The Corner

The Corner

cropped-Logo_round_grey-background.png

ဂျဲရဒ် ကူးရှ် နာ၏ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံ ဂါဇာပြန်လည်ထူထောင်ရေး အစီအစဉ် – ဖိုးစု

Share မယ်

ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ကြီးကျယ်ခမ်းနားလှသည့် ကတိကဝတ်များက ဂါဇာကို ဗလာသက်သက် ဟောင်းလောင်း ပေါက်သာ ကျန်မယ့် အခြေအနေ ဖြစ်ဖို့များနေ   

ဒေါ်နယ်ထရမ့်သည် လွန်ခဲ့သည့်တစ်နှစ်ကျော်က သူ၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace – BOP)ကို တည်ထောင် ခဲ့သည်။ ထိုအဖွဲ့မှာ ကမ္ဘာ့ခေါင်းဆောင်များပါဝင်သည့် ပုဂ္ဂလိက ကလပ်တစ်ခု ပင်ဖြစ်သည်။ အဆိုပါဘုတ်အဖွဲ့ကကြီးကြပ်ကွပ်ကဲဆောင်ရွက်မည့်အရှေ့အလယ်ပိုင်းရှိ ဂါဇာကမ်း မြောင်ဒေသကို ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်သူ၏အစီအစဉ်ကိုကြေညာခဲ့သည့်နေ့မှာပင် ဒေါနယ်ထရမ့်က “လူယဉ်ကျေးမှုတလျှောက်လုံး မကြုံစဖူး ထူးခြးတဲ့အလာအလာကောင်း တွေပေါ် ထွန်းလာမယ်နေ့ရက်တွေ” ဟုပင်တင်စားကြွေးကြော်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနှင့် အဆိုပါဘုတ်အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ တိုနီဘလဲ (Tony Blair) ၏ အဆိုအရ အဆိုပါအဖွဲ့အစည်းသည် တစ်နှစ်ပတ်လုံး “ပြင်းပြင်းထန်ထန် ပြင်ဆင်မှုများ” ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယခုအခါ “လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်း” စတင်တော့မည် ဖြစ်သည်။

စက်တင်ဘာ ၂၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တွဲဖက် အစည်းအဝေးများအတွင်း မစ္စတာထရမ့်၏ သမက်ဖြစ်သူနှင့် အဓိက ကြားဝင်စေ့စပ်ပေးသူတစ်ဦးဖြစ်သည့် ဂျဲရဒ် ကူးရှ်နာ (Jared Kushner) က ထိုအစီအစဉ်များ အကောင်အထည်ဖော်ရန် ဘုတ်အဖွဲ့က သုံးစွဲရန် မျှော်မှန်းထားသည့် ငွေကြေးပမာဏကို အရိပ်အမြွက် ပြောကြားခဲ့သည်။ (ဂျဲရဒ် ကူးရှ်နာ – ဆိုသူမှာ အမေရိကန် သမ္မတ ထရမ့်၏ သမီးဖြစ်သူ အိုင်ဗင်ကာ ထရမ့်၏ အိမ်ထောင်ဖက်၊ သမ္မတဒေါ်နယ်ထရမ့်၏ သားမက်တော်သူ စီးပွားရေးသမား တစ်ဦး ဖြစ်ပြီး သမ္မတ ထရမ့်က ယခုအခါ ဂျဲရဒ် ကူးရှ်နာအား ညှိနှိုင်းရေးသမား တစ်ဦးအဖြစ် တာဝန်ပေးထားသည်။ အယ်ဒီတာ)

ကုရှ်ရှနာ က ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံတန် ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်ခုကို ကြေညာခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၇၁ ဘီလီယံ သုံးစွဲသွားမည်ဟု ပြောဆိုခဲ့သည်။ ဘုတ်အဖွဲ့သည် လာမည့် ခြောက်လအတွင်းမှာပင် စီမံကိန်းပေါင်း ၆၆ ခုကို ကြီးကြပ်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ထုတ်ဖော် ပြောဆို ခဲ့သည်။ Power-point စလိုက်ရှိုး ပြသမှုများတွင် “လုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမည့် ချိတ်ဆက်မှုရှိပြီး သာယာဝပြောသော ဂါဇာ” ဖြစ်လာမည်ဟု ကတိပြုထားသည်။

ဂျဲရဒ် ကူးရှ်နာ နှင့် အိုင်ဗင်ကာ ထရမ့် တို့ကို ဧည့်ခံပွဲ တစ်ခု၌ တွေ့ရစဥ် (ဓာတ်ပုံ – Miami Herald)

သို့သော် ထိုသို့သော ကတိကဝတ်များသည် ဂါဇာကမ်းမြောင်ဒေသတွင်မူအဓိပ္ပာယ်မဲ့ မရေမရာ ဖြစ်နေရသည်။ အစ္စရေးသည် ယင်းတို့သိမ်းပိုက်ထားသော ဂါဇာ၏ သုံးပုံနှစ်ပုံနီးပါးရှိ ဒေသများမှ ပြည်သူများကို အတင်းအဓမ္မ နှင်ထုတ်ခဲ့သည်။ အစ္စရေးစစ်ဘက်က ကင်းစခန်းများလည်း ဂါဇာကမ်း မြောင်ဒေသ အနှံ့အပြားတွင် နေရာယူ ထားသည်။

  မြေထိုးစက်အုပ်စုများသည် အပျက်အစီးများကို မြေညှိဖျက်ဆီးနေကြပြီး၊မြေယာ ပိုင်ဆိုင်မှု နယ်နိမိတ် များနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဟု အချို့က သတ်မှတ်ထားသည့် အထောက်အထားများ ကို ပျောက်ကွယ် အောင်ဖျက်ဆီး လျက် ရှိသည်။ အမေရိကန်ကနောက်ကြောင်းရာဇဝင် စိစစ်ပြီးသား ပါလက်စတိုင်းလူမျိုးများအတွက် “အခြား ရွေးချယ်စရာ ဘေးကင်းသော အသိုက်အဝန်းများ” ဟု ခေါ်ဆိုနေသည့် ရွာများ ပထမဆုံး သတ်မှတ်မှုများ စတင်ပေါ်ထွက်လာနေပြီဖြစ်သည်။ သဘောထား တင်းမာသည့် အစ္စရေး ဝန်ကြီးများကမူ ထိုသို့ သတ်မှတ်ပေးသော နေရာများသည် ဂျူး လူမျိုးလာရောက် အခြေချနေထိုင်သူများအတွက် လုံခြုံစိတ်ချရသော အသိုက်အဝန်း (ရွာများ) သာဖြစ်သည် ဟုပြန်လည် ဖြေရှင်း‌ပြောကြားခဲ့ကြသည်။

အစ္စရေးတပ်ဖွဲ့များသည် ယာယီရွက်ဖျဉ်တဲများနှင့် ကျန်ရှိနေသေးသော တိုက်အိမ်အနည်းငယ်တို့ကို နီး နေ့စဉ် ရက်ဆက် နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ လွန်ခဲ့သော သုံးနှစ်က အစ္စရေး နိုင်ငံသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားစေခဲ့သည့် အစ္စလာမ္မစ်ဝါဒီအုပ်စု ဟားမတ်စ် (Hamas) ၏ ကျန်ရှိနေသည့် ခေါင်းဆောင်များကိုအစ္စရေးတပ်များက လိုက်လံရှာဖွေချေမှုန်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းဂါဇာတွင် တစ်နှစ်အတွင်းပါလက်စတိုင်းလူမျိုး ဒေသခံ လူပေါင်း ၁,၄ဝဝ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ ဆောင်းရာသီ မတိုင်မီ တဲစခန်းသစ်များ ဆောက်လုပ်ရန် ဆိုသည်မှာလည်း ဘယ်ဆီနေမှန်း မသိ မေ့မေ့လျော့လျော့ ဖြစ်ခဲ့ပြီ ဖြစ်သည်။ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု၊မြေထိုးစက်များဖြင့်ဖြိုချမှုကြောင့်ပေါ်ပေါက်ခဲ့သည့် တန်ချိန် ၆၈ သန်းမျှရှိသော အိုးအိမ်တိုက်တာအပျက်အစီးများကို ဖယ်ရှားရန်နှင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ လျှပ်စစ်ဓာတ် အားလိုင်းများနှင့် ရေနှင့်မိလ္လာသန့်ရှင်းရေး စနစ်များကို ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် စက်ယန္တရားကြီးများကို စစ်ဘက်နှင့်အရပ်ဘက်နှစ်မျိုးအသုံးပြုနိုင်ခြေ (Dual use)ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့်အခြေခံဖြင့် ပိတ်ပင်ထားသည်။ ယာယီတဲတိုင်များကိုပင် အသုံးပြုခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ထားသည်။

ဟားမတ်စ်အဖွဲ့သည် လက်တွေ့တွင် အုပ်ချုပ်ရေးအာဏာပိုင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ဗုံးကြဲ ခံထားရသောအဆောက်အအုံအပျက်အစီးများအတွင်းမှာပင်နေ၍မွေးစာရင်းမှတ်ပုံတင်ခြင်းနှင့် ကုန်ရောင်း ကုန်ဝယ် အခွန်များကိုကောက်ခံလျက်ရှိသည်။ သို့သော်လည်း ယင်းတို့၏ ထိန်းချုပ်စိုးမိုး မှုမှာ စိုးရိမ်ထိတ်လန့်မှုတို့ ဖြင့် တထိတ်ထိတ်ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်သည်။ စက်တင်ဘာလ အတွင်း ကပင်အစ္စရေးသည် ဂါဇာ၏ ခရိုင် ငါးခုအနက် လေးခုတွင်တာဝန်ထမ်းဆောင် နေသော အုပ် ချုပ်‌ရေးတပ်မှူးများကို သုတ်သင်ရှင်းလင်းခဲ့သည်။ အစ္စရေးစစ်သည်များ၏ ရှာဖွေတွေ့ရှိသွားမည့်အရေး ကို ရှောင်ရှားရန်အတွက်ဟားမာ့စ် ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်အရပ်စားကိုသာ ဝတ်ဆင်ပြီး တာဝန်ထမ်းဆောင်နေကြရသည်။

အချို့က ၂ဝဝဝ ပြည့်လွန်နှစ် ကာလများ အလယ်ပိုင်းက ဂါဇာရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (Palestinian Authority) ပြိုလဲပျက်စီးမသွားမီ ဖြစ်ပွားခဲ့သော လုံခြုံရေး ဝရုန်းသုဉ်းကားဖြစ်မှု (al-falatan al-amni) အခြေအနေသို့ ပြန်လည်သက်ဆင်းသွားမည်ကို သတိပေးနေကြသည်။ အစ္စရေးက ထောက်ခံအားပေး ပါလက်စတိုင်း ပြည်သူ့စစ် များသည် ဟားမတ်စ်အဖွဲ့ဝင်များကို နောက်ယောင်ခံ လိုက်လံရှာဖွေပြီးတိုက်ခိုက်နှောင့်ယှက်နေကြသည်။ ဟားမတ်စ်အဖွဲ့၏ အုပ်ချုပ်ရေး ယိုင်လဲလာ သည်နှင့်အမျှ မျိုးနွယ်စုများ (Clans) သည် လက်နက်များ ကိုင်ဆောင် ကာ လမ်းမများထက်သို့ ပြန် လည်ရောက်ရှိလာခဲ့ကြသည်။ပေါင်မုန့်နှင့် သောက်ရေသုံးရေရရှိရေးတန်းစီရာတွင် ကျော်တက်မှု အငြင်း ပွားဖွယ်ရာများသည် သေနတ်ကိုင် တိုက်ပွဲများအထိရောက်ကာ အဆုံးသတ်သွားလေ့ရှိသည်။ ယခင်က ဖြစ်ခေါင့်ဖြစ်ခဲ ထိုးကြိတ် လုယက်မှုများမှာလည်း ယခုအခါ ထူပြောလာခဲ့သည်။ ဂါဇာရှိ မြောက် မြားစွာ သော မိဘမဲ့ကလေးများကို မကျွေးမွေးနိုင်ကြတော့သဖြင့် ဆွေမျိုးများက ကလေးငယ်များကို အိမ်ထောင်ပြုရန် ရောင်းစားနေကြရသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခု၏ဖော်ပြချက်အရ အချို့သော ဇနီးမယားများမှာ အသက် ၁၂ နှစ်အရွယ်အထိပင်ငယ်ရွယ်ကြသည် ဟုသိရိုသည်။ သုတေသနပြုသူများ၏ ပြောကြားချက်အရ အမျိုးသားတစ်ဦးသည် သူ၏ သမီးငယ်လေး ကို ဂျုံမှုန့် နှစ်အိတ်နှင့် လဲလှယ်၍ အိမ်ထောင်ချပေးခဲ့သည်ဟု သိရသည်။ “ဂါဇာ ဒေသခံတွေဟာ ကြင်နာစိတ်သနားစိတ် ကိုယ်ချင်းစာစိတ်တွေ ပျောက်ကုန်ကြပြီ၊ ရက်စက် ကြမ်းကြုတ်တဲ့ စိတ်တွေကတော့ တစ်နေ့ တခြားကို ကြီးထွားသည်ထက် ကြီးထွားလာနေတယ်”ဟု ဟားမာ့စ်အရပ်ဘက် ဝန်ထမ်း တစ်ဦး ကပြောကြားလိုက်သည်။

လွန်ခဲ့သော တစ်နှစ်ကျော်ကအဆိုပါငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ဂါဇာမှ ကီလိုမီတာ ၂ဝ ကွာဝေးသော အစ္စရေးမြို့တစ်မြို့ဖြစ်သည့် ကီယတ်ဂတ် (Kiryat Gat) ရှိဘုတ်အဖွဲ့ တည်ရှိရာ ကုန်လှောင်ရုံတစ်ခု အတွင်း၌ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ထောက်လှမ်းရေးများ၊ သံတမန် များနှင့် ကူညီကယ်ဆယ်ရေး ဝန်ထမ်းများသည် ဂါဇာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ သို့သော် “ကနဦးဆောင်ရွက်ခဲ့သည့် အရှိန်အဟုန်မှာ အား လျော့သွားခဲ့ပြီ” ဟု ထိုနေရာတွင် လနှင့်ချီ နေထိုင်ခဲ့သည့် အနောက်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မစ္စတာ ကူးရှ်နာ ကဒေါ်လာ ဘီလီယံပေါင်းများစွာ ချီပြီးပြောဆိုမှုများ ရှိနေ သော် လည်း ပင်လယ်ကွေ့ ကအလှူရှင်နိုင်ငံများသည် ယင်းတို့၏ပြည်တွင်းလိုအပ်ချက်များကို ဦးစားပေး ခဲ့ရသဖြင့် ဘုတ်အဖွဲ့၏ စီမံကိန်းများအတွက် ရန်ပုံငွေထည့်ဝင်ဖြည့်ဆည်းပေးမှုမှာ များစွာ လျော့နည်း ကျဆင်း သွားခဲ့သည်။

သို့သော် အဓိက အနှောင့်အယှက်အတားအဆီးမှာ အစ္စရေးနိုင်ငံပင်ဖြစ်သည်ဟု ကီယတ်ဂတ်တွင် လုပ်ငန်း ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများက ဆိုကြသည်။ ဂါဇာရှိ ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်း အရေအတွက်မှာလည်း လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့် ရန်နှင့် အစ္စရေးစစ် တပ်ရုပ်သိမ်းမှုကို ကြီးကြပ်ရန် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးမှုဖော်ဆောင်ရေး တပ်ဖွဲ့ (International Stabilisation Force) အတွက် နိုင်ငံ ငါး နိုင်ငံမှ ကမ်းလှမ်းထားသည့် တပ်ဖွဲ့ ဝင်များကိုအစ္စရေးက ဝင်ရောက်ခွင့် မပြုခဲ့ပေ။ ဟားမတ်စ် (Hamas) ၏ နေရာတွင် အစားထိုးရန် ဘုတ်အဖွဲ့မှ ခန့်အပ်ထားသည့် ပါလက်စတိုင်း အဖွဲ့အစည်းဖြစ်သော ဂါဇာကမ်းမြောင်ဒေသ စီမံအုပ်ချုပ်ရေး အမျိုးသားကော်မတီ (National Committee for the Administration of Gaza) တွင် စိစစ်ထားပြီးသား ပါလက်စတိုင်း ရဲအရာရှိ ၄၅၀ မှာလည်း အလားတူပင် အီဂျစ်နိုင်ငံ အတွင်း၌ ပင် သောင်တင်နေဆဲဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းရန် ဘုတ်အဖွဲ့၏ အကြီးမားဆုံး ဆောင်ရွက်ချက်မှာ ကီယတ်ဂတ်ရှိ ဝန်ထမ်းများအတွက် ၆ လအတွင်း ဒေါ်လာ ၉ သန်း ကုန်ကျခဲ့သည့် အခမဲ့ ဘူဖေး ကျွေး မွေးသော စားသောက်ဆိုင် (ဂါဇာတွင်နေထိုင်ကြသောပြည်သူလူထု ၁,၈ဝဝ နီးပါး၏ မီးဖို ချောင်ကုန်ကျ စရိတ်နှင့် ညီမျှသည်) ဖွင့်လှစ်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု တာဝန်ရှိသူများကရွဲ့၍ ပြောဆိုကြသည်။ “ဘုတ်အဖွဲ့ဟာ အစ္စရေးတွေ သဘောကျအောင်ပဲ အမြဲတမ်း အလိုလိုက် လုပ်ဆောင်ပေးနေတာပါ” ဟု ဂါဇာဒေသကိုမကြာမကြာ သွားရောက်လေ့ရှိသည့် အနောက်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အချို့ကမူ အောက်တိုဘာ ၂၇ ရက်နေ့ အစ္စရေးနိုင်ငံ၏အထွေထွေ ရွေးကောက်ပွဲအပြီးတွင် အပြောင်းအလဲများ ရှိလာမည်ဟု မျှော်လင့်နေကြသည်။ သို့သော် မစ္စတာ နေတန်ယာဟု ရှုံးနိမ့်သွား ခဲ့လျှင်ပင် အစ္စရေး၏ စိတ်ဝမ်းကွဲပြားနေသော နိုင်ငံရေးပါတီများသည် အစိုးရညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းရင်း ညှိနှိုင်း နေကြရမည် ဖြစ်ရာ နေတန်ယာဟုသည်အစိုးရအဖွဲ့သစ် မဖွဲ့စည်းနိုင်မီ လပေါင်းများ စွာ ကြာမြင့်အောင် တာဝန်ယူထား နိုင်သေးသည်။ထို့အပြင် ရွေးကောက်ပွဲရလဒ်မှာ လက်ယာယိမ်း အုပ် စုများဘက်သို့ ပိုမိုယိမ်းယိုင်သွားသည့် ရလဒ်လည်း ဖြစ်လာနိုင်သည်။ ပါလက်စတိုင်းလူမျိုးများကို နယ်နှင်ဒဏ်ပေးခြင်းကို အစ္စရေးသုံးနေကျ စကားလုံးဆန်း ဖြစ်သည့် “ဆန္ဒအလျောက် ရွှေ့ပြောင်းပေးခြင်း” ဟူသော တောင်းဆိုမှုများမှာ ပို၍တိုးလာနေသည်။ အမတ်လောင်း တစ်ဦးဖြစ်သူ မိုရှေး ဖိဂ်လင်း (Moshe Feiglin) က ဂါဇာရှိ ကလေးငယ်တိုင်းသည်အစ္စရေး၏ ရန်သူများဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်ရာထူးအတွက် အလယ်အလတ်ဝါဒီပိုကျသည့် ပြိုင်ဘက်များကပင်လျှင် ဟားမတ်စ်ကို အမြစ်ဖြတ်ခြေမှုန်းပစ်ရမည်ဟူသော မစ္စတာ နေတန်ယာဟု၏အယူအဆကို မျှဝေ ခံစားပြီး လက်ခံလာကြသည်။

အစ္စရေးနိုင်ငံသည်ထိုအချက်ကို စစ်ရေးနည်းဖြင့်သာဆောင်ရွက်ရန် ဆက်လက်သန္နိဋ္ဌာန်ချ ထား ခဲ့သည်။ ယခုနှစ် သြဂုတ်လတွင် ဂါဇာရှိ ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ “အထူးကိုယ်စားလှယ်” ဖြစ်သူ နစ်ကိုလေး မလာဒဲနော့ဗ် (Nickolay Mladenov) က အစ္စရေးတပ်များ ရုပ်သိမ်းပေးရေး အတွက် အပြန် အလှန်သဘောအရအစ္စလာမစ်ဝါဒီတို့ကို ၎င်းတို့၏ လက်နက်များကို စွန့်လွှတ်ရန် သဘောတူညီမှု ရရှိ အောင် စည်းရုံးနိုင်ခဲ့သည်။ သူ၏ အစီအစဉ်တွင် မရှင်းလင်းသည့် အချက်များ အမြောက်အမြား ရှိနေ ခဲ့သည်။ ဟားမတ်စ်အဖွဲ့က အစ္စရေး တပ်မရုပ်သိမ်းမီ၊ သို့မဟုတ် တပြိုင်နက်တည်း သို့မဟုတ် ရုပ်သိမ်း ပြီးမှ လက်နက်ဖြုတ်သိမ်းမည်လော။ ၎င်း၏ ပါလက်စတိုင်း ပြိုင်ဘက်များသည် လက်နက်ဖြုတ် သိမ်း မည်လော။ ဟားမတ်စ်သည် လက်နက်ကြီးများနည်းတူ လက်နက်ငယ်များကိုပါ စွန့်လွှတ်မည်လော။ သို့သော် ဟားမတ်စ်အဖွဲ့ကမူ ခက်ခဲသည့် ရွေးချယ်မှုများကို ရှောင်ရှားခဲ့သည်။ မစ္စတာ နေတန်ယာဟုက ထိုအစီအစဉ်နှင့် အစ္စရေးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးကိုလက်မခံတော့ဘဲ ငြင်းပယ်ခဲ့သည်။

စစ်ကြောင့် ပြားပြားဝပ်သွားရသည့် ဂါဇာ ဒေသ (ဓာတ်ပုံ – ABC News)

“ဟားမတ်စ်အဖွဲ့က လက်နက်အားလုံးကို လုံးဝစွန့်လွှတ်လိုက်ရင်တောင် အစ္စရေးဘက်ကတော့ ဟားမတ်စ်မှာ ခေါက်ဓားတစ်ချောင်း ရှိနေသေးတယ်လို့ ဆက်ပြောပြီး ဆင်ခြေပေးနေဦးမှာပဲ” ဟု ဥရောပအရာရှိတစ်ဦးက ပြောကြားခဲ့သည်။  

အခြားသူများကမူ ဟားမတ်စ်ကို နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ဆွဲတင်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ဟားမတ်စ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ဖူးသူ မစ္စတာ ကူးရှ်နာ ထံက ခွင့်ပြုချက်မီးစိမ်းပြမှု ရရှိထားသည့် ဂါဇာမှ ဟားမာ့စ်တို့ကို တိုက်ခိုက်ခဲ့သည့် စစ်ဘုရင်ဟောင်း တစ်ဦး    ဖြစ်သူ မိုဟာမက် ဒါလန် (Muhammad Dahlan) သည် ကိုင်ရိုမြို့တွင် ဟားမတ်စ်အဖွဲ့နှင့် ဆွေးနွေးပွဲများကို ဦးဆောင် ကျင်းပလျက် ရှိသည်။ လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ပါလက်စတိုင်း ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ််စ် ကသတ်မှတ်ထားသည့် စည်းကမ်းချက်များကို လက်ခံရန် ဟားမတ်စ်ကိုဒါလန်ကစည်းရုံး သိမ်းသွင်း နိုင်ခဲ့ပြီဟု ဒါလန်၏ ညှိနှိုင်းရေးမှူးများက ပြောကြားသည်။ “ကျနော်တို့ ဟားမတ်စ်ရဲ့ သဘောထားကို အောင်မြင်စွာ ပြောင်းလဲ နိုင်ခဲ့ပါတယ်” ဟု ဂါဇာ မြို့တော်ဝန်ဟောင်းနှင့် မစ္စတာ ဒါလန်၏ မဟာမိတ်ဖြစ်သူ အိုစမာ အယ်လ်ဖာရာ (Osama al-Fara) က အခိုင်အမာ ပြောကြားခဲ့သည်။ အဆိုပါ စည်းကမ်းချက်များတွင် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုရေးနှင့် ယခင် ပါလက်စတိုင်းတို့ အစ္စရေးနှင့် ရရှိခဲ့သော သဘောတူညီ ချက်များကို လက်ခံရေးတို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အစီ အစဉ်များကို ပျက်စီးအောင် မသမာပြုမူ မည့်သူမှာ အစ္စရေး ဟုတ်နိုင်ဖွယ်မရှိပေ။။ ရှုံးနိမ့်မည်ကို စိုးရိမ် သဖြင့် သမ္မတ အဘတ််စ် ကိုယ်တိုင်က ရွေးကောက်ပွဲများကို ဖျက်သိမ်းလိမ့်မည်ဟု မျှော်လင့် ရကြောင်း အီကော်နော်မစ် ဆောင်းပါးရှင်က သုံးသပ် ထားသည်ကို တင်ပြလိုက်ရပေသည်။

ရည်ညွန်း –  The Economist, October 3-9, 2026


Click to rate this post!
[Total: 0 Average: 0]