၂၀၂၆ ဩဂုတ်လထုတ် The Economist magazine ပါ A military junta is consolidating power in Iran ကို ပြန်ဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို အမေရိကန်က ဗုံးကျဲသတ်ဖြတ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တီဟီရန်မြို့တော်မှာ အီရန်ကို အုပ်စိုးခဲ့ကြတဲ့ အာဏာရှင် ခုနစ်ဦးရဲ့ ပုံတွေနဲ့ ကြော်ငြာဘုတ်ကြီးတွေ ထွက်လာပါတယ်။ ထူးဆန်းတာကတော့ အရိုက်အရာကို ဆက်ခံပြီးတဲ့အချိန်ကစလို့ လူတွေကြား ပေါ်ထွက်မလာခဲ့တဲ့ မိုတာဘာခါမေနီရဲ့ ပုံ မပါဝင်ခြင်းဖြစ်ပါတယ်။ ဘာသာရေးအစဉ်အလာ အနီနဲ့ အနက်ရောင် အလံတွေမပါသလို ခုနစ်ဦးထဲမှာ တစ်ဦးသာလျှင် ဘာသာရေးဦးပေါင်းကို ပေါင်းထားပါတယ်။ ကြော်ငြာဘုတ်ကြီးတွေဟာ အာဏာကို ထိန်းသိမ်းခဲ့တဲ့ အစ္စလာမ္မစ် တော်လှန်ရေးတပ်မတော်က ထုတ်ပြန်တဲ့ အီရန် ခေါင်းဆောင်ပုံများ ဖြစ်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေဟာ စစ်ပြန်ကြီးတွေ၊ ရလဒ်အဓိကထားသူတွေဖြစ်ကာ လုံခြုံရေးနဲ့ ဖိနှိပ်ချုပ်ချယ်ရေးကို ဦးစားပေးပြီး အီရန်နိုင်ငံကို ယုံကြည်မှုအခြေခံ အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ်ကနေ စစ်အာဏာရှင်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိအောင် လုပ်နေကြတာပါ။ အမေရိကန်နဲ့ ဖြစ်နေတဲ့စစ်မှာ လက်တွေ့ကျတဲ့ နည်းလမ်းကို သူတို့က လုံးဝပစ်ပယ်မှာ မဟုတ်ပေမယ့် အမြဲရှိနေတဲ့ စစ်ရဲ့ ခြိမ်းခြောက်မှုကတစ်ဆင့် သူတို့ရဲ့ တရားဝင်မှုကို ရဖို့ လုပ်နိုင်ပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေအဖို့ အစိုးရသစ်ဟာ အစိုးရဟောင်းထက် ပိုပြီး စေ့စပ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။
နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးသည် ပဓာနလို့ ကြွေးကြော်ပြီး အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့ ပုံနဲ့ ကြော်ငြာဘုတ်မှာ ပေါ်လာတာက မိုဆင်ရာဇာအီပါ။ သူဟာ နိုင်ငံတော် လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ဖြစ်ပြီး သမ္မတရွေးပွဲဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၈၀-၈၈ ခုနှစ်တွေအတွင်း အီရန်-အီရတ်စစ်ပွဲနဲ့ ပြန်လည်တည်ဆောက်ရေးကာလတွေမှာ အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော်ကို ဦးဆောင်ခဲ့သူ သက်တော်ရှည်ခေါင်းဆောင် တစ်ဦးပါ။ စစ်ယူနီဖောင်းဝတ်ထားသူ ကျန် ငါးဦးအနက် တစ်ဦးက သင်္ဘောတွေကို အီရန်က ပင်လယ်ကွေ့မှာ တိုက်ခိုက်ရာမှာ ဦးဆောင်ခဲ့သူ ရေတပ် ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ သူ့ဘေးနားမှာတော့ တပ်မတော် ဦးစီးချုပ် အာမက်ဗဟီဒီပါ။ လွန်ခဲ့တဲ့ လေးနှစ်က အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူတွေကို ချေမှုန်းခဲ့သူဖြစ်တဲ့အပြင် ဒေသတွင်းဆက်သွယ်မှုကွန်ရက်တွေကို တည်ဆောက်တဲ့ အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော်ရဲ့ ပြည်ပလက်နက်ကိုင်တပ်ဖွဲ့ Quds ကို တည်ထောင်ခဲ့သူပါ။ တစ်ဦးတည်းသော ဘာသာရေးဦးပေါင်းကို ပေါင်းထားသူက ဟူစိန်တာအဗ်ဖြစ်ပါတယ်။ တော်လှန်ရေးတပ်မတော်ရဲ့ ထောက်လှမ်းရေ းတပ်ကို ကိုင်ခဲ့သူဖြစ်ပြီး ဆန္ဒပြသူတွေကို လမ်းတွေပေါ်က ဖယ်ရှားပစ်မယ့် လက်နက်ကိုင်အပျော်ထမ်းတပ်သားတွေဟာ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာပါ။
အီရန်ကို စောင့်ကြည့်နေတဲ့ အကဲခတ်တွေကတော့ အခုအဖြစ်ဟာ အမေရိကန်ကို စီးပွားရေးအရ ဆက်ဆံမယ်ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂက်ဘာ ဘာလိဘတ်အပေါ် အမေရိကန်ကို ဒေသတွင်းက မောင်းထုတ်ချင်တဲ့ သဘောထားတင်းမာသူတွေရဲ့ အောင်ပွဲလို့ မြင်ကြပါတယ်။ သူဟာ ဇွန်လ ၁၇ ရက်နေ့မှာ အမေရိကန်နဲ့ ထိုးတဲ့ သဘောတူညီချက်ဖြစ်မြောက်ဖို့ အရေးမှာ ပါဝင်ခဲ့သူတစ်ဦးပါ။ သဘောတူညီချက်အရ အီရန် ရရှိမှာတွေက နှစ်ပေါင်း ၅၀ ကြာ အမေရိကန်နဲ့ ရန်ဘက်အဖြစ်က အဆုံးသတ်နိုင်ဖို့၊ ဒေသတွင်းက အီရန်မဟာမိတ်တွေကို ကာကွယ်နိုင်ဖို့၊ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့၊ သိမ်းခံထားရတဲ့ ရေနံရောင်းရငွေတွေ ပြန်ရဖို့နဲ့ စစ်အပြီး ပြန်လည်တည်ထောင်ဖို့ ထောက်ပံ့ငွေ ဒေါ်လာ ၃၀၀ ဘီလျံတို့ဖြစ်ပါတယ်။ အီရန်ဘက်က လိုက်လျောရမှာတွေက နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတာကို ရပ်တန့်ဖို့၊ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားတာကို ရပ်တန့်ဖို့ဖြစ်ပါတယ်။
လက်မှတ်ထိုးပြီး ရက်အနည်းငယ်အတွင်းမှာ စစ်ပြန်ဖြစ်ပါတယ်။ ဟော်မုဇ်ရေလက်ကြားလည်း ပြန်ပိတ်သွားပါတယ်။ အမြဲတမ်းစစ်ပြေငြိမ်းရေးအတွက် သဘောတူညီချက်မှာ ပါတဲ့ ဩဂုတ်လ ၁၇ ရက်ကို ကျော်လွန်သွားပြီး နောက်တစ်ရက်အကြာမှာ အီရန်က အမေရိကန်ရဲ့ မဟာမိတ် UAE ကို ဒုံးကျည်နဲ့ ထုပါတယ်။ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုနဲ့ တုံ့ပြန်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် သဘောထားတင်းမာသူတို့ ပြန်တိုက်ခိုက်တာဟာ အင်အားအဓိကဆိုတဲ့ သူတို့ရဲ့ အယူဝါဒကို ပြန်လည်အသက်ဝင်လာစေမလားလို့ လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။ တီဟီရန်က ပညာတတ်တစ်ဦးက “သူတို့က သဘောတူညီချက်ရဲ့ အောင်မြင်မှုကို အချည်းနှီးဖြစ်အောင် လုပ်နေတာ” လို့ ဒေါသနဲ့ ဆိုပါတယ်။
ပြည်တွင်းမှာလည်း သဘောထားတင်းမာသူတွေက ကြမ်းတမ်းပါတယ်။ ကျင့်ဝတ်စည်းကမ်းထိန်းတပ်ဖွဲ့တွေ တီဟီရန်မှာ ပြန်အသက်ဝင်လာပြီး အမျိုးသမီးတွေ ခြုံထည်လွှမ်းရမယ်ဆိုတဲ့ စည်းကမ်းကို လျှော့လျှော့ ပေါ့ပေါ့လုပ်တယ်လို့ နာမည်ထွက်တဲ့ ကဖေးတွေ ဝင်စီးခံရပါတယ်။ အစိုးရကို ပုန်ကန်တဲ့သူတွေကို လူမြင်ကွင်းမှာ သေဒဏ်စီရင်တာတွေ ပြန်စလာပါတယ်။ အီရန်လူထုရဲ့ စိတ်ဓာတ်ကျဆင်းမှုကို ဖော်ပြဖို့ ဓာတ်ပုံရိုက်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဟာ သူ့မိခင်၊ ညီမတို့နဲ့အတူ အနောက်မြောက်ဘက်က မြို့တစ်မြို့မှာ ဒီလထဲမှာပဲ ပစ်သတ်ခံရပါတယ်။
နိုင်ငံတွင်းက လေ့လာသူတွေ၊ အတွင်းသိတွေက အီရန်အစိုးရရဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သဘောထားကို မြင်ကြပါတယ်။ ဗိုလ်ချုပ်ကြီးတွေက လွှတ်တော်ဥက္ကဋ္ဌ ဂါလိဘတ်ရဲ့ သဘောတူညီမှုကို အသိအမှတ်ပြုပေမယ့် ဖိအားတွေ မရှိရင် တကယ် အကောင်အထည်ဖော်ဖို့ကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ သဘောတူညီမှုအစား အမေရိကန်က ရေလက်ကြားကို သူ့အစီအစဉ်နဲ့သူ ပိတ်လိုက်ပြီး အီရန်ရဲ့ တစ်ဆင့်ခံ ဟစ်ဇဘူလာ ပျောက်ကျားတွေ လက်နက်စွန့်ဖို့ အစ္စရေးနဲ့အတူ ညှိနှိုင်းနေပါတယ်။ သဘောတူညီမှုထဲမှာ ပါဝင်တဲ့ ရေနံရောင်းရငွေတွေကို ပြန်လွှဲပေးရမယ်ဆိုတာတောင် အီရန်က မရခဲ့သေးပါဘူး။
အစိုးရသစ်က ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ သဘောတူညီမှုတော့ လိုချင်ပုံရပါတယ်။ အီရန်-အီရတ်စစ်ပွဲအပြီးမှာ အီရန်နိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးကို ရာဇာအီက ဦးဆောင်ခဲ့တာပါ။ သမ္မတလောင်း (ဟောင်း) တစ်ဦးအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ နျူကလီးယား သဘောတူညီချက်တွေကို သူက ဖိတ်ခေါ်လာနိုင်ပါတယ်။ “အထီးကျန်နေမှုက တို့ကို သတ်လိမ့်မယ်လို့ သူတို့ပြောနေတယ်” လို့ အစိုးရသစ်နဲ့ နီးစပ်သူ ပညာတတ်တစ်ဦးက ပြောတာပါ။ တချို့က အစ္စလာမ်အခြေခံကျင့်ဝတ်တချို့ ပျောက်သွားမှာကို သူတို့ ကြောက်နေမလားလို့ ပြောကြပါတယ်။ စောစောက ကဖေးတွေကို ဝင်စီးတယ်ဆိုတာ သူတို့ရဲ့ဌာနချုပ်က အဖွဲ့တွေကို ငြိမ်ဆေးကျွေးတာမျိုးလားလို့ ထင်ကြပါတယ်။ တချို့ကလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ လူမှုရေးစည်းကမ်းတွေ ဖြေလျှော့ပေးခြင်းကို ထည့်သွင်းလုပ်ဆောင်ခဲ့တဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမင်ဘင်ဆယ်လမင်နဲ့ သူတို့ကို နှိုင်းကြပါတယ်။
လေ့လာသူတွေအားလုံး သဘောတူကြတာကတော့ ခေါင်းဆောင်မှုပုံစံအသစ် ဖြစ်လာမယ်ဆိုတာပါ။ နှစ်ပေါင်း ၄၀ နီးပါး အယာတိုလာ ခါမေနီဟာ သူ့ရဲ့ အာဏာ၊ ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ သဘောထားတင်းမာသူတွေအကြား အကျိုးအမြတ်ပြိုင်ဆိုင်မှုတွေကို ချိန်ခွင်လျှာညှိလာခဲ့တာပါ။ အခု ခေါင်းဆောင်တွေကတော့ ပြောင်းပြန်အနေနဲ့ တက်ကြွလှုပ်ရှားတာကို ကြိုက်ကြပါတယ်။ အီရန်ပြည်သူတွေနဲ့ ကမ္ဘာ့လူထုက အခုထိတော့ ကွယ်လွန်သွားတဲ့ ခါမေနီ့ကို မလွမ်းကြသေးပါဘူး။ ဒါပေမယ့် အနာဂတ်မှာတော့…။


