အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် Diplomat စာစောင်၌ ဖော်ပြခဲ့သည် Why Kim Jong Un Should Want a 4th Summit With Donald Trump ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်
(အထက် ပုံစာ) ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Sofitel Legend Metropole ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ (ဓာတ်ပုံ – အိမ်ဖြူတော်)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဂျုံအွန်းနဲ့ စတုတ္ထအကြိမ် ထိပ်သီးတွေ့ဆုံဖို့ တွန်းအားပေး နေပေမယ့် အခုအချိန်အထိတော့ မြောက်ကိုရီးယားခေါင်းဆောင်ဘက်က ပယ်ချထားပါတယ်။ ကင်ကလည်း အလွယ်တကူ မလိုက်လျောဘဲ ဈေးကိုင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကို ဆယ်စုနှစ်များစွာ လေ့လာသုံးသပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ၊ မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ တရားဝင်ရော တရားမဝင်ပါ မျက်နှာချင်းဆိုင် အကြိမ်ကြိမ် တွေ့ဆုံခဲ့မှု၊ မြောက်ကိုရီးယားကို အကြိမ်များစွာ သွားရောက်ခဲ့မှုတွေအပေါ် အခြေခံကြည့်ရင် ပြုံယမ်း ထဲက လူတချို့ဟာ စတုတ္ထအကြိမ် ထိပ်သီးတွေ့ဆုံပွဲကနေ သူတို့နိုင်ငံအတွက် အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်တယ်လို့ ယုံကြည်နေနိုင်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်က ထင်သလိုမျိုးတော့ မဟုတ် ပါဘူး။
မြောက်ကိုရီးယားနဲ့ ကင်ရဲ့ အတွေ့အကြုံ၊ အထူးသဖြင့် ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ကျင်းပခဲ့တဲ့ ထိပ်သီးတွေ့ဆုံပွဲ သုံးကြိမ်၊ နောက်ပြီး လက်ရှိသမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြုံယမ်းက သုံးသပ်ထားပုံတို့ကို ကြည့်ရင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက စတုတ္ထအကြိမ်တွေ့ဆုံဖို့ ခိုင်မာတဲ့ အကြောင်းပြချက်အဖြစ် အောက်ပါအချက်တွေကို ကင်ဂျုံအွန်း အလေးအနက်ထား စဥ်းစားဖို့လိုပါလိမ့်မယ်။
ပထမအချက်က ကင်ရဲ့ စစ်ရေးနဲ့ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံတကာ ပထဝီနိုင်ငံရေး အပြောင်းအလဲ တွေကို အခွင့်ကောင်းယူနိုင်မှု၊ အထူးသဖြင့် ရုရှား၊ တရုတ်တို့နဲ့ ပြုံယမ်းရဲ့ နီးကပ်တဲ့ ဆက်ဆံရေး တို့ကြောင့် ဥက္ကဋ္ဌက ဆက်လုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် မြောက်ကိုရီးယားဟာ အသာစီးရနေတဲ့ အနေအထား ကနေ ဖြစ်လာမယ့် ထိပ်သီးတွေ့ဆုံပွဲကို တက်နိုင်ပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နဲ့ ထရမ့်ဟာ အရင်ကထက် အများကြီး အားနည်းနေပါတယ်။ သမ္မတရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်လွန်မှုနဲ့ မတည်ငြိမ်တဲ့ စရိုက်ကြောင့် အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထပ်ပြီး အားနည်းစေမယ့် အမှားတွေ လုပ်မိဖို့ များပါတယ်။ နောက်ထပ် ထိပ်သီးပွဲတစ်ခုက ဝါရှင်တန်ကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားအတွက် အကျိုးကြီးကြီးရစေမယ်ဆိုတာကိုလည်း သူ နားမလည်ပါဘူး။
ကင်ကိုယ်တိုင် အကြိမ်ကြိမ် ပြောခဲ့သလို စင်ကာပူ၊ ဟနွိုင်းနဲ့ စစ်မဲ့ဇုန်မှာ ကျင်းပခဲ့တဲ့ အရင် ထိပ်သီးပွဲတွေက အတိတ်မှာ ကျန်ခဲ့ပြီလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ အဲဒီတုန်းက ဥက္ကဋ္ဌဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ဆွေးနွေးပွဲစားပွဲပေါ်တင်ပြီး မြောက်ကိုရီးယားစီးပွားရေး ခေတ်မီ တိုးတက် ဖို့ နေရာဖန်တီးပေးမယ့် အပြန်အလှန်အနေနဲ့ ဝါရှင်တန်နဲ့ ဆက်ဆံရေး ကောင်းမွန် လာဖို့ အဓိကထားခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့အခြေအနေမှာတော့ နောက်ထပ်ထိပ်သီးပွဲတစ်ခုက တရုတ်နဲ့ အထူးသဖြင့် ရုရှားလို မိတ်ဆွေတွေကို ထောက်ခံပေးခြင်း၊ နိုင်ငံရပ်ခြားမှာ ဝါရှင်တန်ရဲ့ သြဇာကို လျော့ကျစေခြင်း၊ ပြုံယမ်းရဲ့ တိုးပွားနေတဲ့ နျူကလီးယားလက်နက်စုကို ထရမ့် လက်ခံလာအောင် တွန်းပို့ခြင်းအားဖြင့် မြောက်ကိုရီးယားရဲ့ ကမ္ဘာ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ထရမ့်ရဲ့ အမှားတွေကြောင့် ယိုယွင်းနေပြီးသား တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေးထဲ တင်းမာမှုတွေ ထပ်ဖန်တီးဖို့ အခုထက်ပိုကောင်းတဲ့ အချိန် မရှိတော့ဘူးလို့လည်း သုံးသပ်နိုင်ပါတယ်။
ပြုံယမ်းဘက်မှာ အလေးသာနေတယ်
အရင်ကလိုပဲ ကင်က ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် ထိပ်သီးပွဲရဲ့ အချိန်နဲ့ နေရာဟာ အမေရိကန်တွေနဲ့ အပြန်အလှန် ညှိနှိုင်းရမယ့် အကြောင်းအရာ ဖြစ်လာမှာပါ။ ဒီတစ်ကြိမ်မှာတော့ ထရမ့်ရဲ့ စရိုက်နဲ့ ပြည်တွင်းနိုင်ငံရေးအရ တဖြည်းဖြည်း အားနည်းလာမှုကြောင့် တွေ့ဆုံပွဲရလဒ်က ပိုပြီး အကျိုးသက် ရောက်မှု ကြီးနိုင်တယ်လို့ မြောက်ကိုရီးယားဘက်က ယူဆနိုင်ပါတယ်။
ထရမ့် တွေ့ချင်လွန်းနေတာကို အသုံးချပြီး တစ်ဖက်သတ် လိုက်လျောမှုတွေ ရယူဖို့ တွေ့ဆုံပွဲ ဆုံးဖြတ်ချက် ကို နှောင့်နှေးအောင် လုပ်ထားတဲ့ ကင်ဂျုံအွန်းရဲ့ မူဝါဒက မတွေ့ခင်ကတည်းက အောင်ပွဲတွေ ရထားပြီးပြီ မြင်နိုင်ပါတယ်။ နောက်ပြီး ဒီတွေ့ဆုံပွဲကြောင့် သမ္မတက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို အချိန်တို စေခဲ့ပြီး ကျန်စစ်ရေးလေ့ကျင့်မှုတွေရဲ့ အနာဂတ်ကိုလည်း မသေချာမှုအောက်မှာ ထားခဲ့ပါတယ်။
ထရမ့်ဟာ ဝါရှင်တန်ရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ နျူကလီးယားဖျက်သိမ်းရေးကနေ တဖြည်းဖြည်း ခွာလာပြီး မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် လက်ခံဖို့ဘက် ရွေ့လာပါတယ်။ ဒါကြောင့် အမေရိကန်အတွင်းမှာလည်း အငြင်းပွားမှုတစ်ခု ဖြစ်လာပုံရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက နျူကလီးယား ဖျက်သိမ်းရေးကို ဆက်ထောက်ခံနေတဲ့အတွက် ထရမ့်ရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပြီး မဟာမိတ်တွေကို ရှုပ်ထွေးတဲ့ အချက်ပြမှုတွေ ပေးနေပါတယ်။
ရှေ့ကိုကြည့်ရင် လာမယ့် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲမှာ မျှော်လင့်ထားသလို ရီပတ်ဘလီကန် တွေ ရှုံးခဲ့ရင် ထရမ့် အလွန်အားနည်းသွားတာကို ဘာကမှ ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ကင်တို့ အစိုးရအဖွဲ့က ခန့်မှန်းနိုင်ပါတယ်။ အဲဒီအခါ ကင်နဲ့ တွေ့ဆုံရုံကိုတောင် ကိုယ်ရေး ကိုယ်တာအောင်ပွဲတစ်ခုအဖြစ် ထရမ့်က ပုံဖော် ချင်နေတဲ့အတွက် ထရမ့်ဟာ ထပ်ပြီး လိုက်လျောမှုတွေ ပေးချင် လာနိုင်ပါတယ်။
သမ္မတထရမ့်အပေါ် မြောက်ကိုရီးယားရဲ့ တကယ့်အကဲဖြတ်ချက်
မြောက်ကိုရီးယား မီဒီယာတွေက ထရမ့်ကို တိုက်ရိုက်ဝေဖန်တာ ရှောင်ပြီး ကင်နဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို ဆက်ပြောနေပေမယ့် သီးသန့်အကဲဖြတ်ရာမှာတော့ ၂၀၁၈၊ ၂၀၁၉ ကတည်းက မြင်ခဲ့ရတဲ့ သူ့ရဲ့ အဆိုးဆုံးစရိုက်တွေ ပိုဆိုးလာပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန သုံးသပ်သူ တွေက ယုံကြည်နိုင်ပါတယ်။ အဲဒီစရိုက်တွေကပဲ ပြုံယမ်းရဲ့ မဟာဗျူဟာကို ပိုထောက်ပံ့မယ့် သဘောတူညီချက်တွေ ရဖို့ အခွင့်အပေါက် ပေးလာမှာပါ။
ထိပ်သီးပွဲမှာ ထရမ့်ရဲ့ လုပ်ဆောင်ပုံကို သက်ရောက်စေမယ့် စရိုက် ခုနစ်ချက်ကို သူတို့ အလေးထား မှာပါ။ ပထမအချက်က အသက် ၈၀ ရှိပြီဖြစ်လို့ နောက်ဆုံးထိပ်သီးပွဲတုန်းကထက် ခုနစ်နှစ်ကြီးလာပြီး ကိုယ်ရောစိတ်ပါ အားလျော့လာတယ်။ အသက်ကြီးသူအများစုလိုပဲ နေကောင်းတဲ့နေ့လည်းရှိ၊ မကောင်းတဲ့နေ့လည်း ရှိမယ်။ ဒုတိယအချက်တော့ ထရမ့်ဟာ ချီးကျူးမြှောက်ပင့်တာကို အရင်ထက်ပိုပြီး သဘောကျတယ်။ တတိယ အချက်ကို ပြောရမယ်ဆိုရင် ထပ်ခါတလဲလဲ မအောင်မြင်ပေမယ့် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ညှိနှိုင်းနိုင်စွမ်းကို အရင်ထက် ပိုအထင်ကြီးတယ်။ စတုတ္ထအချက် အနေနဲ့ ကျွမ်းကျင်သူတွေရဲ့ အကြံထက် ကိုယ့်စိတ်ထက်သန်နေတာကို ပိုအားကိုးတဲ့အတွက် လက်လွတ် စပယ် ဆုံးဖြတ်တတ်တယ်။ ပဉ္စမကတော့ လက်တွေ့အခြေအနေနဲ့ ကင်းကွာ လာနေပြီး အမေရိကန် မီဒီယာတွေက သူ့ပြောဆိုချက် အများအပြားကို လှောင်ပြောင် နေကြတယ်။ ဆဋ္ဌမအချက်ဟာ အရေးကြီးတယ်။ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဝါရှင်တန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတွေကို ဆန့်ကျင် နေပေမယ့် ထရမ့်က ထိပ်သီးပွဲတွေမှာ သူတို့ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့တယ်။ ဒါကိုကြည့်ချင်းအားဖြင့် ချီးကျူး မြှောက်ပင့်ရုံနဲ့ မူဝါဒကွာခြားချက်တွေကို ကျော်လွှားနိုင်မယ်လို့ သူက မှားယွင်းယုံကြည်နေပါတယ်။
နောက်ဆုံးမှာ အဲဒီထက် အရေးကြီးတာက ထရမ့်ဟာ မဟာဗျူဟာကျကျ စဉ်းစားပုံကို နားမလည်ဘူးလို့ ကင် ယူဆလို့ ရနိုင်ပါတယ်။ အရင်ထိပ်သီးပွဲတွေက ပိုကျယ်ပြန့်တဲ့ အခြေအနေကို သူ မမြင်တတ်ဘူး ဆိုတာ ပြခဲ့ပြီး အီရန်နဲ့ အမေရိကန်ရဲ့ စစ်ပွဲကလည်း သူ့ရဲ့ အမြင်တိုမှုကို ထပ် အတည်ပြု ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ရည်မှန်းချက် အသစ်တွေဟာ အရင်ကနဲ့ မတူဘဲ အမေရိကန် အကျိုးစီးပွားကို ဆန့်ကျင်နေတယ်ဆိုတာ သူနားလည်မလား သံသယရှိစရာပါ။
အမေရိကန်ရဲ့ ဆွေးနွေးတယ်ဆိုတာ
ထရမ့်အပေါ် ဒီလိုသုံးသပ်ချက်အရ သူက အမေရိကန်ရဲ့ ပုံမှန်ရပ်တည်ချက်တွေကိုပဲ ထပ်ပြောမယ်၊ ဒါမှမဟုတ် ဝန်ထမ်းကျွမ်းကျင်သူတွေရဲ့ အကြံမယူဘဲ အဲဒီအချိန်ရောက်မှ ကိုယ့်ဘာသာ အဆိုပြုချက် တစ်ခု ထုတ်လာမယ်လို့ ကင်တို့ဘက်က ကောက်ချက်ချနိုင်ပါတယ်။
နျူကလီးယား ဖျက်သိမ်းရေးဟာ မဖြစ်နိုင်တော့ဘူးဆိုတာ ထရမ့် သိနှင့် နေပြီးသားပါ။ ဒါကြောင့် နျူကလီးယား အစီအစဉ် ရပ်တန့်ထားရေးကို အဆိုပြုနိုင်ပါတယ်။ သူက အဲဒီကိစ္စ ထုတ်လာရင် ပြုံယမ်းအတွက် ခိုင်မာတဲ့ ဟန့်တားနိုင်စွမ်း လိုအပ်တယ်ဆိုတဲ့ မိမိရပ်တည်ချက်ကို ကင်က ပြန်ပြောရုံပါပဲ။ သူ့အမြင်အရ အဲဒီဟန့်တား နိုင်စွမ်းဟာ မြောက်ကိုရီးယားလုံခြုံရေးအတွက်ပဲ မဟုတ်ဘဲ ဒေသတွင်း အင်အားမျှတရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် ဂျပန်စစ်ဝါဒရဲ့ အန္တရာယ် ကြီးထွားလာနေတဲ့ အချိန်မှာ ပိုလိုအပ်ပါတယ်။
၂၀၁၉ ဟနွိုင်းထိပ်သီးပွဲတုန်းက အမေရိကန်အထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ထပ်မံ စမ်းသပ်တာကို ဆိုင်းငံ့ထားဖို့ ထရမ့် အဆိုပြုခဲ့သလို အခုလည်း ထပ်ပြောနိုင်ပါတယ်။ တောင်ကိုရီးယား သမ္မတ လီဂျယ်မြောင်ကလည်း မကြာသေးခင် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အလားတူ အကြံမျိုး တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးလ်နဲ့ တိုကျိုကို ပစ်မှတ်ထားတဲ့ အကွာအဝေးတို ဒုံးကျည်တွေ တော့ ဒီအဆိုထဲ မပါပါဘူး။ ဒါကြောင့် တောင်ကိုရီးယားမှာ အငြင်းပွားစရာ ဖြစ်လာပြီး အမေရိကန်-ဂျပန် ဆက်ဆံရေးထဲ တင်းမာမှုအသစ်တွေ ဖန်တီးနိုင်ပါတယ်။
တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုဆိုင်းငံ့မယ်ဆိုရင် အဲဒီဒုံးကျည်ရှိတဲ့ တခြားနိုင်ငံတွေပါ ပါဝင်ရမယ်လို့ ကင်က ပြန်လည်တောင်းဆိုပြီး အလွယ်တကူ တုံ့ပြန်နိုင်တယ်။ မြောက်ကိုရီးယားဟာ အခုဆိုရင် ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်နေပြီလို့ ပြောမယ်ဆိုပြောနိုင်နေပါပြီ။ တခြားနျူကလီးယားနိုင်ငံတွေ မပေးတဲ့ လိုက်လျောမှုကို သူတို့ဆီကပဲ မမျှော်လင့်သင့်ဘူးဆိုတဲ့ ကင်ရဲ့ ရပ်တည်ချက်နဲ့လည်း ကိုက်ညီပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကတော့ ဒီအကြံကို လက်ခံမှာ မဟုတ်ပါဘူး။
ထရမ့်က လိုက်လျောမှုတွေအတွက် အပြန်အလှန်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ပေါ့ပေးမယ်လို့ ကမ်းလှမ်း နိုင်ပါသေးတယ်။ ဒါဟာ အရင်ထိပ်သီးပွဲတွေရဲ့ အဓိကကိစ္စတစ်ခုပါ။ ဒါပေမဲ့ မော်စကိုနဲ့ ဘေဂျင်းရဲ့ အကူအညီ၊ တရားမဝင် ဆိုက်ဘာလုပ်ငန်းတွေကနေ ရတဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ဝင်ငွေ တို့ကြောင့် ပြုံယမ်းက ဒီကန့်သတ်ချက်တွေကို ရှောင်နိုင်ခဲ့တာကို ကင်တို့ သိနှင့်ပြီးသား ဖြစ်မှာပါ။ ဒါကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုဟာ ဝါရှင်တန်က အရင်ထင်ခဲ့သလို အားကောင်းတဲ့ ဖိအားကတ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖယ်ရှားပေးရင် မြောက်ကိုရီးယားရဲ့ နိုင်ငံတကာအဆင့်အတန်းကို မြှင့်ပေးပြီး ပုံမှန်နိုင်ငံတစ်ခုအဖြစ် ပိုမိုလက်ခံလာစေနိုင်တဲ့ နိုင်ငံရေးတန်ဖိုးတော့ ရှိနိုင်ပါတယ်။
ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေးအဆိုက အမေရိကန်ကို ပြန်ထိခိုက်စေနိုင်ပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်က အပြင်းအထန် ကန့်ကွက်နိုင်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထဲက အနောက်အုပ်စုအတွင်း ပြဿနာ ဖြစ်နိုင်ပါတယ်။ ပြည်တွင်း မှာလည်း ထရမ့်ရဲ့ ကိုယ်ပိုင်ပါတီကရော နိုင်ငံရေးပြိုင်ဘက်တွေကပါ ဝေဖန်ကြမှာပါ။ ထရမ့်က ဂရုမစိုက်နိုင်ပေမယ့် ဒီလို မူဝါဒရှုပ်ထွေးမှုက အမေရိကန်ကို ထပ်ပြီး အားနည်းစေပါတယ်။
အရင်ကလိုပဲ ထရမ့်က မြောက်ကိုရီးယားစီးပွားရေး ခေတ်မီစေဖို့ အလွန်ကြီးကျယ်ပြီး လက်တွေ့ မကျတဲ့ အစီအစဉ်တွေကို ခင်းကျင်းပြနိုင်ပါတယ်။ မကြာသေးခင်က ဂါဇာကို ခေတ်မီ ကမ်းရိုးတန်း မြို့ကြီးအဖြစ် ပြောင်းမယ်ဆိုတဲ့ အဆိုလည်း ဒီလိုပါပဲ။ ပြုံယမ်းရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ နိုင်ငံခြားအကူအညီဟာ အဆိပ်ခတ်ထားတဲ့ သကြားလုံးလိုပဲ ကင် ဆုံးဖြတ်ချက် မချသရွေ့ တန်းပယ်ချရမယ် ဆိုတာ မြောက်ကိုရီးယားက ထိပ်တန်းခေါင်းဆောင်တွေ သိထားပြီးသားပါ။
နောက်ဆုံးအနေနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားကို မြောက်ကိုရီးယားက အားကောင်းကောင်းနဲ့ ထောက်ခံ နေတာကို ထရမ့်က ဝင်ရောက်တားဆီးဖို့ ကြိုးစားနိုင်ပါတယ်။ ဒါပေမဲ့ မော်စကိုနဲ့ ဆက်ဆံရေး အသစ်အပေါ် ဥက္ကဋ္ဌရဲ့ ကတိကဝတ်ကို ဝါရှင်တန်က အမြဲလျှော့တွက်ခဲ့တယ်လို့ အမေရိကန်ရေးရာ လေ့လာသူတွေက ထောက်ပြမှာပါ။ ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးကို ဆက်လက်အပြည့်အဝ ထောက်ခံကြောင်း ပူတင်ဆီ ကင်ပို့ခဲ့တဲ့ နောက်ဆုံးစာကို အိမ်ဖြူတော်ထဲက လူ အနည်းငယ်ပဲ ဖတ်ဖူးနိုင်ပါတယ်။ စစ်ပွဲအပေါ် ထရမ့်ရဲ့ အပြောင်းအလဲများတဲ့ ချဉ်းကပ်ပုံနဲ့ ပူတင်နဲ့ ဆက်ဆံရေး ကောင်းချင်တဲ့ မျှော်လင့်ချက်ကြောင့် သူ ဘယ်လောက်ဖိအားပေးမလဲဆိုတာ မသေချာပါဘူး။
မြောက်ကိုရီးယားကနေ သုံးလာနိုင်မယ့် မဟာဗျူဟာ
ထရမ့်-ကင် တွေ့ဆုံမှုဟာ လိုက်လျောမှုလို မြင်ရတဲ့ နည်းဗျူဟာအဆင့် လှုပ်ရှားမှုနည်းနည်းပဲ လုပ်ပြီး အရေးကြီး ရည်မှန်းချက်တွေ ရယူနိုင်မယ့် ရွှေရောင်အခွင့်အရေးတစ်ခုလို့ မြောက်ကိုရီးယားက တင်ပြနိုင် မှာပါ။ ဒါက မဟာ ဗျူဟာမြောက် အကျိုးအမြတ်ကြီးတွေ ရဖို့လည်း တံခါးဖွင့် ပေးနိုင်ပါတယ်။
ကင်ရဲ့ ထိပ်သီးပွဲဆိုင်ရာ ချဉ်းကပ်ပုံတစ်ခုလုံးက မြောက်ကိုရီးယားဟာ “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး” ကို ရှာဖွေနေတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း သူပြောခဲ့တာတွေကို ထပ်ပြောပြီး ဒီထက် အသံကျယ်အောင် ပြောသင့်ပါတယ်။ ဒီစကားလုံးက အမေရိကန်တွေကို ဖမ်းစားထားပါတယ်။ “နျူကလီးယားစစ်ပွဲကို အနိုင်ရလို့မရသလို ဘယ်တော့မှ လည်း မတိုက်သင့်ဘူး” ဆိုတာမျိုး နျူကလီးယားနိုင်ငံတွေ အရင်က သုံးခဲ့တဲ့ အဓိပ္ပာယ် မရှိတဲ့ စကားစုတွေက မြောက်ကိုရီးယားရဲ့ တကယ့်ရည်မှန်းချက်ကို ဖုံးကွယ်ပေးနိုင်ပါတယ်။ “မဖြေရှင်းရသေးတဲ့ ကွာခြားချက်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားမယ်” ဆိုတဲ့ ကတိမျိုးလည်း အလားတူပါပဲ။
ကိုယ့်ခေတ်မှာ ငြိမ်းချမ်းရေးကြေညာပြီး နိုဘယ်ဆု ရချင်နေတဲ့ ထရမ့်အတွက် ဒီအရာအားလုံး သဘောကျစရာ ဖြစ်မှာပါ။ တကယ်တမ်းမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” ကို အလေးထားခြင်းက ဒေသတွင်းမှာ အမေရိကန်လုပ်သမျှနီးပါးကို ဝါရှင်တန်ရဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ပြောဆိုချက်နဲ့ ဆန့်ကျင်တယ်လို့ မြောက်ကိုရီးယားက ကန့်ကွက်နိုင်မယ့် အနေအထား ကို ဖန်တီးပေးမှာပါ။
ထရမ့်ရဲ့ အကြံပေးတွေက ကြိုတင်သတိပေးမှာ သေချာပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းရည်အပေါ် သူ ဟိုပြောဒီပြော လုပ်နေတာထက် ကျော်ပြီး အဲဒါကို စာနဲ့ရေးသားအတည်ပြုဖို့၊ ဖြစ်နိုင်ရင် ထိပ်သီးကြေညာချက်ထဲ ထည့်ဖို့ ကင်က ဖိအားပေးသင့်တယ်လို့ ဝန်ကြီးဌာနက အကြံပြုနိုင်ပါတယ်။ တွေ့ဆုံပွဲကနေ မြောက်ကိုရီးယား နျူကလီးယားလက်နက်စုကို နှုတ်နဲ့ပဲဖြစ်ဖြစ် အသိအမှတ်ပြုတာ ထွက်လာရင် ဆိုးလ်နဲ့ တိုကျိုမှာ ရှုပ်ထွေးမှုကြီး ဖြစ်စေမှာပါ။
တောင်ကိုရီးယားအပေါ် အမေရိကန်ရဲ့ စစ်ရေးကတိကဝတ်ကို လျှော့ဖို့ ကင်က ထရမ့်ကို သေချာပေါက် အားပေးသင့်ပါတယ်။ ဒီကိစ္စမှာ ထရမ့်ကို တွန်းရတာ တံခါးဖွင့်ထားပြီးသားကို တွန်းသလိုပါပဲ။ ကိုရီးယားကျွန်းဆွယ်နဲ့ အနီးတစ်ဝိုက်မှာ အမေရိကန် စစ်ရေးလှုပ်ရှားမှုကို ထပ်ကန့်သတ်ဖို့ ဆန္ဒရှိတယ်ဆိုတာ သူ အရင်က ရှင်းရှင်းလင်းလင်း ပြထားပါတယ်။ ဖြစ်နိုင်ခြေတစ်ခုက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ရပ်ဆိုင်း နိုင်ပါတယ်။

နောက်ဆုံးမှာတော့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ထရမ့်က ကမ်းလှမ်းလာရင် အလေးအနက် စဉ်းစားလက်ခံဖို့ မြောက်ကိုရီးယား သံတမန်တွေက ကင်ကို အကြံပေးကြပါလိမ့်မယ်။ မြို့တော်နှစ်ခုစလုံးမှာ သံရုံးတွေ ဖွင့်ထားခြင်းက ဆယ်စုနှစ်များစွာ ရန်လိုခဲ့ပြီးနောက် တရားဝင်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာနိုင်ပါတယ်။ သဘောတရားအရ တင်းမာမှုလျှော့ချပြီး မတော်တဆ စစ်ဖြစ်တာကို ရှောင်ဖို့ ခြေလှမ်းတစ်ခုလို့ ပုံဖော်နိုင်ပေမယ့် လက်တွေ့မှာတော့ နှစ်ခုလုံးကို လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
သံတမန်ရေး အသိအမှတ်ပြုမှု ဖြစ်လာရင် ထရမ့်က ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နောက်ထပ် ခြေလှမ်းတစ်ခု လှမ်းခဲ့တယ်လို့ ဂုဏ်ယူပြောမှာ အသေအချာပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်က မြောက်ကိုရီးယားဟာ လျစ်လျူရှုလို့မရတဲ့ ကမ္ဘာ့ကစားသမားတစ်ဦးဖြစ်ကြောင်း ပြသလိုတဲ့ ရည်မှန်းချက်ကို အားဖြည့်ပေးပြီး နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် နိုင်ငံတကာလက်ခံမှု ရယူလိုတဲ့ ရည်ရွယ်ချက်ကိုလည်း ရှေ့တိုးစေမှာပါ။
အနှစ်ချုပ်
ထရမ့်ရဲ့ အားနည်းတဲ့ နိုင်ငံခြားရေးမူဝါဒလုပ်ဆောင်ချက်နဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းချက်တွေကို ကြည့်ရင် စတုတ္ထအကြိမ် ထိပ်သီးပွဲက ကင်ဂျုံအွန်းရဲ့ ရည်မှန်းချက်တွေကို ရှေ့တိုးစေမယ်လို့ ကင်တို့ဘက်က ကောက်ချက်ချဖို့ များပါတယ်။
တိကျတဲ့ ရလဒ်မထွက်လာရင်တောင် မြောက်ကိုရီးယားရဲ့ အနာဂတ်ရပ်တည်ချက်အတွက် မြင်ကွင်းပုံရိပ်က အရေးကြီးတယ်လို့ ဝန်ကြီးဌာနက ငြင်းခုံနိုင်ပါတယ်။ ထိပ်သီးပွဲ ကျင်းပရုံနဲ့ ကင်ရဲ့ နိုင်ငံတကာအဆင့်အတန်း ပိုခိုင်မာလာမှာပါ။ ဟနွိုင်းတုန်းကလို စိတ်မရှည်တဲ့ ထရမ့်က ထပ်ပြီး ထွက်သွားခဲ့ရင်လည်း အဲဒါက ကင်အတွက် အရှက်ရစရာမဟုတ်ဘဲ ဝါရှင်တန်ရဲ့ အဆိုးမြင်ပုံရိပ်ကို ပိုထင်ရှားစေပြီး ဆိုးလ်နဲ့ တိုကျိုအတွက် ပြဿနာတွေ ဖြစ်စေမှာပါ။
ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် ထိပ်သီးပွဲပြီးနောက် ထရမ့်ရဲ့ အပြုအမူကို အသုံးချပြီး ပြုံယမ်းရဲ့ ရည်မှန်းချက်တွေကို ရှေ့တိုးနိုင်ပါသေးတယ်။ သူက ကင်နဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကောင်း ရှိတယ်လို့ ဆက်ပြောနေမှာပါ။ အဲဒါက သမ္မတသက်တမ်းကျန်ကာလအတွင်း မြောက်ကိုရီးယား စစ်အင်အားဆက်တိုးဖို့ အချိန်ရစေမယ့် အကာအကွယ်တစ်ခုအဖြစ် အသုံးဝင်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ အတိတ်ကို လမ်းညွှန်အဖြစ်ယူမယ်ဆိုရင် မတည်ငြိမ်တဲ့ ထရမ့်ဟာ သူပြောတာကို ဘယ်တော့မှ တည်မနေဖို့ များတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကောက်ချက်ချမှာပါ။ ဒါကြောင့် ဘယ်သဘောတူညီချက်မဆို လအနည်းငယ်ထက် ပိုမခံနိုင်ပါဘူး။ အဲဒီနောက် မြောက်ကိုရီးယားက ပိုတင်းကျပ်တဲ့ ခြေလှမ်းတွေ လှမ်းနိုင်မှာပါ။ ဥပမာ ၂၀၁၉ ပန်မွန်ဂျုံ ထိပ်သီးပွဲအပြီးမှာ ထရမ့်ဟာ လာမယ့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဖျက်သိမ်းမယ်ဆိုတဲ့ ကတိကို ပြန်ဖျက်ခဲ့ပါတယ်။ အဲဒီနောက် ပြုံယမ်းက နောက်ဆက်တွဲ ဆွေးနွေးပွဲတွေမှာ အမေရိကန်ကို မတုံ့ပြန်ဘဲ တင်းခံခဲ့ပြီး ဒုံးကျည်စမ်းသပ်မှု ဆိုင်းငံ့ထားတာကိုလည်း အဆုံးသတ်ခဲ့ပါတယ်။ ဒါတွေဟာ တကယ်တော့ မြောက်ကိုရီးယားအတွက် ထုတ်သုံးစရာတွေချည်းပဲပေါ့။


