ဟန်ဂေရီနိုင်ငံတွင် အကျင့်ပျက်ခြစားမှုများကို အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်မည်ဟု ပီတာမာဂျာဆို
ဧပြီလ ၁၂ ရက်နေ့က ဟန်ဂေရီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် ပီတာမာဂျာ အောင်ပွဲခံ အနိုင်ရခဲ့တယ်။ ဟန်ဂေရီနိုင်ငံကို ၁၆ နှစ်ကြာ အာဏာရှင်ပုံစံနဲ့ စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် အစိုးရကို ဟန်ဂေရီ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ပဲ ဖြုတ်ချနိုင်ခဲ့တယ်။ လူငယ်သူငယ်ချင်းတွေ တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်ပြီး ပျော်ရွှင်မြူးထူး ကခုန်ခဲ့ကြတယ်။ ဖခင်တွေကလည်း သူတို့ကလေးတွေကို ပွေ့ဖက်နမ်းရှုပ်လို့ ပျော်ခဲ့ကြတယ်။ ဆယ်ကျော်သက် မိန်းကလေးတွေကတော့ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရုံသာမက ငိုတောင်ငိုခဲ့ကြတယ်။ ဘီယာတွေကတော့ ထမင်းရည် ချောင်းစီးဆိုသလို အောင်ပွဲခံတဲ့ အနေနဲ့ အလျှံပယ် သောက်ခဲ့ကြတာပေါ့။ ၁၆ နှစ်ကြာပြီးတဲ့နောက် ဟန်ဂေရီလူထုဟာ တန်ခိုးထွားလှတဲ့ အာဏာရှင်ခေါင်းဆောင် ဗစ်တာအော်ဘန်ကို ဟန်ဂေရီ ပြည်သူတွေပေးတဲ့မဲနဲ့ပဲ ရာထူးကနေ ဖယ်ရှား ပစ်လိုက်နိုင်ကြတယ်။
ဗစ်တာအော်ဘန် ရွေးကောက်ပွဲမှာရှုံးပြီလို့ ရှင်းရှင်းလင်းလင်း ကြားလျှင်ကြားချင်းဆိုသလိုပဲ ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်ဇ်မြို့က လမ်းကြီးလမ်းငယ်အသွယ်သွယ်ပေါ်ကို လူတွေအုပ်လိုက်ချီပြီး ထွက်လာခဲ့ကြတယ်။ မော်တော်ကားတွေကို ဖြည်းဖြည်းချင်းမောင်းလာကြပြီး ခရီးသည်တွေ အချင်းချင်း လက်တွေမြှောက်ပြီး လက်ဝါးချင်းရိုက်ကြတယ်။ ယာဉ်မောင်းတွေက စည်းချက် ဝါးချက်ကျ ကားဟွန်းသံတွေ တီးကြတယ်။ “Mocskos Fidesz” (ညစ်စုတ်တဲ့ ဖီဒက်ဇ် – အော်ဘန်ရဲ့ ပါတီနာမည်) နဲ့ “Ruszkik haza” (ရုရှားတွေ အိမ်ပြန်ကြ) ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ် ကြွေးကြော်ကြတယ်။ “ကျွန်တော်တို့ကို ဆယ့်ခြောက်နှစ်ကျော်လောက် အတော်ကို လေးလံတဲ့ ကျောက်တုံးကြီး တစ်တုံးနဲ့ ဖိထားတာခံရတဲ့ ဘဝကနေ အဲဒီ ကျောက်တုံးကြီးကို မပြီးဖယ် ထုတ်လိုက် သလိုမျိုး ခံစားရပါတယ်ဗျာ” လို့ ဘားဆိုင်တစ်ဆိုင်ရှေ့မှာ ရှန်ပိန်ပုလင်းတစ်လုံးကို ဝှေ့ယမ်းပြီး အောင်ပွဲခံနေတဲ့ ဂါဂိုက ပြောကြားလိုက်ပါတယ်။
လူလတ်တန်းစား ပညာတတ် လစ်ဘရယ်တွေရဲ့ မြို့ကြီးဖြစ်တဲ့ ဘူဒါပက်ဇ်က မြို့တော်သူ မြို့သားတွေကတော့ ပီတာမာဂျာနဲ့ သူ့ရဲ့ တစ်ဇာ (Tisza) ခေါ်တဲ့ အတိုက်အခံပါတီကိုပဲ မဲပေး ကြမယ်ဆိုတာကတော့ ဘယ်လိုမှ သံသယဝင်စရာမရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့အောင်ပွဲက အတော်ကို ကျယ်ပြန့်ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက်နဲ့ တောင်ဘက် ကျေးလက်ဒေသကြီးတွေမှာ နေထိုင်ကြတဲ့ လူထုကလည်း မာဂျာကိုပဲ မဲပေးခဲ့ကြတာဖြစ်တယ်။ အဲဒီကျေးလက်လူထုကြီးဟာ သူတို့အတွက် ခံစားရမယ့် လူမှုရေးဆောင်ရွက်မှုလုပ်ငန်းတွေက တဖြည်းဖြည်းပျက်စီးလာပြီး အကျင့်ပျက် ခြစားမှုတွေကြောင့် ရတက်မအေးဖြစ်ရလို့ ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ်ကစပြီး အကူအညီပေးတာတွေ ရပ်ဆိုင်း ပိတ်ဆို့လိုက်တာကြောင့် စီးပွားရေးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ အနိုင်နိုင်ဖြစ်နေတာတွေက လူထုကို စိတ်အပျက်ကြီး ပျက်စေခဲ့တယ်။ တစ်ဇာပါတီဟာ မဲဆန္ဒ ၄၀ ရာခိုင်နှုန်းကနေ ၅၉ ရာခိုင်နှုန်းအထိနဲ့ ဖီဒက်ဇ်ကို အနိုင်ရတာနဲ့ ရွေးကောက်ပွဲ အဆုံးသတ်ခဲ့တယ်။ အစွန်းရောက် အမျိုးသားရေး ဝါဒီပါတီဖြစ်တဲ့ “အမိမြေပါတီ” က စုစုပေါင်းဆန္ဒမဲရဲ့ ၆ ရာခိုင်နှုန်းလောက်နဲ့ ခပ်ဆိတ်ဆိတ်ပဲ ပါလီမန်ထဲကို တိုးဝင်လာတယ်။
ပြည်လုံးကျွတ်ရွေးကောက်ပွဲကြီးမှာ လူထုက မဲဆန္ဒပေးပြီးလို့ မဲရုံတွေပိတ်လိုက်ပြီး သုံးနာရီလောက် အကြာ ဒင်းနျူဗ်မြစ်ကမ်းပေါ်မှာရှိတဲ့ ဘူဒါပက်ဇ်မြို့တော် လမ်းမကြီးမှာ လူအုပ်ကြီးက ဟန်ဂေရီနိုင်ငံ အလံတော်ကို ကိုင်မြှောက်ပြီး လူထုကြားထဲကနေ ဖြတ်လို့ချီတက်လာတဲ့ အတိုက်အခံခေါင်းဆောင် ပီတာမာဂျာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြတယ်။ “လေးစားချစ်ခင်အပ်တဲ့ ဟန်ဂေရီ နိုင်ငံသူ နိုင်ငံသားများ၊ ကျေးလက်ဒေသက ပြည်သူလူထုအပေါင်းတို့ခင်ဗျား၊ ကျွန်တော်တို့ လုပ်နိုင်ခဲ့ ကြပါပြီ။ ကျွန်တော်တို့ အားလုံးအတူတကွ လက်တွဲပြီး အော်ဘန်စနစ်ကို အစားထိုးနိုင်ခဲ့ကြပြီ။ ကျွန်တော်တို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး ဟန်ဂေရီကို လွတ်မြောက်စေခဲ့ကြပြီ” လို့ မိန့်ခွန်းပြောခဲ့တယ်။
အောင်ပွဲအခမ်းအနားတွေကျင်းပပြီး နောက်နေ့ သုံးနာရီကြာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာမာဂျာက အော်ဘန်ရဲ့ နိုင်ငံတော်ထိန်းချုပ်ထားပုံကို ပြောင်းပြန်လှန်ပစ်ဖို့နဲ့ ဥရောပသမဂ္ဂ စောင့်ကြည့်လေ့လာရေး သုတေသနဌာနများအဆိုအရ ဟန်ဂေရီနိုင်ငံကို အဖွဲ့အတွင်းမှာ အကျင့်ပျက် ခြစားမှု အဆိုးဆုံးနိုင်ငံဘဝကို ရောက်စေခဲ့တဲ့ စနစ်တကျ လာဘ်ပေးလာဘ်ယူမှုတွေကို အမြစ်ပါ မကျန်ရအောင် ခြေမှုန်းရှင်းလင်းပစ်မယ်လို့ ကတိပေးပြောကြားခဲ့တယ်။ “ဟန်ဂေရီလူမျိုးတွေက အစိုးရအဖွဲ့တစ်ရပ်ကို ရိုးရိုးကလေးနဲ့ သာမန်ပြောင်းသွားရုံလောက်ကလေး မဲဆန္ဒပေးခဲ့ကြတာမျိုး မဟုတ်ပါဘူး။ အစိုးရအဖွဲ့ကို လုံးဝကို ပြောင်းလဲသွားစေဖို့ မဲဆန္ဒပေးခဲ့ကြတာမျိုးပါ။ ဒီနိုင်ငံက ဓားစာခံ ဖမ်းဆီးခံရသလိုမျိုး ဖမ်းဆီးခံထားရတာပါ။ ဒီနိုင်ငံက ဖမ်းဆီးခံထားရတဲ့ နိုင်ငံဖြစ်ခဲ့တယ်” လို့ မာဂျာက ပြောကြားခဲ့ပါတယ်။
ဒီလို ဖမ်းဆီးခံထားရတဲ့အဖြစ်ကတော့ ကြာပါပြီ။ မစ္စတာအော်ဘန်ဟာ ဟန်ဂေရီပါလီမန်မှာ ဖီဒက်ဇ် ပါတီက သုံးပုံနှစ်ပုံ မဲအများစုနဲ့ အနိုင်ရထားတာကို ဟန်ဂေရီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူ့အတွက် အကျိုးရှိစေမယ့်ပုံစံဖြစ်အောင် ပြောင်းလဲပြီး အတည်ပြုနိုင်ဖို့၊ နိုင်ငံ့ဝန်ထမ်းယန္တရားနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေမှာ မိမိရဲ့ဩဇာခံ လက်ပါးစေအလိုတော်ရိတွေကို အစားထိုးခန့်အပ်ဖို့ အသုံးချခဲ့တယ်။ မစ္စတာမာဂျာက တရားဥပဒေစိုးမိုးရေးကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ ပိုလန်နိုင်ငံက ဒေါ်နယ်တပ်စ် (Donald Tusk) ရဲ့ ကံကြမ္မာမျိုး ရှောင်ရှားနိုင်စေဖို့ ဒီစနစ်သန့်ရှင်းရေးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုလားတယ်။
သူက နိုင်ငံတော်သမ္မတ၊ တရားရုံးချုပ်နဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ တရားရုံးက အကြီးအကဲတွေနဲ့ နိုင်ငံတော် ရှေ့နေချုပ် အပါအဝင် ဖီဒက်ဇ်ပါတီက အရာရှိကြီးအားလုံး ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုထားခဲ့တယ်။ တကယ်လို့ သူတို့ ရာထူးကနေ မနုတ်ထွက်ရင်တော့ သူတို့ကို ဖြုတ်ချဖို့ ပါလီမန်မှာ မဲအများစုနဲ့ အနိုင်ရထားတဲ့ အမတ်ဦးရေ သုံးပုံနှစ်ပုံရဲ့ ဆန္ဒမဲကို အသုံးပြုဖို့ ကြိုးပမ်း ရလိမ့်မယ်လို့ ဆိုပါတယ်။ ပါလီမန်အမတ် ၁၉၉ နေရာရှိတဲ့အနက် ပီတာမာဂျာရဲ့ တစ်ဇာပါတီက အမတ်နေရာ ၁၃၇ နေရာ အနိုင်ရရှိထားပါတယ်။ ဒါပေမဲ့ သမ္မတက အဲဒီဥပဒေကို လက်မှတ် ရေးထိုးရမယ်၊ အဲဒီမှာ အခက်အခဲ ကြုံရနိုင်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရတဲ့ ပုဂ္ဂိုလ်က ဖီဒက်ဇ်ပါတီက ပုံပျက်ပန်းပျက်ဖြစ်အောင် ဖန်တီးခဲ့တဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ စီစဉ်ထားတယ်။ သူက မစ္စတာအော်ဘန် ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာကို ဟန့်တားဖို့အတွက် ဝန်ကြီးချုပ်ရဲ့ သက်တမ်းကို နှစ်ကြိမ်အထိပဲ ကန့်သတ်ထားဖို့ ဆန္ဒရှိတယ်။ မစ္စတာအော်ဘန်က “အမျိုးသားပူးပေါင်းဆောင်ရွက်ရေးစနစ်” (The System of National Cooperation) လို့ခေါ်တဲ့ သူ့ရဲ့ အပေါင်းအသင်းရောင်းရင်းနဲ့ ဆွေမျိုးတွေအပါအဝင် အမြီးစားဖက် ခေါင်းစားဖက် ခရိုနီတွေကို ကွပ်ကဲခွင့်ပေးထားတဲ့ တက္ကသိုလ်တွေ၊ နိုင်ငံပိုင်ကုမ္ပဏီ (နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ MOL လိုမျိုး) တွေနဲ့ ဖန်တီးထားတဲ့ ဖီဒက်ဇ်နဲ့ အလိုတော်ရိ မီဒီယာဖောင်ဒေးရှင်းတွေ၊ သုတေသနဌာနတွေပါတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါ့အပြင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်ဇ်မြို့တော်ကို ကမ္ဘာလုံးဆိုင်ရာ လူထု အကြိုက်ဆောင်ဝါဒီ လှုပ်ရှားမှုရဲ့ ဗဟိုအချက်အချာဌာနအဖြစ် ထားရှိတဲ့ မာသီးယပ်စ် ကိုဗီးနတ်စ် ဖောင်ဒေးရှင်း (The Mathias Corvinus Collegium Foundation) လို ဌာနတွေကို ရန်ပုံငွေ ထောက်ပံ့ကြေးပေးတာတွေ ရပ်ဆိုင်းမယ်လို့ မစ္စတာမာဂျာက ဆိုပါတယ်။

credit: Eunews
မီဒီယာတွေက အချက်အလက်တွေကို ပုံဖျက်ပြီး အမှားအယွင်းဖြစ်အောင် လုပ်ကြံဖော်ပြတာတွေကို ပြန်ပြီးတည့်မတ်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးလွယ်ကူနိုင်ပါတယ်။ ဖီဒက်ဇ်နဲ့ အလိုတော်ရိ မီဒီယာ ဌာနတွေကို ကြော်ငြာတဲ့ အစိုးရရဲ့ ကြီးမားလှတဲ့ အသုံးစရိတ်တွေဟာ အခုအဆုံးသတ်သွားပါလိမ့်မယ်။ တယ်လက် (Telex) နဲ့ 444.hu တို့လို အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ခဲ့တဲ့ လွတ်လပ်တဲ့ မီဒီယာ ဌာနတွေကတော့ ကစားကွက်ထဲမှာ အဆင့်တစ်ဆင့် ရလာပါလိမ့်မယ်။
စင်စစ် မစ္စတာအော်ဘန်ရဲ့ အစိုးရယန္တရားက အက်ကြောင်းထင်နေပြီးသား ဖြစ်ပါတယ်။ ဟန်ဂေရီ လူထုဟာ မစ္စတာမာဂျာရဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုလုံးကို နိုင်ငံပိုင်အသံလွှင့်ဌာနက ထုတ်လွှင့်တာကို ကြည့်ရှုပြီး ပျော်ရွှင်မြူးထူးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီရုပ်မြင်သံကြားဌာနဟာ သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလတုန်းက သတင်းတွေ၊ ဟောပြောချက်တွေကို ထုတ်လွှင့်ပေးဖို့ ငြင်းဆန်ထားခဲ့တာပါ။ “ဒီစနစ်က အတော့်ကို မြန်မြန်ဆန်ဆန် ကျဆင်းနေတာပါ” လို့ စွန့်စားမှု အန္တရာယ် ဆန်းစစ်မှုကုမ္ပဏီဖြစ်တဲ့ RedSnow က ဘိုတွန်းဒ်ဖီလီဒေးက ဆိုပါတယ်။ ရွေးကောက်ပွဲ မတိုင်မီတုန်းက နိုင်ငံခြားတိုင်းပြည်တွေမှာ ဖီဒက်ဇ်နဲ့ ဆက်နွှယ်နေတဲ့ ဓနဥစ္စာ ကြွယ်ဝချမ်းသာမှုတွေနဲ့ ပတ်သက်လို့ တစ်ဆင့်စကားတစ်ဆင့် နားကြားရတဲ့ သတင်းတွေ ထွက်ခဲ့တယ်။ ဒါ့အပြင် တစ်ဇာ ပါတီဘက်ကို ဘက်ပြောင်းလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရဝန်ထမ်းတွေ အတော်များများ ရှိခဲ့တယ်။ မစ္စတာအော်ဘန် ပြန်ပြီးရာထူးရနိုင်တယ်ဆိုတာကို အယုံအကြည်ရှိကြမှာ မဟုတ်တော့ ပါဘူး။ သူတို့တွေဟာ အော်ဘန်အစိုးရလက်ထက်တုန်းက အကျင့်ပျက်ခြစားမှုတွေကို အသေးစိတ် ဖော်ထုတ်နိုင်ဖွယ်ရှိပါတယ်။
အစိုးရအဖွဲ့သစ်ရဲ့ ဦးစားပေးလုပ်ငန်းကတော့ လောလောဆယ် တန်ဖိုးအားဖြင့် ယူရိုငွေကြေး ၁၈ ဘီလီယံ ( ဒေါ်လာ ၂၁ ဘီလီယံ)၊ တစ်နည်းဆိုရင် ပြည်တွင်းစုစုပေါင်းထွက်ကုန်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ဥရောပသမဂ္ဂက ပိတ်ဆို့ထားတာတွေကို ဖြေလျှော့နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂဌာနချုပ်က အရာရှိတွေကတော့ မစ္စတာမာဂျာအပေါ် လိုလားတဲ့ သဘောထားရှိကြပါတယ်။ (အထူးသဖြင့် ယူကရိန်းအတွက် ယူရို ၅၀ ဘီလီယံ ချေးငွေကို မစ္စတာအော်ဘန်က ဗီတိုအာဏာနဲ့ ပိတ်ပင်ထားတာကို သူက ဖယ်ရှားပေးမယ်လို့ ကတိကဝတ်ပြုထားလို့ပဲ ဖြစ်ပါတယ်။) ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းဖို့ ရှင်းလင်းတဲ့ အစီအစဉ်တစ်ရပ်နဲ့ ငွေကြေးကို အကျင့်ပျက်သုံးစွဲမှုတွေ မလုပ်ဖို့ သေချာတဲ့အာမခံချက်တွေ ပေးဖို့ကို လိုလားတယ်။ ထောက်ပံ့ ကူညီမှုအများစုဟာ ဥရောပသမဂ္ဂရဲ့ ကိုဗစ်လွန်ကာလ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေက ရလာတာဖြစ်တယ်။ အဲဒီအစီအစဉ်က သြဂုတ်လအကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာကြောင့် အခုဆိုရင် ဥရောပငွေကြေးဇုန်ထဲမှာ လေးရာခိုင်နှုန်းအမှတ်ထက် ပိုမြင့်နေတဲ့ ကြွေးမြီတွေ လျော့သွားပြီး အတိုးနှုန်း ကျဆင်းရေးကိုပါ လျော့ပါးစေပါလိမ့်မယ်။ စီးပွားရေးပညာရှင်တွေကတော့ ဒီလိုဆောင်ရွက်တာဟာ စီးပွားရေးတိုးတက်မှုနှုန်းကို တစ်ရာခိုင်နှုန်းအမှတ် ဒါမှမဟုတ် ဒီထက်ပိုတဲ့အထိ တိုးမြှင့်ပေးနိုင်တယ်လို့ ယူဆကြတယ်။
မစ္စတာအော်ဘန် ဟန်ဂေရီနိုင်ငံရေးလောကကနေ ထွက်ခွာသွားတာဟာ ဥရောပသမဂ္ဂအတွက်တော့ ဧရာမသက်သာမှုကြီးတစ်ရပ် ဖြစ်တယ်။ ဥရောပသမဂ္ဂအတွင်းမှာ ဗလာဒီမာပူတင်ရဲ့ မဟာမိတ် ဖြစ်လာတဲ့ ဟန်ဂေရီနိုင်ငံဟာ ရုရှားဆီကနေ လောင်စာစွမ်းအင်ကို ဈေးပေါပေါနဲ့ ရနိုင်ဖို့အတွက် အပြန်အလှန်သဘောအရ ယူကရိန်းကို အထောက်အပံ့အကူအညီပေးဖို့နဲ့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့တွေကို ဗီတိုအာဏာသုံးပြီး ပယ်ချပေးခဲ့တယ်။ (ရုရှားနိုင်ငံဟာ ဖီဒက်ဇ်ပါတီကို အကူအညီ အထောက်အပံ့ဖြစ်စေဖို့ လူမှုကွန်ရက်လုပ်ငန်း ကျွမ်းကျင်သူတွေကို စေလွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေရဲ့ လုပ်ရပ်က အကူအညီထက် အနှောက်အယှက်ဖြစ်ပြီး အထိနာခဲ့ရတယ်။)
မစ္စတာမာဂျာဟာ ဟန်ဂေရီနိုင်ငံအတွင်းမှာ ဘက်ထရီနဲ့ လျှပ်စစ်မော်တော်ကားတွေ ထုတ်လုပ်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်လုပ်ထားတဲ့ တရုတ်နိုင်ငံကို ဟန်ဂေရီရဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံအဖြစ် ရပ်တည်ချက်ကိုတော့ ပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ ဆန္ဒမရှိလှပါဘူး။ ဖီဒက်ဇ်ပါတီ ရှုံးနိမ့်မှုဟာ MAGA လို့ခေါ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ နာမည်ကျော် ရွေးကောက်ပွဲ ကြွေးကြော်သံ (Make America Great Again) ကို ထောက်ခံတဲ့ နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်းတွေ တင်မကဘဲ နိုင်ငံတကာက ဒေါ်နယ်ထရမ့်နဲ့ သဘောထားချင်း တိုက်ဆိုင်ကြတဲ့ ခေါင်းဆောင်တွေ၊ မဟာမိတ်တွေအားလုံးကိုပါ အရှိုက်ထိုးခံလိုက်ရသလို အထိနာစေခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ တကယ်လို့ မစ္စတာအော်ဘန် အနိုင်ရခဲ့ရင် ဟန်ဂေရီကို အမေရိကန်ရဲ့ “စီးပွားရေးအင်အား အပြည့်အဝနဲ့ ပြန်ကူညီမယ်” လို့ ကတိပြုထားခဲ့တာပါ။ ဥရောပတိုက် တခြားနိုင်ငံတွေက လူထုအလိုလိုက်အကြိုက်ဆောင်ပါတီဝါဒီတွေကတော့ မစ္စတာထရမ့်ဟာ အခုအချိန်မှာ အကူအညီတစ်ရပ် အဖြစ်ထက် အနှောက်အယှက် အဟန့်အတားတစ်ရပ် ဖြစ်တယ်လို့ ကောက်ချက်ချ ကြဖွယ် ရှိပါတယ်။
မစ္စတာအော်ဘန်ဟာ သူ့ရာထူးနေရာမှာ မေလ ၁၂ ရက်နေ့အထိ တာဝန်ယူထားနိုင်ပါသေးတယ်။ နောက်တက်မယ့် အစိုးရအတွက် စမ်းသပ်မှုကတော့ ဖီဒက်ဇ်ပါတီလက်ထက်မှာ တရားမဝင်တဲ့ နည်းလမ်းနဲ့ ချမ်းသာကြွယ်ဝလာကြတဲ့သူတွေကို တရားစွဲအရေးယူနိုင်တာ ရှိမရှိဆိုတဲ့အချက်ပဲ ဖြစ်လိမ့်မယ်လို့ လူအတော်များများ ယူဆနေကြပါတယ်။ ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်စနစ်အလွန် အသွင်ကူးပြောင်းရေး ကာလအတွင်းမှာ ဆိုဗီယက်အုပ်စုဝင်နိုင်ငံတွေထဲမှာ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေ အပျော့ပျောင်းဆုံး၊ အငြင်သာဆုံး အသွင် ကူးပြောင်းနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးဖို့ နောက်ပိုင်း တက်တဲ့ အစိုးရတွေက ပျက်ကွက်ခဲ့တာကြောင့် နောက်တက်လာတဲ့ အစိုးရတွေရဲ့ ပုံရိပ်တွေကို ညှိုးနွမ်း စေခဲ့ပါတယ်။ ပြည်သူလူထုက အကျင့်ပျက်ခြစားတဲ့ ပုံစံခွက်အစိုးရကို ဆုံးခန်းတိုင်စေဖို့ တစ်ဇာပါတီကို မဲဆန္ဒပေးခဲ့ကြတာ ဖြစ်တယ်။ မစ္စတာမာဂျာက “တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့တဲ့ အစိုးရမျိုးကို ဘယ်တော့မှ ခွင့်ပြုသွားမှာမဟုတ်ဘူး” လို့ ကတိကဝတ်ပြုထားတယ်။ အဲဒီ ကတိကဝတ်ဟာ ဟန်ဂေရီနိုင်ငံ နယ်နိမိတ်ကိုပါ ကျော်လွန်ပြီး ပဲ့တင်ရိုက်ခတ်နေပါတယ်လို့ The Economist ဆောင်းပါးရှင်က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။
ကိုးကား – The Atlantic, The Wall Street, The Economist


