The Corner

The Corner

cropped-Logo_round_grey-background.png

အီရန်ကို ‘ထရမ့်’ အရေးနိမ့်နေပြီလား

Share မယ်

အမေရိကန်-အီရန်-အစ္စရေးတို့ အဓိက ပါဝင်ပတ်သက်နေသော အရှေ့အလယ်ပိုင် ပဋိပက္ခသည် ယခုအခါ အဖြေ ညှိ၍ မရနိုင်ဘဲ ‘ဂျာအေးသူ့အမေရိုက်’ဆိုသည့် ကိန်းဆိုက်နေလေပြီ။ အီရန်နှင့် သဘောတူညီချက်တစ်ခု ရလုနီးလာပြီဟု ထရမ့်က ဘယ်နှကြိမ် ပြောခဲ့ပြီးပြီလဲဆိုသည်ကိုပင် သေသေချာချာ မမှတ်မိကြတော့။ ထရမ့်က ၂၀၂၆ ဧပြီလ ၇ ရက်နေ့တွင် ၎င်းတို့ သည် “အလွန် အလှမ်းကွာနေသေးသော်လည်း သဘောတူညီချက် အပြီးသတ် ပြီးမြောက်ရေး အတွက် အချိန် နှစ်ပတ်လိုအပ်သည်” ဟု လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ ထရမ့်သည် လူမှုမီဒီယာပို့စ်များ၊ အများပြည်သူရှေ့မှောက်နှင့် မီဒီယာများနှင့် ဖုန်းခေါ်ဆိုမှုများအတွင်း သဘောတူညီချက်တစ်ခု နီးကပ်လာပြီ သို့မဟုတ် အီရန်သည် သဘောတူညီချက်ကို အလွန်အမင်း လိုလားနေကြောင်း တိုက်ရိုက်ပြောဆိုခဲ့သည့် အကြိမ်အရေအတွက် ၃၈ ကြိမ်ခန့် ရှိပြီဖြစ်သည်။

သမ္မတ ထရမ့် (Credit: The Guardian)

သမ္မတ ထရမ့်က အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက နှစ်လကျော်ရှိပြီဖြစ်ပြီး ထိုအချိန်က နှစ်ဖက်စလုံးသည် သဘောတူညီချက်တစ်ခုနှင့် နီးစပ်နေပြီဟု ပြောကြားခဲ့သော်လည်း ရှင်းလင်းတိကျသည့် ဖြေရှင်းချက် တစ်စုံတစ်ရာ ပေခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ထရမ့်သည် ထိုအချိန်မှစ၍ နှစ်လကြာ သဘောတူညီချက်တစ်ခု နီးကပ်လာပြီ ဟု ဆက်လက်၍ ကြိမ်ဖန်များစွာ ပြောကြားနေခဲ့သည်။

ဤအတောအတွင်း ဟော်မုဇ်ရေလက်ကြား၌အမေရိကန် Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းကို အီရန်က ပစ်ချခဲ့သည်ဟု သမ္မတထရမ့်က ပြောပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် အမေရိကန်တပ်က အီရန်ပစ်မှတ်များကို ထပ်မံ တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ပိုမိုခက်ခဲလာနိုင်ပြီး မတည်ငြိမ်သေးသည့် အပစ်အခတ် ရပ်စဲရေးသည်လည်း ထပ်ဆင့် ဖိအားများ ကြုံနေရပြန်သည်။ ဧပြီလက ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့်ရရှိထားသည့် ယာယီ အပစ်အခတ်ရပ်စဲရေးမှာ ပျက်ကိန်းကြုံနေရပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ စစ်မီးကူးစက် လာမည်လား ဟု စိုးရိမ်နေရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်မပြေဘဲ စစ်ရေးထိပ်တိုက်တွေ့မှုများ ထပ်မံပြုလုပ်လာပါက ကမ္ဘာ့အဓိက စွမ်းအင်လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား၏ ရေကြောင်းလုံခြုံရေးကို ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်၍ ကမ္ဘာတစ်ခွင်လုံး ရေနံစိမ်းဈေးကွက်ကိုပါ တည်ငြိမ်မှု ပျက်ပြားသွားစေနိုင်သည်။

သို့တစေ ဇွန်လ ၁၁ ရက်နေ့တွင် အီရန်နှင့် ပဋိပက္ခဖြစ်ပွားမှုကို ဖြေရှင်းပြီး ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင် မည့် “သဘောတူညီချက်” တစ်ခု ရရှိထားသည်ဟု ‘ထရမ့်’ က ကြေညာခဲ့ပြန်သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ အီရန်အနေဖြင့် မည်သည့် သဘောတူညီချက်ကိုမျှ ဆုံးဖြတ်ချက် ချထားခြင်း မရှိသေးကြောင်း တုံ့ပြန်ထားသည်။ ဤသို့ဖြင့် အခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်၍ ‘ထရမ့်’၏ စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်ချက်မှာ အလှမ်းဝေးနေဆဲဖြစ်ပေသည်။

ပြန်လည်ဖွဲ့စည်းထားသော အစ္စလာမ်သမ္မတနိုင်ငံ နှင့် အရှေ့အလယ်ပိုင်းပြန်လည်ပုံဖော်ရေး

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ယင်းစစ်ပွဲ၏ အကျိုးဆက် ကြောင့် “အီရန်အစ္စလာမ်သမ္မတနိုင်ငံ” သည် ပျက်စီးယိုယွင်း၍ အားနည်းချည့်နဲ့ သွားပုံရပေသည်။ ကြီးမားပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများသည် စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံများကို အကြီးအကျယ် ပျက်စီးသွားစေခဲ့သည်။ အမေရိကန်ရေတပ်၏ ပိတ်ဆို့အရေးယူမှုသည် ယိုယွင်းယိုင်နဲ့ နေသော စီးပွားရေးကို ပြိုလဲပျက်စီးသွားစေခဲ့သည်။

မတ်လ အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက် များအား“ကျွန်ုပ်တို့သည် အီရန်အာဏာပိုင်တို့၏ မကောင်းဆိုးဝါး အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီ” ဟုပြောကြား ခဲ့သည်။ ရက်သတ္တပတ်အနည်းနေ့အကြာတွင် ၎င်းက “လုံးဝ ပြီးပြည့်စုံသော အောင်ပွဲ” ကို ကြေညာခဲ့သည်။

သို့သော် သုံးလအကြာတွင် မြင်ကွင်းမှာ အတော်ပင် ကွဲပြားသွားခဲ့သည်။ အီရန်အစိုးရသည် နိုင်ငံ၏ စစ်ရေးနှင့် စက်မှုလုပ်ငန်းစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၍ ထရမ့်က အီရန်ပြည်သူများအား အစိုးရကို ဖြုတ်ချရန် တောင်းဆိုခဲ့ သော် လည်း လူထုအုံကြွမှု ဖြစ်ပေါ်လာခြင်း မရှိခဲ့ပေ။ စစ်ပွဲ၏ ကနဦးရည်ရွယ်ချက်ဖြစ်သည့် အစ္စလာမ်သမ္မတနိုင်ငံကို လုံးဝပြိုလဲ ပျက်စီးသွားစေမည့် “သေမင်း တမန်ထိုးနှက်ချက်” စစ်ရေးအစီအစဉ်သည် အောင်မြင်မှု မရရှိခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။

စစ်ပွဲ၏ အဆုံးစွန်သောရလဒ်သည် အမေရိကန်-အစ္စရေးတို့ ထင်သလို အီရန်ကို ဖျက်ဆီး ပစ်နိုင်ခြင်းမရှိဘဲ မျှော် လင့်မထားသည့် နည်းများဖြင့် အီရန်ကို အပြောင်းအလဲဖြစ်စေခဲ့သည်။ “ရှင်သန်ရပ်တည်ရန်” နှင့် “မဟာဗျူဟာမြောက် အားသာချက်အသစ်များ ထူထောင်ရန်” အတွက် အီရန်အစ္စလာမ်သမ္မတနိုင်ငံသည် စစ်ပွဲများ ကြိုးပမ်းဆင်နွှဲခဲ့ရသည်။ ထို့အပြင် အီရန်နိုင်ငံ၏ စီမံခန့်ခွဲပုံနှင့် အခြေခံလူ့အဖွဲ့အစည်း စီမံခန့်ခွဲပုံတို့ကို ပြောင်းလဲခဲ့ရသည်။

အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်တီထွင်မှု လုပ်ဆောင်ခဲ့ရသည်ဟု ဆိုသည်။ မကြုံစဖူးသည့် အမြန်နှုန်းဖြင့် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ‘တီဟီရန်အစိုးရ’ သည် ယခု အခါ ၎င်း၏ ပြီးမြောက် အောင်မြင်မှုများအပေါ် ယုံကြည်မှုရှိနေပြီဖြစ်၍ ပြည်တွင်းပြည်ပတွင် ယင်းအောင်မြင်မှုများကို ထိန်းသိမ်းထားရန် ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။ စစ်ပွဲသည် အရှေ့အလယ်ပိုင်းကို ပြန်လည် ပုံဖော်ပြီး နောင်နှစ်ပေါင်း များစွာ ပထဝီနိုင်ငံရေးလမ်းကြောင်းကို လွှမ်းမိုးလာမည့် “အီရန်နိုင်ငံသစ်” ကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

အီရန်က တိတ်တဆိတ် အောင်မြင်နေခြင်းလား

၂၀၂၅ ခုနှစ် ဇွန်လတွင် အစ္စရေး၏ ၁၂ ရက်ကြာစစ်ပွဲနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လူထု အုံကြွမှုကြောင့် အီရန် အစိုးရ အားနည်းသွားသည်ကို ခံစားမိသောကြောင့် အစ္စရေးနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား လုပ်ကြံ သတ်ဖြတ်မှုများမှ တစ်ဆင့် အမြန်အောင်ပွဲခံရန် မျှော်လင့်ခဲ့ကြသည်။ သို့သော် ခေါင်းဆောင်ပိုင်းအား လုပ်ကြံဖြတ်ခြင်း သည် အစိုးရကို ပြိုလဲသွားအောင် မလုပ်နိုင်ခဲ့ကြောင်း တွေ့လာရသည်။ အစိုးရပြိုလဲမှုအစား ခေါင်းဆောင်မျိုးဆက်သစ် တစ်ခု အနေဖြင့် အီရန်ကို တာဝန်ယူအုပ်ချုပ်ရန် တံခါးဖွင့်ပေးလိုက်သလို ဖြစ်လာခဲ့သည်။

အနောက်တိုင်းမှ စောင့်ကြည့်သူများ၏ အမြင်အရ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် လွှမ်းမိုးထားသော စစ်ပွဲအတွင်း ပေါ်ထွက်လာသည့် ခေါင်းဆောင်ပိုင်းအသစ်သည် အမေရိကန်နှင့် အစ္စရေးအပေါ် ပိုမိုတင်းမာ၍ ရန်လိုသည့် သဘောထားရှိ သည်ဟု ရှုမြင်ကြသည်။

သို့သော်လည်း ယင်းသဘောထားအမြင်သည် လုံးဝ မှန်ကန်သည်ဟု မဆိုနိုင်ပါ။ အခြေအနေအမှန်ကို ခွဲခြားစိတ်ဖြာ သိမြင်အောင်လုပ်ခြင်းက ပို၍ သိမ်မွေ့ပြီး ပို၍လည်း အရေးပါသည်ဟု ဆိုရမည်။ အီရန်နိုင်ငံ၏ ပြင်ပမှ စောင့်ကြည့်သူများ အနေဖြင့် အမြင့်ဆုံးခေါင်းဆောင်သစ် ‘မိုဂျ်တာဘာ ခါမေနီ’ ၊ လွှတ်တော်ဥက္ကဋ္ဌ ‘မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်’ နှင့် IRGC တပ်မှူး ‘အာမက် ဗာဟီဒီ’ ကဲ့သို့သော ထိပ်တန်းခေါင်းဆောင်အချို့ကို အာရုံစိုက်ကြည့်နေကြ ကြောင်း တွေ့ရသည်။

သို့သော်လည်း ပိုအရေးကြီးသည့်အချက်မှာ သူတို့အောက်က ရာထူးအဆင့်ဆင့်တွင် ဖြစ်ပေါ်လာသည့် အပြောင်း အလဲများဖြစ်သည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေးအပြီးတွင် အရွယ်ရောက်လာသော IRGC တပ်မှူးမျိုးဆက်သစ်များနှင့် အရပ်ဘက် လုံခြုံရေးအရာရှိများ၏ အခန်းကဏ္ဍက အရေးပါလာနေသည်။ အဆိုပါ မျိုးဆက်သစ်သည် ယခုအချိန်တွင် အဓိက ဆုံးဖြတ်ချက်ချမှတ်သည့် ရာထူးများ၌ တာဝန် ထမ်းဆောင်နေကြသည်။ ထိုမျိုးဆက်သစ်သည် နိုင်ငံတော်၏ နည်းဗျူဟာနှင့် လုံခြုံရေးအပေါ် အခြေခံ၍ အစ္စလာမ်သမ္မတနိုင်ငံကို အမျိုးသားရေးအမြင်အဖြစ် ပြန်လည် အဓိပ္ပာယ် ဖွင့်ဆို နေကြသည်ဟု ဆိုသည်။

ယခင်ခေါင်းဆောင်များဖြစ်သည့် ‘ရူဟိုလာ ခိုမေနီ’ နှင့် ‘အလီ ခါမေနီ’ အပါအဝင် တော်လှန်ရေးကို ဦးဆောင်သူ မျိုးဆက်၏ ကမ္ဘာကို ရှုမြင်ပုံများသည် အမေရိကန်က ကျောထောက်နောက်ခံ ပေးထားသည့် ‘မိုဟာမက် ရီဇာ ရှား ပါလာဗီ’ ၏ အုပ်ချုပ်မှုကို ကြာရှည်စွာ ဆန့်ကျင်ခဲ့ကြသည်။ ‘မိုဟာမက် ရီဇာ ရှား ပါလာဗီ’ ၏ အကျဉ်းထောင်များအတွင်း သို့မဟုတ် ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရခြင်းကြောင့် ဆန့်ကျင်ရေးအမြင်များဖြစ်ပေါ်လာခဲ့သည်ဟု ဆိုသည်။

ယနေ့ခေတ်ကို ဦးဆောင်နေသူများမှာ အီရန်၏ ဒုတိယမျိုးဆက် တော်လှန်ရေးသမားများဖြစ်သည်။ ၎င်းတို့သည် ‘မိုဂ်ျတာဘာ ခါမေနီ’ ၊ ‘ဂါလီဘတ်ဖ်’ နှင့် ‘ဗာဟီဒီ’ တို့ဖြစ်၍ သူတို့သည် အီရန်-အီရတ် စစ်ပွဲအတွင်းတွင် ဆယ်ကျော်သက် အရွယ် လူငယ်များဖြစ်သည်။

၎င်းတို့၏ ကမ္ဘာ့အမြင်သည် နှစ်ဆယ်ရာစု၏ အရှည်ကြာဆုံး ရိုးရာစစ်ပွဲ၏ ကတုတ်ကျင်းများ အတွင်း ပိုမိုခိုင်မာလာခဲ့သည်။ အီရန်၏ နိုင်ငံရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ စီမံခန့်ခွဲမှုအတန်းအစားသစ်၊ တော်လှန်ရေး ၏ တတိယမျိုးဆက်တွင် ပါဝင်သူများသည် “တော်လှန်ရေးအလွန် အီရန်” မှလွဲ၍ အခြားဘာမှ မသိကြပါ။ လက်နက်ကိုင်တပ်ဖွဲ့များနှင့် IRGC ၏ အရာရှိအတန်းအစား တပ်မှူးများသည် ၎င်းတို့၏ ဆက်စပ်လုံခြုံရေးအဖွဲ့ အစည်းများနှင့်အတူ တော်လှန်ရေးအတွေးအခေါ် မဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးကို အခြေခံတည်ဆောက်ထားသော ဖွဲ့စည်းတည်ဆောက်ပုံ နည်းပညာ ယဉ်ကျေးမှုနှင့် မဟာဗျူဟာမြောက် ရှုထောင့်ကို လက်ခံကျင့်သုံးခဲ့ကြသည်။ ထို့အပြင် စစ်ရေးအရ သာလွန်သော အင်အားကြီးနိုင်ငံများကို ဆန့်ကျင်သည့် စစ်ပွဲနှစ်ခု (ယခင် ၂၀၂၅ ခုနှစ်က ၁၂ ရက်ကြာစစ်ပွဲနှင့် ယခုနှစ်တွင် ပိုမိုကြီးမားသော ပဋိပက္ခ) အတွင်း အီရန်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ ယုံကြည်ချက်ရှိသော ခေါင်းဆောင်များ၏ အုပ်ချုပ်မှုဖြင့် ဆင်နွှဲသော တော်လှန်ရေးကသာ ကတိပေးထားသည့်အတိုင်း အရှေ့အလယ်ပိုင်းတွင် အမေရိကန်သြဇာအာဏာကို အမှန်တကယ် အားနည်းယုတ်လျော့စေခဲ့သည်ဟု ဆိုသည်။

အီရန်ဆွေးနွေးပွဲများ အဘယ်ကြောင့် ရပ်တန့်နေရသနည်း

သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် အီရန်၏ နျူကလီးယား ရည်မှန်းချက်များကို လျှော့ချရန် နည်းလမ်းရှာဖွေနေချိန်တွင် ဝါရှင်တန်နှင့် တီဟီရန်တို့သည် သဘောတူညီမှု ရရှိရန် ညှိနှိုင်းနေကြပုံရသည်။ သို့ရာတွင် ဝါရှင်တန်အစိုးရနှင့် တီဟီရန်အစိုးရတို့အကြား ညှိနှိုင်းမှုသည် အပေးအယူမျှတအောင် လုပ်ဆောင်နေသော သဘောမျိုး မဟုတ်ဟု ဆိုရမည်။ ဝါရှင်တန်သည် အီရန်နှင့် ညှိနှိုင်းမှုများလုပ်ရာ၌ “အာဏာမှန်ဘီလူး” ဖြင့် ရှုမြင်လေ့ရှိသည်။ တီဟီရန်ကမူ ဟော်မုဇ်ရေလက်ကြားကို “ပိုင်ဆိုင်မှု မှန်ဘီလူး”ဖြင့် ရှုမြင်နေသည်။

ဝါရှင်တန်သည် အီရန်အား “စီးပွားရေးဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှုများ” မှတစ်ဆင့် တောင်းဆိုမှုများလုပ်နေ သည်။ အတင်းအကျပ် ဖိအားပေး၍ လိုက်လျောစေရန် ရည်ရွယ်သည်။ အီရန်ကမူ တန်ဖိုးရှိသော ပစ္စည်းကို လက်ထဲ၌ ဆုပ်ကိုင်ထားပြီး သူတို့လိုချင်တာ မရမချင်း ပြန်မပေးဘဲ အမေရိကန်ကို အညံ့ခံခိုင်းသည့် နည်းဗျူဟာကို ကျင့်သုံးနေသည် ဟု ‘ဘရက် မက်ဂါ့(က်)’ (Brett McGurk) က သူ့ဆောင်းပါး၌ ဖော်ပြထားသည်။ ‘ဘရက် မက်ဂါ့(က်)’က “အဲဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်သင်ယူခဲ့ရဖူးပါတယ်” ဟု ဆိုထားသည် ။ Brett McGurk သည် သမ္မတ George W. Bush၊ Barack Obama၊ Donald Trump နှင့် Joe Biden တို့လက်ထက်က အကြီးတန်း အမျိုးသားလုံခြုံရေးရာထူးများတွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ သူသည် လက်ရှိတွင် CNN ကမ္ဘာ့အရေးအရာ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည်။

ဓားစာခံညှိနှိုင်းမှု ပြဿနာ၏ ဂန္ထဝင် ဒိုင်းနမစ်

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တီဟီရန်၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အီဗင်အကျဉ်းထောင် (Evin Prison). မှာ ဖမ်းဆီးခံထားရသော အမေရိကန်ဓားစာခံများကို လွှတ်ပေးရေးအတွက် အီရန်နှင့် အချိန်ကြာမြင့်စွာ ညှိနှိုင်းခဲ့ရသည့် ညှိနှိုင်းမှုများတွင် ‘ဘရက် မက်ဂါ့(က်)’ က နှစ်ကြိမ်ပါဝင်ခဲ့ဖူးသည်ဟု သိရသည်။

“ဓားစာခံကိစ္စ ညှိနှိုင်းမှုတွေမှာ အင်အားကြီးတယ်ဆိုတာက အလုပ်မဖြစ်တော့ပါဘူး။ အီရန်က ဒါကို ကောင်းကောင်းသိလို့ ၁၉၇၉ တော်လှန်ရေးကတည်းက အမေရိကန်နဲ့ အပေးအယူလုပ်ဖို့ ဓားစာခံတွေကို ဖမ်းပြီး ကစားကွက်ဆင်ခဲ့တာပါ။” ဟု ‘ဘရက် မက်ဂါ့(က်)’ က ဆိုသည်။

“ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်နိုင်ငံကို ကိုယ်စားပြုနေတဲ့ သံတမန်တစ်ယောက်အနေနဲ့ ကျွန်တော့်လက်ထဲမှာ အီရန်ကို ယှဉ်ပြိုင်ဖို့ အသာစီးရယူထားနိုင်တာမျိုး ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ သူတို့လက်ထဲမှာ ကျွန်တော်တို့ လိုချင်တဲ့အရာ (အမေရိကန်နိုင်ငံသားဓားစာခံတွေ) ရှိနေတယ်။ ကျွန်တော်တို့ဘက်က ထိုက်ထိုက်တန်တန် တန်ဖိုး မပေးမချင်း သူတို့က စျေးကိုင်ထားမှာပါပဲ။”

ဓားစာခံညှိနှိုင်းမှုများကို ဆောင်ရွက်ရသောအခါ မိမိတို့၏ “အာဏာအားသာချက်များ” ကို အားနည်းပြိုလဲစေခဲ့ရ သည်။ အီရန်က ဤအခြေအနေကို ကောင်းကောင်းနားလည်ထားသည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေးကတည်းက ‘တီဟီရန်’ က ဓားစာခံများကို အမေရိကန်နှင့် ညှိနှိုင်းရာမှာ ဈေးကစားစရာ ပစ္စည်းအဖြစ် အကြိမ်ကြိမ် အလျှော့အတင်းလုပ်ရာ၌ အသုံး ပြုခဲ့သည်။

လက်တွေ့ အတွေ့အကြုံအရ “အင်အား” ရှိရေးထက် “လက်ဝယ်ပိုင်ဆိုင်မှုရှိရေး” က ပိုအရေးကြီးပုံကို တွေ့ရ သည်။ ဓားစာခံ ကယ်ဆယ်ရေးအတွက် စစ်ဆင်ရေး အစီအစဉ် မလုပ်နိုင်ပါက အမေရိကန်အနေဖြင့် ‘တီဟီရန်’ ဘက်က တောင်းသည့်ဈေးကို ဆစ်၍မရနိုင်ပါ။ တောင်းသလောက် ပေးရမည်သာဖြစ်ပြီး ဘာမျှအရေးဆို၍ မရနိုင်ပါ။ ဓားစာခံများ ကို ကယ်တင်ရေးလုပ်ငန်းစဉ်အတွက် ဝါရှင်တန်အနေဖြင့် သဘောတူညီထားသော ဈေးနှုန်းကို ပေးဆောင်ခြင်းမှလွဲ၍ ဘာမျှမတတ်နိုင်ပါ။

အချိန်ကလည်း အီရန်ဘက်ကို မျက်နှာသာပေးခဲ့သည်။ ‘တီဟီရန်’အနေဖြင့် မလုပ်မဖြစ် ဆိုရလောက်အောင် အရေးတကြီးဖြစ်စရာဟုလည်း မရှိခဲ့ပါ။ အီရန်၏ ဗျူဟာမှာ ဓားစာခံများ ဒုက္ခရောက်လေ၊ သူတို့ လွတ်မြောက်ရေးနင့် လုံခြုံရေးကိစ္စအတွက် ဝါရှင်တန်အစိုးရ အခက်တွေ့လေ ဖြစ်သည်။ ဤနည်းအားဖြင့် နိုင်ငံရေးဖိအားများ မြင့်တက်လာ သည်ကို စောင့်ဆိုင်းရုံသာ တတ်နိုင်ခဲ့သည်။

ဤနည်းဗျူဟာကို ယခုလည်း အီရန်က ပြန်လည်အသုံးပြုနေသည်ဟု ဆိုသည်။ အီရန်၏ သြဇာလွှမ်းမိုးမှု အတိုင်းအတာက အချိန်နှင့်အမျှ တိုးလာနေသည်မှာ သိသာပါသည်။ ယခုလည်း အီရန်က ဤနည်းဗျူဟာအရ သူတို့ ချုပ်ကိုင်ထား သည့် ဓားစာခံကို လက်ဝယ်ရရှိထားသည်။ လက်ရှိ ဓားစာခံမှာ ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ် သည့် ဟော်မုဇ် ရေလက်ကြားဖြစ်သည်။ ကမ္ဘာ့ရေနံကုန်သွယ်ရေးလမ်းကြောင်း၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းနေသော ဟော်မုဇ်ရေလက် ကြားကို အီရန်က ဒရုန်းလက်နက်များ၊ ဒုံးကျည်များဖြင့် ခြိမ်းခြောက်ကာ ထိန်းချုပ်ထားသည်။

‘တီဟီရန်’၏ အမြင်တွင် ဤရေလက်ကြားသည် အီရန်တို့ပိုင်ဆိုင်ထားသည့် နေရာဌာနဖြစ်သည်။ အမေရိကန်နှင့် တကွ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဟော်မုဇ်ကို ပြန်လည်ဖွင့်လှစ်ပေးစေလိုပါက အီရန်ဘက်က တောင်းသည့်‌စျေးကို ဆစ်၍ မရနိုင်သည့် အခြေအနေဖြစ်သည်ဟု တွက်ဆထားပုံရသည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် ‘မိုဂျ်တာဘာ ခါမေနီ’ ၏ စစ်ဘက်အကြံပေး ‘မိုဆန် ရေဇာအီ’ (Mohsen Rezaei)ကို CNN က တွေ့ဆုံမေးမြန်းခန်းလုပ်ခဲ့သည်ကို ကြည့်ပြီး ကျွန်တော် တော်တော်လေး စိတ်မသက်မသာ ဖြစ်မိ သည်။ သူက အမေရိကန် ဘက်က ထိန်းချုပ်ထားသည့် အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လွှတ်မပေးမချင်း ဟော်မုဇ်ရေလက်ကြားကို လုံးဝ ပြန်ဖွင့်ပေးမည်မဟုတ်ဟု အပြတ်ပြောခဲ့သည်။ ယင်းထိန်းချုပ်ထားသည့် ငွေကြေးမှာ အီရန်ပိုင်ဆိုင်မှုဖြစ်ပြီး အမေရိကန် သမ္မတ ထရမ့်အနေဖြင့် ဆွေးနွေးပွဲကို အလေးအနက် သဘောထားသည်ဆိုပါက ထို ကိစ္စကို လုပ်ဆောင်ပြရန်လိုသည်ဟု ဆိုသည်။ “ယုံကြည်မှုစစ်ဆေးပွဲ” ဟု မိုဆန် ရေဇာအီ’ က ဆိုသည်။

အဆိုပါ အကြောင်းများကြောင့် ဆွေးနွေးပွဲများ ရပ်တန့်နေပြီး အောင်မြင်မှုကို မမြင်ရခြင်းဖြစ်သည်ဟု ‘မိုဆန် ရေဇာအီ’ က ဆိုသည်။ ဝါရှင်တန်တွင် ဖြစ်နေသော ပြဿနာမှာ ကြားဝင်ညှိနှိုင်းသူများမှတစ်ဆင့် စာတို (Message) ပေးပို့မှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက်တစ်ခုကို မည်သည့်အချိန်တွင် အပြီးသတ်နိုင်မည်နည်းဆိုသည့် မေးခွန်း ဖြစ်သည်။ တီဟီရန်တွင် ပေါ်ပေါက်နေသည့် မေးခွန်းမှာ ထရမ့်က သူတို့တောင်းဆိုနေသော ဈေးနှုန်းကို ပေးဆောင်မည်လား ဆိုသည့် သဘောဖြစ်သည်။ ဤသဘောအခြေအနေသည် ဓားစာခံညှိနှိုင်းမှု ပြဿနာ၏ ဂန္ထဝင် ဒိုင်းနမစ်ဖြစ်သည်ဟု ‘‘မိုဆန် ရေဇာအီ’’ က ဆိုသည်။

အမေရိကန် သြဇာလွှမ်းမိုးမှု၏ ကန့်သတ်ချက်များ

‘ထရမ့်အစိုးရ’သည် စီးပွားရေးဖိအားမှတစ်ဆင့် အီရန်၏ သြဇာလွှမ်းမိုးမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းခဲ့သည်။ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ခြင်းဖြင့် အီရန်ရေနံတင်ပို့မှုကို ရပ်တန့်ခြင်းဖြင့် ထရမ့်သည် တီဟီရန်က ရေရှည်ပဋိပက္ခမှ ရရှိနိုင်သည့် မည်သည့်အကျိုးကျေးဇူးများကိုမဆို ထိန်းချုပ်လိုက်သည်။ ‘တီဟီရန်’ ရရှိနိုင်မည့် အကျိုး အမြတ်ထက် ကျခံရမည့် ကုန်ကျစရိတ်များကို ပို၍ ကြီးမားစေရန် ကြိုးပမ်းဖန်တီးခဲ့သည်။

ထိုမဟာဗျူဟာသည် ယုတ္တိတန်သည်ဟု ဆိုကြသည်။ အီရန်နိုင်ငံအတွင်း စီးပွားရေးသက်ရောက်မှုသည် လာမည့် ရက်သတ္တပတ်များနှင့် လများအတွင်း ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ ညွှန်းကိန်းအများစုအရ နိုင်ငံသည် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် အစိုးရလစာများ ပေးဆောင်ရန် လိုအပ်သော ဝင်ငွေဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခြင်းနှင့်အတူ စီးပွားရေးပြိုလဲမှု၏ အစွန်းအထင်းတွင် ရှိနေသည်။

သို့သော် စီးပွားရေးအရ ထိခိုက်နာကျင်မှုနှင့် အီရန်ပြည်သူများ၏ ဆင်းရဲဒုက္ခများသည် ‘တီဟီရန်’ ရှိ ခေါင်းဆောင် သစ်များအား လှုပ်ရှား၍ မရနိုင်အောင် ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။ “ရီဇာအီ”သည် အီရန် အစ္စလာမ်သမ္မတနိုင်ငံ၏ အမာခံများကို ကိုယ်စားပြုပြီး သူ၏ နိုင်ငံရေးအမြင်သြဇာသည် လက်ရှိ တီဟီရန်တွင် မြင့်တက်လာပုံရသည်။ ဟော်မုဇ် ရေလက်ကြားသို့ ဝင်ရောက်ခွင့်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အစ္စလာမ်တော်လှန်ရေးအစောင့်တပ်အကြီးအကဲသစ် ဖြစ် သူ “အာမက် ဗာဟီဒီ” နှင့်အတူ ထင်ရှားလာသည်။ ယခုအခါ ထိုသြဇာတက်လာသော ခေါင်းဆောင်များမှာ အမေရိကန် နှင့် အစ္စရေးတို့၏ ပစ်မှတ်အသစ်များ ဖြစ်လာနေသည်ဟု ဆိုသည်။

အီရန်သည် ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးနောက်ပိုင်း အစ္စရေးကို ပစ်မှတ် ထားသည့် ၎င်း၏ ပထမဆုံး ဒုံးကျည်တိုက်ခိုက်မှုကို စတင်ခဲ့သည်။ ရက်သတ္တပတ်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် တင်းမာမှုအသစ်ကို အမှတ်အသားပြုခဲ့သည်ဟု ဆိုသည်။ အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များကို သမားရိုးကျစစ်တပ်ထက် ပြောက်ကျားတပ်ဖွဲ့နှင့်ဆင်တူသော စစ်ဆင်ရေးကွပ်ကဲမှုကွန်ရက်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အာဏာကို ကွဲပြား သော အုပ်စုများကြားတွင် ဖြန့်ဝေမည့်အစား အတွေးအခေါ်တူသည့် အုပ်စုများကြားတွင် အာရုံစိုက်ခဲ့သည်ဟု ဆိုသည်။ လာရီဂျာနီ၊ မူဆာဗီ၊ ပါ့ခ်ပူးနှင့် ရှမ်ခါနီတို့အားလုံးသည် နောက်ဆက်တွဲ အစ္စရေးတိုက်ခိုက်မှုများတွင် သေဆုံးခဲ့သော်လည်း ၎င်းတို့တည်ဆောက်ပေးခဲ့သော ခံနိုင်ရည်ရှိမှုမှာ လျော့နည်းသွားခြင်းမရှိဟု ဆိုသည်။

စစ်မြေပြင်တွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ၂၀၂၅ ဇွန်လစစ်ပွဲ၏ သင်ခန်းစာများကို တိကျစွာ အသုံးချခဲ့ သည်။ ၎င်းတို့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးတိုက်ခိုက်မှုကို ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေး၏ ကြားဖြတ်ဒုံးကျည်များကို ဖျက်ဆီးရန် ဒီဇိုင်းထုတ်ထားသော ဒုံးကျည်များနှင့် ဒရုန်းများကို စနစ်တကျပစ်ခတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ၎င်းတို့၏ ရန်သူများသည် အီရန်၏ ဒုံးကျည်စွမ်းရည်ကို လျင်မြန်စွာ ဖျက်ဆီးရန် မျှော်လင့်ထားပြီး ရေရှည်စစ်ဆင်ရေးအတွက် ပြင်ဆင်မထားကြောင်း ၎င်းတို့က ကောက်ချက်ချခဲ့ကြသည်။

၂၀၂၅ ခုနှစ် စစ်ပွဲအတွင်း အစ္စရေးသည် အီရန် “ဒုံးကျည်မြို့များ” ၏ ဝင်ပေါက်များကို ပစ်မှတ်ထားခဲ့ပြီး ၎င်းတို့ကို ထိထိရောက်ရောက် ပိတ်ဆို့ထားခဲ့သည်။ အီရန်သည် အဓိကအားဖြင့် အစ္စရေးလက်လှမ်းမမီသော အရှေ့ပိုင်းဒေသများမှ တစ်ဆင့် ပစ်ခတ်၍ ဖိအားပေးခဲ့သည်။ အီရန်သည် ဒုံးကျည်ပစ်လွှတ်စင်များကို နိုင်ငံ၏ ကျယ်ပြန့်သော ပထဝီဝင်အခြေခံ အနေအထား တစ်လျှောက် ဖြန့်ကြက်ခြင်းဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။ ပျက်စီးနေသော ပစ်လွှတ်စင်များနှင့် ဝင်ပေါက်များကို ပြုပြင်ရန်အတွက် စစ်ဘက်ဝန်ထမ်းများနှင့်အတူ အင်ဂျင်နီယာများကို ဒုံးကျည်မြို့များအတွင်း ထားရှိခဲ့သည်။ ၎င်းသည် အီရန်အား အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စု မျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်စွာ ဆက်လက်၍ ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်း ရှိစေခဲ့သည်ဟု ဆိုသည်။

IRGC သည် ပါရှန်ပင်လယ်ကွေ့နှင့် အစ္စရေးတစ်ဝန်းရှိ အမေရိကန်ရေဒါစနစ်များနှင့် စစ်ဘက်ဆိုင်ရာနေရာများကို ကျော်လွှားရန် ဈေးပေါသော ဒရုန်းများဖြန့်ကျက်ခြင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးခဲ့သည်။ ဒေသတစ်ဝှမ်းရှိ ပစ်မှတ် များသို့ ဒုံးကျည်လမ်းကြောင်းများ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ မညီမျှသော စစ်ပွဲ၏ ယုတ္တိဗေဒနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အီရတ်နိုင်ငံနေရာဒေသများကို ကျော်လွှားရန် လူလှိုင်းတိုက်ခိုက်မှုများကို အသုံးပြုခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ အီရန်သည် Shahed ဒရုန်းအုပ်စုများကို စေလွှတ်ခဲ့သည်ဟု ဆိုသည်။

ဤဈေးပေါပြီး အသုံးပြုရလွယ်ကူသော လက်နက်များသည် အမေရိကန်အခြေစိုက်စခန်းများကို ကာကွယ်ပေး သည့် လေကြောင်းရန်ကာကွယ်ရေးများအပြင် ဝါရှင်တန်၏ အာရပ်မဟာမိတ်အခြေစိုက်စခန်းများကိုပါ ယိုယွင်းစေခဲ့သည်။ တန်ဖိုးမြင့်ပစ်မှတ်များကို တိုက်ခိုက်ရန် တိကျသော ဒုံးကျည်များအတွက် စင်္ကြံများကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အီရန်စစ်တပ် သည် ပြစ်ဒဏ်ကို ခံယူရုံသာမက ရန်သူ့စစ်ပွဲရည်မှန်းချက်များကို ပျက်ပြားစေခြင်းဖြင့် မဟာဗျူဟာမြောက် အားသာချက် ရရှိရေးကိုပါ သင်ယူခဲ့သည်။

အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် ‘ခါမေနီ’ သေဆုံးပြီးနောက် သားဖြစ်သူ ‘မိုဂ်ျတာဘာ’ ၏ ရာထူးဆက်ခံမှုသည် မြန်ဆန်ပြီး အလွန်စနစ်တကျ ရှိခဲ့ကြောင်း သုံးသပ်ကြသည်။ ၂၀၂၅ ခုနှစ် ဇွန်လ စစ်ပွဲမှ ပေါ်ထွက်လာ သော မျိုးဆက်သစ်များသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ‘မိုဂ်ျတာဘာ’ သည် ၎င်းတို့ကို ကြာမြင့်စွာ ထောက်ခံအားပေးခဲ့ သောကြောင့် သူ့ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ ‘မိုဂ်ျတာဘာ’ သည်IRGCအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘာသာရေးကျောင်းသို့ ဝင်ရောက်ခြင်းမပြုမီ အီရန်-အီရတ်စစ်ပွဲတွင် တိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူသည် IRGC ၏ အသွင်ပြောင်းလဲမှုနှင့် အနာဂတ်ခေါင်းဆောင်မှု တိုးတက်လာရေးကို ကြီးကြပ်ခဲ့သည်။ ဖခင်ဖြစ်သူ၏ ဘေးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ‘မိုဂ်ျတာဘာ’ ခေါင်းဆောင်သစ် ဖြစ်လာမှုသည် အီရန်ခေါင်းဆောင်မှု မျိုးဆက် ပြောင်းလဲမှုကို အတည်ပြု လိုက်သည့် သဘောဟုဆိုသည်။

ဝါရှင်တန် မျှော်လင့်ထားသည့် အဖွဲ့အစည်းဆိုင်ရာ ပြိုလဲမှု ဖြစ်မလာဘဲ ဆန့်ကျင်ဘက် အခြေအနေသစ် ဖြစ် ပေါ်လာခဲ့သည်။ အီရန်အကြီးအကဲ ‘ခါမေနီ’ ဘန်ကာထဲတွင် မဟုတ်ဘဲ ၎င်း၏နေအိမ်တွင် သတ်ဖြတ်ခံရပုံမှာ အလွန် အရေးကြီးသည်ဟု ဆိုသည်။ ခေါင်းဆောင်သစ်များသည် သူ၏သေဆုံးမှုကို “အာဇာနည်” အဖြစ် ချက်ချင်းပုံဖော်ခဲ့ကြပြီး ထိုပုံဖော်ချက်သည် အောင်မြင်ခဲ့သည်။ စနစ်ကို စိတ်ဓာတ်ကျစေမည့်အစား ‘ခါမေနီ’ လုပ်ကြံမှုသည် ခေါင်းဆောင်မျိုးဆက် သစ်များအား လမ်းညွှန်မှုနှင့် အခြေခံမူများကို ချပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသတင်းစကားသည် အီရန်လူ့အဖွဲ့အစည်း၏ ကြီးမားသော အစိတ်အပိုင်းဖြစ်သည့် အစ္စလာမ်သမ္မတနိုင်ငံ အလံကို ဝန်းရံရန် ဆွဲဆောင်နိုင်ခဲ့သည်။ စစ်ရေးပြောင်းလဲမှု များကို အရှိန်မြှင့်တင်ရန်အတွက် IRGC ဗိုလ်ချုပ်ကြီးများဖြစ်သည့် Abdolrahim Mousavi၊ Mohammad Pakpour နှင့် Ali Shamkhani တို့ ဦးဆောင်သော အမြင့်ဆုံးကာကွယ်ရေးကောင်စီအသစ်ကို ဖန်တီးနိုင်ခဲ့သည်။

အီရန်၏ နောက်ပိုင်းစစ်ပွဲကို ကိုင်တွယ်ပုံသည် မျိုးဆက်သစ်၏ နည်းပညာဆိုင်ရာ ချဉ်းကပ်မှုကို ထင်ဟပ်စေခဲ့ သည်။ အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ယှဉ်ပြိုင်နေသော အာဏာဗဟိုဌာနများ၏ ရှုပ်ထွေးသော ပဟေဠိများကို ရှည်လျားစွာ ဖြတ်သန်းခဲ့ပြီး အဆုံးမရှိ ပြည်တွင်းငြင်းခုံမှုများနှင့် တည်ငြိမ်မှုမရှိသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် စစ်ပွဲ နှစ်ခုကြားတွင် ထိုရှုပ်ထွေးမှုသည် အဖွဲ့အစည်းဆိုင်ရာ စည်းကမ်းနှင့် ခံနိုင်ရည်ရှိမှုကို လမ်းဖွင့်ပေးခဲ့သည်။

ခေါင်းဆောင်မျိုးဆက်သစ်များအတွက် အရေးအကြီးဆုံးအောင်ပွဲမှာ ၎င်းတို့၏ “မဟာဗျူဟာ” အလုပ်ဖြစ်ခဲ့ခြင်း ပင် ဖြစ်သည်။ အီရန်နိုင်ငံသည် ခေါင်းဖြတ်ခံရမှု (Leadership Capitulation)ကို ကျော်လွှားနိုင်ခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ခဲ့သည်။ အမေရိကန် ရေတပ်၏ ပိတ်ဆို့ခြင်းကို ရင်ဆိုင်နိုင်ခဲ့သည်။ ထိုလုပ်ငန်းစဉ်တွင် အီရန်ခေါင်းဆောင် မျိုးဆက်သစ်သည် စစ်မြေပြင်ကို ပါရှန်ပင်လယ်ကွေ့အတွင်းသို့ ချဲ့ထွင်ခဲ့ပြီး အမေရိကန်စခန်း ၁၆ ခုကို ပြင်းထန်စွာ ပျက်စီးစေခဲ့ပြီး အများအပြားကို လည်ပတ်၍ မရနိုင်အောင် ထိုးနှက်နိုင်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ် ‘အေမာ ဆာအိဒ် အီရာဗာနီ’(Amir Saeid Iravani) က အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အင်အားသုံးမှုများဖြင့် ဖိအားပေးနေပါက ရေရှည်တည်တံ့မည့် သဘောတူညီချက် မရနိုင်ဟု ဆိုသည်။ “အီရန်အနေနဲ့ ဖိအားပေးခံရတဲ့ အခြေအနေမျိုးအောက်မှာ ဘယ်တုန်းကမှ ညှိနှိုင်းမှု မလုပ်ခဲ့သလို နောင်လည်း ညှိနှိုင်းမှာ မဟုတ်ဘူး” ဟု ယတိပြတ်ဆိုထားသည်။

နိဂုံးချုပ်အားဖြင့် အီရန်မျိုးဆက်သစ် ခေါင်းဆောင်ပိုင်းက ဟော်မုဇ်ရေလက်ကြားကို ဓါးစာခံအဖြစ် ထိန်းချုပ်နိုင် ခဲ့သည်။ အမေရိကန် ဘက်က ထိန်းချုပ်ထားသည့် အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လွှတ်မပေးမချင်း ဟော်မုဇ် ရေလက်ကြားကို လုံးဝ ပြန်ဖွင့်ပေးမည်မဟုတ်ဟု ဆိုသည့် ချုပ်ကွက်ကို အမေရိကန်တို့ မဖြေရှင်းနိုင်ပါက ဟော်မုဇ်ပြန်ဖွင့် ရေး အလှမ်းဝေးနေဦးမည်။ ဟော်မုဇ်ပိတ်ဆို့နေမှုကြောင့် အီရန်၊ အီရတ်၊ ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာ နှင့် ဘာရိန်း နိုင်ငံများ၏ ရေနံထုတ်လုပ်မှု ၄၅ ရာခိုင်နှုန်းအထိ လျှော့ချထားရသည်။ အကျိုးဆက်မှာ အမေရိကန်ပြည်ထောင်စုအပါ အဝင် ကမ္ဘာ့စီးပွားရေးကို ဆိုးဆိုးရွားရွား ကမောက်ကမ ဖြစ်စေသည်။

ဤအနေအထားအတိုင်းဆက်လက်တည်ရှိနေပါက ဒေါ်နယ်ထရမ့်သည် မကြာမီတွင် အရှုံးသမားအဖြစ် ကြေညာခံ ရဖွယ်ရှိသည်။ အီရန်မျိုးဆက်သစ် ခေါင်းဆောင်မှု၏ မဟာဗျူဟာ အောင်ပွဲရတော့မည်ဟု သုံးသပ်ရန် ဖြစ်လာပေသည်။

References:

  • The ultimate hostage negotiation: Why Iran talks are deadlocked, Analysis by Brett H. McGurk CNN 8 june 2026.
  • Iran’s New Grand Strategy by Narges Bajoghli and Vali Nasr; Foreign Policy. July/August 2026. Published on June 3, 2026.
  • How many times has Trump claimed an Iran deal is around the corner? Analysis by Aaron Blake, CNN 9 June 2026
Click to rate this post!
[Total: 3 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *