
စစ်ဖြစ်တယ်ဆိုတာ နှစ်ဖက် ခေါင်းဆောင်တွေ ပြဿနာ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အခါ အနိုင် လုကြရင်းက လက်နက်အားကိုးနဲ့ သူနိုင် ကိုယ်နိုင် ဖြေရှင်းကြတာပါ။ သို့သော်လည်း စစ်ပွဲရယ်လို့ ဖြစ်လာတဲ့အခါ အရင်ဆုံး ကြားညပ်တာက နှစ်ဖက်ပြည်သူတွေပါ။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပြည်သူများ အသက် အိုးအိမ် စည်းစိမ်တွေ စွန့်ခွာရမယ့် ရန်က ချက်ချင်း ကျရောက်လာပါတယ်။ အနည်းနဲ့ အများ ထိခိုက်ကြတယ်ဆိုပေမယ့် သမိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲများမှာ အနည်းဆိုတာ သိပ်မရှိ သလောက်ပါပဲ။

၂၀၂၅ခု ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးနိုင်ငံက အီရန်နိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်လိုက်ပါတယ်။ အစဥ်အလာအရ အစ္စရေးကို ကျောထောက်နောက်ခံ ပေးထားတဲ့ အမေရိကန်ကလည်း အီရန်နိုင်ငံကို နျူကလီးယား စွန့်လွှတ်ဖို့အရေး အပေးအယူ လုပ်နေတဲ့ ကာလ ဖြစ်နေတာကြောင့် သူကလဲ ဒီ စစ်ပွဲထဲ ကန့်လန့် ကန့်လန့် ပါရမလို ဖြစ်နေပါတယ်။ သုံးပွင့်ဆိုင်ပွဲမှာ အမေရိကန်က အခုစာရေးတဲ့ အချိန်ထိတော့ ပေါ်ပေါ်ထင်ထင် ပါဝင်လာတာ မရှိသေးပါဘူး။ (အခုတော့ အမေရိကန်လဲ စစ်ထဲကို ရောက်လာပါပြီ။ စာရေးသူ) သို့သော်လည်း စစ်ပွဲတွေ ဖြစ်လာတဲ့ အခါ အရင်ဆုံး ပြည်သူလူထုက တထိတ်တလန့်နဲ့ ဖြစ်ကြရတာကို ဒီအရေးမှာ ပါဝင်ကြတဲ့ နိုင်ငံတွေမှာ ရှိကြတဲ့ လူတွေရဲ့ အမြင်များကို စုစည်း တင်ပြလိုက်ပါတယ်။
အီရန်
သောကြာနေ့ (ဇွန်လ ၁၃ ရက်နေ့) စောစောပိုင်းက က အီရန်နိုင်ငံအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုများ စတင်လိုက်တဲ့ အချိန်မှာ ဆာရေး တစ်ယောက် ငိုရမလို ရယ်ရမလို စိတ်ခံစားမှုတွေ တစ်လှည့်စီ ဖြစ်ပေါ်လာပါတယ်။ ခေါင်းဆောင်တချို့ တိုက်ခိုက်မှုကြောင့် တိမ်းပါးသွားကြတယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ အီရန် လူမျိုးတစ်ဦးဖြစ်တဲ့ ဆာရေးက “ကျွန်မ ပျော်သွားတယ် ယုံတောင် မယုံနိုင်ဘူး” လို့ သူနေတဲ့ ရက်ရှ်ဒ် မြို့ အိမ်ကလေး ကနေ ပြောပြပါတယ်။ နောက်ထပ် ဘာတွေဖြစ်လာမလဲ ဆိုတာတော့ စိတ်ပူမိပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ၊ အာဏာ အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်ခဲ့တာတွေ အခုတော့ သူတော့ ပြန်ခံနေရပြီလို့ ပြန်တွေးမိတဲ့ အခါ တစ်ခါ စိတ်က ပျော်သွားမိ ပြန်တယ်။
ရန်သူတော်ကြီး အစ္စရေးက ပြည်သူတွေကို အစဥ် ဖိနှိပ်ချုပ်ချယ်တဲ့ အီရန်ကို ဝင်ရောက် တိုက်ခိုက်တဲ့အခါ သာမန်အရပ်သားပြည်သူတွေမှာ စိတ်နှစ်ခွ ဖြစ်စရာ စိတ်ခံစားမှုတွေ ရခဲ့ကြပါတယ်။ မျှော်လင့်ချက် လင်းရောင်ခြည် သမ်းလာတာလား၊ ကွယ်ပျောက်သွားတာလား၊ အောင်ပွဲခံရမှာလား၊ ရှေ့မှာ ဆက်ဖြစ်လာမယ့် ကိစ္စတွေ အတွက် ဘာတွေပြင်ဆင်ထားကြရမှာလဲ။
ချည့်နဲ့နေတဲ့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ၊ တစ်ခါတိုင်းရင် နှစ်ဆလောက် တက်လာနေတဲ့ ငွေကြေး ဖောင်းပွမှု၊ အစိုးရရဲ့ အဆင့်တိုင်းမှာ ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကြောင်း ပြည်သူအများက သူတို့ ဒုက္ခတွေ ဆန္ဒဖော်ထုတ်ဖြစ်တဲ့ အခါတိုင်း အာဏာပိုင်တွေရဲ့ အဆုံးတိုင် အငြိုးတကြီးနဲ့ ချေမှုန်းတာခံခဲ့ကြရလို့ အီရန်လူမျိုးများရဲ့ ရင်ထဲ အသည်းထဲမှာ အာဏာပိုင်တွေကို သူတို့ကိုယ်တိုင် ပြောင်းလဲပစ်ချင် နေကြတာပါ။ အစ္စရေးတွေက ဖျက်ဆီးလိုက်လို့ အီရန်ရဲ့ စစ်တပ် အခြေစိုက် တပ်စခန်းတစ်ခု ကျသွားတဲ့ တာဘရစ်မြို့က အိမ်ထောင်ကို တစ်ဦးတည်း ရုန်းကန်နေရတဲ့ အသက် ၄၀ အရွယ် မိခင်တစ်ဦးဖြစ်သူ ဘာဟ်နက်ဇ်က စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေက ကလေးမိခင် ကျွန်မတို့တွေအတွက် ဒီနိုင်ငံမှာ ရုန်းကန်ရတာ အကြိမ်ကြိမ် အသတ်ခံနေရသလိုပါပဲလို့ ပြောပါတယ်။ သူကပဲ တချို့ အီရန်ပြည်သူတွေကလည်း အစ္စရေးက ဝင်တိုက်တာကို ပျော်ကြတယ်။ တချို့ကျတော့လည်း ရှေ့ဆက် ဘာတွေဖြစ်လာမလဲ စစ်ကြောင့် မရေရာမှုတွေကြောင့် စိတ်ပူ နေကြတယ်။ ကျွန်မကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ဘူးလို့ ဆက်ပြောပါတယ်။
ဖိနှိပ် ထိန်းချုပ်မှုတွေ များတဲ့ အီရန်နိုင်ငံမှာ လူထုသဘောထားစစ်တမ်းကောက်ယူဖို့ဆိုတာ သိပ်မလွယ် ပါဘူး။ တစ်ချိန်တည်းမှာပဲ အီရန်အစိုးရကလဲ ပြည်သူတွေဆီက တုံ့ပြန်လာမှာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ အင်တာနက်တွေ ဖြတ်တောက်ထားလို့ လူတွေမှာ သတင်းတွေကို ရသလောက် ဖြန့်ဝေနေကြရတယ်။
အစိုးရကို ထောက်ခံကြတဲ့ အီရန်ပြည်သူတွေလည်း ရှိတယ်။ တိုက်ခိုက်မှုမှာ ကျဆုံးသွားကြတဲ့ စစ်ဗိုလ်ချုပ်တွေ၊ နည်းပညာ အတတ်ပညာရှင်တွေရဲ့ ပုံတွေ ကိုင်မြှောက်ကြပြီး ဆန္ဒပြပွဲတွေ လုပ်နေကြတယ်။ အစိုးရကို ထောက်ခံပြီး အစ္စရေးကို လက်တုံ့ပြန်ဖို့ တောင်းဆိုကြတယ်။ လက်စားချေမလားဆိုတာ မေးစရာတောင်မလိုပါဘူး။ အစ္စရေးဆိုတာ ဘယ်တော့မှ မရှိဘူးဆိုတာကို ကောင်းကောင်းပြရမယ်လို့ အော်ဟစ် နေကြတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု က အီရန်ပြည်သူတွေကို အင်္ဂလိပ်လိုပြောပြီး “အစ္စရေးက မင်းတို့ကို တိုက်နေတာ မဟုတ်ဖူး” လို့ပြောတာကို မကြားတစ်ချက် ကြားတစ်ချက် ကြားထဲက အယ်လ်ဟမ်ဆိုသူ အမျိုးသမီးက ပြောတာက အစ္စရေးပြောတာကိုလည်း မယုံဘူး၊ လူကလဲ ထုံနေပြီ၊ ကျွန်မ မကြောက်တော့ဘူး ဘာမျှော်လင့်ချက်မှလည်း မထားချင်တော့ဘူး။ အဆိုးဆုံးတွေ ဖြစ်လာနေပြီ၊ ဘာကို ကြောက်ရတော့ မှာလဲ။ လူသေတွေ လမ်းလျှောက်နေသလိုပါပဲ တဲ့။
အစ္စရေး
တယ်လ် အာဗီမြို့က ကျဥ်းကျဥ်းကျုတ်ကျုတ် ဗုံးခိုကျင်း တစ်ခုထဲမှာတော့ နာရီများဟာ ရပ်နေပုံရပါတယ်။ အပြင်မှာကြားလိုက်ရတဲ့ ပေါက်ကွဲသံက ဘာဖြစ်တာလဲဆိုတာ ကြည့်ဖို့ ဆိုတာလည်း အင်တာနက်မရလို့ ဘာမှမသိ နိုင်ပါဘူး။ အစ္စရေးလူမျိုး လူငယ်တစ်ဦးဖြစ်သူ လွိုင်ယာက “ဒီအသံက တည့်တည့်မှန်တာလား၊ ဒုံးကျည်ကို ဖြတ်တောက်ပစ်နိုင်တဲ့ အသံလား မသိရဘူး၊ အခုကျွန်တော်တို့ ပုန်းနေရတဲ့ နေရာနဲ့ နီးသလား ဝေးသလား တစ်ယောက်ယောက်ကို ထိသွားလား ဆိုတာလည်း ဘာမှကို မသိရဘူး” လို့ သူဖုန်းကို ဆက်သွယ်ရေး ကွန်ရက်ထဲ ပြန်ရောက်ဖို့ ကြိုးစားလို့ မရဖြစ်နေတာကို မရမက လုပ်ရင်းကပြောပါတယ်။
အစ္စရေးဘက်ကနေ အီရန်ကို စတင်တိုက်ခိုက်ချိန်ကစလို့ တယ်လ်အာဗီမြို့က ဘဝတွေဟာ ပြည်ထဲရေး ရှေ့တန်းကွပ်ကဲရေး ဌာနက အချိန်နဲ့ မပြတ်ပို့နေတဲ့ ဖုန်း သတိပေး စာတိုတွေရယ်၊ အီရန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ဝင်လာလို့ အချက်ပေး ဥသြဆွဲသံတွေရယ်နဲ့ တစ်လှည့်စီ စည်းဝါးကိုက် ဖြစ်လို့နေပါတယ်။
သတိပေးသံတွေက အချိန်မရွေး ရောက်နေ ကြားနေပါတယ်။ ဒါပေမဲ့ အန္တရာယ် ကင်းရှင်းသွားပြီ ဆိုတာ အကြောင်းကြားဖို့က တော့ အချိန်ကြာ တတ်ပါတယ်။ လွိုင်ယာက “ဘဝတွေကတော့ ရပ်နေလို့မရဘူးလေ ဆက်သွားနေရမှာပဲ။ ကျွန်တော်တို့ အစ္စရေးလူမျိုးတွေဆိုတာ ဒီလို ဒုက္ခတွေဆိုတာ သိပ် အထူးဆန်းကြီးတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီတစ်ခါ ကတော့ မကြံစဖူးပဲ မသေချာ မရေရာတာတွေ များလွန်းတယ်။” ကြာသပတေးနေ့ မှာ ဒုံးကျည်တစ်ခုက ဆေးရုံ တစ်ခုကို ထိမှန်ခဲ့လို့ အထိအခိုက် အပျက်အစီးတွေ များခဲ့တယ်၊ အဲဒီနေ့ မနက်စောစာမှာပဲ နောက်ထပ် ဒုံးကျည်တစ်ခု ကာကွယ်ရေး စနစ်ကို ကျော်လွန်ထိုးဖောက်ဝင်လာပြီး အဆောက်အအုံ တစ်ခုကို မှန်သွားခဲ့သေးတယ်။
“ကြောက်ဖို့ကောင်းတယ်။ ဒုံးကျည်တွေဟာ ပိုပြီး ကြောက်စရာကောင်းတယ် အရင်ကဖြစ်ခဲ့တာမျိုးနဲ့ မတူဘူး။ ဘယ်လောက် ကြာဦးမလဲ မသိဘူး။ လူတွေ စိတ်ပူနေရလွန်းလို့ ညတွေမှာတောင် မအိပ်နိုင်ကြတော့ဘူး” လို့ ရှီယာက ပြောပါတယ်။ သူက နာမည် အပြည့်အစုံတော့ ပြောမသွားပါဘူး။ အစ္စရေး သတင်းထောက်ဟောင်း တစ်ဦးဖြစ်တဲ့ အာကီဗာ အဲလ်ဒါက “ဝန်ကြီးချုပ် နေတန်ညာဟုက ကြောက်နေခဲ့တာ၊ အသေအကြေများမယ့် တိုက်ခိုက်မှုမျိုးတွေ မလုပ်ဘဲ လက်ရှောင်နေခဲ့တာ၊ ခုတော့ မြင်တဲ့ အတိုင်းပါပဲ” လို့ ပြောပါတယ်။ “အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးလူမျိုး အရပ်သား ၁၂၀၀ လောက်ကို သုတ်သင် လုပ်ကြံခဲ့တာ ခံခဲ့ရလို့ သူ (နေတန်ညာဟု) က ဒီလို တုံ့ပြန်တာမျိုးလုပ်တာလို့” အဲလ်ဒါက တချို့လူတွေ မြင်သလို သူလဲ ဒီလိုမြင်ကြောင်း ထပ်ပြောပါတယ်။
ဂျူးလူမျိုး (အစ္စရေး) ၈၃ ရာခိုင်နှုန်းကတော့ အီရန်အပေါ် တိုက်ခိုက်မှုကို ထောက်ခံအားပေးကြပြီး အစိုးရရဲ့ လုံခြုံရေး အစီအမံတွေ ကိုလည်း ယုံကြည်အားကိုးကြောင်း၊ လိုအပ်လို့ စစ်ပွဲက ရှည်ကြာမယ်ဆိုရင်လည်း လိုအပ်တာတွေ ပြင်ဆင်ထားကြတယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။
အမေရိကန်
သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခဲ့ကြတဲ့လူတော်တော်များများကတော့ အစ္စရေးနဲ့ အီရန် အရေးကိစ္စထဲ အမေရိကန်ကို စစ်ရေး အရ ပါဝင်စေလိုခြင်းမရှိဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။ အမေရိကန်လူမျိုး ၁၀ယောက် မှာ ရှစ်ယောက်က အီရန်ရဲ့ နျူကလီးယား စွမ်းရည် မြှင့်တင်ရေး နဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ သံတမန်အရေးအရသာ ဆောင်ရွက်သင့်ပြီး လိုအပ်ရင် စီးပွားရေး ပိတ်ဆို့တာတွေ ဆက်လုပ်ဖို့ လိုအပ်တယ်လို့ မြင်ကြပါတယ်။
ကင်တာကီ ရီပတ်ဗလစ်ကင် အမတ် သောမတ်စ် မက်စ္စီ ကသူ့ရဲ့ တွစ်တာ ဆိုရှယ်မီဒီယာမှာ ဒီစစ်ပွဲက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဆိုင်မယ်ဆိုရင်တောင် အခြေခံ ဥပဒေ အရ ကွန်ဂရက်လွှတ်တော်မှာ ဆုံးဖြတ်သင့်ပါတယ် လို့ ရေးပြီး တင်ပါတယ်။ တင်နက်ဆီပြည်နယ် ရီပတ်ဘလစ်ကင် အမတ် တင်မ် ဘာချက်က CNN နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အရှေ့အလယ်ပိုင်းကိစ္စ ပိုပြီးဆိုးလာမယ်ဆိုရင် အမေရိကန်အနေနဲ့ နည်းနည်းလောက်ပဲ ပါသင့်တယ်။ ကျွန်တော်တို့ မဆုံးနိုင်တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ ပါဖို့ မလိုအပ်တော့ဘူး၊ လူကြီးတွေက ဆုံးဖြတ်ပြီး ကလေးတွေ သေကြရတယ်ဆိုတာ စစ်ရဲ့ သမိုင်းတစ်ခုပဲ လို့ ပြောသွားပါတယ်။
သူတို့ရဲ့ အမြင်တွေက သမ္မတ ထရမ့်ကို ထောက်ခံသူတွေ အကြား ဧပြီလတုန်းက ကောက်ယူ ခဲ့တဲ့ စစ်တမ်းတစ်ခု ရလဒ်တွေနဲ့ တစ်ထပ်တည်း လောက်နီးနီး ကျနေပါတယ်။ စစ်တမ်းအရ ၁၉ ရာခိုင်နှုန်းက စစ်ရေးအရ ပါဝင်သင့်တယ်လို့ မြင်ကြပြီး ၆၃ ရာခိုင်နှုန်းက အီရန်ရဲ့ နျူကလီးယား အစီအစဥ်ကို ညှိနှိုင်းခြင်းအားဖြင့်သာ ကိုင်တွယ်သင့်တယ်လို့ မြင်ကြပါတယ်။
အခုလို ဆက်လက်မြင့်တက်လာနေတဲ့ စစ်ရေး အခြေအနေတွေက ပါဝင်ကြတဲ့ သုံးနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အတွက်သာမကပဲ ကမ္ဘာပေါ်က လူများအတွက်ပါ ရတက်မအေးစရာ ဖြစ်နေမှာ အမှန်ပါပဲ။
ကိုးကား
ဝါရှင်တန်ပို့စ် သတင်းစာ
ဒီဒဗလျူ သတင်းဌာန
ဂါဒီယန် သတင်းစာ

