The Corner

The Corner

cropped-Logo_round_grey-background.png

ကျင့်ဝတ် ဖောက်ဖျက်သူ နဲ့ ကျင့်ဝတ် နားမလည်သူ

Share မယ်

ထိုင်း နဲ့ ကမ္ဘောဒီးယား ပြဿနာက “အပျက်အပျက်နဲ့  နှာခေါင်းသွေးထွက်” ဆိုသလို နယ်စပ် အငြင်းပွားမှုကနေ အစိုးရအဖွဲ့ ပြုတ်ကျတော့မယ့် အနေအထားထိ ရောက်ရှိလာတယ်။ ထိုင်း-ကမ္ဘာဒီးယား နယ်စပ်တင်းမာမှုဖြစ်ပြီး ဟိုဘက် ဒီဘက် စစ်ပြင်သလို တင့်ကားတွေ၊ အမြောက်တွေ အသင့်နေရာယူလာတော့ ဒါဟာ တကယ်မဖြစ်ပါဘူး။ နှစ်နိုင်ငံလုံး အမျိုးသားရေး နောက်ခံ ယူဆချက်တွေနဲ့ အင်အားတွေ ထုတ်ပြကြတာပဲ ဖြစ်မှာလို့ သုံးသပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မေလအတွင်း တင်းမာမှုတွေ ဖြစ်ကြပြီးတော့ ကမ္ဘောဒီးယားတပ်တွေ နောက်ဆုတ်သွားချိန်မှာ နည်းနည်း ပြန်ငြိမ် သွားတယ်။ 

Source: Asia-Times

ပြဿနာက ဘယ်ကစသလဲဆိုတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး  အသက်(၃၈)နှစ်သာရှိသေးတဲ့ နိုင်ငံရေးအတွေ့အကြုံ ကလေးသာသာရှိတဲ့ ထိုင်းဝန်ကြီးချုပ် “ပေထုန်ထန်” က စတယ် လို့ပဲ ဆိုရမယ်။ 

ပထမဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ ထိုင်းဝန်ကြီးချုပ် မိသားစု နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟောင်း မိသားစုက အင်မတန် ရင်းနှီးကြတယ်။ မိဘချင်း ရင်းနှီးသလို သားသမီးချင်း ( လက်ရှိ ကမ္ဘောဒီး ယား ဝန်ကြီးချုပ် ဟွန်မာနေး) နဲ့ ပေထုန်ထန်က ခင်မင်ရင်းနှီးတယ်။ ဒီရင်းနှီးမှုကို အကြောင်း ပြုလို့ နယ်စပ်ပြဿနာဖြစ်လာတော့ ပေထုန်ထန်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ကမ္ဘောဒီးယား အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဟွန်ဆန်ဆီကို ဖုန်းဆက်တယ်။ ဒါက ပုဂ္ဂိုလ်ရေး ဖုန်းပါ။ အလွတ်သဘော ဖုန်းဆက်ပြောချိန်မှာ မနူးမနပ် ပေထုန်ထန်က ” အန်ကယ်ရယ် နယ်စပ်က ဗိုလ်ချုပ်တွေကို ဂရုမစိုက်ပါနဲ့၊ သူတို့က ကျွန်မတို့ မိသားရဲ့ ဆန့်ကျင်ဘက်က လူတွေပါ” လို့ ပြောလိုက် မိတယ်။ ဒီလိုပြောလိုက်တာဟာ ထိုင်းစစ်တပ်နဲ့အစိုးရကြား နိုင်ငံရေးအရ ထိရှလွယ်တဲ့ ဆက်ဆံရေး အခြေအနေကို ထုတ်ဖော် လိုက်တာဖြစ်တယ်။ ပေထုန်ထန်တို့ မိသားစုသမိုင်းမှာ ထိုင်းစစ်တပ်ဟာ သူ့ဖခင် သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ တစ်ခါ၊ သက်ဆင်ရဲ့ ညီမ ရင်လတ်ကို ၂၀၁၄ မှာ တစ်ခါ ဖယ်ရှားခဲ့တဲ့ အစဉ်အလာ ရှိတယ်။ 

နှစ်ကိုယ်ကြား ဖုန်းဆက်ပြီး ရင်ဖွင့်တာက ပြဿနာမရှိဘူး။ ဒီ ဖုန်းပြောစကား conversation တွေကို နိုင်ငံရေးပါး ဝလွန်းတဲ့ ဟွန်ဆန်ဘက်က ဆိုရှယ်မီဒီယာပေါ်မှာ လူသိရှင်ကြား ဖောက်ထုတ် လိုက်တဲ့အခါမှာ ပေထုန်ထန် ပြဿနာတက်ပြီပေါ့။ တကယ်တော့ ဒီကိစ္စမှာ ကျင့်ဝတ် မစောင့်စည်းတာ ကမ္ဘောဒီးယားအစိုးရဘက်က ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးပြောစကားတွေကို ဆိုရှယ်မီဒီယာပေါ်မှာ လူသိ ရှင်ကြား ဖော်ထုတ်လိုက်ခြင်းဖြင့် ဟွန်ဆန်အစိုးရဟာ ကမ္ဘောဒီးယားပြည်သူတွေရဲ့ ထောက်ခံမှုကို ရယူ လိုက်တယ်။ 

ဒီနေရာမှာ မေးစရာရှိလာပြီး ဟွန်ဆန်အစိုးရဘက်က ငြင်းဆိုနေတာတွေ ရှိတယ်။ သူတို့ဘက် က ကျင့်ဝတ်ဖောက်ဖျက်တာမရှိ။ ပြောစကားတွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် အများသိအောင် ချပြ တာသာဖြစ်တယ်လို့ ဆိုတယ်။ 

ဒီကိစ္စကို အကြောင်းပြုလို့ ပေထုံထန်တို့ ထိုင်းအစိုးရဘက်မှာ ပြဿနာတွေတက်လာတော့ ဟွန်ဆန်က ဒီအသံဖိုင်ကို သူဖွင့်ချတာ မဟုတ်ဘူး။ စကားပြန် အဖြစ် တာဝန်ယူတဲ့ အစိုးရ အဖွဲ့ထဲက ပုဂ္ဂိုလ်တစ်ဦးက ဖွင့်ချလိုက်တာဖြစ်တယ်လို့ ဆိုတယ်။ 

မည်သို့ပင်ဖြစ်စေ ပေထုန်ထန်ရဲ့ အသံဖိုင်က လူအများကြား ပေါက်ကြားသွားပြီ။ ပေထုန်ထန်ဟာ ကျင့်ဝတ် လိုက်နာမှု မရှိ၊ နိုင်ငံရေး အရ ရင့်ကျက်မှုမရှိ၊ ထိုင်းစစ်တပ် နဲ့ အစိုးရ ကြား သိက္ခာကျအောင် လုပ်တယ်။ ဝန်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်ဘူး.. ဆိုတဲ့ အသံတွေ ညံပြီး ထွက်လာတယ်။ ပေထုန်ထန်အတွက် ဖြေဆေးမရှိ အနေအထားကို ရောက်လာတယ်။ 

ကမ္ဘောဒီးယား အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဟွန်ဆန်ဟာ အသံဖိုင်ကို ဇွန်လ(၁၈)ရက်မှာ ဖွင့်ချ လိုက်တာဖြစ်တယ်။ အဲဒီနေ့မှာပဲ ပေထုန်ထန် ဦးဆောင်တဲ့ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယ အကြီးဆုံး ပါတီ Bhumjaithai အစိုးရအဖွဲ့ထဲက နုတ်ထွက်သွားတယ်။ ပေထုန်ထန်ဟာ အချုပ်အခြာ အာဏာ၊ ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ချိုးဖောက်ခဲ့တယ်လို့ ဘွန်ဂျိုင်ထိုင်းပါတီက စွပ်စွဲခဲ့ပြီး ပေထုန်ထန်နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်။ 

အမတ် (၆၉) နေရာရှိတဲ့ Bhumjaithai ပါတီ နုတ်ထွက်သွားတဲ့အတွက် ဖွေ့ထိုင်း ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အင်အားအလွန်နည်းသွားတယ်။ အောက်လွှတ်တော် အမတ် (၄၉၅) နေရာမှာ (၂၅၅)နေရာပဲ ကျန်တယ်။ ညွန့်ပေါင်းထဲကျန်နေတဲ့ UTN ( United Thai Nation) ပါတီ ကလည်း ပေထုန်ထန်ကို နုတ်ထွက်ပြီး အခြားတစ်ယောက်နဲ့ အစားထိုးဖို့ တိုက်တွန်းနေပြီး မနုတ်ထွက် ရင် သူတို့လည်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက နုတ်ထွက်မယ်လို့ ပြောနေတယ်။ 

ဟွန်ဆန် ဖောက်ချလိုက်တဲ့ ဖုန်းအသံဖိုင်ဂယက်ဟာ အတော်ရိုက်ခတ်သွားတယ်။ ပေထုန်ထန် နုတ်ထွက် ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုမှုတွေ ရှိလာတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး နဲ့အမျိုးသား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို စာတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ရှိမရှိ၊ ရှိခဲ့ရင် ပေထုန်ထန်ကို ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားဖို့နဲ့ တောင်းဆိုခဲ့တယ်။ 

ပေထုန်ထန်ဟာ အသံဖိုင်ထွက်ပေါ်ပြီး နောက်တစ်နေ့မှာ ထိုင်းကာကွယ်ရေး ဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ အမှားကို ပြည်သူလူထုထံ ဝန်ချတောင်းပန်ခဲ့တယ်။ အသံဖိုင်ပါ ပြောဆိုချက်တွေဟာ ကမ္ဘောဒီးယားနဲ့ ဖြစ်ပေါ်နေတဲ့ နယ်စပ်တင်းမာမှုပြဿနာတွေကို ပြေလည်မှုရအောင် စေ့စပ် ညှိနှိုင်းရေး နည်းဗျူဟာ တစ်ခုသာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်တစ်နေ့မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အူဘွန် ရတ်ချာ သာနီကို ကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်း နဲ့အတူ သွားရောက်ပြီး အမှတ်(၂) စစ်ဒေသတိုင်းမှူး ဗိုလ်မှူးချုပ် ဘွန်ဆင်း ပက်ကလန်နဲ့ တွေ့ဆုံခဲ့တယ်။ သူမအပေါ် ပြည်သူများက ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားမှုတွေကို ပြေလျော့သွားအောင် ကြိုးစားခဲ့တယ်။ 

ခုချိန်ထိ ပေထုန်ထန်က အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နေဆဲဖြစ်ပေမယ့် သူမရဲ့ အနာဂတ်ဟာ မရေမရာအခြေအနေကို ရောက်နေရပြီလို့ ဆိုရမယ်။ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်မလား။ သူမကိုယ်တိုင် နုတ်ထွက်ပြီး အခြားတစ်ယောက်ဝန်ကြီးချုပ် နေရာ ဝင်ယူမလား မသိသေးသလို ပေထုန်ထန်က နုတ်ထွက်ဖို့အစီအစဉ်မရှိဘူးလို့ ပြောနေတယ်။ 

ဒီအဖြစ်အပျက်ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကနေ စတင်ပြီး ထိုင်းအစိုးရ ဖျက်သိမ်းရမယ့် အခြေအနေ ဆိုက်ရောက်လာတာပါ။ ဒါဟာ ဝါရင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စ မွှေလိုက်တာကဖြစ်ပြီး အစိုးရတာဝန်ရှိသူတချို့ကလည်း ဟွန်ဆန်ရဲ့ ထောင်ချောက်ထဲ အဝင်မခံ၊ အစိုးရအဖွဲ့ကို ဖျက်သိမ်းစရာမလိုဘူးလို့ ဆိုနေကြတယ်။ ဒါပေမဲ့ ဟွန်ဆန်ဖွင့်ချလိုက်တဲ့ အသံဖိုင်ဟာ ထိုင်းပြည်သူနဲ့ စစ်တပ်၊ ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကို သိက္ခာကျ ညစ်နွမ်း စေတယ်လို့ မှတ်ယူပြီး ပေထုန်ထန်ကို ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ ဘုရင့်လိုလားသူတွေက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြမယ်လို့ သိရတယ်။ 

ထိုင်းအစိုးရအဖွဲ့အတွင်း ခုလို အကွဲအပြဲတွေဖြစ်လာတော့ ဟွန်ဆန်က ဒီကိစ္စ သူနဲ့ မဆိုင်ဘူးလို့ ဆိုတယ်။ တကယ်တော့ ဟွန်ဆန်ဟာ ကျင့်ဝတ်နဲ့ မညီဘဲ ပုဂ္ဂိုလ်ရေးအသံဖိုင်တစ်ခုကို လူသိရှင်ကြား ဖော်ထုတ်လိုက်တာ ဖြစ်တယ်။ နှစ်ယောက်သား နှစ်ကိုယ်ကြားပြောစကားတွေကို သူ့ရဲ့ ပုဂ္ဂိုလ်ရေး ထောက်ခံမှုရရှိဖို့အတွက် အသုံးချသွားတာဖြစ်တယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း သုံးဆယ်ကျော် ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့သူဖြစ်ပြီး နိုင်ငံရေးကစားကွက်တွေ၊ နိုင်ငံရေး လှည့်ကွက်တွေမှာ အလွန်ကျွမ်းကျင်သူဖြစ်တယ်။ လက်ရှိအချိန်မှာ သားဖြစ်သူကို ဝန်ကြီးချုပ် ရာထူးပေးထားပြီး သူက အထက်လွှတ်တော်ဥက္ကဋ္ဌဆိုပြီး နေရာယူထားသူပါ။ ဟွန်ဆန်ဟာ ခမာနီ စစ်သားတစ်ဦး ဘဝကနေ ရာထူး အဆင့်ဆင့် ရရှိလာသူလည်းဖြစ်တယ်။ 

ဒီလို ဝါရင့် သမ္ဘာရင့် ခေါင်းဆောင်တစ်ဦးက နိုင်ငံရေးအရ မနူးမနပ် အတွေ့အကြုံနုနယ်တဲ့ ပေထုန်ထန်ကို လုပ်ကြံလိုက်တာလည်း ဖြစ်တယ်။ တကယ်တော့ ဝန်ကြီးချုပ် ပေထုန်ထန်အနေနဲ့ ခုလို နှစ်နိုင်ငံကြား ပုဂ္ဂိုလ်ရေးစကားပြောတဲ့အခါမျိုးမှာ ထိန်းထိန်းသိမ်းသိမ်းပြောဖို့ လိုအပ်တယ်။ နှစ်နိုင်ငံနယ်စပ်ပဋိပက္ခလို အကြောင်းအရာမျိုးက အထိအရှမခံတာ သိဖို့လိုအပ်သလို အသံဖိုင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ကြိုတင် ချထားဖို့လိုတယ်။ ခုတော့ ဝန်ကြီးချုပ် ပေထုန်ထန်အနီးကလူတွေ အရည်အချည်းပြည့်ဝမှုမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်မှုတွေ ရှိနေတယ်။ 

Source: Pexels

တကယ်တော့ ပေထုန်ထန်ရဲ့ နိုင်ငံရေးကံဆိုးမိုးမှောင်ကျမှုဟာ မိမိ အကျိုးစီးပွား (ကမ္ဘောဒီး ယား ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိဖို့) အတွက် လိုက်နာရမယ့် ကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တဲ့ ဟွန်ဆန် နဲ့ ကျင့်ဝတ်နားမလည်၊ အတွေ့အကြုံနုနယ်တဲ့ ပေထုန်ထန်တို့ကြောင့် ဖြစ်ပေါ်လာတယ်လို့ပဲ ယူဆ ပါတယ်..။ 

ref: Bangkok Post/ CNA news

Click to rate this post!
[Total: 0 Average: 0]