The Corner

The Corner

cropped-Logo_round_grey-background.png

အမေရိကန် နိုင်ငံရေး အပြောင်းအလဲတွေ မြင်ရဦးမလား – CWM

Share မယ်

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၁) ရက်က သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှတစ်ဆင့် ရုရှားနဲ့ ယူကရိန်းတို့ “စွမ်းအင်အပစ်အခတ်ရပ်စဲရေး” (Energy Ceasefire) ရရှိသွားပြီလို့ ကြေညာလိုက်တယ်။ ဒီလိုကြေညာတာက သူ့သဘောနဲ့သူ တစ်ဖက်သတ်ကြေညာတာဖြစ်ပြီး ကာယကံရှင်တွေက ဘာမှ ကြိုမသိကြဘူးလို့ ဆိုတယ်။ သမ္မတ ထရမ့်က “စွမ်းအင် အပစ်အခတ် ရပ်စဲရေး” ကြေညာလိုက်တဲ့နေ့မှာပဲ ယူကရိန်းရဲ့ ဓာတ်အား ထုတ်လုပ်ရေး စက်ရုံကို ရုရှားက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ယူကရိန်း သမ္မတ ဇီလန်းစကီးက “စွမ်းအင် အပစ်အခတ် ရပ်စဲရေး” သဘော တူညီချက်ကို သူမသိဘူးလို့ ပြောသလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ကလည်း ယူကရိန်းဟာ အပစ်အခတ်ရပ်စဲထားဖို့ မထိုက်တန်သေးဘူးလို့ ပြောဆိုခဲ့တယ်။

ကာယကံရှင်တွေက ဘာမှ အသေအချာ မသိသေးခင်မှာ ကြားထဲက ထရမ့်က ဘာကြောင့် (energy ceasefire) “စွမ်းအင်အပစ်အခတ်ရပ်စဲရေး” ရရှိပြီလို့ ထုတ်ပြောခဲ့တာလဲ။ တကယ်တော့ ဒါတွေက ဒေါ်နယ်ထရမ့်ရဲ့ စိတ်ကူးနဲ့ အကြံအစည်တွေပါပဲ။ energy ceasefire ဆိုတာက စစ်ပွဲအတွင်းမှာ ရေနံသန့်စင်စက်ရုံတွေ၊ ဓာတ်အားပေးစက်တွေ၊ ရေနံပိုက်လိုင်းနဲ့ စွမ်းအင်လောင်စာ သယ်ယူ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခြင်း မပြုဘဲ ထားဖို့ နှစ်ဖက် သဘောတူကြတာဖြစ်တယ်။ ယူကရိန်းဟာ ရုရှားရေနံသန့်စင်စက်ရုံတွေကို တာဝေး တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ ပစ်ခတ်လို့ ရုရှားရဲ့ ရေနံချက်စက်ရုံအများအပြား ပျက်စီးဆုံးရှုံးခဲ့သလို ရုရှားကလည်း ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံကို ပြန်လည် တိုက်ခိုက် နေကြတယ်။

ထရမ့်က ဇီလန်းစကီးကို အခုလို ရုရှားစွမ်းအင်စက်ရုံတွေကို ဒရုန်းတွေနဲ့ ဆက်လက် တိုက်ခိုက် နေတာတွေ ဆက်မလုပ်ဖို့ ပြောခဲ့သလို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်းဖလှယ်တာ၊ လက်နက်ထောက်ပံ့ကူညီတာတွေ မလုပ်တော့ဘူးလို့ သတိပေးခဲ့တယ်။

သမ္မတ ထရမ့်ရဲ့ Truth ပို့စ် (Source: X)

ခုလို ကာယကံရှင်တွေတောင် အသေအချာ ဘာမှ မသိရသေးခင် ရုရှား နဲ့ ယူကရိန်း စွမ်းအင် အပစ်အခတ် ရပ်စဲရေး (energy ceasefire) ရရှိပြီလို့ ကြေညာရတဲ့အကြောင်းရင်းတွေ ထရမ့်မှာ ရှိနေတယ်။

လာမယ့် နိုဝင်ဘာ(၃)ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ(Midterm Election) က ဒေါ်နယ်ထရမ့်အတွက် အင်မတန်အရေးကြီးတယ်။ ဒီရွေးကောက်ပွဲမှာ အနိုင်ရမှ လာမယ့် လက်ကျန် သက်တမ်း နှစ်နှစ်ဟာ သူဖြစ်ချင်သလို ဖြစ်ခွင့်ရမှာဖြစ်တယ်။ တဖက်ကကြည့်ရင် ထရမ့်ရဲ့ လူကြိုက်များမှု (approval rating) ဟာ အနိမ့်ဆုံးကို ရောက်နေတယ်။ သူ သမ္မတဖြစ်ခါစက သူ့ကို ထောက်ခံမှုနှုန်း ၅၀% အထက်မှာ ရှိနေပေမယ့် သိပ်မကြာခင်မှာပဲ ၄၀% အထိ ကျဆင်းသွားတယ်။ ထောက်ခံမှုနှုန်းဟာ ၄၂% ဝန်းကျင်မှာ ရှိနေရာက ဖေဖော်ဝါရီလကုန်မှာ အီရန်ကို အစ္စရေးနဲ့အတူ သွားရောက်ဗုံးကြဲတိုက်ခိုက်လိုက်ရာ ၃၇% အထိ ထောက်ခံမှု ကျဆင်းသွားခဲ့တယ်။

ဒေါ်နယ်ထရမ့်ရဲ့ လူကြိုက်များမှု ကျဆင်းနေရခြင်းအကြောင်းတွေထဲမှာ အီရန်စစ်ပွဲကြောင့် လောင်စာဆီ ဈေးနှုန်းအပါအဝင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အမေရိကန်ပြည်သူတွေ အလူးအလဲ ခံစားနေရတာ ပါဝင်တယ်။ အီရန်စစ်ပွဲမဖြစ်ခင်က အမေရိကန်မှာ ဓာတ်ဆီ တစ်ဂါလံ ၃ ဒသမ ၁၀ ကနေ ၃ ဒသမ ၃၀ ဒေါ်လာ အတွင်းသာ ရှိရာက စစ်ဖြစ်ပြီးနောက်ပိုင်း အခုဆိုရင် တစ်ဂါလံ ၄ ဒေါ်လာကနေ ၄ ဒသမ ၅၀ ဒေါ်လာအထိ မြင့်တက် လာပြီဖြစ်တယ်။ ဒီဇယ်ဈေးနှုန်းက တစ်ဂါလံ ၆ ဒသမ ၂ ဒေါ်လာဖြစ်လာတယ်။

ရုရှား နဲ့ ယူကရိန်း “စွမ်းအင်အပစ်ခတ်ရပ်စဲရေး”သဘောတူကြပြီလို့ ထရမ့်က သူ့သဘောနဲ့သူ ထုတ်ပြန် ကြေညာလိုက်တာဟာ ဒီစစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းတွေ ထပ်တက်လာမှာကို မလိုလားတဲ့ အတွက်လည်း  ဖြစ်တယ်။

အောက်တိုဘာ(၉)ရက်မှာ ထရမ့်က ရုရှားဆီကနေ ဒီဇယ်ဆီတွေ ဝယ်ယူဖို့ သမ္မတပူတင်နဲ့ သဘော တူညီမှု ရသွားပြီလို့ ကြေညာခဲ့တယ်။ ဒီသဘောတူညီချက်အရ လတ်တလော ဒီဇယ်ဆီ တန် ၃၀၀,၀၀၀ နဲ့ နိုဝင်ဘာမှာ တန် ၅၀၀,၀၀၀ ဝယ်ယူမှာဖြစ်တယ်။ အခု အောက်တိုဘာလ ဆန်းပိုင်း အတွင်း ဒီဇယ်ဆီ တစ်ဂါလံ ၆ ဒသမ ၂ဒေါ်လာထိ အမေရိကန်မှာ ဈေးနှုန်းဖြစ်ပေါ်ခဲ့တယ်။ ဒါက မနှစ်တုန်း ကထက် ၆၇% တက်လာတာဖြစ်တယ်။

ထရမ့်ရဲ့ ခုလို ရုရှားဆီကနေ ဒီဇယ်ဆီဝယ်ယူမှုဟာ ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်က ချမှတ် ထားတဲ့ ရုရှားစွမ်းအင်သွင်းကုန် ပိတ်ပင်တားဆီးရေး ၂၀၂၂ ခုနှစ် ဥပဒေကို ဆန့်ကျင်ရာရောက်ပြီး နှစ်ပါတီ ကွန်ဂရက် အမတ်တွေကိုယ်တိုင် ကန့်ကွက်ခဲ့ကြတယ်။ ထရမ့်ဟာ အမေရိကန် အစိုးရ ကိုယ်တိုင် ပိတ်ဆို့ထားတဲ့ ရုရှားဒီဇယ်ဆီကို ဥပဒေပြင်ပြီး ဝယ်ယူခဲ့တယ်။

သူက အမေရိကန် ဒီဇယ်ဆီဈေးနှုန်း ကျဆင်းဖို့ရယ်၊ ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အပစ်အခတ် ရပ်စဲဖို့ အတွက် ရည်ရွယ်တယ်။

ထရမ့်အတွက် အရေးအကြီးဆုံးက လာမယ့် နိုဝင်ဘာ (၃) ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲပါ။ လက်ရှိအခြေအနေမှာ သူ့ကို အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု သိသိသာသာ ကျဆင်းနေသလို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အောက်လွှတ်တော်မှာ အနိုင်ရသွားဖို့ များနေတယ်။ သူက ကျဆင်းနေတဲ့ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုကို ပြန်ဆွဲတင်ဖို့ လောင်စာဆီအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ ကျဆင်းဖို့ ကြိုးစားနေတာဖြစ်တယ်။

ပိတ်ဆို့အရေးယူထားတဲ့ ဥပဒေကို ချိုးဖောက်ပြီး ရုရှားဆီက ဒီဇယ်ဆီ ဝယ်ယူဖို့ ကြိုးစားတာ၊ ယူကရိန်းနဲ့ ရုရှားကို စွမ်းအင် အပစ်အခတ်ရပ်စဲရေး ဖြစ်စေချင်တာတွေဟာ လတ်တလော ထရမ့်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရေး ဗျူဟာတွေသာ ဖြစ်တယ်။ စစ်တမ်းတွေအရ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကင်ပါတီ အရေးနိမ့်ပြီး ဒီမိုကရက်တွေက နိုင်ချေ ရှိနေတယ်။

အစဉ်အလာအားဖြင့်လည်း အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရပါတီက အောက်လွှတ်တော်မှာ ရှုံးနိမ့်လေ့ရှိတယ်။ ဒေါ်နယ်ထရမ့်ဟာ အာဏာရလာတဲ့ သက်တမ်းတစ်လျှောက် လွှတ်တော်ကို ကျော်ပြီး သမ္မတအမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့တယ်။ လာမယ့် ဒုတိယ သက်တမ်းမှာ ထရမ့်တစ်ယောက် ဆုံးဖြတ်ချင်သလို ဆုံးဖြတ်ခွင့်အာဏာ ရှိနိုင်တော့မှာ မဟုတ်ဘူး။

နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ (၄၃၅)နေရာ နဲ့ အထက် လွှတ်တော် (ဆီးနိတ်) အမတ်နေရာ (၃၅)နေရာ ရွေးချယ်ကြမှာဖြစ်တယ်။ cook political report ရဲ့ စစ်တမ်းအရ လတ်တလောမှာ ဒီမိုကရက်က အခိုင်အမာ ၁၈၅ နေရာ ရှိနေပြီး ရီပတ် ဘလစ်ကင်က ၁၇၄ နေရာ ရှိနေတယ်။ ကြားထဲက (၇၆)နေရာမှာ (၂၁)နေရာက ဘယ်သူနိုင်မယ် မသိသေးတဲ့ အနေအထားမှာ ရှိတယ်။

အမေရိကန် အောက်လွှတ်တော် အမတ်တွေက သက်တမ်း နှစ်နှစ်ပဲ ရှိပြီး အထက်လွှတ်အမတ်တွေက ခြောက်နှစ် သက်တမ်းရှိလို့ နှစ်နှစ် တစ်ကြိမ် အမတ် သုံးပုံ တစ်ပုံက ရွေးကောက်ပွဲ ဝင်ကြရတယ်။ အထက် လွှတ်တော် အမတ် နေရာ (၁၀၀) ရှိရာမှာ လက်ရှိ ရီပတ်ဘလစ်ကင်က (၅၃)နေရာနဲ့ ဒီမိုကရက်က (၄၅)နေရာရှိတယ်။ ခု ကြားဖြတ် ရွေးကောက်ပွဲမှာ (၃၅)နေရာ ရွေးချယ်မှာဖြစ်တယ်။ အထက် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကင်တွေကပဲ အနိုင်ရဖို့များတယ်လို့ သုံးသပ်ထားတယ်။

၂၀၂၄ ရွေးကောက်ပွဲတုန်း ကတော့ “ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ အမေရိကန် နိုင်ငံသား အားလုံး လက်လှမ်းမီ ဈေးဝယ်နိုင်ရေး” လို့ ထရမ့်က ကြွေးကြော်ခဲ့တယ်။ အခုဆိုရင် မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ဟာ နေထိုင်မှု စရိတ် အကြပ်အတည်းက လွတ်မြောက်ရေးဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက် ထရမ့်ရဲ့ ပြည်ထောင်စုမိန့်ခွန်းမှာ ဓာတ်ငွေ့ ဈေးနှုန်း ၂ ဒသမ ၃ ဒေါ်လာအောက် ပြည်နယ် အများအပြားမှာ ရောက်နေပြီလို့ ပြောခဲ့တယ်။ ဒါပေမယ့် လေးရက် အကြာ အီရန်နဲ့ စစ်ဖြစ်လိုက် တဲ့အခါမှာတော့ အရှေ့ အလယ်ပိုင်း စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်ပြီး ဓာတ်ငွေ့ဈေး လေးဒေါ်လာထိ ရောက်ရှိသွားတယ်။

ကြားပြတ်ရွေးကောက်ပွဲနီးလာချိန် ထရမ့်အပေါ် လူထုထောက်ခံမှု ကျဆင်း (Source: First Post)

အီရန်စစ်ပွဲနဲ့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက ထရမ့်အပေါ် လူကြိုက်နည်းမှု ဖြစ်စေခဲ့တယ်။ ဩဂုတ်လက ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ထရမ့်ရဲ့ ကမ္ဘာ့အရေး ကိုင်တွယ်ပုံ တွေအပေါ် တုံ့ပြန်သူ ၆၃% က မထောက်ခံဘူးလို့ ဆိုတယ်။ ထရမ့်ကို စိန်ခေါ်နေတဲ့ တခြား ပြဿနာတွေက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူဝင်မှုကိစ္စကိုင်တွယ်ပုံတွေ ဖြစ်တယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ ဒေါ်နယ်ထရမ့်ရဲ့ လူထုထောက်ခံမှု ကျဆင်းနေချိန်နဲ့ တိုက်ဆိုင်နေတယ်။ အမေရိကန် သမိုင်းအစဉ်အလာအရ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အတိုက်အခံပါတီက အောက်လွှတ်တော်မှာ အနိုင်ရ သွားတာများသလို အခုလည်း ဒီမိုကရက်တွေက အနိုင်ရဖို့ များနေတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ အနိုင်ရသွားခဲ့ရင် သမ္မတအာဏာကို ထင်တိုင်းကြဲနေတဲ့ ထရမ့်တစ်ယောက် လုပ်ချင်ရာ ဆက်လုပ်နိုင်ဦးမလား။ ဒါမှမဟုတ် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကိုပဲ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရဖို့ ဆက်လက် ကြံစည် နေမလား။ နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အပြောင်းအလဲတစ်ခုခုများ ဖြစ်လာတော့မလား စိတ်ဝင်စားဖို့ ကောင်းနေတယ်။

#ref: Where the US midterm elections will be won and lost.

Click to rate this post!
[Total: 0 Average: 0]