၁၉၃၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အီတလီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ နှစ်ပွဲစလုံးမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆွီဒင်လူမျိုး လူငယ်ဟာ အီတလီ အာဏာရှင် မူဆိုလီနီနဲ့ ညစာအတူစားရင်း တကယ်ပဲ တွေ့ဆုံခဲ့တာလား။ ပြီးတော့ သူဟာ အိမ်ရှင်အသင်းဘက်ကနေ ဘက်လိုက်ပေးဖို့ သဘောတူပြီး အီတလီအသင်း ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲနိုင်အောင် လမ်းခင်းပေး ခဲ့တာလား။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးတဲ့ ကောလာဟလတွေဟာ ယနေ့ထက်တိုင် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကမ္ဘာ့ဖလားပြိုင်ပွဲဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာတွေ၊ အရှုပ်တော်ပုံတွေနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။ ၁၉၃၀ ပြည့်နှစ် ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘောလုံးကွင်းကြီးဟာ ပြိုင်ပွဲဖွင့်ပွဲ ကျင်းပဖို့ အချိန်မီ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဲဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ခံထားရတဲ့ တစ်သင်းတည်းသော အာဖရိကအသင်းဖြစ်တဲ့ အီဂျစ်အသင်းဟာဆိုရင် သင်္ဘောမမှီလိုက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ ဗိုလ်စွဲသွားခဲ့တဲ့ ဥရုဂွေးအသင်းဟာ ဥရောပဘက်က နိုင်ငံတွေ လာရောက်ယှဉ်ပြိုင်မှု အလွန် နည်းပါးလွန်းတာကို အလွန်အမင်း စိတ်ဆိုးဒေါသထွက်ခဲ့တာကြောင့် နောက်ထပ်လေးနှစ်အကြာမှာ ကျင်းပတဲ့ မူဆိုလီနီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ပြီး သွားရောက်ယှဥ်ပြိုင်ခြင်း မပြုခဲ့ပါဘူး။ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ လက်ရှိ ချန်ပီယံအသင်းတစ်သင်း လာရောက်ယှဉ်ပြိုင်ဖို့ ပျက်ကွက်ခဲ့တဲ့ တစ်ခုတည်းသော အကြိမ်လည်း ဖြစ်ပါတယ်။
အိမ်ရှင်တို့ရဲ့ မရိုးသားမှုများ
၁၉၃၄ ခုနှစ်က အီတလီနိုင်ငံလိုပဲ အိမ်ရှင်နိုင်ငံတွေဟာ မရိုးမသား လှည့်ဖြားမှုတွေ လုပ်လေ့ရှိတယ်လို့ မကြာခဏ သံသယဖြစ်ခံရတတ်ပါတယ်။ ၁၉၆၆ ခုနှစ် အင်္ဂလန်နိုင်ငံမှာ ကမ္ဘာ့ဖလား ကျင်းပတုန်း ကလည်း (အင်္ဂလန်မှာရှိတဲ့ လူတိုင်းသိကြတဲ့အတိုင်း အိမ်ရှင်အသင်း ဗိုလ်စွဲသွားခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ) အိမ်ရှင်အသင်းနဲ့ အခြားဥရောပနိုင်ငံတွေ အသာစီးရစေဖို့ ကြိုတင်စီမံထားတာဖြစ်တယ်လို့ လက်တင် အမေရိက နိုင်ငံအတော်များများက ထင်ခဲ့ကြတယ်။
အင်္ဂလန်နဲ့ အာဂျင်တီးနား ပွဲစဥ်ဟာ အကြိတ်အနယ်ရှိလှပြီး အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသလို အင်္ဂလန်လူမျိုး ဒိုင်လူကြီးတစ်ဦးကလည်း ဥရုဂွေးအသင်းနဲ့ အနောက်ဂျာမနီအသင်းတို့ ကစားတဲ့ပွဲမှာ ဥရုဂွေးကစားသမား နှစ်ဦးကို အနီကတ်နဲ့ ထုတ်ပစ်ခဲ့ ပါသေး တယ်။
၂၀၀၂ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာ့ဖလားဟာ အာရှ အလှည့် ရောက်လာခဲ့ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား တွဲဖက်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာတော့ ဥရောပ နိုင်ငံတွေဘက်က ကံကြမ္မာဟာ သူတို့ဘက်မှာ မရှိဘူးလို့ မလုံမလဲ စိတ်ခံစားရမယ့်အချိန်ပေါ့။ တောင်ကိုရီးယားအသင်းဟာ ဒိုင်လူကြီးက အီတလီအသင်းရဲ့ ဂိုးကို ပယ်ဖျက်ပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီးနောက် အီတလီအသင်းကို ပြိုင်ပွဲကနေ အနိုင်ယူ မောင်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် အခြားပွဲစဉ်တစ်ခုမှာ စပိန်အသင်းကို ထပ်မံအနိုင်ယူခဲ့ပါတယ်။
“သူတို့တွေက စားပွဲဝိုင်းတစ်ခုမှာ ထိုင်ပြီး ငါတို့ကို ပြိုင်ပွဲထဲကနေ ဘယ်လိုမောင်းထုတ်မလဲဆိုတာ ဆုံးဖြတ်ခဲ့ကြတဲ့အတိုင်းပဲ” ဟု အီတလီအစိုးရဝန်ကြီး ဖရန်ကို ဖရက်တီနီ က မကျေမနပ် ညည်းတွားခဲ့ပါတယ်။
နိုင်ငံသားပြောင်းလဲခြင်းနှင့် လူသစ်စုဆောင်းမှု အငြင်းပွားမှုများ
မရိုးမသား ညစ်ပတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ မူဆိုလီနီဟာ အခြားနည်းလမ်းတစ်ခုကို လမ်းဖောက်ခဲ့ပါသေးတယ် —ဒါကတော့ တက်သစ်စ နိုင်ငံခြားသား ထူးချွန်ဘောလုံးသမားတွေကို ချက်ချင်း လက်ငင်း ရုတ်တရက် နိုင်ငံသားဖြစ် အောင်လုပ်ပြီး အမျိုးသားလက်ရွေးစင်အသင်းကို အင်အား တောင့်တင်းအောင် လုပ်တာပဲ ဖြစ်ပါတယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက အီတလီနိုင်ငံဟာ လက်တင်အမေရိကကနေ ကစားသမား အတော် များများကို ခေါ်ယူခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်က အီတလီအသင်းလူစာရင်းထဲက ကစားသမား ငါးဦးဆိုရင် အာဂျင်တီးနား သို့မဟုတ် ဘရာဇီးနိုင်ငံတွေရဲ့ လက်ရွေးစင်အသင်းတွေမှာ ကစားပေးခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ထင်ထင်ရှားရှား မြင်မကောင်းတဲ့ ဥပမာတစ်ခုကတော့—ကာတာနိုင်ငံဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်နိုင်ခြေ ပိုများလာစေဖို့အတွက် ဘရာဇီးဘောလုံးသမား သုံးဦးကို နိုင်ငံသားအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ ၂၀၀၄ ခုနှစ်မှာ စည်းမျဉ်းသစ်တစ်ခု ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီစည်းမျဉ်းအရ ဘောလုံးသမား တွေအနေ နဲ့ မိမိတို့ကိုယ်စားပြုမယ့် နိုင်ငံကို ပြောင်းလဲတော့မယ်ဆိုရင် အဲဒီနိုင်ငံသစ်နဲ့ ထင်ရှား ခိုင်လုံတဲ့ ပတ်သက်ဆက်နွှယ်မှု ရှိရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
ပြိုင်ဘက်ကို ဆေးခတ်၊ ထောင်ချောက်ဆင်ခြင်းများ
မရိုးမသား ညစ်ပတ်နည်းတွေထဲက တတိယမြောက် နည်းလမ်းကတော့ ပြိုင်ဘက်အသင်းကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထား မျိုး တစ်ခါမျှ မပြနိုင်ခဲ့ဖူးပါဘူး။ သို့သော်လည်း ၁၉၇၀ ပြည့်နှစ် မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မရိုးသားတဲ့ အကွက်အကွင်းတွေကြောင့် အကျည်းတန်ခဲ့ရတယ်လို့ အင်္ဂလန်ပရိသတ်တွေကတော့ ဒီနေ့အထိ အခိုင်အမာ ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။
အဲဒီတုန်းက အင်္ဂလန်အသင်းခေါင်းဆောင် ဘော်ဘီမိုးဟာ ပြိုင်ပွဲမစတင်မီလေးတင် ကိုလံဘီယာ နိုင်ငံမှာ လက်ကောက်တစ်ကွင်း ခိုးယူမှုစွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်း ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ သူတို့ရဲ့ ဂိုးသမား ဂေါ်ဒွန် ဘန့်ခ်စ်ဟာ ဗိုက်နာဝေဒနာကြောင့် မဖြစ်မနေ ပွဲနားခဲ့ရပါတယ်။ အဲဒီဗိုက်နာတာဟာ မသင်္ကာစရာကောင်းတဲ့ ဘီယာတစ်ပုလင်းကြောင့်လို့ သူက အပြစ်တင်ခဲ့ပါတယ်။
မကြာခင်က ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Observer ရဲ့ ဆောင်းပါး တစ်ပုဒ်မှာတော့ ဘရာဇီး နိုင်ငံက ယိမ်းယိုင်နေတဲ့ အာဏာရှင်အစိုးရကို လူထုထောက်ခံမှုရစေမယ့် ဘောလုံးအောင်ပွဲနဲ့ ပြန်လည် ကျားကန်ပေးနိုင်ဖို့အတွက် အမေရိကန် စီအိုင်အေ (CIA) က ဂိုးသမား ဘန့်ခ်စ် ကို ဆေးခတ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယတွေကို စုံစမ်းဖော်ပြခဲ့ပါတယ်။
၁၉၉၈ ခုနှစ် ပါရီမြို့မှာကျင်းပတဲ့ ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းက ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့စဉ်တုန်း ကလည်း သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒို (Ronaldo) ရဲ့ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ ရခြင်းဟာ ဆေးခတ်ခံရခြင်းရဲ့ ရလဒ်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုမှုများ ရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားအပေါ် စိတ်ဝင်စားမှုနှင့် စီးပွားရေးအခွင့်အလမ်းများ
ဒီလို ပူးပေါင်းကြံစည်မှုဆိုင်ရာ သီအိုရီတွေ၊ ကောလာဟလတွေ အားကောင်းမောင်းသန် ဖြစ်ထွန်းနေရ ခြင်းဟာ ကမ္ဘာတစ်ဝန်းက လူတွေ ကမ္ဘာ့ဖလားအပေါ် ဘယ်လောက်အထိ အလေးအနက်ထား စိတ်ဝင်စား ကြလဲဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဗိုလ်လုပွဲကို ရုပ်မြင်သံကြားကနေ ကြည့်ရှုသူဦးရေ ၁ ဒသမ ၅ ဘီလီယံ (သန်း ၁၅၀၀) အထိ ရှိခဲ့ပါတယ်။
ဒီလို လူစိတ်ဝင်စားမှု များပြားခြင်းကနေ ရုပ်သံထုတ်လွှင့်ခွင့် မူပိုင်ခွင့်များ၊ စပွန်ဆာပေးမှုများ၊ လိုင်စင်စာချုပ်များ၊ လက်မှတ်ရောင်းချရမှုများနှင့် ဘောလုံးပွဲကို လာရောက်ကြည့်ရှု့တဲ့ ပရိသတ်များကို ဧည့်ခံကြိုဆိုရေးကဏ္ဍ စတာတွေဆီကနေ အလွန်အမင်း များပြားလှတဲ့ ဝင်ငွေ စီးကြောင်းတွေကို ဖန်တီးပေးပါတယ်။
အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်နေတဲ့ ဖီဖာ ဟာ ယခုနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံအထိ ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒီဝင်ငွေအများစုဟာ ဖီဖာရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမျိုးသားဘောလုံးအဖွဲ့ချုပ် ၂၁၁ ခုနဲ့ သူတို့ရဲ့ ဒေသဆိုင်ရာ အဖွဲ့ခွဲ ခြောက်ခုဆီကို ပြန်လည်စီးဆင်း သွားမှာဖြစ်ပါတယ်။

ငွေကြေးခွဲဝေမှုနှင့် ဖီဖာအတွင်းက အကျင့်ပျက်ခြစားမှုများ
ဒီလိုမျိုး များပြားလှတဲ့ ရန်ပုံငွေတွေကို ဘယ်လိုမျိုး ခွဲဝေချထားပေးရမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ဖီဖာမှာ မရှိပါဘူး။ ဒါဟာ ဖီဖာအဖွဲ့ဝင်တွေ အနေနဲ့ အဖွဲ့အစည်း အတွင်းက စီမံခန့်ခွဲမှု အမှားအယွင်းတွေ ဒါမှမဟုတ် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ် နေကြဖို့ တွန်းအားတစ်ရပ် (သို့မဟုတ်) အကျိုးအမြတ်တစ်ခု ပေးထားသလို ဖြစ်နေစေပါတယ်။
၂၀၁၅ ခုနှစ်က အမေရိကန်နဲ့ ဆွစ်ဇာလန် အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုမှာတော့ အံ့အား သင့်စရာကောင်းအောင် ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖီဖာတာဝန်ရှိသူ ၄၀ ကျော် တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်က ဆွစ်ဇာလန်နိုင်ငံသား ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တား ဟာ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ် (နောက်ပိုင်းမှာတော့ သူ့မှာ အပြစ်မရှိကြောင်းပြနိုင်ခဲ့လို့ ကင်းရှင်းသွားခဲ့တယ်)။ သူ့နေရာကို ဆက်ခံဖို့ ရေပန်းစားခဲ့တဲ့ ကေမန်ကျွန်းစုက ဂျက်ဖရီ ဝက်ဘ် ခမျာမှာ ကတော့ ဖီဖာဥက္ကဋ္ဌမဖြစ်ခင်ဘဲ စွပ်စွဲချက် အတော်များများအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ရပြီး ဖီဖာဥက္ကဋ္ဌနေရာနဲ့လည်း လွဲသွားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ် အတော်များများဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အလှည့် အပြောင်း ဖြစ်ပျက်ပုံတွေအပေါ် အမျက်ဒေါသထွက်ရင်း…
အဲဒီနောက် မစ္စတာ ဘလတ္တားရဲ့ နေရာမှာ ဆွစ်ဇာလန်နိုင်ငံသား နောက်တစ်ဦးဖြစ်သူ ဂျီယာနီ အင်ဖန်တီနိုက ပြုပြင်ပြောင်းလဲရေးသမား ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ခဲ့ပါတယ်။
ဒီအရှုပ်တော်ပုံ မတိုင်ခင်ကတည်းက ဖီဖာဟာ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ ခရိုနီတွေ အကျိုးအမြတ်ရဖို့အတွက်ပဲ လုပ်ဆောင်နေတဲ့ “ငွေရှာတဲ့ ဂိုဏ်းကြီး” ဖြစ်တယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး ပရိသတ်တွေ စွဲစွဲမြဲမြဲ မြင်နေတဲ့ အမြင်ကို ရင်ဆိုင်ခဲ့ရတာပါ။
လူတွေကတော့ “ရာသီဥတု၊ လူအခွင့်အရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေအရ ကမ္ဘာ့ဖလားကျင်းပဖို့ လုံးဝမသင့်တော်တဲ့ ကာတာနိုင်ငံလို နေရာမျိုးမှာ ၂၀၂၂ ခုနှစ် ဗိုလ်လုပွဲတွေကို ဘာကြောင့် ကျင်းပခဲ့ရတာလဲ” လို့ မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။
ဥက္ကဋ္ဌနှင့် အာဏာရှိသူတို့၏ ဆက်ဆံရေး
မစ္စတာ အင်ဖန်တီနိုရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ဖီဖာအပေါ် ထွက်ပေါ်နေတဲ့ ဘောလုံး ပရိသတ်တွေ ရဲ့ အမြင်ဆိုးတွေကို လူထုစိတ်ထဲကနေ ပျောက်ပြယ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကမ္ဘာ့ဖလား အပေါ်မှာ လူတွေကို စိတ်ချယုံကြည်မှု မပြနိုင်ခင် သူ့မတိုင်ခင်က ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဆပ်ဘလတ္တားနဲ့ ဘရာဇီးလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဂျိုအာအို ဟာဗီလန်းတို့လိုပဲ သူဟာလည်း အာဏာရှိသူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မညံ့ကြောင်း သက်သေပြခဲ့ပါတယ်။
သူဟာ ဗလာဒီမီရီ ပူတင် ဆီကနေ “ချစ်ကြည်ရေးဆုတံဆိပ်” (Order of Friendship) ကို လက်ခံ ရရှိခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း ဒေါ်နယ်ထရမ့် ကို ချီးမြှင့်ဖို့အတွက် “ဖီဖာ ငြိမ်းချမ်းရေးဆု” (FIFA Peace Prize) ဆိုတဲ့ ဆုအသစ်တစ်ခုကို ကိုယ်တိုင် တီထွင်ဖန်တီးပေးခဲ့ ပါသေးတယ်။
နိုင်ငံရေးမုန်တိုင်းများကြားမှ ဖီဖာ
ကမ္ဘာ့ဖလားဟာ ချမ်းသာတဲ့နိုင်ငံတွေမှာသာ ကျင်းပလေ့ရှိတာမို့လို့ အဲဒီလို နိုင်ငံတွေက ခေါင်းဆောင်တွေ၊ အာဏာရှိသူတွေအပေါ် ဖီဖာခေါင်းဆောင်တွေရဲ့ အလိုလိုက် အကြိုက် ဆောင်တတ်တဲ့ စရိုက်ဟာ ဖီဖာရဲ့ အကြီးမားဆုံး အားသာချက်တစ်ခု ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရရှိလာမယ့် အလွန် ကြီးမားလှတဲ့ အမြတ်အစွန်း အကျိုးစီးပွားအတွက် ပထဝီနိုင်ငံရေး မုန်တိုင်းထန်မှုတွေကြားကနေ တည်တည်ငြိမ်ငြိမ်နဲ့ အံ့ဩစရာ ကောင်းလောက်အောင် ပွဲစဥ်တွေကို စီစဥ်သွားနိုင်ခဲ့တာပါ။
၁၉၃၈ ခုနှစ်မှာ ဂျာမနီက ဩစတြီးယားကို သိမ်းပိုက်လိုက်တာကြောင့် အဲဒီနှစ် နိုင်ငံပေါင်း ၁၆ နိုင်ငံ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲမှာ တစ်သင်း လျော့နည်းသွားခဲ့ရပေမယ့် ဖီဖာကတော့ ဒါကို အစီအစဉ် အပျက် မခံခဲ့ပါဘူး။
အကယ်၍များ ကနေဒါနိုင်ငံဟာ ယခုနှစ်ပြိုင်ပွဲ မတိုင်ခင်မှာ မစ္စတာထရမ့်ကို ဒူးထောက်ပြီး အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်သွားခဲ့မယ် ဆိုရင်တောင် မစ္စတာ အင်ဖန်တီနိုကတော့ ဘာမျှ မဖြစ်သလိုမျိုး ခပ်တည်တည်နဲ့ နေမယ့်ပုံမျိုးပဲ။
စစ်မက်ဖြစ်ပွားမှုများနှင့် ကမ္ဘာ့ဖလား
၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တာဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိဖို့အတွက် အဟန့်အတား မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် အီရန်နဲ့ အမေရိကန်တို့ဟာလည်း စစ်ရေးအရ ရန်ဘက်ဖြစ်နေကြတဲ့ နိုင်ငံတွေထဲက ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခု တည်းမှာ အတူတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပထမဆုံးသော နိုင်ငံတွေ မဟုတ်ကြပါဘူး။
၁၉၈၂ ခုနှစ် ဖောက်ကလန်ကျွန်းစုကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ အာဂျင်တီးနားတို့ ဖြစ်ပွားခဲ့တဲ့စစ်ပွဲ ဖြစ်နေတုန်း အဲဒီနှစ်က စပိန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းရော အင်္ဂလန် အသင်းရောပါ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်တယ်။
အသင်းအရေအတွက် တိုးမြှင့်ခြင်းနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများ
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် အသင်းအရေအတွက်ကို ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးမြှင့်လိုက်တာကြောင့် ရောင်းချရမယ့် လက်မှတ်အရေအတွက်နဲ့ ရုပ်သံကနေ ထုတ်လွှင့်ရမယ့် ပွဲစဉ်အရေအတွက်ကို သိသိသာသာ တိုးတက်လာစေခဲ့ရုံတင်မကဘဲ ပဋိပက္ခတွေ၊ မကျေနပ်မှုတွေနဲ့ အရှုပ်တော်ပုံတွေ ဖြစ်လာနိုင်ခြေရဲ့ အတိုင်းအတာကိုလည်း အဆမတန် မြင့်တက်သွားစေခဲ့ပါတယ်။
“ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို အသုံးပြုပြီး ကမ္ဘာကြီးကို တကယ်ပဲ စည်းလုံးညီညွတ်အောင် လုပ်ဆောင် နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု မစ္စတာ အင်ဖန်တီနိုက ယုံကြည်ချက် အပြည့်နဲ့ ပြောကြား ခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ် အတော်များများဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အလှည့် အပြောင်း ဖြစ်ပျက်ပုံတွေအပေါ် အမျက်ဒေါသထွက်ရင်း တစ်စိတ်တစ်ဝမ်းတည်း စည်းလုံး သွားကြလိမ့်မယ်ဆိုတာကတော့ ပိုပြီး သေချာရေရာတဲ့ လောင်းကြေးတစ်ခု ဖြစ်ပုံရပါတယ်။
ကိုးကား – The World Cup has always been beset by scandal and strife, The Economist June 11, 2026


