The Corner

The Corner

cropped-Logo_round_grey-background.png

အရှေ့အလယ်ပိုင်းဒေသအထိ စစ်အင်အားပြလာတဲ့တရုတ်နိုင်ငံ

Share မယ်

တရုတ်တိုက်လေယာဉ်များ အီဂျစ်ဝေဟင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

အခုနှစ်ဩဂုတ်လ နောက်ဆုံးပတ်ထဲမှာ တရုတ်ဂျက်တိုက်လေယာဉ်ခြောက်စင်းဟာ အီဂျစ်နိုင်ငံ ဝေဟင်ထက်မှာ ပျံသန်းပြီး စစ်ရေးလေ့ကျင့်လှုပ်ရှားမှုရော သံခင်းတမန်ခင်းနည်းလမ်းတွေကိုပါ ဖော်ပြခဲ့တယ်။ တရုတ်နိုင်ငံရဲ့လေတပ်မှာ လက်နက်အပြည့်စုံဆုံး တပ်ဆင်ထားပြီး ပျံသန်းနိုင်တဲ့ ခရီးတာ အရှည်ဆုံး လေယာဉ်တွေဖြစ်တဲ့ ဂျေ-၁၆ အမျိုးအစားတိုက်လေယာဉ်တွေဟာ အီဂျစ်နိုင်ငံနဲ့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်နေတာဖြစ်တယ်။ အီဂျစ်နိုင်ငံဟာ အမေရိကန်နှင့် နီးကပ်သော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများရှိနေပြီး ဒေသတွင်းမှာ အမေရိကန်ကို ယုံကြည်အားထားမှုအပေါ် သံသယအသစ်တွေ ရှိနေချိန်မျိုးမှာ အခုလုပ်ရပ်ဟာ သတိပြုစရာ ဖြစ်လာပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံရဲ့ စစ်လေယာဉ်တွေဟာ အီဂျစ်မှာတင်မကပါဘူး၊ ၂ဝ၂ဝ ပြည့်နှစ်က သေကျေပျက်စီးမှုများရှိခဲ့တဲ့ တရုတ်နှင့် နယ်စပ်ပဋိပက္ခအတွင်းမှာ အိန္ဒိယနိုင်ငံက အသုံးပြုနေတဲ့ ပြင်သစ်နိုင်ငံကထုတ်လုပ် ရာဖဲလ် (Rafale) တိုက်လေယာဉ်တွေနဲ့ ပထမဆုံးအကြိမ် ကောင်းကင်ယံတိုက်ပွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်တယ်။

တရုတ်-အီဂျစ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ပွဲ ၂၀၂၆ မှတ်တမ်းပုံ တစ်ပုံ (Photo credit: ahram.org.eg)

ရက်သတ္တနှစ်ပတ်ကြာ ပြုလုပ်တဲ့ “Eagles of Civilisation” (ခေတ်မီ လူ့အဖွဲ့အစည်းရဲ့ လင်းယုန်များ) စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ဆယ်စုနှစ်တစ်ခုအတွင်း အီဂျစ်နိုင်ငံဆီ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်လည်ပတ်မယ့် စက်တင်ဘာလဆန်းပိုင်းမှာ ပြီးဆုံးမယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုနဲ့ မစ္စတာရှီရဲ့ အီဂျစ်ခရီးစဉ်ကို ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ စစ်ပွဲမတိုင်မီကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဝေဟင်စစ်ရေးလေ့ကျင့်မှုတွေကို နှစ်နှစ် ဆက်တိုက် ပြုလုပ်ခဲ့တာဖြစ်တယ်။ မစ္စတာရှီခရီးစဉ်ရဲ့ တရားဝင်ရည်ရွယ်ချက်ကတော့ တရုတ်နှင့် အီဂျစ်နှစ်နိုင်ငံက သံတမန်ဆက်ဆံရေး အနှစ် ၇ဝ ပြည့် အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးခရီး လာရောက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ တရုတ်ပြည်ရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း အချက်ပြလိုက်တာပါပဲ။

တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနေရာမှာ အစားထိုးဝင်ရောက်နိုင်တဲ့ စစ်လက်နက်ရောင်းချတဲ့ တခြားနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ခြေရှိတာနဲ့ မိမိနိုင်ငံကနေ ကွာလှမ်းလှတဲ့ နေရာတွေအထိ လေကြောင်းစွမ်းအား ပြသနိုင်တဲ့ တိုးတက်လာတဲ့ စွမ်းဆောင်နိုင်စွမ်းကို လက်တွေ့ သရုပ်ပြ လိုက်တာလဲ ဖြစ်တယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ လွှမ်းမိုးထားနိုင်တဲ့ စစ်ရေးအခန်း ကဏ္ဍဟာ အီရန်ကို စစ်နိုင်အောင် မတိုက်နိုင်တာ၊ သိုလှောင်ထားတဲ့လက်နက်တွေ လျော့နည်း ကုန်ခမ်း လာတာနဲ့ အကာအကွယ်ကောင်းကောင်း မပေးနိုင်ခဲ့လို့ ပျက်စီးသွားခဲ့ရတဲ့ စစ်စခန်းတွေကြောင့် မှေးမှိန်နေချိန်မျိုးမှာ တရုတ်က အခုလို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသကြီးအတွင်းမှာ အမေရိကန်ရဲ့နေရာကို ဝင်ယူပြီး အပြည့်အဝ အစားထိုးနိုင်ဖို့ စွမ်းရည်ရော ဆန္ဒပါ မရှိသေးပါဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင် ဖြည့်တင်းရေးအတွက် အရေးပါလှတဲ့ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေကို ကူညီဖို့နဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကန့်သတ်ချက်ရှိတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်ရာမှာ တဖြည်းဖြည်း ပိုပြီးကျွမ်းကျင်လာနေပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ အနာဂတ်မှာ ရာဖဲလ်နဲ့ တခြားအနောက်အုပ်စု တိုက်လေယာဉ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် တရုတ် လေသူရဲတွေအတွက် အထောက်အကူဖြစ်စေမယ့် အတွေ့အကြုံနဲ့ အချက်အလက်များကို ရရှိနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဒီကိစ္စကို အထူးစိုးရိမ်မိပါလိမ့်မယ်။ ၂၀၂၅ ခုနှစ်တုန်းက ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ရာဖဲလ်တိုက်လေယာဉ် အနည်းဆုံး တစ်စင်းဟာ ပါကစ္စတန်လေတပ်က တရုတ်ထုတ်တိုက်လေယာဉ်တွေရဲ့ ပစ်ခတ်တာကြောင့် ပျက်စီးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ (အိန္ဒိယတာဝန်ရှိသူတွေက တိုက်လေယာဉ် တချို့ ဆုံးရှုံးခဲ့ရတယ်လို့ ဝန်ခံထားပေမဲ့ ရာဖဲလ်တိုက်လေယာဉ် ပါတယ်ဆိုတာကိုတော့ ငြင်းဆို ထားကြတယ်)။

အဲဒီဒေသတွင်းမှာ တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ သံခင်းတမန်ခင်း ပစ်မှတ်ထားတဲ့နေရာကတော့ အီဂျစ်တစ်နိုင်ငံတည်းပဲ မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အတော်ကို နီးနီးစပ်စပ် စစ်ရေးအရ ဆက်ဆံမှုရှိနေကြတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် တခြားနိုင်ငံတွေနဲ့ပါ ကာကွယ်ရေးဆိုင်ရာ အဆက်အသွယ်တွေ တိုးမြှင့်ဖို့အတွက် လက်နက်ရောင်းချတာတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာမျိုးတွေကိုပါ အသုံးပြုခဲ့ပါတယ်။ တရုတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့ဟာ သူတို့ရဲ့ နောက်ဆုံးအကြိမ် ပူးတွဲ လေကြောင်း စစ်ရေး လေ့ကျင့်မှုကို ဩဂုတ်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ စတင်ဆောင်ရွက်ဖို့ လျာထားခဲ့ကြပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေကို ၂ဝ၂၃ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုစစ်လေယာဉ်တွေ ပါဝင်မယ်ဆိုတာကို ဘယ်ဘက်ကမှ ထုတ်ဖော်ပြောကြားတာမျိုး မရှိပေမဲ့ အရင်တုန်းက စစ်ရေးလေ့ကျင့်တဲ့အကြိမ်တွေမှာတော့ ထိုင်ဝမ်ကျွန်းကလည်း အသုံးပြုနေတဲ့ ယူအေအီးလေတပ်က ပြင်သစ်လုပ် ‘မီးရက်ချ်’ (Mirage) တိုက်လေယာဉ်တွေ ပါဝင်ခဲ့ဖူးပါတယ်။

တရုတ်-အီဂျစ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ပွဲ ၂၀၂၆ မှတ်တမ်းပုံ တစ်ပုံ (Photo credit: ahram.org.eg)

အခုလို စစ်ရေးလေ့ကျင့်မှုတွေဟာ လက်နက်ဈေးကွက် မြှင့်တင်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ် တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ၂ဝ၂၄ ခုနှစ်မှာ အီဂျစ်နိုင်ငံဟာ အင်ဂျင်တစ်လုံးတပ် ဂျေ-၁ဝ (J-10) တိုက်လေယာဉ် အရေအတွက် အတိအကျ မသိရသေးတဲ့ ပထမဆုံးကုန်မှာစာအဖြစ် မှာယူခဲ့တယ်လို့ သတင်းထွက်ခဲ့တယ်။ တရုတ်ဘက်ကတော့ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ အရောင်းအဝယ် အတည်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ၂ဝ၂၅ ခုနှစ် အီဂျစ်နဲ့ ပြုလုပ်တဲ့ ပထမအကြိမ် ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုမှာ J-10 လေယာဉ်တွေကို တရုတ်က စေလွှတ်ခဲ့တယ်။ အီဂျစ်နိုင်ငံဟာ ၁၉၈ဝ ခုနှစ်တွေကတည်းက ဝယ်ယူခဲ့လို့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အမေရိကန်ထုတ် အက်ဖ်-၁၆ (F-16) လေယာဉ်တွေနေရာမှာ အဲဒီလေယာဉ်တွေကို အစားထိုးဖို့ စဉ်းစားခဲ့တာ ဖြစ်နိုင်ပါတယ်။ အခုအခါ တရုတ်နိုင်ငံဟာ ပိုမိုလေးလံပြီး အင်ဂျင်နှစ်လုံးတပ် J-16 လေယာဉ်များကို အီဂျစ်နိုင်ငံကို မိတ်ဆက်ရောင်းချရန် ကြိုးပမ်းနေပုံရပြီး၊ အဲဒီလေယာဉ်တွေဟာ အီဂျစ်နိုင်ငံကို ပင်လယ်နီ၊ အာဖရိက ဦးချိုဒေသနှင့် တခြားနေရာတွေ အထိ ဝေးလံတဲ့ဒေသစစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်စေဖို့ ကူညီပေးနိုင်မှာပဲ ဖြစ်တယ်။

တရုတ်-အီဂျစ် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ပွဲ ၂၀၂၆ မှတ်တမ်းပုံ တစ်ပုံ (Photo credit: ahram.org.eg)

ဒါ့အပြင် အခုစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်နိုင်ငံကိုယ်တိုင်ရဲ့ နယ်နိမိတ်တွေကနေ ကွာလှမ်း လှတဲ့နေရာတွေဆီကို လေကြောင်းအင်အား မြန်မြန်ဆန်ဆန် စေလွှတ်ဖြန့်ကျက်နိုင်စွမ်း (project air power) ရှိမရှိ စမ်းသပ်ဖို့ အခွင့်အလမ်းတစ်ခုကိုလည်း ဖန်တီးပေးခဲ့တယ်။ J-16 တိုက်လေယာဉ်တွေ ဟာ တရုတ်နိုင်ငံကနေ အီဂျစ်နိုင်ငံအထိ ကီလိုမီတာ ၆,ဝဝဝ ခရီးကို ကိုးနာရီလောက် ပျံသန်းခဲ့ရတယ်။ ဒီလေယာဉ်တွေကို သူတို့နှင့်အတူ ပျံသန်းလာတဲ့ တရုတ် YY-20 လေကြောင်းဆီဖြည့်လေယာဉ်က ဆီဖြည့်ပေးခဲ့တာ ဖြစ်တယ်။ တရုတ်တိုက်လေယာဉ်တွေနဲ့ တခြားလေယာဉ်တွေဟာ ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာလည်း ရပ်နားခဲ့ကြသေးတယ်။ ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အရင်းနှီးဆုံး စစ်ရေး မဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တာမို့ အခုလို ခရီးတစ်ထောက် ရပ်နားခဲ့တာဟာ ကွာလှမ်းတဲ့ ဒေသတွေဆီကို တရုတ်ရဲ့ စစ်ဆင်ရေးတွေ တိုးချဲ့ရာမှာ ပါကစ္စတန်နိုင်ငံဟာ ခြေကုပ်စခန်း ဖြစ်လာ နိုင်ခြေရှိတဲ့ အလားအလာကို ထင်ရှားစေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ပြည်တွင်းမှာ ပိုပြီး အာရုံစိုက်ခံခဲ့ရတာကတော့ အီဂျစ်နိုင်ငံက ရာဖဲလ် တိုက်လေယာဉ်တွေ နဲ့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေး ပုံစံတူ ဖန်တီးလေ့ကျင့်တဲ့စစ်ရေးလေ့ကျင့်မှု (mock combat) ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက J-16 တိုက်လေယာဉ်တစ်စီးရဲ့ လေယာဉ်မှူးအခန်းတွင်းကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ရာ လေယာဉ်အနီးမှာ ရာဖဲလ်တိုက်လေယာဉ်တစ်စီး ပျံသန်းနေတာကို တွေ့ရတယ်။ စစ်ရေးလေ့ကျင့်မှုမှာ တစ်စီးချင်းစီနဲ့ လေယာဉ်နှစ်စီး ယှဉ်ပြိုင်တိုက်ခိုက်တဲ့ လေ့ကျင့်မှုတွေ ပါဝင်တယ်လို့ ဆိုတယ်။ အခုလို “မတူညီတဲ့ လေယာဉ်အမျိုးအစားတွေ ဝေဟင်တိုက်ပွဲ လေ့ကျင့်ခြင်း” (dissimilar air combat training) ဟာ လေသူရဲတွေကို အမျိုးအစားတူ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်တာထက်ပိုပြီး တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တယ်။ ဒါ့ပြင် တစ်ဖက်နှင့်တစ်ဖက် တိုက်လေယာဉ်ဆိုင်ရာ အချက်အလက်တွေကို အပြန်အလှန် စုဆောင်းနိုင်စေခဲ့တယ်။ တရုတ်နိုင်ငံဟာ မိမိနယ်နိမိတ်နဲ့ ဝေးကွာတဲ့နေရာတွေမှာ စစ်မှန်တဲ့တိုက်ပွဲတွေကို ဝင်ရောက်ဆင်နွှဲနိုင်ဖို့ ဘယ်လောက် ကြာဦးမယ် ဆိုတာ ရေရေရာရာ မရှိသေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ရရှိလာမယ့် စွမ်းရည်တစ်ခုအဖြစ်ကတော့ တရုတ်နိုင်ငံဟာ အဲဒီပစ်မှတ်ကို သေချာပေါက် ချိန်ရွယ်ထားပြီး ဖြစ်တယ်လို့ အီကောနော်မစ် စာစောင်ဆောင်းပါးရှင်က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။

ရည်ညွှန်း – The Economist, Sept 5th–11th, 2026

၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင် အီဂျစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ် ခရီးသွားရောက်စဥ် (Photo credit: ahram.org.eg)
Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *