The Corner

The Corner

cropped-Logo_round_grey-background.png

အစ္စရေးရဲ့ ထာဝရ စစ်ပွဲများ 

Share မယ်

ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေး၏ အမျိုးသားလုံခြုံရေးမူဝါဒကို ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

အစ္စရေးနိုင်ငံ၏ လွတ်လပ်ရေးနေ့ အကြိုကာလတွင် ဂျေရုဆလင်နှင့် တဲလ်အဗစ်မြို့ နှစ်မြို့ကို ဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးပေါ်တွင် အလံများ အမြဲတစေ ဝေဝေဆာဆာ ချိတ်ဆွဲထား လေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ အပြာနှင့် အဖြူရောင် အစ္စရေး အလံများ အကြားတွင် ကြယ်စင် တံခွန်ပါသော အခြားအလံတစ်ခုကိုလည်း ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ၎င်းမှာ အမေရိကန် အလံပင် ဖြစ်သည်။ အစ္စရေးအစိုးရသည် ၎င်းတို့၏ (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲကို ဆင်နွှဲရန်အတွက် ဒေါ်နယ်ထရမ့် (Donald Trump)သည် ဧပြီလ ၂၂ ရက်နေ့တွင် ရောက်ရှိလာ လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ထရမ့်သည် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဆု ဖြစ်သည့် ‘အစ္စရေးဆုံး’ (Israel prize) ကို ပထမဆုံးအကြိမ် လက်ခံရရှိမည့် အစ္စရေး နိုင်ငံသား မဟုတ်သူ တစ်ဦး ဖြစ်လာရန် ရှိခဲ့သည်။

သို့သော်လည်း အဆိုပါ အထိမ်းအမှတ်ပွဲသို့ ထရမ့်သည် ရောက်ရှိမလာခဲ့ပေ။ သမ္မတ၏ ခရီးစဉ်အစား ဧပြီလ ၁၆ ရက်နေ့တွင် လက်ဘနွန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် အမေရိကန် သမ္မတထံမှ တစ်ချက်လွှတ် အမိန့် များကိုသာ အစ္စရေးတို့ လက်ခံရရှိခဲ့သည်။ (အဆိုပါ အပစ်အခတ် ရပ်စဲရေးတွင် မတ်လ ၂ ရက်နေ့ကတည်းက အစ္စရေးနိုင်ငံအတွင်းသို့ စတင်ပစ်ခတ်ခဲ့ပြီး ယခုနောက်ဆုံး တိုက်ပွဲများကို ဖြစ်ပွားစေခဲ့သည့် အီရန် ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာ ပြည်သူ့စစ်များလည်း ပါဝင်သည်)။ ယခုအခါတွင်မူ အစ္စရေးနိုင်ငံကိုယ်တိုင် မရပ်တန့်နိုင်တော့သည့် စစ်ပွဲများကို အဆုံးသတ် ပေးနိုင်မည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ထရမ့်သာ ဖြစ်တော့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးကတည်းက အစ္စရေးသည် ဂါဇာ၊ လက်ဘနွန်နှင့် အီရန်တို့တွင် ပျက်စီးဆုံးရှုံးမှုကြီးမားပြီး ကာလရှည်ကြာသော စစ်ဆင်ရေးများကို ဆင်နွှဲခဲ့သည်။ ထို့အပြင် ပြတ်သားပြီး တိုတောင်းသော စစ်ပွဲများကိုသာ အလေးထားသည့် ကာလ ရှည်ကြာ ကျင့်သုံးလာသော အမျိုးသားလုံခြုံရေး မူဝါဒကိုလည်း စွန့်လွှတ်ခဲ့သည်။ ယင်းအစား အစ္စရေးသည် မိမိတို့၏ အရင်းအမြစ်များကို ပြုန်းတီးစေပြီး အရေးပါသော မဟာမိတ် ဆက်ဆံရေး များကို ထိခိုက်စေကာ ပျက်စီးဆုံးရှုံးမှုများနှင့် ကြောက်မက်ဖွယ်ရာ ဒုက္ခဝေဒနာများကို ဖြစ်ပေါ်စေလျက် မှားယွင်းသောလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုတစ်ကြိမ်သည် လွန်ခဲ့သည့် ၁၅ လအတွင်း ထရမ့်က အစ္စရေးအပေါ် ချမှတ်ခဲ့သည့် ပဉ္စမမြောက် အပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း ဂါဇာတွင် နှစ်ကြိမ်နှင့် အီရန်အရေးတွင် နှစ်ကြိမ်စီ ဖြစ်ပွားခဲ့ဖူးသည်။ အစ္စရေးနှင့် အမေရိကန်တို့သည် လက်ရှိ အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အတူတကွ စတင်ခဲ့ကြခြင်း ဖြစ်သော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ဆန္ဒကို ဆန့်ကျင်ပြီး စစ်ပွဲကို ရပ်တန့်ခဲ့သူမှာ ထရမ့်ပင် ဖြစ်သည်။ အမေရိကန်နှင့် အီရန်တို့အကြား ပိုမိုကျယ်ပြန့်သော သဘောတူညီချက်တစ်ခု ရရှိရန် အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်နေသည့် ဆွေးနွေးပွဲများ၌ အစ္စရေးသည် ပါဝင်ပတ်သက်သူ မဟုတ်ပေ။ သို့သော် ထိုဆွေးနွေးပွဲမှ ထွက်ပေါ် လာသည့် မည်သည့်သဘောတူညီချက်ကိုမဆို အစ္စရေးအနေဖြင့် လိုက်နာရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထရမ့်သည် အဆုံးမသတ်နိုင်သော အစ္စရေး၏ စစ်ပွဲများနှင့် ထိုစစ်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အနှောင့်အယှက်များကို ငြီးငွေ့လာပြီ ဖြစ်သည်။ အစ္စရေးအစိုးရနှင့် ၎င်း၏ နိုင်ငံသားအများစု လက်ခံရန် ငြင်းဆန်နေသည့် အချက်ဖြစ်သော “အစ္စရေး၏ လက်ရှိစစ်ပွဲများသည် ကျရှုံးမှုများဖြစ်သည်” ဆိုသည့် အချက်ကို အမေရိကန်သမ္မတက သိမြင်နားလည်ထားပုံရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဟာဗျူဟာရေးရာ တာဝန်ခံဟောင်းနှင့် အစ္စရေး သံအမတ်ဟောင်း တစ်ဦးဖြစ်သူ ဂျယ်ရမီ အိုင်ဆာခါရော့ဖ် (Jeremy Issacharoff) က “ဒီစစ်ပွဲတွေဟာ ရှင်းလင်းတဲ့ သံတမန် ရေးရာ ရည်မှန်းချက် ဒါမှမဟုတ် ရလဒ်မရှိဘဲနဲ့ အချိန်ဆွဲနေခဲ့တာပါ။ အပစ်အခတ် ရပ်စဲရေး ဆိုတာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်ပေမယ့်၊ ဒါကို အမေရိကန်ကနေ ကျွန်တော်တို့အပေါ် အမိန့်ပေးစေခိုင်းနေတာဟာ အစ္စရေးရဲ့ ဟန့်တားနိုင်စွမ်းကို ထိခိုက်စေပြီး ကျွန်တော်တို့နိုင်ငံကို လက်အောက်ခံနိုင်ငံတစ်ခုလို ဖြစ်သွားစေပါတယ်” ဟု ပြောကြားခဲ့သည်။

Photo credit: ynetnews

ဂါဇာနှင့် လက်ဘနွန်တို့တွင် အစ္စရေးသည် ဟားမတ်စ်နှင့် ဟဇ်ဘိုလာတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုများနှင့် ကြည်းကြောင်း စစ်ဆင်ရေး များကို ဆင်နွှဲခဲ့သည်။ အဆိုပါအဖွဲ့များကို ကြီးမားစွာ ထိုးနှက်နိုင်ခဲ့ပြီး ခေါင်းဆောင်များကိုလည်း သုတ်သင်နိုင်ခဲ့သည်။ သို့သော်လည်း အရပ်သားသောင်းနှင့်ချီ သေဆုံးခဲ့ရကာ ဂါဇာဒေသအများစုမှာ မြေလှန်ဖျက်ဆီးခံခဲ့ရသလို လက်ဘနွန်ရှိ မြို့ရွာအများအပြားလည်း ပျက်စီးခဲ့ရသည်။ နှစ်ဖက်စလုံးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ပြိုကွဲသွားခဲ့သည်။ အစ္စရေးသည် နယ်မြေအချို့ကို “လုံခြုံရေးဇုန်” အဖြစ် အကန့်အသတ်မရှိ သိမ်းပိုက်ထားခြင်းကြောင့် ဟားမတ်စ်နှင့် ဟဇ်ဘိုလာတို့သည် အားနည်းသွားသော်လည်း အမြစ်ပြတ်သွားခြင်း မရှိဘဲ ဆက်လက်အခြေစိုက်နေဆဲ ဖြစ်သည်။ ဝန်ကြီးချုပ် နေတန်ယာဟုက “အပြတ် အသတ် အောင်ပွဲရမည်” ဟု ကတိပြုခဲ့သော်လည်း လက်တွေ့တွင်မူ နယ်စပ်ရှိ ခြိမ်းခြောက်မှု များကို မဖယ်ရှားနိုင်ဘဲ အစ္စရေး၏ စစ်ဆင်ရေးများကို အဆုံးသတ်ရန် (သို့မဟုတ် အနည်းဆုံး ခေတ္တမျှ ရပ်တန့်ရန်) ထရမ့်၏ ဖိအားပေးမှုကို ခံခဲ့ရသည်။

ထို့အတူပင် ပြီးခဲ့သည့် ဇွန်လက အီရန်နှင့်စစ်ပွဲအပြီးတွင် ဝန်ကြီးချုပ် နေတန်ယာဟုက အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်များကြောင့် ဖြစ်ပေါ်နေသော “ရှင်သန် ရပ်တည်ရေး ဆိုင်ရာ ခြိမ်းခြောက်မှုများ” ကို “မျိုးဆက်ပေါင်းများစွာ တည်တံ့မည့် သမိုင်းဝင်အောင်ပွဲ” အဖြစ် ဖယ်ရှား နိုင်ခဲ့ပြီဟု အစ္စရေးပြည်သူများကို အာမခံခဲ့သည်။ သို့သော် ရှစ်လအကြာတွင် အစ္စရေးသည် အီရန်နှင့် ထပ်မံစစ်ဖြစ်ခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် နေတန်ယာဟုသည် “အီရန်အစိုးရကို ဖြိုဖျက်ရန်” နှင့် အီရန်ပြည်သူများ၏ တော်လှန် ပုန်ကန်မှုအတွက် လမ်းခင်းပေးရန်ဟူသော နောက်ထပ် စစ်ရည် မှန်းချက်တစ်ခုကို ထပ်မံထည့်သွင်းခဲ့သည်။ သို့သော်လည်း တီဟီရန်အစိုးရမှာ ဆက်လက် တည်မြဲ နေဆဲဖြစ်ပြီး ထရမ့်သည် ယခုအခါ အီရန်နှင့် သဘောတူညီချက်တစ်ခုရရှိရန် အလေးအနက် ရည်ရွယ်နေပြီဖြစ်သည်။

အောက်တိုဘာ ၇ ရက်နေ့၏ လူအစုအပြုံလိုက် သတ်ဖြတ်မှုများသည် အစ္စရေးပြည်သူများနှင့် စစ်ဘက်ခေါင်းဆောင်များကို ကြီးစွာသော စိတ်ဒဏ်ရာ ရရှိစေခဲ့သည်။ သို့သော်လည်း အစ္စရေး နိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်များသည် ဟန့်တားနိုင်စွမ်းနှင့် ကြိုတင်သတိပေးချက် ရရှိမှုဆိုင်ရာ ပျက်ကွက်မှုများအတွက် ယနေ့ထက်တိုင် တာဝန်ယူ တာဝန်ခံရခြင်း မရှိသေးပေ။ ယင်းမှာ အဓိက အားဖြင့် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့်ပင် ဖြစ်သည်။ ဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာနှင့် လက်ဘနွန်တောင်ပိုင်းတို့တွင် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရန် (Ethnic cleansing) ကို လိုလားသော ဝန်ကြီးများ ပါဝင်သည့် ၎င်း၏ လက်ယာစွန်းရောက် ညွန့်ပေါင်းအစိုးရ ပြိုကွဲမည်ကို စိုးရိမ်သဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် ငြင်းဆန်ထားသည်။

တစ်ချိန်တည်းမှာပင် လက်ဦးမှုယူ အရေးယူဆောင်ရွက်ခြင်း (Pre-emptive action) ဆိုင်ရာ အယူအဆကို တစ်မျိုးတစ်ဖုံ ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုထားသည့် တရားဝင်မဟုတ်သော မူဝါဒ အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါ မူဝါဒအရ အစ္စရေးအနေဖြင့် ရန်သူ၏ ရည်ရွယ်ချက်များ ကို ကြိုတင်သိရှိနိုင်စွမ်းအပေါ် မကိုးစားနိုင်တော့ပါက ရန်သူ၏ စွမ်းဆောင်ရည်များကို ပိုမိုစောစီးစွာ ကြိုတင်နှိမ်နင်းရမည် ဖြစ်သည်။ ထိုအခြေခံမူမှာ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲများ၊ ဂါဇာ၊ လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ “လုံခြုံရေးဇုန်” များအပေါ် ကျူးကျော်သိမ်းပိုက်မှုများကို လမ်းညွှန်ပေးနေခြင်း ဖြစ်သည်။ (ဒမတ်စကပ်ရှိ အစိုးရသစ်မှာမူ အစ္စရေးနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် တစ်ခု ရရှိရန် ကြိုးပမ်းနေသော်လည်း ဖြစ်သည်)။

အဆင့်မြင့် IDF အရာရှိများသည် ခြုံငုံမိသော မဟာဗျူဟာမရှိဘဲ စစ်ပွဲများကို ဆင်နွှဲနေရခြင်းအပေါ် မကျေမနပ် ဖြစ်နေကြသော်လည်း လူသိရှင်ကြားတွင်မူ နေတန်ယာဟု၏ အဆုံးမသတ်နိုင်သော ပဋိပက္ခလမ်းစဉ်နောက်သို့ လိုက်ပါနေကြသည်။ စတန်းဖို့ဒ်တက္ကသိုလ်မှ အစ္စရေးမဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူ အော် ရာဘီနိုဝစ် (Or Rabinowitz) က “အရင်ကတော့ IDF ဟာ နိုင်ငံရေးသမားတွေကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စစ်ဗိုလ်ချုပ်တွေဟာ အောက်တိုဘာ ၇ ရက်နေ့က သူတို့ရဲ့ ကျရှုံးမှုကြောင့် အစိုးရရဲ့ အဆိုးရွားဆုံး လမ်းစဉ်တွေကို ဆန့်ကျင်ဖို့ အလွန်အမင်း ကြောက်ရွံ့ နေကြပြီ။ သူတို့ဟာ အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေကို တိုက်ခိုက်နေတဲ့ အခြေချ နေထိုင်သူတွေကို ကူညီပေးနေတဲ့ သူတို့ရဲ့ ကိုယ်ပိုင်စစ်သားတွေကိုတောင် မတားဆီးနိုင်ကြတော့ဘူး။ အခုအချိန်မှာ တစ်ခုတည်းသော ဟန့်တားမှုကတော့ ဘရိတ်ကို နင်းထားတဲ့ ထရမ့်ရဲ့ ခြေထောက်ပဲ ရှိပါတော့တယ်” ဟု ပြောကြားခဲ့သည်။

ကိုးကား – The Economist, Israel’s open-ended wars have eroded its security

Click to rate this post!
[Total: 0 Average: 0]