနံစိမ်း စည်ပေါင်း ၅ ဒသမ ၅ သန်း) အထိ လျှော့ချခဲ့တယ်။ အဲဒီပမာဏဟာ ကမ္ဘာ့စံသတ်မှတ်ချက် ဖြစ်တဲ့ ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်း တစ်စည်ကို ဒေါ်လာ ၃ဝ ဒါမှမဟုတ် ဒီထက်ပိုပြီး ကျဆင်း သွားစေဖို့ရန် လုံလောက်ပါတယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြတယ်။ အဲဒီပမာဏဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကျရောက်ချိန်က တားဆီးပိတ်ဆို့မှုတွေချမှတ်ထားတဲ့ ကာ လ အတွင်းမှာ ကမ္ဘာ တစ်ဝန်း ရေနံစိမ်း ဝယ်လိုအား တစ်နေ့ကို စည် ကိုး သန်းအထိ ထိုးကျသွားခဲ့တဲ့ ပမာဏရဲ့ ထက်ဝက် ကျော်ရှိတဲ့ ပမာဏပဲ ဖြစ်တယ်။ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုအတွင်း ကျဆင်းလို့ ကမောက်ကမဖြစ် သွားခဲ့တဲ့ ကပ်ရောဂါကာလနဲ့ မတူဘဲ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထွက်ကုန် ဂျီဒီပီ (GDP) ကတော့ ပုံမှန်အတိုင်း ကောင်းမွန်ပြီး ဆက်လက်လည်ပတ်နေခဲ့တယ်။ တရုတ်နိုင်ငံဟာ ပြည်ပ ရေနံစိမ်းတွေကို လျှော့ဝယ်နေတာ ကတော့ သူ့ နိုင်ငံရဲ့ စီးပွားရေး ထိခိုက်ခံစားနေရတာကြောင့် မဟုတ်ပါဘူး။
အပေါ်ယံအားဖြင့် စီးပွားရေးအရ ကုန်ကျစရိတ်သက်သာလှပြီး တွက်ခြေကိုက်သည်ဟု ထင်ရပြီး ရေနံစိမ်း ဝယ်လိုအားကို စိတ်ကြိုက် ရပ်လိုက် ဝယ်လိုက် လုပ်နိုင်တဲ့ ဒီလိုစွမ်းရည်ကြောင့် ကမ္ဘာ့အကြီးမားဆုံး ရေနံ တင်သွင်းသည့် နိုင်ငံဟာ ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှုရဲ့ ထက်ဝက်လောက်က ကာလတာရှည် ထိန်းချုပ်ထား ဆောင်ရွက်နေတဲ့ အိုပက် (OPEC) ခေါ် ရေနံရောင်း နိုင်ငံများအဖွဲ့နဲ့ သူ့ရဲ့ မဟာမိတ် နိုင်ငံတွေက ဆောင်ရွက်ခဲ့သလို ရေနံစျေးနှုန်းတွေကို အပြောင်းအလဲ လုပ်နိုင်စွမ်း ရှိလာခဲ့တယ်။ တလောတုန်းကပဲ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံဟာ အိုပက်အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီ ရေနံရောင်း နိုင်ငံများအဖွဲ့ဟာ အင်အားနည်းသွားခဲ့တယ်။ ဒါပြင် အဖွဲ့ဝင် အဖြစ် ကျန်နေတဲ့ ပင်လယ်ကွေ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရေနံစိမ်း ထုတ်လုပ်မှု ပမာဏ လျော့ကျလာတာ တွေကြောင့် အိုပက်အဖွဲ့ကြီး အားနည်းလာချိန်မှာ တရုတ်နိုင်ငံရဲ့ ရေနံစိမ်း ဈေးကွက်ဩဇာကတော့ ပိုပြီး ကြီးထွားလာနေတယ်။ ရေနံကုန်သွယ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦး ပြောကြားခဲ့သလိုပဲ “တရုတ်နိုင်ငံ ဟာ အိုပက်အသစ်” ဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးခုအတွင်း မှာ ရေနံရောင်းနိုင်ငံများအဖွဲ့ (OPEC ) ဟာ ထုတ်လုပ်မှု ပမာဏ ခွဲတမ်း (quotas) တွေကို အသုံးပြုပြီး ရေနံစျေးနှုန်း အမြဲမြင့်တက်နေအောင် ထိန်းထားခဲ့တယ်။ ရေနံ ဝယ်ယူတင်သွင်းရတဲ့ နိုင်ငံတွေ ဘက်ကတော့ ဝယ်လိုအားကို ခွဲတမ်းချ ကန့်သတ်ခြင်းမျိုးနဲ့ ရေနံ စိမ်း စျေးနှုန်းတွေ ကျဆင်းအောင် ပြန်ပြီးတော့ မလုပ်နိင်ခဲ့ကြပါဘူး။ အကြောင်းကတော့ ရေနံဝယ်ယူသုံး စွဲရ တဲ့နိုင်ငံတွေဟာ ရေနံ ရောင်းချတဲ့ နိုင်ငံတွေထက် ပိုပြီး ပြန့်ကျဲနေခဲ့ကြတယ်။ ဒီနိုင်ငံတွေက ပြည်တွင်း စွမ်းအင်လိုအပ်ချက်တာကလည်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း များစွာရဲ့ ဆုံးဖြတ်ချက်များ အပေါ် မူတည်နေတာကြောင့် ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတော်ကနေ အလုံးစုံထိန်းချုပ်ထားတဲ့ ဗဟိုဦးစီး ချုပ်ကိုင်မှုစနစ်သုံး ဧရာမကြီးမားတဲ့ တရုတ်နိုင်ငံကိုတော့ ခြွင်းချက်ထားပြောရမှာပါ။ ဒါ့ပြင် အဖွဲ့ဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံရဲ့ သဘောတူညီချက် လိုအပ်သည့် အိုပက်အဖွဲ့နဲ့ မတူဘဲ တရုတ်နိုင်ငံရဲ့ ဗဟို စီမံကိန်း ရေးဆွဲ သူတွေဟာ သမ္မတ ရှီကျင့်ဖျင်တစ်ဦးတည်းရဲ့ အမိန့်နဲ့ပဲ တစ်ဖက်သတ် ဆုံးဖြတ် ဆောင်ရွက် နိုင်ပါတယ်။
တရုတ်နိုင်ငံဟာ ရေနံဈေးကွက်တွေကို အဓိက ဖိအားပေးဖို့ လက်နက်သုံးခုဖြင့် လှုပ်ခတ်စေပါတယ်။ ပထမ လက်နက်ကတော့ သူ့နိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ ရေနံအရန်သိုလှောင်ထားမှု ဖြစ်ပါတယ်။ ၂ဝ၂၆ ခုနှစ် အစောပိုင်းအထိ ၁၂ လတာ ကာလအတွင်း ရေနံစိမ်းတွေ “တရားလွန် ပိုလျှံမှု” ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကြောင့် ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းသွားချိန်မှာ တရုတ်နိုင်ငံဟာ ထူးခြားတဲ့ အချိန်ကောင်း အခါကောင်း အခွင့်အရေးကြီးကို လက်မလွတ်စတမ်း အရယူပြီး ရေနံစိမ်းစည်ပေါင်း သန်း ၂ဝဝ ကို ဈေး သက်သက် သာသာနဲ့ အမြန်ဝယ်ယူ စုဆောင်းခဲ့ပြီး မူလကတည်း ကကို များပြားလှတဲ့ ရေနံစိမ်း စည် ပေါင်း သန်း ၁ဝဝဝ ရှိသည့် အရန်အင်အားကို ထပ်ပြီး အားဖြည့်ခဲ့တယ်။ အီရန်စစ်ပွဲ မဖြစ်ခင်က တရုတ်ရဲ့ ဝယ်ယူမှုတွေဟာ ကမ္ဘာ့ရေနံစိမ်းတစ်စည်ဈေးနှုန်းကို ၁ဝ ဒေါ်လာမှ ဒေါ်လာ ၂ဝ အထိ ထပ် ်ဆောင်းပေးခဲ့ရဖွယ်ရှိတယ်လို့ ကုန်သည်တွေက တွက်ဆကြတယ်။ ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံ က တင်သွင်းခဲ့တဲ့ တစ်ရက်ကို ရေနံစိမ်း စည် ၁၁ ဒသမ ၆ သန်းအနက် တစ်သန်းလောက်ဟာ အပိုအလျှံ ဝယ် ယူ ထားတာဖြစ်ပြီး အဲဒီပမာဏကို နောက်ပိုင်းမှာ အရန်စုဆောင်းမှု လျှော့ချတဲ့နည်းနဲ့ ဒီလိုဆောင်ရွက် တာ မျိုးကို ရပ်ဆိုင်းလိုက်ပါတယ်။

စစ်ပွဲမဖြစ်မီက မှာထားတဲ့ ပင်လယ်ကွေ့က နောက်ဆုံး ရေနံတင် သင်္ဘောတွေဟာ ဧပြီလကုန်တွင် ရောက်ရှိလာခဲ့ပြီး တဲ့နောက် တရုတ်နိုင်ငံဟာ ပြည့်လျှံနေသော အဲဒီအရန်ရေနံတွေကို စပြီးတော့ ထုတ်ယူ သုံးစွဲခဲ့တယ်။ အချက်အလက် စုဆောင်းဖြန့်ချိပေးတဲ့ ကုမ္ပဏီ ဗော်တီရှား (Vortexa) ရဲ့ အချက်အလက်တွေအရ ဇူလိုင်လအရောက်မှာ တရုတ်နိုင်ငံရဲ့ ရေနံသိုလှောင်မှုဟာ စည်ပေါင်း သန်း ၇ဝ ကျဆင်းသွားခဲ့တယ်။ ဒီပမာဏမှာ ရေပေါ် သိုလှောင်ရုံတွေ (floating storage) တွေနဲ့ လျှို့ဝှက်လိုဏ်ဂူ တွေထဲမှာ သိုလှောင်ထားတဲ့ ရေနံစိမ်းတွေကို ထုတ်ယူသုံးစွဲတာကို ထည့်ပြီး မတွက်သေးပါဘူး။ အဲဒါတွေကို ထည့်တွက်ရင် တရုတ်နိုင်ငံဟာ ဆိုခဲ့တဲ့ သုံးလအတွင်းမှာ ရေနံစည်ပေါင်း သန်း ၁၅ဝ (တစ်နည်း ဆိုရင် တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၅ သန်းခန့်) ထုတ်ယူသုံးစွဲခဲ့ပါတယ်။
အာဂတ်စ်မီဒီယာ (Argus Media) ဈေးနှုန်းသတင်းဌာနက တွမ်ရိဒ် (Tom Reed) ကတော့ ရေနံစိမ်းကနေ ရေနံထွက်ကုန်ချောတွေ ထုတ်လုပ်တဲ့ ရေနံချက်စက်ရုံတွေဟာ ပုံမှန်အားဖြင့် ဆိုရင် သူတို့ ထုတ်ယူထား တာတွေကို တစ်လအတွင်း ပြန်ပြီးတော့ အစားထိုးရလေ့ ရှိတယ်လို့ ထောက်ပြထားတယ်။ ဒါပေမဲ့ အဲဒီလို ထုတ်ယူမှုကို အဓိက အားဖြင့် မဟာဗျူဟာအရ ထားတဲ့ အရန်ရေနံတွေထက် အမြတ်အစွန်း ဦးတည်တဲ့ ရေနံ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေး ဆိုင်ရာ သိုလှောင်ထားတဲ့ ရေနံတွေကပဲ ဒီလိုထုတ်ယူမှု အများစုကို တာဝန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီကြီးတွေ ဟာ နိုင်ငံပိုင်တွေပဲ ဖြစ်ကြပြီး နိုင်ငံတော်က စီးပွားရေးဆိုင်ရာ သိုလှောင်ထားရှိမှုများကနေ ရယူသုံးစွဲ (ချောဆွဲ) နိုင်ပြီး ကင်းလွတ်ခွင့်ရ တယ်လို့ ယူဆ နိုင်ပါတယ်။
တရုတ်ဗဟိုစီမံကိန်းရေးဆွဲသူတွေ အသုံးပြုတဲ့ ဒုတိယနည်းလမ်းကတော့ ပို့ကုန်တွေကို ကန့်သတ် ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံချက်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အလျောက် အာရှက အိမ်နီးချင်းနိုင်ငံတွေအတွက် အဓိကလောင်စာဆီထောက်ပံ့ပေးတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လွန်န်ခဲ့တဲ့ မတ်လအတွင်းမှာ ပြည်တွင်းက ရေနံချက်စက်ရုံတွေဟာ ပို့ကုန် စာချုပ်သစ်တွေ လက်မှတ် ရေးထိုးတာ တွေကို ရပ်တန့်ဖို့နဲ့ သဘောတူညီပြီးသား စာချုပ်အများအပြား ကိုလည်း ဖျက်သိမ်းဖို့ အစိုးရက အမိန့် ထုတ်ပြန်ခဲ့ တယ်။ ဖေဖော်ဝါရီလနှင့် ဧပြီလကြား ကာလအတွင်းမှာ တရုတ်နိုင်ငံရဲ့ ချက်လုပ်ပြီးသား ရေနံထွက်ပစ္စည်းတွေ တင်ပို့မှုဟာ တစ်နေ့ကို ရေနံစိမ်းစည် ၄၃ဝ,ဝဝဝ အထိ (ထက်ဝက်နီးပါးခန့်) ကျဆင်း သွားခဲ့တယ်။ အဲဒီအထဲမှာ အဆင့်မြင့် ချက်လုပ်ထားတဲ့ ဂျက် လေယာဉ်ဆီ တစ်နေ့ကို စည်ပေါင်း (၁၈ဝ,ဝဝဝ) ပါဝင်ပြီး ၎င်းက တရုတ်ရေနံချက် စက်ရုံများ အတွက် ရေနံစိမ်း တစ်နေ့ကို စည်ပေါင်း (၁ ဒသမ ၂) သန်းကနေ (၁ ဒသမ ၈) သန်းအထိ သက်သာစေခဲ့ပါတယ်။
ပြည်ပသို့ ရောင်းချမှုတွေကို ကန့်သတ်လိုက်တာနဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံက ရေနံချက်စက်ရုံ ထွက်ကုန် တွေကို ပြည်တွင်းမှာ ပိုပြီး အသုံးပြုလာနိုင်စေပါတယ်။ ဒါပြင် ပုံမှန်အားဖြင့် ပြည်ပကို တင်ပို့မယ့် ထုတ်ကုန်တွေအတွက် အသုံးပြုမယ့် ရေနံစိမ်းတချို့ကို တခြား အရေးကြီးတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အတွက် ရေနံချက်စက်ရုံတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီ အရေးကြီးထုတ်ကုန်တွေထဲကနေ တချို့ကို တရုတ်နိုင်ငံဟာ ပြည်တွင်းသုံးအတွက် ပင်လယ်ကွေ့ နိုင်ငံတွေဆီကနေ ပုံမှန်တင်သွင်းလေ့ ရှိ ပါတယ်။ ဥပမာပြောရရင် ရေနံဓာတုလုပ်ငန်းသုံး ကုန်ကြမ်း နှစ်မျိုးဖြစ်တဲ့ နက်ဖ်သာ (naphtha) နဲ့ ရေနံဓာတ်ငွေ့ရည် (LPG) တွေအပြင် ငွေကြေးချို့တဲ့တဲ့ ရေနံချက် စက်ရုံကလေး တွေက ရေနံစိမ်းအစား မကြာခဏဆိုသလို အသုံးပြုလေ့ရှိတဲ့ မီးထိုးဆီ (fuel oil) လို လောင်စာဆီကြမ်း တွေ ပါဝင် တယ်။
ပြည်တွင်းမှာ ရောင်းချတာထက် ပြည်ပကို တင်ပို့တာက အမြတ်အစွန်းပိုများတဲ့အတွက် ရေနံချက်စက်ရုံ တွေရဲ့ အကျိုး အမြတ်ကို ထိခိုက်နစ်နာမှုတွေ ရှိပေမယ့် ဒီကိစ္စမျိုးကိုတော့ တရုတ်ကွန်မြူနစ်ပါတီက လက်ခံနိုင်မယ့် သဘောရှိပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ သွင်းကုန်ပမာဏ အဆမတန် လျှော့ချလိုက်တာကို ရှင်းပြဖို့အတွက်ကတော့ လုံလောက်တဲ့ သိုလှောင်ထားရှိမှုတွေနဲ့ ပို့ကုန်ကန့်သတ်ချက်တွေ ရှိနေတာဆိုတဲ့ အချက်တွေ ချည်း သက်သက်နဲ့တော့ မလုံလောက် ပါဘူး။ တရုတ်အစိုးရဟာ တတိယမြောက် နည်းလမ်းတစ်ခုဖြစ်တဲ့ ပြည်တွင်းဝယ်လိုအား လျှော့ချ ထိန်းချုပ်တဲ့ နည်းလမ်းကိုလည်း အသုံးပြုခဲ့တယ်။ လွန်ခဲ့တဲ့ ဇွန်လ အတွင်းတုန်းက တရုတ်ရေနံချက်စက်ရုံတွေရဲ့ ရေနံစိမ်းချက်လုပ် သန့်စင်ထုတ်လုပ်မှုဟာ အရင် နှစ်ကထက် တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၇ သန်းအထိ လျော့ကျခဲ့တယ်။ ဓာတ်ဆီ ထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဇယ်နှင့် ဂျက် လေယာဉ်ဆီ ထုတ်လုပ်မှု နှစ်မျိုးစလုံးဟာလည်း ၂၁ ရာခိုင်နှုန်း စီ ကျဆင်းသွားခဲ့တယ်။
အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ မော်တော်ယာဉ်သုံး လောင်စာဆီ သုံးစွဲမှု သိသိ သာသာ ကျဆင်း သွားတာကို အတည်ပြုနိုင်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက လောင်စာဆီ ဈေးနှုန်းတွေကို တိုးမြှင့် ခွင့်ပြု လိုက်တဲ့ အခါ မြို့ပြနေပြည်သူ အများအပြားဟာ ကိုယ်ပိုင်ကားနဲ့ အလုပ် ဆင်းတာမျိုး မလုပ်ကြတော့ပါဘူး။ အဲဒီလို သွားမယ့်အစား မြေအောက်ရထားတို့ စက်ဘီး ဒါမှမဟုတ် အငှားယာဉ်များ (အများစုက ဘက်ထရီသုံးကားတွေ ဖြစ်တယ်) ကိုပဲ ရွေးချယ်အသုံးပြုလာကြတယ်။ မေလအတွင်းကတော့ ရက်သတ္တတစ်ပတ်ကြာ နိုင်ငံလုံးဆိုင်ရာ ရုံးပိတ်ရက်ရှည်ကာလမှာ အဝေးပြေးလမ်းမကြီတွေ တစ်လျှောက် လျှပ်စစ်မော်တော်ယာဉ် (EV)ကားတွေ အားသွင်းတာဟာ အရင်နှစ်ကနဲ့ ယှဉ်လိုက်ရင် ၅၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့တယ်။ အရေအတွက် သိသိသာသာ လျှော့ချခံလိုက်ရသော ပြည်တွင်းလေကြောင်းခရီးစဉ်တွေရဲ့ နေရာမှာ ရထားပြေးဆွဲမှုတွေက အစားထိုး ဝင်ရောက်နေရာယူလာကြတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ဒီဇယ်ဆီ သုံးစွဲတာကို ချွေတာတဲ့ သဘောနဲ့ စီးပွားရေးအခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားခဲ့ကြတယ်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က စီယာရန်ဟီလ်လီ (Ciarán Healy ) ရဲ့ ခန့်မှန်းချက်အရဆိုရင် အီရန်စစ်ပွဲစတင်ပြီး ပထမနှစ်လအတွင်း မှာပဲ တရုတ်နိုင်ငံရဲ့ ဓာတ်ဆီနှင့် ရေနံဆီ အသုံးပြုမှုဟာ အရင် နှစ်အလားတူအချိန်ကနဲ့ ယှဉ်လိုက်ရင် ၁ဝ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရတယ်။
ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရေနံဓာတုစက်မှုလုပ်ငန်း (petrochemical industry) ဟာလည်း အကျပ်အတည်း အခက်အခဲကြုံလာတဲ့ အခြေအနေတွေနဲ့အညီ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့သည့်နှစ်က အဲဒီလုပ်ငန်းဟာ (ပင်လယ် ကွေ့ဒေသကနေ အဓိကတင်သွင်းတဲ့) နက်ဖ်သာ (naphtha) နှင့် ရေနံဓာတ်ငွေ့ရည် (LPG) နေ့စဉ် စည်ပေါင်း သန်းနှင့်ချီကို ပိုလီမာ (polymers) များအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့တယ်။ အဲဒီပိုလီမာတွေမှာ တရုတ်စက်ရုံတွေက တန်နှင့်ချီပြီး အသုံးပြုနေကြတဲ့ PVC နှင့် ဓာတုရော်ဘာကစပြီး နိုင်လွန်နဲ့ ပိုလီ အက်စတာ (polyester) စတဲ့ ပစ္စည်းတွေအထိ ပါဝင်တယ်။ အခုအခါ ပင်လယ်ကွေ့ နိုင်ငံတွေက ရရှိတဲ့ ကုန်ကြမ်းတွေ မရှိတောတဲ့အပြင် ကုန်ကြမ်းတွေထက် လောင်စာဆီကို ဦးစားပေးဖို့ အစိုးရရဲ့ အမိန့်ထုတ်ပြန်ချက်ကြောင့် ရေနံဓာတုကုမ္ပဏီတွေဟာ ၎င်းတို့အစား ပိုလီမာ တချို့ကို ကျောက်မီးသွေးနဲ့ ရေနံချက်လုပ်ရာက ထွက်ရှိလာတဲ့ ဘေးထွက်ဓာတ်ငွေ့ဖြစ်တဲ့ အီသိန်း (ethane) တွေကို အသုံးပြုပြီး ထုတ်လုပ် နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလာခဲ့ကြတယ်။
ဒီလို ခြိုးခြံချွေတာမှုတွေကြောင့် တရုတ်စီးပွားရေးကို သက်ရောက်လာမယ့် အကျိုးဆက်တစ်ခုလုံးကို ထိန်းသိမ်း ကိုင်တွယ်နိုင်မယ့် အနေအထားရှိတယ်လို့ ရှုမြင်ရတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ တဲ့ သယ်ယူပို့ဆောင်ရေးစနစ် (green transport) တွေမှာ နိုင်ငံတော်ကျောထောက်နောက်ခံနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် စွမ်းအင်စနစ်ကို ပိုမို ပျော့ပျောင်းလွယ်ကူမှု ရှိလာစေခဲ့တယ်။ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကြောင့် ရေနံဓာတုလုပ်ငန်း တွေအပါအဝင် စက်မှုလုပ်ငန်းတွေမှာ လိုအပ်တာထက် ပိုမို ထုတ်လုပ်နိုင်စွမ်း (overcapacity) ရှိလာစေတဲ့ နှစ်ပေါင်းများစွာကြာလာတဲ့ “အကြိတ်အနယ် ယှဉ်ပြိုင်ရုန်းကန်ရမှု (involution)” ကြောင့် တရုတ်နိုင်ငံမှာ မရောင်းရသေးသည့် ပိုလီမာ ကုန်သိုလှောင်မှု အများအပြားနဲ့ အဲဒါတွေကို သုံးပြီး ထုတ်လုပ်ထားတဲ့ ကုန်ချောစ္စည်း အမြောက်အမြား ကျန်ရှိနေစေခဲ့ပါတယ်။
အဲဒီလို သက်သာရာရအောင် ဆောင်ရွက်ပေးတဲ့ ကြားခံအကြောင်း (buffers) တွေ ကြောင့် ကုန်ထုတ်လုပ်မှု စျေးနှုန်းတွေ ရုတ်တရက် ထိုးတက်မသွားတာဖြစ်ပြီး စားသုံးသူကုန်ဈေးနှုန်း တွေကိုလည်း ဆက်လက်ပြီးတော့ ထိန်းချုပ်ထားနိုင်တာဖြစ်ကြောင်း ဖော်ပြနေပါတယ်။ ဒုတိယသုံးပတ်ကာလအတွင်းမှာ တရုတ် နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်ထွက်ကုန် (GDP) တိုးတက်မှု ၄ ဒသမ ၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နှောင်းပိုင်းနောက်ပိုင်းမှာ အနှေးကွေးဆုံးဖြစ်ခဲ့ပေမဲ့ အဲဒီအချက်ဟာ ရေနံပြတ်လပ်မှုကြောင့် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု အားနည်းတာနဲ့ အိမ်ခြံမြေ အကျပ် အတည်းရဲ့ ဂယက်တွေကြောင့် ပို၍ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ လက်ရှိအချိန်ထိ သိပ်မသုံးရသေးတဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်ထားတာတွေကို လိုအပ်ရင် ထုတ်ယူသုံးစွဲနိုင်သေးတဲ့အကြောင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Oxford Institute for Energy Studies က သုတေသီ မိုက်ကယ်မေဒန် (Michal Meidan) က သဘောထားပေးထား ပါတယ်။
တရုတ်နိုင်ငံရဲ့ ရေနံစိမ်း၊ လောင်စာဆီတွေနဲ့ ပေါ်လီမာ လက်ကျန်သိုလှောင်မှုတွေဟာ အပြင်လူတွေ ထင်ထားတာထက် ပိုမိုကြီးမားပေမယ့် သူတို့မှာလည်း အကန့်အသတ်ရှိပါတယ်။။ ဖြန့်ချိသူတစ်ဦးက သူရဲ့ ကုန်လှောင်ရုံမှာ ၂၀၂၁ ခုနှစ်ကတည်းက သိုလှောင်ထားသော ပိုလီအီသလင်း (polyethylene) ကုန်အပြည့်ပါတဲ့ ကုန်သေတ္တာတစ်လုံးကို မကြာသေးခင်ကမှ ရောင်းချလိုက်ရတယ်လို့ ဆိုပါတယ်။ ထုတ်လုပ်မှုလျှော့ချတာမျိုးကို နှစ်နှင့်ချီပြီးတော့ တောင့်ခံ ထားနိုင်တဲ့ အိုပက်ခေါ် ရေနံရောင်းနိုင်ငံများ အဖွဲ့နဲ့ မတူညီတာကတော့ တရုတ်နိုင်ငံဟာ ပုံမှန်ထက် တစ်နေ့ကို ရေနံစည်ပေါင်း ၅ ဒသမ ၅ သန်း လျှော့၍ တင်သွင်းနေတာကို အချိန်အကန့်အသတ်မရှိ ဆက်ပြီးတော့ လုပ်ဆောင် နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အီရန်စစ်ပွဲက သက်သေပြလိုက်တာက လက်တွေ့မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ ရေနံဈေးကွက်ကို လ အတော်များများကြာတဲ့ ကာလတစ်ခုအထိ တစ်နိုင်ငံတည်းနဲ့ တည်ငြိမ်အောင် စွမ်းဆောင် နိုင်စွမ်းရှိ တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ဖို့ဆိုရာမှာ သဘောထားကွဲလွဲမှုတွေ တစ်နေ့ တခြား တိုးလာနေကြတဲ့ ရေနံရောင်းနိုင်ငံများအဖွဲ့က ခေါင်းဆောင်တွေအတွက်ကတော့ ဒါမျိုး အလားတူ လုပ်ဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်လို့ အီကော်နော်မစ်စာစောင် ဆောင်းပါးရှင်က သုံးသပ်ရေးသားထားတာကို တင်ပြလိုက်ရပါတယ်။
ရည်ညွှန်း – The Economist August 15th -21st 2026


