ဒီကနေ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာတာကတော့ ကျယ်ပြန့်လာနေတဲ့ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံရဲ့စစ်ပွဲကြီးပါပဲ။ ဇွန်လ ၂၁ရက်နေ့ကစပြီး အမေရိကန်ပြည်ထောင်စု ပါဝင်လာ ပြီ ဖြစ်ပါတယ်။ ခေတ်သစ်လက်နက်မျိုးစုံကို နှစ်ဖက်စလုံးကထုတ် သုံးနေကြပါပြီ။ အစ္စရေးရော အီရန် ကပါ အဏုမြူ လက်နက်တွေနဲ့ တိုက်တော့မလားနဲ့ ကမ္ဘာပြည်သူတွေ ထိတ်လန့်နေကြရနေပြီလေ။ တတိယကမ္ဘာစစ် ဒါမှမဟုတ် အဏုမြူစစ်ပွဲကြီးကိုဦးတည်နေပြီလို့တောင်ဆိုနိုင်လာပါပြီ။
နောက်ကြောင်းပြန်ကြည့်ရင် အီရန်ကလည်း အမေရိကန်နဲ့အစ္စရေးဟာ သူရဲ့ မဟာ ရန်သူတော် တွေလေ။ သူတို့မှာက အဏုမြူ လက်နက်တွေရှိတော့ သူကလည်း အဏုမြူလက်နက် ပိုင်ဆိုင် ချင်တယ်။ ဒါမှအစ္စရေးနဲ့ အမေရိကန် ကိုဟန့်တားနိုင်မှာပေါ့။ အစ္စရေးကလည်း ဒါကိုလက်မခံဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ဆိုလို့ဘယ်လိုဟာမျိုးမှအရောက်မခံနိုင်ဘူး။ အီရန်လက်ထဲ အဏုမြူ လက်နက်ရောက်ရင် အစ္စရေးနိုင်ငံ ကမ္ဘာပေါ်ကနေ ပျောက်သွားမယ်လို့ တထစ်ချ ယုံကြည် ထားတာမို့ သူက လက်ဦးမှု ယူပြီး တိုက်ခိုက်လိုက်တာပါပဲ။ လောလော အစ္စရေးက တင်လာတဲ့ အကြောင်းပြချက်ပါ။ တခြားအကြောင်း တွေအများကြီးရှိပါသေးတယ်။ အမေရိကန်သမ္မတ ထရမ့်က လည်း အီရန်ကို တိုက်ခိုက်လိုတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

၂ဝ၂၅ခုနှစ် ဇွန်လ ၁၃ရက်သောကြာနေ့မှာ အီရန်နိုင်ငံထဲက အဏုမြူ စက်ရုံတွေနဲ့ ဒုံးကျည် ထားရှိတဲ့ နေရာတွေအပါအဝင် အဓိက စစ်ရေးပစ်မှတ် ၁ဝဝ ကျော်ကို အစ္စရေးနိုင်ငံက စတင်တိုက် ခိုက် ပါတယ်။ အဲဒီတိုက်ခိုက်မှုက အီရန်စစ်တပ်ကဝါရင့်တပ်မှူးကြီးတွေနဲ့ သိပ္ပံပညာရှင်တွေကိုသေဆုံး သွားစေတယ်။ ဂြိုဟ်တုက ပို့တဲ့ ဓာတ်ပုံတွေမှာတော့ အီရန်နိုင်ငံရဲ့ အထင်ရှားဆုံး နျူကလီးယား သန့် စင်စက် ရုံကြီးဖြစ်တဲ့ နာတန့် နျူကလီးယားစက်ရုံ (Natanz nuclear site)နယ်မြေ တစ်ခုလုံး ပျက်စီး သွားတာကို ဖော်ပြထားတယ်။ ဒါပေမဲ့ လောင်စာသန့်စင်တဲ့စက်ရုံကတော့ပျက်စီးသွားပုံမရပါဘူး။ အစ္စ ဖာဟန် မြို့မှာရှိတဲ့ နျူကလီးယားသုတေသနဌာနကိုလည်း ထိမှန်ခဲ့တယ်။
အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြတဲ့ အီရန်စစ်တပ်က အထက်တန်းအရာရှိကြီးတွေထဲ မှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဘာဂီရီ (Maj- General Moham med Bagheri)နဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ဟိုစိန်ဆ လာမီ (Gen Hossein Salami) တို့ပါဝင်တယ်။ အီရန်နျူကလီးယား သိပ္ပံပညာရှင် အနည်းဆုံးခြောက် ယောက်လည်း သေဆုံးသွားတယ်လို့သိရတယ်။ အစ္စရေးတို့က စနေရော တနင်္ဂနွေမှာ ဒုံးကျည်တွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတာ တနင်္လာနေ့အထိပဲ။ အစ္စရေးစစ်တပ် (Israel Defense Forces – IDF) က အီရန်နိုင်ငံမြို့တော် တေရန် (တီဟီရန်) ဝန်းကျင် မှာရှိတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး မြို့တော်ရဲ့ ဝေဟင်ပိုင်နက်ကို ထိန်းချုပ်ထားနိုင်လိုက်ပြီလို့ ကြေညာခဲ့တယ်။ အစ္စရေး စစ်ဘက်က ပြောတာကတော့ စနေနေ့ (ဇွန်လ၁၄ရက်) နေ့ ကတည်းကဆိုရင်ကာကွယ်ရေးဝန် ကြီးဌာန(စစ်ရုံးချုပ်)အပါအဝင် တေရန်မြို့မှာရှိတဲ့ ပစ်မှတ်” ၈ဝ ကျော် “ကို ထိမှန်ခဲ့တယ်။အီရန်ကို ကာကွယ်ဖို့ အစ္စရေးနိုင်ငံကိုပစ်တဲ့ ဒုံးကျည်ပစ်စင်နဲ့စနစ်ကိုပါထိမှန်ခဲ့တယ်တဲ့။
အီရန် ရေနံဝန်ကြီးဌာန ကကြေညာရာမှာ တေရန်မြို့ နယ်မြေအတွင်းရှိ ရေနံတင်ပို့တဲ့ စခန်း နှစ်ခုကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် လို့ဆိုပါတယ်။ တေရန်မြို့ မှာရှိတဲ့ ကျန်းမာရေး ဌာနတွေနဲ့ အတူ အရပ်သူ အရပ်သားများ နေထိုင်ရာ ဒေသတွေမှာလည်း အစ္စရေး လက်ချက်နဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ အီရန်က စွပ်စွဲပြော ကြားခဲ့တယ်။အစ္စရေး တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၃ ရက်နေ့က ဇွန် ၁၅ ရက်အထိဆိုရင် လူပေါင်း ၂၂၄ ယောက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
အီရန်နိုင်ငံကလည်း သောကြာနေ့ (ဇွန်၁၃ရက်) ကစလို့ အစ္စရေး နိုင်ငံဆီကို ဒုံးကျည်တွေနဲ့ လှိုင်းလုံး ပမာ တစ်သုတ်ပြီးတစ်သုတ် ပြန်ပြီးတော့ ပစ်ခတ်တယ်။ အစ္စရေး အာဏာပိုင်တွေရဲ့ အဆိုအရ ကတော့ သောကြာနေ့ ကနေ တနင်္ဂနွေနေ့ အထိ လူပေါင်းအနည်းဆုံး ၁၄ ယောက်သေဆုံးခဲ့ပြီး လူပေါင်း ၃၉ဝ ဒဏ်ရာ ရခဲ့တယ်လို့ သိရတယ်။ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းတွေ အဆိုအရ ဇွန်လ ၁၄ ရက်နေ့ ညဘက်မှာ အီရန်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည် ထိမှန်လို့ တာမရာ မြို့ကလေးမှာရှိ တဲ့ သုံးထပ်တိုက် အဆောက်အအုံတစ်ခု ပြိုကျပြီး အမျိုးသမီး လေးယောက် သေဆုံး ခဲ့ရတယ်။ တဲလ်အဗစ် မြို့နားက ဘက်ယမ်း (Bat Yam) က အီရန် ဒုံးကျည် ထိမှန်တဲ့ နေရာမှာ လူ ခြောက်ယောက် သေဆုံးပြီး အနည်းဆုံး လူ ၁၈ဝ လောက် ဒဏ်ရာ ရခဲ့တယ်။ ဒီအရေအတွက်ဟာ တဲလ်အဗစ်နဲ့ ဟိုက်ဖာမြို့တွေကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်ပြီး၊ မြောက်ဘက်ပိုင်းက မြို့တစ်မြို့မှာရှိတဲ့ ဓာတ်အားပေးစက်ရုံတစ်ခု ဒုံးကျည်ထိပြီး မီးတွေလောင်ခဲ့တာမို့ ဇွန်လ ၁၆ ရက် တနင်္လာနေ့ ဆိုရင် အခု အရေအတွက် ထက်ပိုပြီး တိုးလာစရာ ရှိသေးတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်စားချေဖို့အတွက် ပစ်ခတ်တဲ့ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ပိတ်ဆို့ဟန့်တားဖို့ ကူညီပေးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက စစ် အခြေစိုက် စခန်းတွေနဲ့ သင်္ဘောတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ အီရန်က သတိပေး လိုက်တယ်။ အမေရိကန် ပြည်ထောင်စု အရာရှိတွေက မီဒီယာတချို့ကို ပြောကြားရာမှာ အမေရိကန် လေကြောင်းရန် ကာကွယ်ရေးစနစ် နဲ့ ရေတပ်က ဖျက်သင်္ဘောတွေက သောကြာနေ့က ဝင်လာတဲ့ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည်တချို့ကို အစ္စရေးက ပစ်ချနိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတာမာက အစ္စရေးကို အကာအကွယ်ပေးနေတယ်ဆိုတာ ပယ်ချဖို့ ငြင်းဆိုပြီး အရှေ့အလယ်ပိုင်း ဒေသကို ဗြိတိန်နိုင်ငံက ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ရွှေ့ပြောင်း ပေးပို့ထားခဲ့တယ်။
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ရာဟုက အခုလို အီရန်ကို တိုက်ခိုက်တာဟာ တရားတဲ့ အကြောင်း ပြောကြားရာမှာ နျူကလီးယား ဗုံးတစ်လုံး တည်ဆောက်ဖို့ အီရန်နိုင်ငံရဲ့ လျှို့ဝှက် အကြံအစည်ကို လက်ဦးမှု ရရှိအောင် သူက ကြိုတင်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်၊ အီရန်နိုင်ငံမှာ နျူကလီးယားဗုံး ကိုးလုံးအထိ တည်ဆောက်ဖို့ စွမ်းရည်ရှိနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အိုင်အေအီးအေ (IAEA – International Atomic Energy Agency) ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီရဲ့ ဘုတ်အဖွဲ့က အီရန်နိုင်ငံဟာ နျူကလီးယား မပြန့်ပွားရေးစာချုပ်အရ ထားရှိတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်ခဲ့ပြီး အိုင်အေအီးအေရဲ့ စစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် တာမျိုး ပျက်ကွက်ခဲ့တယ်၊ အခုဆိုရင် အဆင့်မြင့် စွမ်းအားပြည့် ယူရေနီယံ ကီလိုဂရမ် ၄ဝဝ အထိ စုဆောင်းထားရှိ မိပြီးဖြစ်တယ်လို့ ခန့်မှန်းထားကြောင်းကို ဇွန်လ ၁၂ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာခဲ့တယ်။ အနောက်အုပ်စု နိုင်ငံတွေက ထောက်လှမ်းရေး အကဲဖြတ်ချက်တွေရဲ့ ယေဘုယျ အဆိုကတော့ အီရန်နိုင်ငံဟာ အခုအချိန်အထိ အဏုမြူဗုံး တစ်လုံး တည်ဆောက်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။
အီရန်နိုင်ငံရဲ့ သြဇာ အာဏာ အမြင့်ဆုံး ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ က “ပြင်းထန်တဲ့ ဆုံးဖြတ်မှုမျိုး” ချမှတ်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး လူနေရပ်ကွက်တွေကို ပစ်မှတ် ထားတယ် လို့ပါ အခိုင်အမာ ပြောကြားခဲ့တယ်။အမေရိကန် ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဖျက်သိမ်းလိုက်ပြီး အီရန်နိုင်ငံကတော့ ကြားဝင် စေ့စပ်ပေးမယ့် နိုင်ငံတွေအဖြစ် အလားအလာရှိတဲ့ ကာတာနဲ့ အိုမန်နိုင်ငံတွေကို ပြောကြားရာမှာ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှု အောက်မှာ ရောက်ရှိနေသမျှ ကာလပတ်လုံး အပစ်အခတ် ရပ်စဲရေး တစ်ရပ်အတွက် စေ့စပ်ဆွေးနွေးဖို့ လမ်းဖွင့်ပေးမှာ မဟုတ်ဘူးလို့ဆိုတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန်လ ၁၃ ရက်နေ့ စောစောပိုင်းမှာ ပြောကြားရာမှာ “တစ်နိုင်ငံချင်း” ဖြစ်တာပဲလို့ ဖော်ပြပြီး အမေရိကန်နိုင်ငံက အစ္စရေး တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်လိမ့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီနေ့ နှောင်းပိုင်းမှာ သမ္မတထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ သူက ဖြစ်လာမယ့် တိုက်ခိုက်မှုကို သတိပြုမိတယ်လို့ ဆိုတယ်။ ကနေဒါနိုင်ငံမှာ ဇွန်လ ၁၅ရက်နေ့ကကျင်းပတဲ့ စက်မှု ခုနစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲမှာ သူက စေ့စပ် ဆွေးနွေးမှု တစ်ခုကို နောက်ကနေ ကြိုးကိုင် ဆောင်ရွက်နေတယ်လို့ ဆိုတယ်။ ရိုက်တာ သတင်းတစ်ရပ်မှာ ကတော့ အီရန်နိုင်ငံရဲ့ သြဇာ တိက္ကမ အကြီးဆုံး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီကို သုတ်သင်ပစ်ဖို့ အစ္စရေးနိုင်ငံရဲ့ မကြာသေးခင် အကြံအစည်ကို သူက လက်မခံဘဲ ပယ်ချခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ကြောင်း သိရတယ်။
ဇွန်လ ၁၉ ရက်နေ့ တိုက်ခိုက်တာ တွေကတော့ နာတန့်ဇ်နဲ့ အခုအခါ ခွန်ဒက်လို့ခေါ်တဲ့ အီရန်နိုင်ငံက ရေ လေး သုံ နျူကလီးယား ဓာတ်ပေါင်းဖို စက်ရုံ အပါအဝင် အီရန်နိုင်ငံ ထဲက ဒါဇင်နဲ့ ချီရှိတဲ့ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်။ အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ အစ္စရေးနိုင်ငံ တောင်ပိုင်းက ဘီယာရှီဘာ မြို့မှာရှိတဲ့ ဆိုရိုကာဆေးရုံကြီးကို ထိမှန်ခဲ့ရာ လူတွေဒါဇင်နဲ့ချီပြီး ဒဏ်ရာ ရခဲ့ကြတယ်။ ဒီဆေးရုံက ဒဏ်ရရတဲ့ အစ္စရေး စစ်သည်တွေကို ပို့တဲ့ အဓိကဆေးရုံကြီး တစ်ရုံဖြစ်တယ်။ IRNA သတင်းဌာန ရဲ့ Telegram မှာဖော်ပြရာမှာ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ရဲ့ အဓိက ပစ်မှတ်က အစ္စရေးရဲ့ ကွပ်ကဲမှုနဲ့ ထောက်လှမ်းရေး ဌာနချုပ်ဖြစ်ပြီး ဂက်ဘ်ယန်း နည်းပညာဌာနမှာရှိတဲ့ အစ္စရေး ထောက်လှမ်းရေးစခန်း တစ်ခုဖြစ်တယ် ဆေးရုံ မဟုတ်ဘူးလို့ ဆိုတယ်။
အစ္စရေးကတော့ တေရန်မြို့မှာ ရှိတဲ့ အီရန်ရဲ့ ပြည်ထဲရေး လုံခြုံရေးဌာနချုပ်ကို တိုက်ခိုက် ဖျက်ဆီးခဲ့တယ် လို့ပြောတယ်။ အီရန် မြို့ကြီးတစ်မြို့ ဖြစ်တဲ့ ကာရာ့ဂျ်နဲ့ အနီးက ပါရန်လေဆိပ် မှာတော့ ပေါက်ကွဲမှုတွေ အမြောက်အမြား ပေါ်ပေါက်ခဲ့တယ်။ ဇွန် ၁၉ ရက်နေ့အထိ သေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာရရှိတာတွေ ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၄ ဦးထက် မနည်း သေဆုံး ခဲ့ရတယ်လို့ အစ္စရေးက ဆိုတယ်။ ဆိုရိုကာ ဆေးရုံကို ဒုံးကျည်ထိမှန်ရာမှာ လူပေါင်း ၂ဝဝ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ အစ္စရေး ကဆိုတယ်။ အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ တစ်ဝန်းမှာ အနည်းဆုံး လူပေါင်း ၆၃၉ ဦး သေဆုံးခဲ့တယ်လို့ ဝါရှင်တန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများ အုပ်စုတစ်ခုက ဆိုတယ်။
အီရန်နိုင်ငံကတော့ သူ့နိုင်ငံဘက်က သေဆုံးစာရင်းကို ပုံမှန် တင်ပေးလေ့ မရှိပါဘူး။ နောက်ဆုံး ရတဲ့ စာရင်းအရ ကတော့ ၂၄ဝ သေဆုံးပြီး ၁၂၇၇ ယောက် ဒဏ်ရာရခဲ့တယ် လို့ဆို ပါတယ်။ အစ္စရေး နိုင်ငံထဲမှာတော့ အီရန်နိုင်ငံက လက်တုံ့ပြန် တိုက်ခိုက်တာကြောင့် လူတွေထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ် ကုန်တယ်လို့ အစ္စရေး နေ့စဉ်သတင်းစာ Yedioth Ahronoth ကရေးတယ်။ အစ္စရေး ပြည်ထဲရေးဝန်ကြီး ဌာန ကတော့ တယ်လ်အဗစ်မြို့က လူပေါင်း ၉ဝ၇ ဦး အပါအဝင် စုစုပေါင်းလူ ၅၁၁ဝ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ဖော်ပြခဲ့တယ်။
အခြေအနေက တစ်နေ့ တခြားဆိုး လာတယ်။ အလ်ဂျာဇီးရား သတင်းဌာနရဲ့ မှတ်တမ်းအရ ဇွန်လ ၂၁ ရက် စနေနေ့မှာ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ အစ္စဖာဟန် ပြည်နယ်ရှိ အရေး ပါတဲ့ နျူကလီးယားစက်ရုံတွေ ထိမှန်ခဲ့တယ်။ နျူကလီးယား စက်ဒလက်တွေ ထုတ်ဖို့ အသုံးပြုတဲ့ အဆောက်အအုံတွေနဲ့ အချက်အချာကျတဲ့ စက်ရုံတွေထိမှန်တယ်လို့ အစ္စရေး လေတပ်နဲ့ ကြည်းတပ်က ပြောရေး ဆိုခွင့်ရှိသူ ကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ ကတော့ အဲဒီစက်ရုံကို ထိမှန်တာကို အတည်ပြုပေမယ့် ဒီနေရာတွေမှာ နျူကလီးယား ပစ္စည်းတွေ မရှိလို့ ရေဒီယို သတ္တိကြွတဲ့ အကျိုး ရလဒ်တွေ မတွေ့ရဘူး လို့ဆိုပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောကြားရာမှာ တော့ အီရန်နိုင်ငံရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) က အထက်တန်း တပ်မှူးကြီး သုံးဦး သေဆုံး တယ်လို့ ဆိုတယ်။ အိုင်အာဂျီစီ ကတော့ အစ္စရေး တိုက်ခိုက်မှုကြောင့် သူတို့ တပ်ဖွဲ့ဝင် ငါးယောက် ကျဆုံးခဲ့ရတယ် လို့ဆိုပါတယ်။ အီရန် ဖားစ် သတင်းဌာနက ကျန်းမာရေးဝန်ကြီး မိုဟာမက်ဇီရာ ဇာဖာဂရန်ဒီ ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းပေးရာမှာ အစ္စရေးတပ်တွေက လူနာတင်ကားခြောက်စီးနဲ့ ဆေးရုံ သုံးခု ကို တိုက်ခိုက်လို့ ကျန်းမာရေး လုပ်သားနှစ်ယောက်နဲ့ ကလေးငယ် တစ်ယောက် သေဆုံးခဲ့တယ်လို့ ဆို တယ်။ အီရန် ကျန်းမာရေး ဝန်ကြီးဌာက ကြေညာရာမှာ လွန်ခဲ့တဲ့ ကိုးရက်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၃ဝ ထက် မနည်း သေဆုံးပြီး ခန့်မှန်းခြေ အရ လူပေါင်း ၃၅ဝဝ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ တယ် လို့ဆိုတယ်။
အခုနောက်ဆုံးရတဲ့ ရိုက်တာသတင်းတစ်ရပ်အရကတော့ အမေရိကန်ပြည်ထောင်စု တပ်တွေဟာ အီရန်နိုင်ငံရဲ့ အဓိက နျူကလီးယားဌာန သုံးခု ကို အောင်မြင်အောင် တိုက်ခိုက် နိုင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၁ ရက်၊ စနေနေ့ည မှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ကြေညာခဲ့ ပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံဟာ ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ သဘောမတူဘူးဆိုရင် အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ့်တိုက်ခိုက်မျိုးတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတထရမ့်ကသတိပေးခဲ့ပါသေး တယ်။ အဓိက ပြိုင်ဘက်ကို တိုက်ခိုက်နေတဲ့ အစ္စရေးနိုင်ငံရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင်ဖို့ ဆုံးဖြတ်ချက်ဟာ သူ့ဘာသာသူ သတ်မှတ်ထားတဲ့ ရက်သတ္တ နှစ်ပတ်ကျော် ချိန်ဆပြီးမှ ချမှတ်လိုက်တာလို့ ဆိုတယ်။ ဒီဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသ မှာ မတည်မငြိမ် ဖြစ်မှုတွေ အတွက် ခေတ်သစ်တစ်ခုကို ဖွင့်ပေးလိုက်တဲ့ အန္တရာယ်မျိုး ရင်ဆိုင်ရနိုင်ပြီး အခုဖြစ်နေတဲ့ ပဋိပက္ခကို အဓိက အရှိန်မြှင့်ပေးလိုက်တာပဲလို့ သတင်းကဖော်ပြတယ်။
အမေရိကန်လေတပ်က B-2 stealth bomber ခေါ်တဲ့ ရေဒါမပေါ်နိုင်တဲ့ ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီး တွေဟာ ဇွန်လ ၂၁ ရက်၊ စနေနေ့က အမေရိကန် စစ်စခန်းရှိတဲ့ ဂွမ်ကျွန်းကို ပျံသန်းလာခဲ့တယ် လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ABC သတင်းဌာနကို သတင်းပေးတယ်။ ဒီဗုံးကြဲ လေယာဉ်ကြီးတွေဟာ ဂွမ်ကျွန်းက အန်ဒါဆင် လေတပ် အခြေစိုက် စခန်းမှာ အချိန်တစ်ချိန် လောက်နားတယ်။ ဘယ်လောက်ကြာ သလဲမသိဘူး။ သမ္မတ ဆုံးဖြတ်ချက်ကို စောင့်တာ ဖြစ်ပုံရတယ်။ ဆီဖြည့်တဲ့ လေယာဉ်ရှစ်စင်း ကလည်း အိုကလာ ဟိုမားကနေ ဇွန် ၂ဝ ရက်၊ သောကြာနေ့ သန်းခေါင်ယံ မတိုင်ခင် ပျံသန်းလာပြီး မစ်ဇူရီ၊ ကန်းဆပ်၊ ကိုလိုရာဒိုနဲ့ နယူးမက္ကဆီကို ပြည်နယ်တွေကိုဖြတ်ပျံသန်းပြီးမှ သူတို့ ထွက်လာတဲ့ လေတပ် အခြေစိုက် စခန်းမှာ ပြန်နားတယ်။

ဘီတူး လေယာဉ်ကြီးတွေဟာ Bunker Buster ခေါ်တဲ့ မြေအောက်အနက်မှာ ရှိတဲ့ ကတုတ်စခန်းတွေကို ဖောက်ခွဲနိုင်တဲ့ အကြမ်းအားဖြင့်ဆိုရင် ပေါင်ချိန် သုံးသောင်းကျော် (ကီလီုဂရမ် ၁၃ ၆ဝဝ) အလေးချိန်ရှိ ပစ်မှတ်ကို အတိအကျ ထိမှန်စေတဲ့ ပဲ့ထိန်းစနစ်ပါ ဗုံးကြီးတွေပါတယ်။ စစ်ဘက် အခေါ်အရကတော့ GBU -57 A/B Massive Ordnance Penetrator ဗုံးကြီးတွေဖြစ်ပြီး အမေရိကန် လက်နက်တွေထဲမှာတော့ နောက်ဆုံးပေါ် လက်နက်တစ်မျိုး ပါပဲ။ မြေအောက်အနက်ပေ ၂ဝဝ (၆၁မီတာ) လောက်အနက် အထိ ဝင်ပြီးမှ ပြင်းပြင်း ထန်ထန် ပေါက်ကွဲတာ ဖြစ်တယ်။ မြေအောက်ထဲမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေ၊ စစ်စခန်းတွေကို တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတာပါ။ အခု ဒီလက်နက်နဲ့ အီရန်နိုင်ငံ တေရန်မြို့ အနောက်တောင်ဘက် မိုင် ၆ဝ (၉၅ ကီလိုမီတာ အကွာ) လောက်မှာရှိတဲ့ ကွမ် (Qom) နားက ကျောက်တောင်ကြီးတစ်ခုရဲ့ တောင်နံရံဘေးအတွင်းဘက်မှာ ရှိတဲ့ ဖော်ဒို (Fordow) စက်ရုံကို တိုက်တာပါ။ ဒီစက် ရုံက စွမ်းအားပြည့် ယူရေနီယံလောင်စာတွေ ထုတ်ထား တယ်။ B-2လေယာဉ်က ပစ်မှတ်ရဲ့ အထက် ဝေဟင် အမြင့်ပေ ၁၂ ကီလိုမီတာ (၇ဒသမ၅မိုင်) ကနေ ကြဲချတာပါ။ ဗုံးမှာ စက်မပါဘူး မြင့်လွန်းတဲ့ နေရာက နေကြဲတော့ အရှိန်နဲ့ မြန်နှုန်းကို ရလာတာပါ။ ဂြိုဟ်တုကနေ ထိန်းပေးတဲ့ ပဲ့ထိန်းစနစ်က လမ်းကြောင်းကို ထိန်းပေးတယ်။ ဗုံးရဲ့ ကြီးမားတဲ့ အလေးချိန် ကြောင့် အရွေ့စွမ်းအင် အမြောက်အမြားကို ရရှိတာဖြစ်တယ်။ နောက်ဆုံး ရောက်မှ ၂၄ဝဝ ကီလိုဂရမ် ရှိတဲ့ယမ်းတွေကို စနက်တံ ဖျူးစ်ကဖောက်ခွဲလိုက်တာ ဖြစ်တယ်။
တိုက်ခိုက်မှုတွေ ပြီးသွားခဲ့တဲ့အချိန်မှာတော့ သမ္မတ ထရမ့်က နိုင်ငံကို မိန့်ခွန်းတစ်ရပ် ပြောပါတယ်။ သူက ဒီနေ့ တိုက်ခိုက်မှုဟာ အလွန်အောင်မြင်တဲ့ တိုက်ခိုက်မှု တစ်ရပ်ဖြစ်ကြောင်း၊ အီရန်နိုင်ငံမှာရှိတဲ့ နျူကလီးယား ထုတ်လုပ်တဲ့ နေရာတွေဖြစ်တဲ့ ဖော်ဒိုး၊ နာတန့်ဇ်နဲ့ အစ်ရှ်ဖာဟန် စတဲ့ သုံးနေရာစလုံးကို တိုက်ခိုက်ခဲ့တဲ့နောက် ဒီနေရာတွေ အလုံးစုံ ပျက်စီးသွားပြီဖြစ်ကြောင်း၊ အခုအချိန်ကစလို့ အီရန်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ရတော့မှာ ဖြစ်ကြောင်း၊ မလုပ်ရင် ပိုမိုကြီးမားတဲ့ နောက်ထပ်တိုက်ခိုက်လာမှုတွေ ဖြစ်လာဖို့ရှိပြီး ဒီလောက်တောင် ခက်တော့မှာ မဟုတ်ဘူးလို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ချက်ချင်းလောက်ဆိုသလိုပဲ အီရန် နိုင်ငံခြားရေး ဝန်ကြီး အာဗက်စ် အာရ်ဂ်ချီက တူရကီနိုင်ငံမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့နိုင်ငံ အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချလိုက်ပြီး ဒါဟာ ဘောင်ကျော်ပြီး လုပ်သွားတာလို့ စွပ်စွဲသွားပါတယ်။ နောက်ပြီး အီရန် နိုင်ငံကို နောက်ထပ် ထိပါးလာမယ့် အန္တရာယ်ကနေ အစွမ်းကုန် ကာကွယ်သွားမှာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးအရ ကျူးကျော်လာမှုတွေကို ချေမှုန်းသွားမယ်၊ ဒါတွေအတွက် အမေရိကန်မှာ လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။
အမေရိကန်က အီရန်မှာရှိတဲ့ သုံးနေရာကို ဗုံးကြဲပြီး ၄၈ နာရီအတွင်းမှာတော့ အခြေအနေ တွေက ပိုပြီး ရှုပ်ထွေးလာပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဆိုရှယ်မီဒီယာကနေ “၁၂ ရက်ကြာစစ်ပွဲ လုံးဝ ဥဿုံ စစ်ပြေငြိမ်းရေး ရသွားပြီ။” လို့ ရေးပါတယ်။ အဲဒီနောက်ပိုင်းမှာတောင်မှ အစ္စရေးနဲ့ အီရန် အပြန်အလှန် အပစ်အခတ်တွေ ရှိခဲ့ကြပြီး အသေအပျောက်တွေလဲ ရှိခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လဲ စစ်ပြေငြိမ်းရေးကို ချိုးဖောက်ကြတယ်လို့ အပြန်အလှန် စွပ်စွဲ နေကြတုန်းပါ။

ဇွန်လ ၂၅ ရက်နေ့မှာ အမေရိကန် ဗုံးကြဲလိုက်လို့ လုံးဝ ဥဿုံ ပျက်စီးသွားပြီလို့ ဆိုတဲ့ သမ္မတထရမ့်ရဲ့ ပြောကြားချက်များနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် ပေါက်ကြားမှုတွေကို ထရမ့်က ငြင်းပယ်လိုက်ပြီး ဒီသတင်းကို လွှင့်တဲ့ စီအန်အန်၊ နယူယောက်တိုင်း တို့ဟာ အလိမ်အညာတွေလို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ဇွန်လ ၁၉ ရက် ကတည်းက လူမြင်ကွင်းက အီရန် ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ဇွန်လ ၂၆ ရက်နေ့မှာ တီဗီကနေ ပြန်ပေါ်လာပြီး တိုင်းပြည်ကို စကားပြောပါတယ်။ အမေရိကန်ကို ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဘူးလို့ ကြွေးကြော်သွားပြီး အမေရိကန် သမ္မတ ထရမ့်က ချဲ့ကားပြီး ပြောနေတာ အမေရိကန်တွေ ဒီစစ်ပွဲကနေ ဘာမှ ရမသွားဘူးလို့ ထပ်ပြောပါတယ်။
လာမယ့် စနေနေ့ ဇွန်လ ၂၈ ရက်နေ့ကျရင် တိုက်ပွဲအတွင်း သေဆုံးသွားကြတဲ့ အီရန်ထိပ်ပိုင်းခေါင်းဆောင်များနဲ့ သိပ္ပံပညာရှင်များအတွက် နိုင်ငံတော်စျာပန ကျင်းပမယ်လို့ သိရပါတယ်။
အကိုး – Al Jeezera, Reuter, AFP နဲ့ ABC သတင်းများ

