The Corner

The Corner

cropped-Logo_round_grey-background.png

ဒေါ်နယ်ထရမ့်အတွက် မှားခဲ့တဲ့ အီရန်စစ်ပွဲ

Share မယ်

တကယ်တော့ ဒေါ်နယ်ထရမ့် ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲဟာ တွက်ကိန်းမှားခဲ့တဲ့ စစ်ပွဲလို့ပဲ ဆိုရမယ်။ နှစ်လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒီစစ်ပွဲရဲ့ ဂယက်ကို အမေရိကန်နဲ့တကွ ကမ္ဘာ့နိုင်ငံအားလုံးက ခံစားနေရပြီဖြစ်တယ်။ လောင်စာဆီဈေးနှုန်း မငြိမ်သက်မှုက စတင်တဲ့ စီးပွားရေး ဂယက်ရိုက်ခတ်မှုကို အာရှနိုင်ငံတွေသာမက အမေရိကန်ကလည်း ခံစားနေကြရပြီဖြစ်တယ်။ အမေရိကန်မှာ အခုဆိုရင် ကုန်ဈေးနှုန်းတွေ တစ်စတစ်စ ကြီးမြင့်လာပြီဖြစ်တယ်။ စစ်ကြီးက ပြီးပြီလားဆိုရင် မပြီးသေးပါဘူး။ မပြီးတဲ့အပြင် ဒီစစ်ကို ဘယ်လို အဆုံးသတ်ရမလဲ ဒေါ်နယ်ထရမ့် ထွက်ပေါက်ရှာမရသေးဘဲ ပိတ်မိနေဆဲပါ။

တကယ်တော့ အီရန်စစ်ပွဲဟာ ထရမ့်အတွက် မှားခဲ့တဲ့ စစ်ပွဲပါ။ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို အလစ်အငိုက် ဖမ်းဆီးနိုင်သလိုမျိုး အီရန်ဘာသာရေးခေါင်းဆောင်တွေကို ဖယ်ရှားလိုက်ရင် အစိုးရအပြောင်းအလဲတစ်ရပ် (Regime Change) လုပ်နိုင်မယ် ယူဆခဲ့တယ်။ ဒါပေမဲ့ တွက်ချက်မှုတွေ မှားခဲ့တဲ့အပြင် ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်သွားတဲ့အထိ မဟာဗျူဟာမြောက် ရှုံးနိမ့်ခဲ့တယ်။ ဒီစစ်ပွဲကို ဆင်နွှဲဖို့ အဓိက စည်းရုံးသိမ်းသွင်းခဲ့သူက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုပဲ ဖြစ်တယ်။

အီရန်စစ်ပွဲ ဘယ်လို စတင်ခဲ့တယ်၊ ဘယ်လိုပုံစံနဲ့ ဒီစစ်ပွဲမှာ အမေရိကန် ပါဝင်ခဲ့ပုံ အသေးစိတ်ကို နယူးယောက်တိုင်း (The New York Times) သတင်းစာမှာ ဖော်ပြခဲ့တဲ့ “How Trump took the U.S. to war with Iran” ဆောင်းပါးကို ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၁၁ နာရီမထိုးမီလေးတွင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု လိုက်ပါလာသော အနက်ရောင် SUV ကားသည် အိမ်ဖြူတော်သို့ ဆိုက်ရောက်လာခဲ့သည်။ အီရန်ကို အကြီးအကျယ် တိုက်ခိုက်ရန် အမေရိကန်က သဘောတူညီပေးဖို့ လပေါင်းများစွာ ကြိုးပမ်းနေသည့် အစ္စရေးခေါင်းဆောင်သည် ခမ်းနားထည်ဝါသော အစီအစဉ်များမပါဘဲ အိမ်ဖြူတော်အတွင်းသို့ အမြန် ဝင်ရောက် သွားခဲ့သည်။ သူသည် သူ၏ ရှည်လျားလှသော နိုင်ငံရေးသက်တမ်းတစ်လျှောက် အရေးအကြီးဆုံး အခိုက်အတန့်များထဲမှ တစ်ခုအတွက် အသင့်ပြင်ထားပြီးဖြစ်သည်။

အမေရိကန်နှင့် အစ္စရေး အရာရှိများသည် ဦးစွာပထမ Oval Office နှင့် ကပ်လျက်ရှိသော အစိုးရအဖွဲ့ အစည်းအဝေးခန်း (Cabinet Room) တွင် လူစုခဲ့ကြသည်။ ထို့နောက် နေတန်ယာဟုသည် အဓိကအစီအစဉ်အတွက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ယင်းမှာ သမ္မတ ထရမ့်နှင့် သူ၏အဖွဲ့အတွက် အိမ်ဖြူတော် အရေးကြီးရှင်းလင်းပွဲအခန်း (Situation Room) တွင် ပြုလုပ်မည့် အီရန်နှင့်ပတ်သက်သော အလွန် လျှို့ဝှက်သည့် ရှင်းလင်းတင်ပြချက်များ ပြုလုပ်ရန်ဖြစ်သည်။ အဆိုပါအခန်းမှာ ပြည်ပခေါင်းဆောင်များနှင့် လူကိုယ်တိုင်တွေ့ဆုံရန်အတွက် အသုံးပြုခဲလှသည်။

မစ္စတာ ထရမ့်သည် ထိုင်ခုံတွင် ထိုင်လိုက်သော်လည်း အခန်း၏ မဟော်ဂနီ အစည်းအဝေးစားပွဲထိပ်ရှိ သူ ပုံမှန်ထိုင်နေကျနေရာတွင် မဟုတ်ဘဲ နံရံတွင် တပ်ဆင်ထားသည့် မျက်နှာပြင်ကြီးများကို မျက်နှာမူလျက် ဘေးတစ်ဖက်တွင် ထိုင်လိုက်သည်။ မစ္စတာ နေတန်ယာဟုကမူ သမ္မတနှင့် တည့်တည့်ဆန့်ကျင်ဘက် အခြားတစ်ဖက်တွင် ထိုင်ခဲ့သည်။ ဝန်ကြီးချုပ်၏ နောက်ကွယ်ရှိ မျက်နှာပြင်ပေါ်တွင် အစ္စရေးထောက်လှမ်း ရေးအေဂျင်စီ Mossad ၏ ညွှန်ကြားရေးမှူး ဒေးဗစ်ဘားနီးယား (David Barnea) နှင့်အတူ အစ္စရေးစစ်ဘက်အရာရှိများကို မြင်တွေ့ရသည်။ မစ္စတာ နေတန်ယာဟု၏ နောက်ကွယ်တွင် စီတန်းလျက်ရှိနေသော ထိုပုံရိပ်များသည် သူ့ကို သူ၏အဖွဲ့ဝင်များ ဝန်းရံထားသည့် စစ်ပွဲကာလ ခေါင်းဆောင်တစ်ဦးကဲ့သို့ ပေါ်လွင်စေခဲ့သည်။

အိမ်ဖြူတော် အရာရှိချုပ်ဖြစ်သူ Susie Wiles က စားပွဲ၏ အစွန်ဆုံးတွင် ထိုင်နေသည်။ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိအဖြစ်ပါ ပူးတွဲတာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီး Marco Rubio က သူ၏ ပုံမှန်နေရာတွင် ထိုင်နေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမြဲတမ်း တွဲထိုင်လေ့ရှိသည့် ကာကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine တို့က ဘေးတစ်ဖက်တွင် ရှိနေပြီး ၎င်းတို့နှင့်အတူ စီအိုင်အေ (C.I.A.) ညွှန်ကြားရေးမှူး John Ratcliffe လည်း ရှိနေသည်။ သမ္မတ၏ သမက်ဖြစ်သူ Jared Kushner နှင့် အီရန်နိုင်ငံသားများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည့် မစ္စတာထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff တို့က အဓိကအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။

သတင်းပေါက်ကြားမှု မရှိစေရန်အတွက် ဤတွေ့ဆုံမှုကို ရည်ရွယ်ချက်ရှိရှိဖြင့် လူနည်းစုသာ ပါဝင်စေခဲ့ခြင်း ဖြစ်သည်။ အခြားသော ထိပ်တန်းအစိုးရအဖွဲ့ဝန်ကြီးများမှာ ဤတွေ့ဆုံမှု ဖြစ်ပျက်နေသည်ကိုပင် လုံးဝမသိရှိကြပေ။ ထို့အပြင် ဒုတိယသမ္မတလည်း တက်ရောက် နိုင်ခြင်း မရှိခဲ့ပါ။ JD Vance မှာ အဇာဘိုင်ဂျန်နိုင်ငံသို့ ရောက်ရှိနေပြီး အစည်းအဝေးကို အချိန်တိုအတွင်း ရုတ်တရက် စီစဉ်ခဲ့ခြင်းဖြစ်၍ သူသည် အချိန်မီ ပြန်မလာနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် တစ်နာရီကြာအောင် မစ္စတာ နေတန်ယာဟု တင်ပြမည့်အချက်များသည် ကမ္ဘာ့မတည်ငြိမ်ဆုံး ဒေသတစ်ခုတွင် အမေရိကန်နှင့် အစ္စရေးတို့ကို ကြီးမားသော လက်နက်ကိုင်ပဋိပက္ခလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးမည့် အရေးပါသော အချက်များ ဖြစ်လာမည်ဖြစ်သည်။ ယင်းက နောက်ပိုင်းရက်သတ္တပတ်များတွင် အိမ်ဖြူတော်အတွင်း ဆက်တိုက်ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ထိုအကြောင်းအရာများကို ယခင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ ထိုဆွေးနွေးမှုများတွင် မစ္စတာထရမ့်သည် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်ကို တိုက်ခိုက်ရန် ခွင့်ပြုချက်မပေးမီ သူ၏ ရွေးချယ်စရာများနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ချိန်ဆခဲ့သည်။

မစ္စတာထရမ့်က အမေရိကန်ကို စစ်ပွဲအတွင်းသို့ မည်သို့ဆွဲသွင်းခဲ့သည်ဟူသော ဤမှတ်တမ်းကို မကြာမီ ထွက်ရှိတော့မည့် “Regime Change: Inside the Imperial Presidency of Donald Trump” ဟူသော စာအုပ်အတွက် သတင်းရယူမှုများမှ ထုတ်နုတ်ထားခြင်း ဖြစ်သည်။ ယင်းက အစိုးရအဖွဲ့အတွင်း ဆွေးနွေးညှိနှိုင်းမှုများတွင် သမ္မတ၏ ဗီဇစိတ်ခံစားချက်များ၊ သူ၏ အတွင်းစည်းအတွင်းက ကွဲအက်မှုများနှင့် သူ အိမ်ဖြူတော်ကို စီမံခန့်ခွဲပုံတို့အား မည်သို့ မီးမောင်းထိုးပြနေသည်ကို ဖော်ပြနေသည်။ အတွင်းပိုင်း ဆွေးနွေးမှုများနှင့် ထိလွယ်ရှလွယ်သော ကိစ္စရပ်များကို ပြန်လည်ပြောပြနိုင်ရန် အမည်မဖော်လိုသူများနှင့် အကျယ်တဝင့် လူတွေ့မေးမြန်းမှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။

မစ္စတာထရမ့်၏ စစ်လိုလားသော အတွေးအခေါ်များသည် လပေါင်းများစွာတိုင်အောင် မစ္စတာ နေတန်ယာဟုနှင့် မည်မျှနီးကပ်စွာ ထပ်တူကျနေ သည်ကို သမ္မတ၏ အဓိက အကြံပေးအချို့ထက်ပင် ပိုမိုသိသာစေကြောင်း ဤသတင်းရယူမှုက အလေးပေးဖော်ပြထားသည်။ ၎င်းတို့၏ ရင်းနှီးသော ဆက်ဆံရေးသည် အစိုးရသက်တမ်း နှစ်ခုစလုံးတွင် တည်ရှိနေခဲ့သည့် ထူးခြားချက်ဖြစ်ပြီး ထိုလုပ်ဆောင်ချက်မှာ တစ်ခါတစ်ရံ စိုးရိမ်စရာဖြစ်ခဲ့သော်လည်း အမေရိကန် နိုင်ငံရေးလောက၏ လက်ဝဲနှင့် လက်ယာ နှစ်ဖက်စလုံးတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးတွင် မစ္စတာထရမ့်၏ အစိုးရအဖွဲ့ဝင်များထဲမှ သံသယအရှိဆုံးသူများပင်လျှင် (အကြီးစားစစ်ပွဲကို အပြင်းထန်ဆုံး ကန့်ကွက်ခဲ့သည့် မစ္စတာ Vance မှအပ) သမ္မတ၏ ဗီဇစိတ်ကို လိုက်လျောခဲ့ကြကြောင်း တွေ့ရသည်။ ယင်းတွင် စစ်ပွဲသည် မြန်ဆန်ပြီး အဆုံးအဖြတ် ပေးနိုင်လိမ့်မည်ဟူသော သမ္မတ၏ ပြင်းထန်သော ယုံကြည်ချက်လည်း ပါဝင်သည်။ အိမ်ဖြူတော်ကမူ ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ အိမ်ဖြူတော် ရှင်းလင်းတင်ပြခန်း (Situation Room) အတွင်း ဆွေးနွေးပွဲတွင် မစ္စတာ နေတန်ယာဟုက အီရန်သည် အစိုးရအပြောင်းအလဲလုပ်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်းနှင့် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးတစ်ခုက အစ္စလာမ္မစ်သမ္မတနိုင်ငံတော်ကို အဆုံးသတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အသည်းအသန် တိုက်တွန်းပြောကြားခဲ့သည်။

တစ်ချိန်တွင် အစ္စရေးတို့က မစ္စတာထရမ့်ကို ဗီဒီယိုတိုတစ်ခု ပြသခဲ့သည်။ ယင်းဗီဒီယိုတွင် အီရန်၏ တင်းမာသော အစိုးရပြုတ်ကျသွားပါက တိုင်းပြည်ကို လွှဲပြောင်းရယူနိုင်မည့် အလားအလာရှိသော ခေါင်းဆောင်သစ်များ၏ ပုံရိပ်များကို စုစည်းဖော်ပြထားသည်။ ထိုသူများထဲတွင် အီရန်၏ နောက်ဆုံး ရှားဘုရင် (Shah) ၏ ပြည်ပရောက်သားဖြစ်သူ ရီဇာပါလဗီ (Reza Pahlavi) လည်း ပါဝင်သည်။ သူသည် လက်ရှိတွင် ဝါရှင်တန်၌ အခြေစိုက်သည့် အစိုးရဆန့်ကျင်သူတစ်ဦးဖြစ်ပြီး အီရန်ကို ဘာသာရေးအခြေပြုအစိုးရစနစ်နောက်ပိုင်း လောကီရေးရာဦးစားပေး (Secular) ခေါင်းဆောင်အဖြစ် လမ်းညွှန်ပေးနိုင်ရန် ကြိုးပမ်းနေသူဖြစ်သည်။

မစ္စတာ နေတန်ယာဟုနှင့် သူ၏အဖွဲ့သည် အောင်ပွဲရရန် သေချာသလောက်ရှိနေသည့် အခြေအနေများကို အောက်ပါအတိုင်း တင်ပြခဲ့သည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ရက်သတ္တပတ်အနည်းငယ်အတွင်း ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း၊ အီရန်အစိုးရသည် အလွန်အမင်း အားနည်းသွားမည်ဖြစ်၍ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့နိုင်တော့မည်မဟုတ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်၏ အကျိုးစီးပွားများကို အီရန်က ပြန်လည်တိုက်ခိုက်နိုင်ခြေမှာလည်း အနည်းဆုံးသာရှိကြောင်း တွက်ချက်ပြခဲ့သည်။

ထို့အပြင် မော့ဆက် (Mossad) ၏ ထောက်လှမ်းရေးသတင်းများအရ အီရန်နိုင်ငံအတွင်း လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်လည် စတင်လာမည်ဖြစ်ပြီး အစ္စရေးထောက်လှမ်းရေးအေဂျင်စီ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် ဆူပူအုံကြွမှုနှင့် တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများက အီရန်အတိုက်အခံများအတွက် အစိုးရကို ဖြုတ်ချရန် အခွင့်အလမ်း ကောင်းများ ဖန်တီးပေးလိမ့်မည်ဟု ဆိုသည်။ အစ္စရေးတို့က အီရန်-ကာ့ဒ် (Kurdish) တိုက်ခိုက်ရေးသမားများသည် အီရတ်နိုင်ငံဘက်မှ နယ်စပ်ကိုဖြတ်ကျော်ကာ အနောက်မြောက်ဘက်တွင် မြေပြင်စစ်မျက်နှာဖွင့်လာနိုင်ခြေကိုလည်း တင်ပြခဲ့ကြသည်။ ယင်းက အီရန် အစိုးရတပ်များကို အင်အားဖြန့်ကြက်စေပြီး အစိုးရပြိုလဲမှုကို ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

မစ္စတာ နေတန်ယာဟုသည် သူ၏တင်ပြချက်ကို ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် တည်ငြိမ်စွာ ပြောကြားသွားခဲ့သည်။ ယင်း တင်ပြချက်သည် အခန်းထဲတွင် အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သည့် အမေရိကန်သမ္မတကို သဘောကျသွားစေပုံရသည်။ “ကျွန်တော့် အတွက်တော့ အဆင်ပြေပုံရတယ်” ဟု မစ္စတာထရမ့်က ဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။ မစ္စတာ နေတန်ယာဟုအတွက်မူ ဤစကားသည် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးအတွက် “မီးစိမ်းပြ” လိုက်ခြင်းပင် ဖြစ်သည်။

မစ္စတာ ထရမ့်သည် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်နေသည်ဟု ခံစားခဲ့ရသူမှာ မစ္စတာ နေတန်ယာဟု တစ်ဦးတည်း မဟုတ်ပေ။ ဇွန်လအတွင်း အီရန်နှင့် ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲမတိုင်မီက ထိုနှစ်ဦး စကားပြောခဲ့စဉ်ကကဲ့သို့ပင်၊ မစ္စတာ နေတန်ယာဟု၏ စစ်တပ်နှင့် ထောက်လှမ်းရေးအဖွဲ့များ လုပ်ဆောင်နိုင်စွမ်းရှိသည်ဟူသော ကတိကဝတ်များအပေါ် သမ္မတက အလွန်အမင်း သဘောကျနေသည်ကို သမ္မတ၏ အကြံပေးများက မြင်တွေ့ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၁ ရက် အိမ်ဖြူတော်ခရီးစဉ်၏ အစောပိုင်းတွင် မစ္စတာ နေတန်ယာဟုသည် အစိုးရအဖွဲ့ အစည်းအဝေးခန်း (Cabinet Room)တွင် စုဝေးနေသော အမေရိကန်များ၏ အာရုံကို အသက် ၈၆ နှစ်အရွယ်ရှိ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီ (Ayatollah Ali Khamenei) က ဖန်တီးနေသည့် ခြိမ်းခြောက်မှုများကို အာရုံစိုက်လာစေရန် ကြိုးပမ်းနိုင်ခဲ့သည်။

အခန်းထဲရှိ အခြားသူများက စစ်ဆင်ရေးတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များအကြောင်း ဝန်ကြီးချုပ်ကို မေးမြန်းသောအခါ မစ္စတာ နေတန်ယာဟုက ထိုအချက်များကို ဝန်ခံခဲ့သော်လည်း အဓိကကျသော အချက်တစ်ချက်ကို ပြောကြားခဲ့သည်။ ၎င်း၏အမြင်အရ ဘာမှ မလုပ်ဘဲ နေခြင်းကြောင့် ဖြစ်လာမည့် အန္တရာယ်မှာ တစ်ခုခုလုပ်ခြင်းကြောင့် ဖြစ်လာမည့် အန္တရာယ်ထက် ပိုမိုကြီးမားသည်ဟု ဆိုသည်။ အကယ်၍ ၎င်းတို့က တိုက်ခိုက်ရန် နှောင့်နှေးနေပြီး အီရန်ကို ဒုံးကျည်ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို မထိနိုင်မတို့နိုင်သည့် အခြေအနေသို့ ရောက်အောင် အချိန်ပေးလိုက်ပါက တိုက်ခိုက်ရန် ပေးဆပ်ရမည့် တန်ဖိုးမှာ ပိုမိုကြီးထွား လာမည်သာ ဖြစ်ကြောင်း သူက တင်ပြခဲ့သည်။

အမေရိကန်၏ အကျိုးစီးပွားများနှင့် ဒေသတွင်း မဟာမိတ်များကို ကာကွယ်ရန် အလွန်ဈေးကြီးသော ကြားဖြတ်ဟန့်တားရေးဒုံးကျည်များကို အမေရိကန်က ထုတ်လုပ်ထောက်ပံ့နိုင်သည့် အရှိန်ထက် အီရန်က ပိုမိုသက်သာသော ကုန်ကျစရိတ်ဖြင့် ပိုမိုမြန်ဆန်စွာ ဒုံးကျည်နှင့် ဒရုန်း လက်နက်များကို စုဆောင်းနိုင်သည့် စွမ်းရည်ရှိကြောင်း အခန်းထဲရှိ လူတိုင်း နားလည်ထားကြသည်။ မစ္စတာ နေတန်ယာဟု၏ တင်ပြချက်များ နှင့် ယင်းအပေါ် မစ္စတာ ထရမ့်၏ အပြုသဘောဆောင်သော တုံ့ပြန်မှုတို့သည် အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းအတွက် အရေးပေါ် တာဝန်တစ်ရပ် ဖြစ်လာခဲ့သည်။ ဝေဖန်အကဲဖြတ်သူများသည် အစ္စရေးအဖွဲ့က သမ္မတကို ပြောကြားခဲ့သည့် အချက်များ လက်တွေ့ ဖြစ်နိုင်ခြေ ရှိမရှိ တစ်ညလုံး သုံးသပ်ခဲ့ကြသည်။

‘ဟာသတစ်ခုလို ဖြစ်နေခြင်း’ (Farcical)

အမေရိကန် ထောက်လှမ်းရေး၏ သုံးသပ်ချက်ရလဒ်များကို နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှင်းလင်းတင်ပြခန်း (Situation Room) ၌ ပြုလုပ်သော အမေရိကန် အရာရှိများသာ တက်ရောက်သည့် အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။ မစ္စတာ ထရမ့် မရောက်လာမီ ထိပ်တန်း ထောက်လှမ်းရေးအရာရှိ နှစ်ဦးက သမ္မတ၏ အတွင်းစည်းအဖွဲ့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထောက်လှမ်းရေးအရာရှိများသည် အမေရိကန်၏ စစ်ရေးစွမ်းဆောင်ရည်ပိုင်းတွင် ကျွမ်းကျင်မှုအပြည့်ရှိကြသူများဖြစ်ပြီး အီရန်၏ စနစ်နှင့် ၎င်း၏နောက်ကွယ်က အဓိက ကြိုးကိုင်နေသူများကိုလည်း အသေအချာ သိရှိထားကြသူများဖြစ်သည်။ ၎င်းတို့က မစ္စတာ နေတန်ယာဟု၏ တင်ပြချက်ကို အပိုင်းလေးပိုင်း ခွဲခြားလိုက်သည်။ ပထမမှာ “ခေါင်းဖြတ်ခြင်း” ဟုခေါ်သော အယာတိုလာ (Ayatollah) ကို လုပ်ကြံ သတ်ဖြတ်ရန်ဖြစ်သည်။ ဒုတိယမှာ အီရန်၏ အင်အားပြနိုင်စွမ်းနှင့် အိမ်နီးချင်းများကို ခြိမ်းခြောက်နိုင်စွမ်းတို့ကို အကျပ်ရိုက်သွားအောင် လုပ်ဆောင်ရန်ဖြစ်သည်။ တတိယမှာ အီရန်နိုင်ငံအတွင်း ပြည်သူလူထု အုံကြွမှုဖြစ်လာစေရန်ဖြစ်ပြီး စတုတ္ထမှာမူ တိုင်းပြည်ကို အုပ်ချုပ်ရန် ဘာသာရေးနှင့် မသက်ဆိုင်သော (Secular) ခေါင်းဆောင်တစ်ဦးကို ခန့်အပ်ကာ အစိုးရအပြောင်းအလဲ ပြုလုပ်ရန် ဖြစ်သည်။

အမေရိကန်အရာရှိများ၏ အကဲဖြတ်ချက်အရ ပထမရည်မှန်းချက်နှစ်ခုကို အမေရိကန်၏ ထောက်လှမ်းရေးနှင့် စစ်ရေးအင်အားဖြင့် အကောင်အထည်ဖော်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ သို့သော် ကာ့ဒ် (Kurd) တိုက်ခိုက်ရေးသမားများက အီရန်ကို မြေပြင်မှ ကျူးကျော် ဝင်ရောက်နိုင်ခြေ အပါအဝင် မစ္စတာ နေတန်ယာဟု တိုက်တွန်းခဲ့သည့် တတိယနှင့် စတုတ္ထအချက်များသည် လက်တွေ့ဘဝနှင့် ကင်းကွာ နေကြောင်း ၎င်းတို့က သုံးသပ်ခဲ့ကြသည်။ မစ္စတာ ထရမ့် အစည်းအဝေးသို့ ရောက်ရှိလာသောအခါ မစ္စတာ Ratcliffe က ထိုအကဲဖြတ်ချက် များကို ရှင်းလင်းတင်ပြခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် တင်ပြခဲ့သည့် အစိုးရအပြောင်းအလဲဆိုင်ရာ အခြေအနေများကို ဖော်ပြရန် စီအိုင်အေ (C.I.A.) ညွှန်ကြားရေးမှူးက “ဟာသတစ်ခုလိုပဲ” (Farcical) ဟူသော စကားလုံးတစ်လုံးတည်းကိုသာ အသုံးပြုခဲ့သည်။

ထိုအချိန်တွင် မစ္စတာ Rubio က ကြားဖြတ်၍ “တစ်နည်းပြောရရင်တော့ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ အဆိုပြုချက်တွေပါပဲ (Bullshit)” ဟု ပြောဆိုခဲ့သည်။ မည်သည့်ပဋိပက္ခတွင်မဆို အခြေအနေများကို ကြိုတင်ခန့်မှန်း၍မရနိုင်သောကြောင့် အစိုးရအပြောင်းအလဲမှာ ဖြစ်လာနိုင်သော်လည်း ယင်းကို အောင်မြင်နိုင်မည့် ရည်မှန်းချက်တစ်ခုအဖြစ် မသတ်မှတ်သင့်ကြောင်း မစ္စတာ Ratcliffe က ဖြည့်စွက်ပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်မှ ပြန်ရောက်လာခါစ မစ္စတာ Vance အပါအဝင် အခြားသူအချို့ကလည်း ဆွေးနွေးပွဲအတွင်း ဝင်ရောက်ပြောဆိုခဲ့ကြပြီး အစိုးရအပြောင်းအလဲ ဖြစ်လာနိုင်ခြေအပေါ် ပြင်းပြင်းထန်ထန် သံသယရှိကြောင်း ဖော်ပြခဲ့ကြသည်။

ထို့နောက် သမ္မတက ဗိုလ်ချုပ်ကြီး Caine ဘက်သို့ လှည့်၍ “ဗိုလ်ချုပ်ကြီး၊ ခင်ဗျား ဘယ်လိုထင်သလဲ” ဟု မေးမြန်းခဲ့သည်။ ဗိုလ်ချုပ်ကြီး Caine က “သမ္မတကြီး၊ ကျွန်တော့်အတွေ့အကြုံအရ ဒါဟာ အစ္စရေးတို့ရဲ့ ပုံမှန်လုပ်ဆောင်ချက် (Standard operating procedure) ပါပဲ။ သူတို့က ပုံကြီးချဲ့ပြောတတ်ကြပြီး သူတို့ရဲ့ အစီအစဉ်တွေကလည်း အမြဲတမ်း အသေးစိတ်ကျကျ ပြင်ဆင်ထားတာမျိုး မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်တယ်ဆိုတာ သိနေလို့ အခုလို အသည်းအသန် တိုက်တွန်းနေတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မစ္စတာ ထရမ့်သည် ထိုအကဲဖြတ်ချက်များကို ချက်ချင်းပင် ချိန်ဆခဲ့သည်။ အစိုးရအပြောင်းအလဲ ဖြစ်လာဖို့ဆိုတာ “သူတို့ရဲ့ ပြဿနာပဲ” ဟု သူက ဆိုသည်။ သူသည် အစ္စရေးများကို ရည်ညွှန်းခြင်းလော သို့မဟုတ် အီရန်ပြည်သူများကို ရည်ညွှန်းခြင်းလော ဆိုသည်မှာ မရှင်းလင်း လှပေ။ သို့သော် အဓိကအချက်မှာ အီရန်ကို စစ်တိုက်မည်၊ မတိုက်မည်ဟူသော သူ၏ဆုံးဖြတ်ချက်သည် မစ္စတာ နေတန်ယာဟု တင်ပြခဲ့သည့် အချက် (၃) နှင့် (၄) တို့ အောင်မြင်နိုင်ခြင်း ရှိ၊ မရှိအပေါ်တွင် အခြေခံလိမ့်မည် မဟုတ်ပေ။ မစ္စတာ ထရမ့်သည် အပိုင်း (၁) နှင့် (၂) ဖြစ်သော အယာတိုလာနှင့် အီရန်ထိပ်တန်းခေါင်းဆောင်များကို သုတ်သင်ရန်နှင့် အီရန်စစ်တပ်ကို အင်အားချည့်နဲ့အောင်လုပ်ရန် ကိစ္စရပ်များအပေါ်တွင်မူ အလွန်ပင် စိတ်ဝင်စားနေပုံရသည်။

မစ္စတာ ထရမ့်က “Razin’ Caine” ဟု ချစ်စနိုးခေါ်လေ့ရှိသော ဗိုလ်ချုပ်ကြီး Caine သည် လွန်ခဲ့သော နှစ်အနည်းငယ်က IS (အစ္စလာမ္မစ် နိုင်ငံတော်) အဖွဲ့ကို အခြားသူများ ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ အောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြင့် သမ္မတကို အထင်ကြီး စေခဲ့သူဖြစ်သည်။ လေတပ်တိုက်လေယာဉ်မှူးဟောင်းဖြစ်သူ ထိုဗိုလ်ချုပ်ကြီးအပေါ် ယုံကြည်မှုရှိသည့်အတွက် မစ္စတာ ထရမ့်က သူ့အား ထိပ်တန်းစစ်ဘက်အကြံပေးအရာရှိအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး Caine သည် နိုင်ငံရေးအရ သစ္စာခံတစ်ဦးမဟုတ်ဘဲ အီရန်နှင့်ဖြစ်မည့် စစ်ပွဲအပေါ်တွင်လည်း အလေးအနက် စိုးရိမ်ပူပန်မှုများ ရှိနေသူဖြစ်သည်။ သို့သော် သူသည် သမ္မတအား ၎င်း၏အမြင်များကို တင်ပြရာတွင် အလွန်ပင် သတိကြီးစွာ ထားခဲ့သည်။

စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် အကြံပေးအဖွဲ့ငယ်လေးက နောက်ရက်များတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြရာ ဗိုလ်ချုပ်ကြီး Caine က မစ္စတာ ထရမ့်နှင့် အခြားသူများအား စိုးရိမ်ဖွယ်ရာ စစ်ရေးအကဲဖြတ်ချက်တစ်ခုကို ပြောပြခဲ့သည်။ ယင်းမှာ အီရန်အပေါ် ကြီးမားသော စစ်ဆင်ရေးတစ်ခု ဆင်နွှဲခြင်းသည် ယူကရိန်းနှင့် အစ္စရေးတို့ကို နှစ်ရှည်လများ ထောက်ပံ့ခဲ့ရခြင်းကြောင့် လျော့နည်း နေပြီးဖြစ်သော ဒုံးကျည်ကြားဖြတ်ဟန့်တားရေးလက်နက်များ အပါအဝင် အမေရိကန်၏ လက်နက်ခဲယမ်း အရန်သိုလှောင်မှုများကို ပြင်းထန်စွာ ကုန်ခန်းသွားစေလိမ့်မည်ဟူသော အချက်ဖြစ်သည်။ ထိုအရန်လက်နက်များကို အချိန်တိုအတွင်း ပြန်လည်ဖြည့်တင်းနိုင်မည့် ရှင်းလင်းသော နည်းလမ်းကိုလည်း ဗိုလ်ချုပ်ကြီး Caine မမြင်မိပေ။

ထို့အပြင် သူသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို လုံခြုံအောင်ထိန်းသိမ်းရန် အလွန်ခက်ခဲပုံနှင့် အီရန်က ထိုရေလက်ကြားကို ပိတ်ဆို့လိုက်နိုင်သည့် အန္တရာယ်များကိုလည်း ထောက်ပြခဲ့သည်။ မစ္စတာ ထရမ့်ကမူ အီရန်အစိုးရသည် ထိုအခြေအနေထိ မရောက်မီ လက်နက်ချလိမ့်မည်ဟု ယူဆကာ ယင်းဖြစ်နိုင်ခြေကို ပယ်ချခဲ့သည်။ သမ္မတသည် ယခုစစ်ပွဲကို အလွန်မြန်ဆန်မည့် စစ်ပွဲတစ်ခုအဖြစ် ထင်မြင်နေပုံရသည်—ဇွန်လအတွင်းက အီရန်၏ နျူကလီးယားစက်ရုံများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် အီရန်ဘက်မှ တုံ့ပြန်မှု အားနည်းခဲ့ခြင်းက သမ္မတ၏ ထိုအထင်အမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။

စစ်ပွဲမစတင်မီ ကာလအတွင်း ဗိုလ်ချုပ်ကြီး Caine ၏ အခန်းကဏ္ဍသည် စစ်ဘက်ဆိုင်ရာ အကြံပေးချက်နှင့် သမ္မတ၏ ဆုံးဖြတ်ချက် ချမှတ်မှုတို့အကြားက ထုံးစံအတိုင်းဖြစ်လေ့ရှိသည့် တင်းမာမှုကို ပေါ်လွင်စေခဲ့သည်။ စစ်ဦးစီးချုပ်ဖြစ်သူ သူသည် မည်သည့်ဘက်ကမျှ ရပ်တည်ချက်မယူဘဲ—သမ္မတအား ဘာလုပ်ရမည်ဟု ပြောရန်မှာ သူ၏တာဝန်မဟုတ်ကြောင်း၊ ရွေးချယ်စရာ နည်းလမ်းများနှင့်အတူ ဖြစ်လာနိုင်သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများကို တင်ပြရန်သာဖြစ်ကြောင်း—အကြိမ်ကြိမ် ပြောဆိုနေခဲ့သဖြင့် နားထောင်နေသူအချို့အဖို့ သူသည် ကိစ္စရပ်တစ်ခုတည်းအပေါ်တွင် ဘက်ပေါင်းစုံမှနေ၍ တစ်ပြိုင်နက်တည်း ငြင်းခုံနေသကဲ့သို့ပင် ထင်မှတ်ရစေသည်။ သူသည် “အဲဒီနောက်မှာ ဘာဆက်ဖြစ်မလဲ” ဟု အမြဲတမ်း မေးခွန်းထုတ်လေ့ရှိသည်။ သို့သော် မစ္စတာ ထရမ့်ကမူ သူကြားချင်သည့် အချက်များကိုသာ နားထဲသွင်းလေ့ရှိပုံရသည်။

ဗိုလ်ချုပ်ကြီး Caine သည် ၎င်း၏ရှေ့က စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Mark A. Milley နှင့် ကိစ္စရပ်တိုင်းလိုလိုတွင် ကွဲပြားခြားနားသူ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး Milley သည် မစ္စတာထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း သမ္မတနှင့် ပြင်းပြင်းထန်ထန် အချေအတင် ငြင်းခုံခဲ့သူဖြစ်ပြီး သူ၏တာဝန်မှာ သမ္မတ၏ အန္တရာယ်ရှိသော သို့မဟုတ် မဆင်မခြင်လုပ်ရပ်များကို တားဆီးရန်ဖြစ်သည်ဟု ခံယူထားသူ ဖြစ်သည်။

၎င်းတို့၏ ဆက်ဆံရေးကို သိရှိသူတစ်ဦးက မှတ်ချက်ပြုသည်မှာ မစ္စတာ ထရမ့်တွင် ဗိုလ်ချုပ်ကြီး Caine ထံမှ ရရှိသော တိုက်ပွဲဝင် နည်းဗျူဟာဆိုင်ရာ အကြံပြုချက် (Tactical advice) နှင့် မဟာဗျူဟာမြောက် အကြံပေးချက် (Strategic counsel) တို့ကို ရောထွေးသွား တတ်သည့် အလေ့အထရှိသည်ဟု ဆိုသည်။ လက်တွေ့တွင်မူ ဗိုလ်ချုပ်ကြီးက စစ်ဆင်ရေး၏ ကဏ္ဍတစ်ခုတွင် ကြုံတွေ့ရမည့် အခက်အခဲများ ကို တစ်ချက်သတိပေးပြီးနောက်၊ နောက်တစ်ချက်တွင် အမေရိကန်၌ ဈေးနှုန်းသက်သာပြီး တိကျမှုမြင့်မားသော ဗုံးများ အကန့်အသတ်မရှိ ရှိကြောင်းနှင့် ဝေဟင်စိုးမိုးမှု ရရှိပြီးသည်နှင့် အီရန်ကို ရက်သတ္တပတ်ပေါင်းများစွာ တိုက်ခိုက်နိုင်ကြောင်း မှတ်ချက်ပေးခြင်းမျိုး ဖြစ်သည်။ စစ်ဦးစီးချုပ်အတွက်မူ ယင်းတို့သည် သီးခြားစီဖြစ်သော သုံးသပ်ချက်များ ဖြစ်သည်။ သို့သော် မစ္စတာ ထရမ့်ကမူ ဒုတိယအချက်သည် ပထမအချက်၏ စိုးရိမ်ရမှုများကို အလိုအလျောက် ချေဖျက်ပေးလိုက်သည်ဟု ထင်မြင်နေပုံရသည်။ ဗိုလ်ချုပ်ကြီး Caine ၏ လုပ်ဖော်ကိုင်ဖက် အချို့က အီရန်နဲ့ စစ်ဖြစ်ခြင်းမှာ ဆိုးရွားလှသော အကြံအစည်ဖြစ်သည်ဟု သူအမှန်တကယ် တွေးနေလိမ့်မည်ဟု ယုံကြည်ကြသော်လည်း၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း စစ်ဦးစီးချုပ်က သမ္မတအား ထိုသို့ တိုက်ရိုက်ပြောဆိုခဲ့ခြင်းမျိုး တစ်ကြိမ်မျှ မရှိခဲ့ပေ။

စစ်လိုလားသူ ထရမ့် (Trump the Hawk)

မစ္စတာ နေတန်ယာဟုအား သမ္မတ၏ အကြံပေးအများအပြားက မယုံကြည်ကြသော်လည်း၊ လက်ရှိအခြေအနေအပေါ် ဝန်ကြီးချုပ်၏ အမြင်သည် မစ္စတာ ထရမ့်၏ အမြင်နှင့် ပိုမိုနီးစပ်နေသည်။ ယင်းမှာ ထရမ့်အဖွဲ့အတွင်းရှိ စစ်ပွဲမလိုလားသူများ သို့မဟုတ် “America First” လှုပ်ရှားမှုအတွင်းရှိသူများ ဝန်ခံလိုသည်ထက်ပင် ပိုမိုနီးစပ်နေခြင်း ဖြစ်သည်။ ဤအချက်သည် နှစ်ပေါင်းများစွာကပင် မှန်ကန်ခဲ့သည့် အချက်လည်း ဖြစ်သည်။

မစ္စတာ ထရမ့် သမ္မတသက်တမ်း နှစ်ခုစလုံးအတွင်း ရင်ဆိုင်ခဲ့ရသည့် နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုများထဲတွင် အီရန်သည် အခြားကိစ္စရပ်များ နှင့်မတူဘဲ ထူးခြားစွာ ကွဲထွက်နေသည်။ သူသည် အီရန်ကို အလွန်အမင်း အန္တရာယ်ရှိသော ရန်သူအဖြစ် သတ်မှတ်ထားပြီး အီရန်အစိုးရ၏ စစ်မက်ဆင်နွှဲနိုင်စွမ်း သို့မဟုတ် နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်စွမ်းကို ဟန့်တားရန်အတွက် မည်သို့သော စွန့်စားမှုမျိုးကိုမဆို ပြုလုပ်ရန် ဆန္ဒရှိနေသူဖြစ်သည်။ ထို့အပြင် မစ္စတာ နေတန်ယာဟု၏ တိုက်တွန်းချက်သည် ၁၉၇၉ ခုနှစ် (ထရမ့် အသက် ၃၂ နှစ်အရွယ်) ကတည်းက အာဏာရယူထားသော အီရန် ဘာသာရေးအစိုးရစနစ်ကို ဖြုတ်ချလိုသည့် မစ္စတာ ထရမ့်၏ ဆန္ဒနှင့်လည်း ထပ်တူကျနေသည်။ ထိုအစိုးရသည် ယင်းအချိန်ကတည်းက အမေရိကန်အတွက် ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်နေခဲ့သည်။

ယခုအခါတွင်မူ သူသည် ဘာသာရေးခေါင်းဆောင်များ အာဏာရယူခဲ့သည့် လွန်ခဲ့သော ၄၇ နှစ်ကတည်းက မည်သည့်သမ္မတမျှ မလုပ်နိုင်ခဲ့သော အီရန်နိုင်ငံ၏ အစိုးရအပြောင်းအလဲကို ဖော်ဆောင်နိုင်မည့် ပထမဆုံးသော သမ္မတ ဖြစ်လာနိုင်ခြေရှိသည်။ များသောအားဖြင့် ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း နောက်ကွယ်တွင် အမြဲရှိနေတတ်သည့် အခြားသော တွန်းအားတစ်ခုမှာ အီရန်က မစ္စတာ ထရမ့်ကို လုပ်ကြံရန် ကြံစည်ခဲ့သည့် ကိစ္စဖြစ်သည်။ ယင်းမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်ကြီး ကာဆင်မ်ဆိုလေမာနီ (Gen. Qassim Suleimani) လုပ်ကြံခံရမှုအပေါ် ကလဲ့စားချေသည့်အနေဖြင့် ဖြစ်သည်။ ဆိုလေမာနီကို အမေရိကန်က နိုင်ငံတကာ အကြမ်းဖက်မှုများ၏ နောက်ကွယ်က အဓိက တွန်းအားပေးနေသူအဖြစ် ရှုမြင်ထားသည်။

ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ရုံးခန်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် အမေရိကန်စစ်တပ်၏ စွမ်းဆောင်ရည်အပေါ် မစ္စတာ ထရမ့်၏ ယုံကြည်မှုမှာ ပိုမိုခိုင်မာလာခဲ့သည်။ အထူးသဖြင့် ဇန်နဝါရီလ ၃ ရက်နေ့က ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလပ်စ်မာဒူရို (Nicolás Maduro) ကို သူ၏ နေအိမ်ဝင်းအတွင်းမှ ဖမ်းဆီးနိုင်ခဲ့သည့် အံ့မခန်း ကွန်မန်ဒိုစီးနင်းမှုက သမ္မတအား ပိုမိုအားတက်စေခဲ့သည်။ ယင်းစစ်ဆင်ရေးတွင် အမေရိကန်စစ်သည်တစ်ဦးမျှ အသက်ဆုံးရှုံးခြင်း မရှိခဲ့ပေ။ ယင်းသည် အမေရိကန်တပ်ဖွဲ့များ၏ ပြိုင်ဘက်ကင်းသော စွမ်းရည်ကို သမ္မတအတွက် သက်သေပြလိုက်သည့် နောက်ထပ်အထောက်အထားတစ်ခုလည်း ဖြစ်သည်။

အစိုးရအဖွဲ့အတွင်း၌ မစ္စတာ Hegseth သည် အီရန်ကို စစ်ဆင်ရေးဆင်နွှဲရန် အလိုလားဆုံးသူ ဖြစ်သည်။ မစ္စတာ Rubio ကမူ သူသည် ပို၍ ဒွိဟဖြစ်နေကြောင်း လုပ်ဖော်ကိုင်ဖက်များကို အရိပ်အယောင်ပြခဲ့သည်။ အီရန်နိုင်ငံသားများသည် ညှိနှိုင်းဆွေးနွေးမှုဖြင့် ရရှိလာမည့် သဘောတူညီချက်ကို လက်ခံလိမ့်မည်ဟု သူ မယုံကြည်သော်လည်း အကြီးစားစစ်ပွဲ ဆင်နွှဲခြင်းထက် အပြင်းထန်ဆုံး ဖိအားပေးသည့် မဟာဗျူဟာ (Maximum pressure campaign) ကိုသာ ဆက်လက်လုပ်ဆောင်ရန် သူ ပိုမိုလိုလားခဲ့သည်။ သို့သော် မစ္စတာ Rubio သည် မစ္စတာ ထရမ့်ကို ထိုစစ်ဆင်ရေး မလုပ်ဆောင်ရန် တားဆီးခြင်းမျိုး မပြုလုပ်ခဲ့ဘဲ စစ်ပွဲစတင်ပြီးနောက်တွင်လည်း အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်မှာ မှန်ကန်ကြောင်း အခိုင်အမာ ယုံကြည်ချက်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

မစ္စ Wiles ကမူ ပြည်ပတွင် နောက်ထပ် ပဋိပက္ခသစ်တစ်ခု ဖြစ်ပွားလာပါက မည်သို့သော နောက်ဆက်တွဲများ ကြုံတွေ့ရနိုင်သည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း အစည်းအဝေးကြီးများတွင် စစ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝင်ရောက်ပြောဆိုလေ့ မရှိပေ။ ယင်းအစား ထိုသို့သော အခြေအနေမျိုးတွင် အကြံပေးအရာရှိများ၏ အမြင်နှင့် စိုးရိမ်ချက်များကို သမ္မတအား ပွင့်ပွင့်လင်းလင်း ပြောကြားရန်သာ သူက တိုက်တွန်းခဲ့သည်။ မစ္စ Wiles သည် အခြားသော ကိစ္စရပ်အတော်များများတွင် သြဇာညောင်းသူဖြစ်သော်လည်း သမ္မတနှင့် ဗိုလ်ချုပ်ကြီးများရှိနေသော အခန်းအတွင်း၌မူ နောက်ဆုတ်၍သာ ထိုင်နေခဲ့သည်။ သူမနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သူမသည် စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုနှင့် ပတ်သက်၍ မိမိ၏ စိုးရိမ်ပူပန်မှုများကို အခြားသူများရှေ့တွင် သမ္မတအား တင်ပြရန်မှာ သူမ၏ တာဝန်မဟုတ်ဟု ယူဆထားသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဗိုလ်ချုပ်ကြီး Caine၊ မစ္စတာ Ratcliffe နှင့် မစ္စတာ Rubio တို့ကဲ့သို့သော အကြံပေးများ၏ ကျွမ်းကျင်မှုဆိုင်ရာ အကြံပြုချက်များသည်သာ သမ္မတအတွက် ပိုမိုအရေးကြီးသည်ဟု သူမက ယုံကြည်ထားသည်။

သို့သော်လည်း မစ္စ Wiles က အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် နောက်ထပ်စစ်ပွဲတစ်ခုအတွင်းသို့ ဆွဲသွင်းခံရမည်ကို စိုးရိမ်ကြောင်း လုပ်ဖော်ကိုင်ဖက်များကို ပြောကြားခဲ့သည်။ အီရန်ကို တိုက်ခိုက်ခြင်းကြောင့် လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်ပြီး၊ ယင်းက ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လပေါင်းများစွာအလိုတွင် ဖြစ်ပွားနိုင်သဖြင့် မစ္စတာ ထရမ့်၏ ဒုတိယသက်တမ်း နောက်ဆုံး နှစ်နှစ်သည် အောင်မြင်မှုများရရှိမည့် နှစ်များဖြစ်မလား သို့မဟုတ် အောက်လွှတ်တော် ဒီမိုကရက်များ၏ ဆင့်ခေါ်စစ်ဆေးမှုများ (Subpoenas) နှင့် ရင်ဆိုင်ရမည့် နှစ်များဖြစ်မလားဆိုသည်ကို အဆုံးအဖြတ်ပေးရာတွင် သက်ရောက်မှုရှိနိုင်သည်။ သို့သော် နောက်ဆုံးတွင်မူ မစ္စ Wilesသည် စစ်ဆင်ရေးလုပ်ဆောင်ရန် သဘောတူခဲ့သည်။

သံသယရှိသူ Vance (Vance the Skeptic)

မစ္စတာ ထရမ့်၏ အတွင်းစည်းအဖွဲ့ထဲတွင် အီရန်နှင့် စစ်ဖြစ်နိုင်ခြေအပေါ် ဒုတိယသမ္မတထက် ပို၍ စိုးရိမ်ပူပန်သူ သို့မဟုတ် ယင်းကို တားဆီးရန် ပိုမိုကြိုးပမ်းသူ တစ်ဦးမျှ မရှိခဲ့ပေ။ မစ္စတာ Vance သည် သူ၏ နိုင်ငံရေးသက်တမ်းတစ်လျှောက်လုံးတွင် ယခုကဲ့သို့ အလေးအနက် စဉ်းစားနေသည့် စစ်ရေးအရ စွန့်စားမှုမျိုးကို ဆန့်ကျင်ခြင်းဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။ သူသည် အီရန်နှင့် စစ်ဖြစ်ခြင်းကို “အရင်းအမြစ် များကို အကြီးအကျယ် ဖြုန်းတီးခြင်း” နှင့် “အလွန်အမင်း ကုန်ကျစရိတ်များခြင်း” ဟု ဖော်ပြခဲ့ဖူးသည်။

သို့သော် သူသည် အရာရာတွင် စစ်မလိုလားသူ (Dove) တစ်ဦးတော့ မဟုတ်ပေ။ ဇန်နဝါရီလအတွင်းက မစ္စတာ ထရမ့်သည် ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း ရပ်တန့်ရန် အီရန်အား လူသိရှင်ကြား သတိပေးခဲ့ပြီး အကူအညီများ လာနေပြီဟု ကတိပြုခဲ့စဉ်က မစ္စတာ Vance သည် သမ္မတအား သူ၏ ကန့်သတ်ချက်မျဉ်း (Red line) ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ဖူးသည်။ သို့သော် ဒုတိယသမ္မတ တွန်းအား ပေးခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် အရပ်သားများအပေါ် ဓာတုလက်နက်သုံးစွဲခဲ့သည့်အတွက် ဆီးရီးယားအပေါ် မစ္စတာ ထရမ့် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့် ပုံစံမျိုးကဲ့သို့ ကန့်သတ်ချက်ရှိသော အပြစ်ပေးသည့် တိုက်ခိုက်မှု (Limited, punitive strike) မျိုးသာ ဖြစ်သည်။ အီရန်တွင် အစိုးရအပြောင်းအလဲဖြစ်စေမည့် စစ်ပွဲမျိုးမှာ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်ဟု ဒုတိယသမ္မတက ယူဆထားသည်။ သူသည် မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မလုပ်ဆောင်ရန် ပိုမိုလိုလားသည်။ သို့သော် မစ္စတာ ထရမ့်သည် တစ်နည်းနည်းဖြင့် ဝင်ရောက် စွက်ဖက်လိမ့်မည်ဟု သိထားသောကြောင့် သူသည် ပိုမိုကန့်သတ်ထားသော လုပ်ဆောင်ချက်များဘက်သို့ ဦးတည်စေရန် ကြိုးပမ်းခဲ့သည်။ နောက်ပိုင်းတွင် သမ္မတသည် အကြီးစားစစ်ဆင်ရေးတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း သေချာသွားချိန်တွင်မူ မစ္စတာ Vance က ရည်မှန်းချက်များကို မြန်မြန်ဆန်ဆန် အောင်မြင်နိုင်ရန်အတွက် လွှမ်းမိုးချုပ်ကိုင်နိုင်သော အင်အား (Overwhelming force) ဖြင့်သာ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

မစ္စတာ Vance သည် လုပ်ဖော်ကိုင်ဖက်များရှေ့တွင်ပင် အီရန်နှင့် စစ်ဖြစ်ခြင်းသည် ဒေသတွင်း မငြိမ်မသက်မှုများနှင့် မရေတွက်နိုင်သော ထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း မစ္စတာ ထရမ့်အား သတိပေးခဲ့သည်။ ထို့အပြင် ယင်းက မစ္စတာ ထရမ့်၏ နိုင်ငံရေး မဟာမိတ်အဖွဲ့ကို ပြိုကွဲစေနိုင်ပြီး စစ်ပွဲအသစ်များ ထပ်မံမဆင်နွှဲတော့ဟူသော ကတိကဝတ်ကို ယုံကြည်ခဲ့ကြသည့် မဲဆန္ဒရှင်များစွာ အတွက်လည်း သစ္စာဖောက်ခံရမှုအဖြစ် ရှုမြင်ခံရနိုင်သည်ဟု ဆိုသည်။ မစ္စတာ Vance သည် အခြားသော စိုးရိမ်ပူပန်မှုများကိုလည်း တင်ပြခဲ့သည်။ ဒုတိယသမ္မတတစ်ဦးအနေဖြင့် သူသည် အမေရိကန်၏ လက်နက်ခဲယမ်းပြဿနာ အတိုင်းအတာကို သိရှိထားသည်။ ရှင်သန်ရပ်တည်ရေးအတွက် ပြင်းထန်သော စိတ်ဆန္ဒရှိသည့် အစိုးရတစ်ရပ်ကို တိုက်ခိုက်ခြင်းသည် အမေရိကန်အား နောင်လာမည့် နှစ်အနည်းငယ်အတွင်း အခြားပဋိပက္ခများကို ရင်ဆိုင်တိုက်ခိုက်ရန် အလွန်အားနည်းသော အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်ဟု ဆိုသည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း ဒုတိယသမ္မတက ပြောကြားသည်မှာ—အစိုးရပြုတ်ကျမည့်အရေးနှင့် ကြုံလာရချိန်တွင် အီရန်က မည်သို့ကလဲ့စားချေလာမည်ကို မည်သည့်စစ်ရေးကျွမ်းကျင်မှုဖြင့်မျှ အမှန်တကယ် တွက်ချက်၍မရနိုင်ကြောင်း ဖြစ်သည်။ စစ်ပွဲတစ်ခုသည် မမျှော်လင့်ထားသော လမ်းကြောင်းများသို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။ ထို့အပြင် စစ်ပွဲအပြီးတွင် ငြိမ်းချမ်းသော အီရန်နိုင်ငံကို တည်ဆောက်နိုင်မည့် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးသည်ဟု သူက ယူဆထားသည်။ ဤအချက်များအားလုံးထက် ပို၍ကြီးမားသော အန္တရာယ်မှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကိစ္စတွင် အီရန်က အသာစီးရနေခြင်း ဖြစ်နိုင်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြား သယ်ယူပို့ဆောင်နေသော ဤကျဉ်းမြောင်းသည့် ရေလမ်းကြောင်း ပိတ်ဆို့ခံရပါက အမေရိကန်နိုင်ငံအတွင်း လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းမှစ၍ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ကြုံတွေ့ရမည် ဖြစ်သည်။

လက်ယာ အင်အားစုအတွင်း ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည့် ထင်ရှားသော ဝေဖန်ရေးသမားတစ်ဦးဖြစ်သူ Tucker Carlson သည်လည်း ပြီးခဲ့သည့်နှစ်အတွင်း Oval Office သို့ အကြိမ်ပေါင်းများစွာ လာရောက်ကာ အီရန်နှင့် စစ်ဖြစ်ခြင်းသည် မစ္စတာ ထရမ့်၏ သမ္မတသက်တမ်းကို ပျက်စီးစေလိမ့်မည်ဟု သတိပေးခဲ့သည်။ စစ်ပွဲမစတင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် မစ္စတာ ထရမ့်က သူ့အား ဖုန်းဖြင့် နှစ်သိမ့်ခဲ့သည်။ “ခင်ဗျား ဒါကို စိုးရိမ်နေမှန်း ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ အားလုံး အဆင်ပြေသွားမှာပါ” ဟု သမ္မတက ဆိုသည်။ မစ္စတာ Carlson က မည်သို့သိသနည်းဟု မေးမြန်းရာတွင် မစ္စတာ ထရမ့်က “ဘာလို့လဲဆိုတော့ အမြဲတမ်း အဆင်ပြေနေကျမို့လို့ပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ နောက်ဆုံးရက်များတွင် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ စစ်ဆင်ရေးအချိန်ဇယားကို သိသိသာသာ မြန်ဆန် သွားစေမည့် ထောက်လှမ်းရေးသတင်းသစ်တစ်ခုကို ဆွေးနွေးခဲ့ကြသည်။ အယာတိုလာ (Ayatollah) သည် အခြားသော အစိုးရ ထိပ်တန်း အရာရှိများနှင့်အတူ ဝေဟင်မှ တိုက်ခိုက်ရန် လွယ်ကူသော မြေပြင်ပေါ်ရှိ ပွင့်လင်းသည့်နေရာတွင် နေ့ခင်းကြောင်တောင် တွေ့ဆုံမည် ဖြစ်သည်။ ယင်းမှာ အီရန်ခေါင်းဆောင်ပိုင်း၏ နှလုံးသားကို ထိုးနှက်နိုင်မည့် ခဏတာအခွင့်အရေးဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ရရှိရန်မလွယ်ကူသည့် ပစ်မှတ်မျိုး ဖြစ်သည်။

မစ္စတာ ထရမ့်က အီရန်အား နျူကလီးယားလက်နက်လမ်းကြောင်းကို ပိတ်ဆို့မည့် သဘောတူညီချက်တစ်ခု ရယူနိုင်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ပေးခဲ့သေးသည်။ ဤသံတမန်ရေးရာ ကြိုးပမ်းမှုက အမေရိကန်အတွက် အရှေ့အလယ်ပိုင်းသို့ စစ်လက်နက်ပစ္စည်းများ ရွှေ့ပြောင်းရန် အချိန်ပိုရစေခဲ့သည်။ သမ္မတသည် လွန်ခဲ့သော ရက်သတ္တပတ်ပေါင်းများစွာကတည်းက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြောင်း သူ၏ အကြံပေးအချို့က ပြောသည်။ သို့သော် မည်သည့်အချိန်တွင် လုပ်ဆောင်မည်ဆိုသည်ကိုမူ အတိအကျ မဆုံးဖြတ်ရသေးပေ။ ယခုအခါ မစ္စတာ နေတန်ယာဟုက သူ့အား အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းနေပြီ ဖြစ်သည်။

ထိုရက်သတ္တပတ်အတွင်းမှာပင် မစ္စတာ Kushner နှင့် မစ္စတာ Witkoff တို့သည် အီရန်အရာရှိများနှင့် ဂျီနီဗာတွင် ဆွေးနွေးမှုများ ပြုလုပ် ပြီးနောက် ဖုန်းဆက်လာခဲ့သည်။ အိုမန်နှင့် ဆွစ်ဇာလန်တို့တွင် သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ရာ၌ ၎င်းတို့နှစ်ဦးသည် အီရန်၏ သဘောတူညီချက် ရယူလိုသော ဆန္ဒကို စမ်းသပ်ခဲ့ကြသည်။ တစ်ချိန်တွင် ၎င်းတို့က အီရန်တို့အား သူတို့၏ အစီအစဉ်သက်တမ်းတစ်လျှောက် နျူကလီးယား လောင်စာ အခမဲ့ ပံ့ပိုးပေးရန် ကမ်းလှမ်းခဲ့သည်။ တီဟီရန်၏ ယူရေနီယံသန့်စင်မှုအပေါ် ဇွတ်အတင်း လုပ်ဆောင်နေခြင်းသည် အရပ်ဘက် စွမ်းအင်အတွက်လား သို့မဟုတ် ဗုံးထုတ်လုပ်နိုင်စွမ်းကို ထိန်းသိမ်းထားရန်လားဆိုသည်ကို စမ်းသပ်ခြင်း ဖြစ်သည်။ အီရန်တို့က ထိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ယင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ မစ္စတာ Kushner နှင့် မစ္စတာ Witkoff တို့က သမ္မတအား အခြေအနေကို ရှင်းပြခဲ့သည်။ တစ်ခုခုကို ညှိနှိုင်းနိုင်ခြေရှိသော်လည်း လပေါင်းများစွာ ကြာမြင့်လိမ့်မည်ဟု ဆိုကြသည်။ အကယ်၍ မစ္စတာ ထရမ့်က ထိုပြဿနာကို ဖြေရှင်းနိုင်မလားဟု တည့်တည့်မေးမည်ဆိုပါက ယင်းအတွက် အချိန်အများကြီး ယူရလိမ့်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်တို့သည် ကစားကွက်များ ထွင်နေသောကြောင့်ဖြစ်ကြောင်း မစ္စတာ Kushner က ပြောကြားခဲ့သည်။

ငါတို့ ဒါကို လုပ်ဖို့ လိုအပ်မယ် ထင်တယ်

ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီခန့်တွင် နောက်ဆုံးအကြိမ် Situation Room အစည်းအဝေး စတင်ခဲ့သည်။ ယခုအချိန်တွင် အခန်းထဲရှိ လူတိုင်း၏ ရပ်တည်ချက်များမှာ ရှင်းလင်းနေပြီဖြစ်သည်။ ယခင်အစည်းအဝေးများတွင် အရာအားလုံးကို ဆွေးနွေးပြီးသားဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး၏ သဘောထားများကိုလည်း သိရှိထားကြသည်။ ဆွေးနွေးမှုမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်။

(Credit: NBC)

မစ္စတာ ထရမ့်သည် စားပွဲထိပ်ရှိ သူ၏ ပုံမှန်နေရာတွင် ထိုင်နေသည်။ သူ၏ ညာဘက်တွင် ဒုတိယသမ္မတ၊ မစ္စတာ Vance ရဲ့ ဘေးတွင် မစ္စWiles၊ ထို့နောက် မစ္စတာ Ratcliffe၊ အိမ်ဖြူတော် ဥပဒေအကြံပေး David Warrington နှင့် အိမ်ဖြူတော် ပြန်ကြားရေးညွှန်ကြားရေးမှူး Steven Cheung တို့ ရှိနေသည်။ မစ္စတာ Cheung ၏ မျက်နှာချင်းဆိုင်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ရှိပြီး သူမ၏ ညာဘက်တွင် ဗိုလ်ချုပ်ကြီး Caine၊ ထို့နောက် မစ္စတာ Hegseth နှင့် မစ္စတာ Rubio တို့ ရှိနေကြသည်။ စစ်ပွဲစီမံချက်ရေးဆွဲရေးအဖွဲ့ကို အဖွဲ့ဝင်အနည်းငယ်မျှသာ ထားရှိခဲ့သဖြင့် ကမ္ဘာ့ရေနံဈေးကွက်၏ အကြီးမားဆုံးသော ထောက်ပံ့မှုပြတ်တောက်မှုကို ကိုင်တွယ်ဖြေရှင်းရမည့် အဓိက အရာရှိနှစ်ဦးဖြစ်သော ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် စွမ်းအင်ဝန်ကြီး Chris Wright တို့ကိုပင် ဖယ်ချန်ထားခဲ့သည်။ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး Tulsi Gabbard လည်း ပါဝင်ခွင့်မရခဲ့ပေ။ သမ္မတက အစည်းအဝေးကို ဖွင့်လှစ်လိုက်ပြီး “ကဲ၊ ငါတို့ ဘာတွေရှိသလဲ” ဟု မေးမြန်းလိုက်သည်။

မစ္စတာ Hegseth နှင့် ဗိုလ်ချုပ်ကြီး Caine တို့က တိုက်ခိုက်မှုအစီအစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် မစ္စတာ ထရမ့်က စားပွဲဝိုင်းတွင် ထိုင်နေသူတစ်ဦးချင်းစီ၏ အမြင်များကို နားထောင်လိုသည်ဟု ဆိုခဲ့သည်။ ဤအစီအစဉ်တစ်ခုလုံးအပေါ် သဘောထား ကွဲလွဲကြောင်း အတိအလင်းဖော်ပြထားပြီးဖြစ်သော မစ္စတာ Vance က သမ္မတအား “ဒါဟာ အကြံဉာဏ်ဆိုးတစ်ခုလို့ ကျွန်တော်ထင်တာကို သမ္မတကြီး သိမှာပါ။ ဒါပေမဲ့ ခင်ဗျား တကယ်လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော် ထောက်ခံပေးမှာပါ” ဟု ပြောကြားခဲ့သည်။ မစ္စ Wiles ကမူ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည်ဟု သမ္မတက ခံစားရပါက ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ Ratcliffe ကမူ ရှေ့ဆက်လုပ်ဆောင်ရန် သင့်၊ မသင့်အပေါ်တွင် ထင်မြင်ချက်မပေးခဲ့ဘဲ တီဟီရန်ရှိ အယာတိုလာ၏ နေအိမ်ဝင်းအတွင်း အီရန်ခေါင်းဆောင်ပိုင်းများ စုဝေးတော့မည်ဟူသော အံ့အားသင့်ဖွယ် ထောက်လှမ်းရေးသတင်းသစ်ကိုသာ ဆွေးနွေးခဲ့သည်။ စီအိုင်အေ (C.I.A.) ညွှန်ကြားရေးမှူးက သမ္မတအား “အစိုးရအပြောင်းအလဲ” ဟူသော စကားလုံးကို မည်သို့အဓိပ္ပာယ်ဖွင့်ဆိုသနည်းအပေါ် မူတည်၍ ယင်းမှာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ “အမြင့်ဆုံးခေါင်းဆောင်ကို သတ်ဖြတ်ဖို့ပဲ ဆိုလိုတာဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုပ်နိုင်မှာပါ” ဟု သူက ဆိုသည်။

အိမ်ဖြူတော် ဥပဒေအကြံပေး မစ္စတာ Warrington ကမူ ဤစီမံချက်ကို အမေရိကန်အရာရှိများက ရေးဆွဲပြီး သမ္မတထံ တင်ပြထားသည့် ပုံစံအရ ယင်းမှာ ဥပဒေကြောင်းအရ ခွင့်ပြုနိုင်သော ရွေးချယ်စရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူသည် ပုဂ္ဂိုလ်ရေးအမြင်ကို မပြောကြားခဲ့သော်လည်း သမ္မတက အတင်းအကျပ် မေးမြန်းသောအခါ သူသည် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်များစွာက အီရန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော အမေရိကန်စစ်သည်တစ်ဦးကို သိခဲ့ဖူးကြောင်း ဖြေကြားခဲ့သည်။ ဤကိစ္စသည် သူ့အတွက် ပုဂ္ဂိုလ်ရေးအရ လေးနက်သော ကိစ္စတစ်ခု ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ အစ္စရေးက မည်သို့ပင်ဖြစ်စေ ရှေ့ဆက်လုပ်ဆောင်ရန် ရည်ရွယ်ထားပါက အမေရိကန်အနေဖြင့်လည်း ထပ်တူလုပ်ဆောင်သင့်ကြောင်း သူက သမ္မတအား တင်ပြခဲ့သည်။

မစ္စတာ Cheung က ဖြစ်လာနိုင်သည့် လူထုဆက်ဆံရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို တင်ပြခဲ့သည်။ မစ္စတာ ထရမ့်သည် စစ်ပွဲများ ထပ်မံမဆင်နွှဲရန် ဆန့်ကျင်သည့် မူဝါဒဖြင့် ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများသည် ပြည်ပပဋိပက္ခများအတွက် မဲပေးခဲ့ကြခြင်း မဟုတ်ပေ။ ထို့အပြင် ဤစီမံချက်များသည် ဇွန်လအတွင်း အီရန်နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစိုးရအဖွဲ့က ပြောကြားခဲ့သမျှနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အီရန်၏ နျူကလီးယားစက်ရုံများ လုံးဝပျက်စီးသွားပြီဟု ရှစ်လတိုင်တိုင် အခိုင်အမာ ပြောကြားခဲ့သည့် အချက်ကို ၎င်းတို့ မည်သို့ ပြန်လည်ရှင်းပြမည်နည်း။ မစ္စတာ Cheung က “ဟုတ်” သို့မဟုတ် “မဟုတ်” ဟူသော အဖြေကို မပေးခဲ့သော်လည်း မစ္စတာ ထရမ့် မည်သို့ပင် ဆုံးဖြတ်စေကာမူ ယင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။

မစ္စ Leavitt ကမူ ယင်းမှာ သမ္မတ၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး သတင်းပြန်ကြားရေးအဖွဲ့က တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မစ္စတာ Hegseth ကမူ ကျဉ်းမြောင်းသော ရှုထောင့်မှ ရပ်တည်ခဲ့သည်။ အီရန်တို့ကို နောက်ဆုံးတွင် ကိုင်တွယ်ရမည်သာဖြစ်သောကြောင့် ယခုပင် တစ်ခါတည်း လုပ်ဆောင်လိုက်ခြင်းက ပိုကောင်းကြောင်း ဆိုသည်။ သူသည် စစ်ရေးဆိုင်ရာ အကဲဖြတ်ချက်များကိုလည်း တင်ပြခဲ့သည် – သတ်မှတ်ထားသော အင်အားပမာဏဖြင့် ဤစစ်ဆင်ရေးကို အချိန်ကာလတစ်ခုအတွင်း အောင်မြင်အောင် လုပ်ဆောင် နိုင်ကြောင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး Caine ကမူ တည်ငြိမ်စွာဖြင့်ပင် ကြုံတွေ့နိုင်သည့် အန္တရာယ်များနှင့် ဤစစ်ဆင်ရေးကြောင့် လက်နက်ခဲယမ်း ကုန်ခန်း နိုင်ခြေများကို တင်ပြခဲ့သည်။ သူသည်လည်း မည်သည့်အမြင်မျှ တိုက်ရိုက်မပေးခဲ့ဘဲ အကယ်၍ မစ္စတာ ထရမ့်က စစ်ဆင်ရေးအတွက် အမိန့်ပေးခဲ့လျှင် စစ်တပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ၏ ထိပ်တန်း စစ်ဘက် ခေါင်းဆောင် နှစ်ဦးစလုံးက စစ်ဆင်ရေး မည်သို့ဖြစ်လာမည်နှင့် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်ကို လျှော့ချနိုင်မည့် အမေရိကန်၏ စွမ်းရည်တို့ကို ကြိုတင်တင်ပြခဲ့ကြသည်။

သူ၏အလှည့်ရောက်သောအခါ မစ္စတာ Rubio က ပိုမိုရှင်းလင်းသော အမြင်ကို ပြောကြားခဲ့သည် – “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အစိုးရအပြောင်းအလဲ ဒါမှမဟုတ် လူထုအုံကြွမှု ဖြစ်ဖို့ဆိုရင်တော့ ဒါကို မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ရည်မှန်းချက်က အီရန်ရဲ့ ဒုံးကျည် အစီအစဉ်ကို ဖျက်ဆီးဖို့ဆိုရင်တော့ ဒါဟာ ကျွန်တော်တို့ အောင်မြင်အောင် လုပ်နိုင်မယ့် ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်” ဟု ဆိုသည်။

အားလုံးက သမ္မတ၏ ဗီဇစိတ်အပေါ်တွင်သာ လိုက်လျောခဲ့ကြသည်။ သမ္မတသည် ရဲရင့်သော ဆုံးဖြတ်ချက်များကို ချမှတ်ကာ မတွေးဝံ့စရာ အန္တရာယ်များကို ရင်ဆိုင်ရင်း နောက်ဆုံးတွင် မည်သို့ပင်ဖြစ်စေ အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ကို ၎င်းတို့ မြင်တွေ့ခဲ့ဖူးသည်။ ယခုလည်း မည်သူမျှ သူ့အား ဟန့်တားခြင်း မပြုခဲ့ကြပေ။

“ငါတို့ ဒါကို လုပ်ဖို့ လိုအပ်မယ် ထင်တယ်” ဟု သမ္မတက အစည်းအဝေးခန်းအတွင်း ပြောကြားလိုက်သည်။ အီရန်တွင် နျူကလီးယား လက်နက် မရှိစေရန် သေချာအောင် လုပ်ရမည်ဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် အစ္စရေး သို့မဟုတ် ဒေသတွင်းကို ဒုံးကျည်များဖြင့် စိတ်တိုင်းကျ မပစ်ခတ်နိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူက ဆိုသည်။

ဗိုလ်ချုပ်ကြီး Caine က မစ္စတာ ထရမ့်အား အချိန်အနည်းငယ် ကျန်သေးကြောင်းနှင့် နောက်တစ်နေ့ ညနေ ၄ နာရီအထိ ခွင့်ပြုချက်ပေးရန် မလိုသေးကြောင်း ပြောကြားခဲ့သည်။

နောက်တစ်နေ့ မွန်းလွဲပိုင်း၊ ဗိုလ်ချုပ်ကြီး Caine သတ်မှတ်ထားသော အချိန်မတိုင်မီ ၂၂ မိနစ်အလိုတွင် Air Force One လေယာဉ်ပေါ်၌ ရှိနေသော မစ္စတာ ထရမ့်သည် အောက်ပါအမိန့်ကို ပေးပို့ခဲ့သည်။ 

“Operation Epic Fury (ဒေါမာန်ဟုန် စစ်ဆင်ရေး) ကို အတည်ပြုလိုက်ပြီ။ ပြန်ဖျက်လို့ မရဘူး။ ကံကောင်းပါစေ။”

Click to rate this post!
[Total: 0 Average: 0]