အစိုးရကတော့ မဖြစ်နိုင်ဘူးလို့ အပိုင်တွက်ထားတယ်
ကော့ခရို့ချ်ဂျန်တာပါတီ (The Cockroach Janta Party – CJP) ကို တည်ထောင်တဲ့ အဘီဂျီးသ် ဒစ်ပ်ကေး (Abhijeet Dipke) က သူ နယူးဒေလီလေဆိပ်ကို ရောက်လာတာနဲ့ အဖမ်းခံရလိမ့်မယ်၊ ဒါ့အပြင် သူစီစဉ်ထားတဲ့ ကန့်ကွက်ဆန္ဒပြပွဲကိုလည်း တားမြစ်ပိတ်ပင်ခံရလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားခဲ့တယ်။

လွန်ခဲ့တဲ့ တစ်လလောက်ကတင် အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့က သူ့အိမ်မှာနေပြီး အင်တာနက် ကနေ လှောင်ပြောင်တဲ့ပုံနဲ့ စာသား (memes) တွေကို တင်နေတဲ့သူတစ်ယောက်အတွက် နည်းနည်း ပုံကြီးချဲ့သလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မစ္စတာဒစ်ပ်ကေးဟာ မမျှော်လင့်ထားဘဲနဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်အတွက် ခေါင်းဆောင်နေရာ ရောက်သွားရတာကို သူကိုယ်သူ သိသွားတယ်။
အိန္ဒိယနိုင်ငံက အလုပ်လက်မဲ့လူငယ်တွေနဲ့ ပတ်သက်ပြီး အခုနှစ် မေလအလယ်ပိုင်းတုန်းက အိန္ဒိယ တရားသူကြီးချုပ် ဆူရီယာခန့်က တရားခွင်ကြားနာမှုတစ်ခုမှာ အလုပ်အကိုင်မရှိဘဲ အွန်လိုင်းပေါ်မှာ ရေးနေကြတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကို ကပ်ပါးကောင် (Parasites)၊ ပိုးဟပ်တွေ (Cockroaches) လို့ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း နှိုင်းယှဉ်ပြောဆိုခဲ့ရာကနေ လူငယ်တွေ အကြီးအကျယ် မကျေမနပ် ဖြစ်ခဲ့ကြတယ်။ ဒီလို နှိမ့်ချပြောဆိုခံရတာကို တန်ပြန်တဲ့အနေနဲ့ အသက် ၃၀ အရွယ် အိန္ဒိယလူငယ် အဘီဂျီးသ် ဒစ်ပ်ကေးက “ဒါဆိုရင် ပိုးဟပ်တွေအားလုံး စုစည်းလိုက်ကြရင် ဘာဖြစ်မလဲ” ဆိုပြီး မကျေနပ်ချက်ကို ဟာသအသွင်ပြောင်းကာ The Cockroach Janta Party – CJP (ပိုးဟပ်ပြည်သူ့ပါတီ) အမည်နဲ့ အွန်လိုင်းမှာ ပျော်တော်ဆက် ပါတီအဖြစ် စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ (အိန္ဒိယက အာဏာရ BJP ပါတီကို သရော်ထားတာ ဖြစ်ပါတယ်။)
အဲဒီလို တည်ထောင်ပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ လိုလားသူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒီလှုပ်ရှားမှုဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အချိန်တိုအတွင်း အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတဲ့အချိန်မှာတော့ အိန္ဒိယအစိုးရရဲ့ ပထမဆုံးတုံ့ပြန်မှုက ချေမှုန်းပစ်ဖို့ ကြိုးစားမယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဇွန်လ ၆ ရက်၊ မစ္စတာဒစ်ပ်ကေး အိန္ဒိယနိုင်ငံကို ရောက်လာတဲ့အချိန်မှာတော့ အစိုးရက အခြေအနေကို လိမ္မာ ပါးနပ်စွာ ကိုင်တွယ်ပြီး လမ်းကြောင်းပြောင်းလိုက်တယ်။ နယူးဒေလီရဲအဖွဲ့က သူ့ကို လူထု ဆန္ဒပြပွဲကျင်းပဖို့ အဆောတလျင် ခွင့်ပြုခဲ့တယ်။
အသက် ၃၀ အရွယ်၊ အသားညိုညို၊ ဆံပင်ကောက်ကောက်နဲ့ ဆက်သွယ်ရေးလုပ်ငန်း အသက် မွေးဝမ်းကြောင်း ပညာရှင်တစ်ယောက်ဖြစ်တဲ့ မစ္စတာဒစ်ပ်ကေးဟာ နယူးဒေလီမြို့လယ်ကောင်က ဆန္ဒပြပွဲကျင်းပမယ့်နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် လာခဲ့တယ်။ နေ့လယ်ပိုင်း လောက်မှာ လူတစ်ထောင်၊ နှစ်ထောင်လောက် ရောက်နေကြပါပြီ။ အများစုကတော့ လူငယ်တွေပါပဲ။ အတော်များများက သူတို့ဘာသာ ရုပ်ရှင်ရိုက်ကူးနေကြပြီး ဗုံတွေတီးကာ ကြွေးကြော်သံတွေ ဟစ်ကြွေးနေကြတယ်။ ကမောက်ကမဖြစ်ခဲ့တဲ့ စာမေးပွဲနဲ့ အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ပညာရေးဝန်ကြီးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတယ်။
မစ္စတာဒစ်ပ်ကေးဟာ ဒါလစ် (Dalit) ခေါ်တဲ့ ဇာတ်နိမ့်လူတန်းစားတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဘီအာရ် အမ်ဘက်ကာ (B.R. Ambedkar) ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို မြှောက်ကိုင်ထားပြီး ဘေးပတ်ဝန်းကျင်က ကောင်းစွာမကြားရတဲ့ လက်တန်းမိန့်ခွန်းတွေကို ပြောကြားခဲ့တယ်။ အဲဒီလိုပြောနေရင်း တစ်ချိန်မှာ သူဟာ မူးမေ့လဲမယ့်ပုံစံ ဖြစ်သွားခဲ့ရတယ်။ ဒီလိုဖြစ်ရတာကလည်း ပြင်းထန်လှတဲ့ အပူရှိန်ကို ထည့်သွင်းစဉ်းစားကြည့်ရင်တော့ အံ့ဩစရာ သိပ်မရှိပါဘူး။
မစ္စတာဒစ်ပ်ကေး လှုံ့ဆော်ပေးလိုက်တဲ့ လူထုရဲ့ နာကျည်းချက်တွေဟာ ရေရှည်အမြစ်တွယ်နေပြီး အလွန်ကျယ်ပြန့်ပါတယ်။ ကန့်ကွက်ဆန္ဒပြနေကြတဲ့ လူငယ်တွေဟာ အိန္ဒိယတစ်နိုင်ငံလုံးက လူငယ်တွေ လိုပဲ အလုပ်အကိုင် မရှိတာနဲ့ သူတို့ရဲ့ အာရုံစိုက်မှုတွေကို ဖြိုခွဲဖျက်ဆီးပစ်ဖို့ တမင်ဖန်တီးထားတယ်လို့ ယူဆရတဲ့ ပညာရေးစနစ်တစ်ရပ်နဲ့ စပ်လျဉ်းလို့ အတော်ကို ဒေါသထွက်နေကြတယ်။ အာဏာရှိသူတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မတူကွဲပြားတဲ့ သဘောထားအမြင်ရှိသူတွေနဲ့ အတိုက်အခံတွေကို နှိပ်ကွပ်ကြတယ်လို့ လူအများက ပြစ်တင်ဝေဖန်ခဲ့ကြတယ်။

ဂျိုင်ပူးရ်မြို့ကနေ ရောက်လာတဲ့ နာဝင်းကတော့ “အခုဖြစ်တဲ့ ပြဿနာက ပညာရေးဝန်ကြီး မဟုတ်ပါဘူး၊ စနစ်ကြီးတစ်ခုလုံးရဲ့ ပြဿနာပါ” လို့ ပြောလိုက်ပါတယ်။ ချန်ဒရီဂါမြို့က အာဗင်းဆင်း ကတော့ “အခြေတည်ခါစ ဒီပါတီဟာ ဒေါသအမျက်ထွက်နေကြပေမဲ့ ကြောက်ရွံ့ထိတ်လန့်နေရတဲ့ လူငယ်တွေအတွက် ထုတ်ဖော်ပြောဆိုရဲတဲ့ သတ္တိနဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုကို ပေးစွမ်းနိုင်ခဲ့တယ်” လို့ ဆိုပြီး “အရာတစ်ခုခုဟာ သဘာဝအလျောက် အရှိန်အဟုန်နဲ့ ကြီးမားထွားကျိုင်းလာတဲ့အခါ အဲဒါက တစ်နေ့မှာ ပြန်ပြီးတော့ အန္တရာယ်ပေးလာတတ်ပါတယ်” လို့ ပြောကြားခဲ့တယ်။ သူတို့နှစ်ယောက်စလုံး ကတော့ ပိုးဟပ်ပုံ မျက်နှာဖုံးတွေကို စွပ်ထားကြတယ်။ “ကျုပ်တို့က ပိုးဟပ်တွေပဲ” ဆိုတဲ့ ကြွေးကြော်သံကို ဆန္ဒပြလူအုပ်ကြီးက အော်ဟစ်ခဲ့ကြတယ်။
မစ္စတာဒစ်ပ်ကေးက အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှာ ချီတက်ဆန္ဒပြပွဲတွေ ပေါ်လာစေမယ်လို့ ကတိပြုခဲ့တယ်။ သူ့မှာ အသုံးချနိုင်မယ့် များပြားလှတဲ့ မကျေနပ်မှုတွေနဲ့ အိန္ဒိယနိုင်ငံရေးလောကမှာ အတိုင်းအတာတစ်ခုအထိ အရာရောက်စေနိုင်မယ့် အင်အားကြီး သင်္ကေတတစ်ခု ရှိနေတယ်။ ဒါပေမဲ့ သူ့ရဲ့လှုပ်ရှားမှုက အခုမှ အစပျိုးခါစပဲ ရှိသေးတယ်။ အဲဒီလှုပ်ရှားမှုမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ တကယ့်အဖွဲ့အစည်း မရှိသေးသလို (ဒေလီမြို့မှာ ရှိတဲ့လူထုက သူ့ရဲ့ဆန္ဒပြပွဲတွေကို တက်ရောက်တာ နည်းသေးတယ်) တညီတညွတ်တည်းရှိတဲ့ သတင်းစကားမျိုး ပေးနိုင်တာမျိုးလည်း မရှိသေးဘူး။
ဒါ့အပြင် မစ္စတာဒစ်ပ်ကေးဟာ ခဏတာ ပေါက်ကွဲထွက်လာတဲ့ ဒေါသတွေကို ရေရှည်တည်တံ့တဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ့် အရည်အချင်းမျိုး ရှိ၊ မရှိ ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရှိ အာဏာပိုင်တွေကတော့ ပိုးဟပ်လူငယ်တွေရဲ့ လှုပ်ရှားမှုကို သာမန် အနှောင့်အယှက်ပေးတတ်တဲ့ ပိုးမွှားကလေးတစ်ခုထက် ပိုလိမ့်မယ်မဟုတ်ဘူးလို့ သံသယ ဝင်နေပုံရပါတယ်။ အခုထိဆိုရင် အဲဒီလိုထင်နေတဲ့သူတွေ မှားနေတယ်ဆိုတာကို ပိုးဟပ်လူငယ်တွေက သက်သေထူရတော့မှာ ဖြစ်တဲ့အကြောင်း The Economist စာစောင် ဆောင်းပါးရှင်က သုံးသပ် ရေးသားထားတာကို တင်ပြလိုက်ရပါတယ်။
ရည်ညွှန်း – The Economist, June 13, 2026


