The Corner

The Corner

cropped-Logo_round_grey-background.png

အာဏာချုပ်ကိုင်မှု၏ ခေါင်းနှင့်ပန်း (သို့မဟုတ်) ဗီယက်နမ်ခေါင်းဆောင် တိုလမ်း

Share မယ်

လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဆိုင်ဂုံမြို့ကနေ နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ခေါ်နိုင်ခဲ့ပါတယ်။ စစ်ကြောင့် ကျေမွပျက်စီး ဆင်းရဲမွဲတေနေတဲ့ နိုင်ငံကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ အခြေအနေပါ။ ဟိုချီမင်းလို့ အမည်သစ်ပေးထားတဲ့ ဒီကနေ့ ဆိုင်ဂုံမြို့ဟာ လူဦးရေ ကိုးသန်းကျော်ရှိတဲ့ ကမ္ဘာ့မြို့ကြီး ဖြစ်နေပါပြီ။ မိုးမျှော်အထပ်မြင့်တိုက်ကြီးတွေ၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ အမှတ်တံဆိပ်တွေ ပြည့်နှက်နေတဲ့မြို့ပါ။ ဒါဟာ ဗီယက်နမ် နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားရမယ့်အချိန်လို့ ခင်ဗျားစိတ်ထဲ တွေးထင်ကောင်း တွေးထင်ပါလိမ့်မယ်။ ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲမွဲတေမှုကို ကျော်လွှားဖြေရှင်းနိုင် ခဲ့သလို အမေရိကန်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ထိပ်တန်းဆယ်နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်တယ်။ အက်ပဲနဲ့ ဆမ်ဆောင်းလို ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေ စုဝေးရာနေရာလည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တကယ့်ပကတိအခြေအနေကတော့ ဗီယက်နမ်နိုင်ငံဟာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒီအခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ဖွံ့ဖြိုးစနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ကို တက်လှမ်း နိုင်တယ် ဆိုတာ ပြသနိုင်ဖို့ ဗီယက်နိုင်ငံဟာ ဒုတိယမြောက် အံ့မခန်းအောင်မြင်မှုကို ဖန်တီး ထုဆစ်နိုင်ရပါလိမ့်မယ်။ ကုန်သွယ်ရေးစစ်ပွဲတွေရှိနေတဲ့ ကြားထဲကပဲ ဖွံ့ဖြိုးကြွယ်ဝနိုင်တဲ့ နည်းလမ်းသစ်တွေကို ဗီယက်နိုင်ငံက မဖြစ်မနေရှာဖွေကြံဆရတော့ မှာပါ။ နိုင်ငံကို ခေါင်းဆောင်နေတဲ့ တင်းမာတဲ့သဘောထားရှိတဲ့ ခေါင်းဆောင်ကလည်း သူ့ကိုယ်သူ ပြုပြင် ပြောင်းလဲရေး သမားတစ်ယောက်အဖြစ် မဖြစ်မနေ အသွင်ပြောင်းလဲရမှာပါ။

ဗီယက်နမ် ခေါင်းဆောင် တိုလမ်း (ဝဲ) နှင့် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင် (ညာ)
Source: PICRYL

ဗီယက်နမ်နိုင်ငံရဲ့ခေါင်းဆောင် (To Lam) ဟာ မာဂရက်သက်ချာလို ခေါင်းဆောင်မျိုးတော့ မဟုတ်ပါဘူး။ ပါတီတွင်း အာဏာအားပြိုင်မှုကနေ တိုလမ်းဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်အဖြစ် ထွက်ပေါ်လာတာပါ။ လုံခြုံရေးရာတာဝန်ရှိ ပုဂ္ဂိုလ်ဘဝကနေ ပါတီခေါင်းဆောင်ဖြစ်လာတဲ့ပုဂ္ဂိုလ်ပါ။ (တိုလမ်းဟာ ရဲတပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၆ ခုနစ်ကနေ ပါတီ ခေါင်းဆောင်၊ နိုင်ငံတော်သမ္မတဖြစ်လာတဲ့ ၂ဝ၂၄ ခုနှစ်အထိ လူထုလုံခြုံရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဘာသာပြန်သူ) ဘယ်လိုပဲဖြစ်ဖြစ် တိုလမ်းဟာ ဗီယက်နမ်နိုင်ငံရဲ့ လက်ရှိမူဝါဒတွေ အလုပ်မဖြစ်တော့ဘူး ဆိုတာကို အသိအမှတ်ပြုလက်ခံထားပါတယ်။ ဒီမူဝါဒတွေကို ၁၉၈၀ ကျော်ကာလ ဒွန်မွိုင်း (Doi Moi) ပြုပြင်ပြောင်းလဲရေးကာလက ချမှတ်ခဲ့တာပါ။ ဒွန်မွိုင်းကာလမှာ ဗီယက်နမ်နိုင်ငံဟာ တံခါးဖွင့်စီးပွားရေးမူဝါဒကျင့်သုံးခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို ခွင့်ပြုခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ လုပ်အားခ သက်သာမှု၊ နိုင်ငံရေးတည်ငြိမ်မှုတွေကြောင့် ဗီယက်နမ် နိုင်ငံဟာ တရုတ်နိုင်ငံအစား ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခွင့်အလမ်းနေရာသစ်တစ်ခု ဖြစ်လာပါတယ်။ ဗီယက်နမ် နိုင်ငံဟာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၂၃၀ ဘီလျံအထိ ဆွဲဆောင်နိုင်ခဲ့ပြီး အီလက်ထရွန်နစ်ပစ္စည်းတွေ တပ်ဆင်ထုတ်လုပ်ရာ အဓိကနေရာ ဖြစ်လာခဲ့ပါတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေ အားလုံးက ဗီယက်နမ်နိုင်ငံမှာ စက်ရုံတွေ ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ စီးပွားရေး နှစ်စဉ် တိုးတက်မှုနှုန်း (၆)ရာခိုင်နှုန်း ရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး တိုးတက်မှု နှုန်းထက်ကို ပိုမြန်ဆန်ခဲ့တာပါ။

လောလောလတ်လတ် ရင်ဆိုင်နေရတဲ့ ပြဿနာက ကုန်သွယ်ရေးစစ်ပွဲပါ။ ဗီယက်နမ်နိုင်ငံရဲ့ ပြည်ပ ပို့ကုန်လုပ်ငန်းက အင်မတန်ကောင်းမွန်တဲ့အတွက် အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရာမှ ပဉ္စမမြောက် ကုန်သွယ်ရေးပိုငွေ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဗီယက်နမ်နိုင်ငံနိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အခွန် ၄၆ ရာခိုင်နှုန်းကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ လျော့ကျသွားအောင် ညှိနှိုင်းကောင်း ညှိနှိုင်းနိုင်ပါလိမ့်မယ်။ သမ္မတဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အင်အားစုတွေ ကျေနပ် အောင် ဗီယက်နမ်နိုင်ငံက ကံစမ်းမဲဆန်ဆန် ပဉ္စလက်ကမ်းလှမ်းမှုတွေ လုပ်ထားပါတယ်။ ဘိုးရင်းလေယာဉ်ပျံဝယ်တာနဲ့ Space X နဲ့ စာချုပ်ချုပ်ဆိုတာလို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာပါ။ မေလ ၂၁ ရက်နေ့မှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့သား အဲရစ်ထရမ့် (Eric Trump) က ဗီယက်နမ်နိုင်ငံမှာ ထရမ့်အပန်းဖြေ စခန်း ဆောက်လုပ်ရေးကို စတင်ခဲ့ပြီး ”လူတိုင်း အံ့အားသင့် သွားစေရမယ်”လို့ ကြွေးကြော်ခဲ့ပါတယ်။

ဒါပေမဲ့ ညှိနှိုင်းလျှော့ချလို့ ရလာမယ့် သွင်းကုန်ခွန်နှုန်းထားနဲ့တောင် အခြေအနေဟာ ဗီယက်နမ်အတွက် အိပ်မက်ဆိုးပါပဲ။ ဗီယက်နမ်နိုင်ငံရဲ့ စက်ရုံလုပ်အားခတွေဟာ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ တွေထက် ပိုများလာလို့ ယှဉ်ပြိုင်နိုင်စွမ်းက အရင်ကတည်းက ‘နိမ့်’နေပြီး ဖြစ်နေတာပါ။ သဘောတူညီချက်ရလာဖို့ အတုံ့အလှည့်အနေနဲ့ အမေရိကန်နိုင်ငံက ဗီယက်နမ်နိုင်ငံကို သူ့ရဲ့ စီးပွားရေးစနစ် လည်ပတ် ရာမှာ တရုတ်သွင်းကုန်ပစ္စည်း၊ နည်းပညာ၊ အရင်းအနှီးတွေ ဖယ်ရှားရမယ် လို့ တောင်းဆိုခဲ့မယ် ဆိုပါတော့။ ဒါဆိုရင် ဗီယက်နမ်နိုင်ငံဟာ သူ ကျွမ်းကျွမ်းကျင်ကျင် ထိန်းထားတဲ့ သိမ်မွေ့တဲ့ ပထဝီနိုင်ငံရေး ဟန်ချက်ကနေ ယိမ်းယိုင်သွားနိုင်ပါတယ်။ အခြားအာရှနိုင်ငံတွေနည်းတူ ဗီယက်နမ်နိုင်ငံဟာ ယုံကြည်အားကိုးလို့ မရတဲ့ အမေရိကန်နိုင်ငံနဲ့ ဖိအားပေးအနိုင်ကျင့်တဲ့ တရုတ်နိုင်ငံကြားမှာ ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် ရပ်တည်လိုတာပါ။ တရုတ်နိုင်ငံနည်းတူ ကွန်မြူနိုင်ငံ ဖြစ်ပေမယ့် သူတို့နှစ်နိုင်ငံက ပြိုင်ဘက်တွေ ဖြစ်နေတာဟာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ဗီယက်နမ်နိုင်ငံဟာ သူပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ ပင်လယ်ကမ်းခြေ ရေပိုင်နက်နဲ့ ကျွန်းနယ်မြေတွေကိစ္စမှာ တရုတ်နိုင်ငံက သူကသာ ပိုင်ဆိုင် တယ်လို့ အငြင်းပွားပြောဆိုနေပါတယ်။ ကျောက်မီးသွေးလောင်စာက ထုတ်လုပ်လိုက်တဲ့ လေထုညစ်ညမ်းမှုကနေ မဲခေါင်မြစ်ဝှမ်း မြေဆီလွှာ ပါးလာတဲ့အထိ အမျိုးမျိုးသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ မှီခိုသူ သက်ကြီးရွယ်အို လူဦးရေတွေ တိုးပွားလာချိန်မှာ အတိမ်းအစောင်း အမှားအယွင်းမခံနိုင်တဲ့ ကုန်သွယ်ရေးနဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေကို ဗီယက်နမ်နိုင်ငံက ရင်ဆိုင်နေရတာပါ။

ဗီယက်နမ်နိုင်ငံခေါင်းဆောင် တိုလမ်းက အကျင့်ပျက်လာဘ်စားမှုကို မီးလောင်ပြာချ တိုက်ဖျက်လို့ ကြွေးကြော်လုပ်ဆောင်ပြီး လူထုထောက်ခံမှုရအောင် ဆောင်ရွက်နေခဲ့တာပါ။ အခုအချိန်မှာတော့ တိုလမ်းဟာ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း ဆယ်ဂဏန်းရှိရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အမျိုးသားရေး ဂုဏ်သိက္ခာရွှေခေတ် ရောက်ရမယ်လို့ ကြွေးကြော် ဆောင်ရွက်နေတဲ့အတွက် ဗီယက်နမ် လူထုရဲ့မျှော်လင့်ချက်တွေက မိုးထိ မြင့်မားနေပါတယ်။ ၂ဝ၅ဝ မှာ တစ်ပိုင်းလျှပ်ကူး (semiconductor) ထုတ်လုပ်မှုကနေ တစ်နှစ်ဒေါ်လာဘီလျံ ၁၀၀ ရရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သိပ္ပံ၊ နည်းပညာဘတ်ဂျတ် ကို လေးဆတိုးမယ်ဆိုတဲ့ ကတိကဝတ် အပါအဝင် ”မစားရဝခမန်း” ထုတ်ပြန်ချက်တွေကို တိုလမ်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတန့်သွားမှာကို ရှောင်လွှဲချင်တယ်ဆိုရင် ခေါင်းဆောင် တိုလမ်းအနေနဲ့ ပိုမိုကျယ်ပြန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ပြီး တိုင်းပြည်အတွက် အမြစ်တွယ် နေတဲ့ ပြဿနာ‌တွေဆိုတာက ပြောရရင် ပို့ကုန်အခြေခံ ဖွံ့ဖြိုးရေးမဟာဗျူဟာက မျှော်မှန်းတွက်ချက်ထားသလို အလုပ်မဖြစ်တဲ့အခါ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာမျိုးတွေပါ။

ဗီယက်နမ်ရှိ ဆားလုပ်ငန်းခွင်
Source: Pexels

ဗီယက်နမ်နိုင်ငံရဲ့ အံ့မခန်းဖွံ့ဖြိုးတိုးတက်မှုဟာ ဈေးကွက်အလားအလာကောင်းတဲ့အပေါ် အခြေ ခံပြီး အဆက်အစပ်မရှိ ဟိုတစ်ခု၊ ဒီတစ်ခုသင့်သလို ရွေးချယ်ထားတဲ့ ခေတ်မီ ကုန်ပစ္စည်း ထုတ်လုပ် မှုနည်းနည်းလေးအပေါ်မှာပဲ အခြေခံဖန်တီးထားတာပါ။ ကြီးမားတဲ့နိုင်ငံစုံ ကုမ္ပဏီကြီး တွေက ဧရာမစက်ရုံ ကြီးတွေ လည်ပတ်ဖို့ ဗီယက်နမ်ပြည်သူတွေကို အလုပ်ခန့်ထားကြပါတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီကြီးတွေ အများစုဟာ သူတို့လိုအပ်တဲ့ သွင်းအားစုတွေကို ပြည်ပကပဲ တင်သွင်း ကြတာပါ။ ပြောရရင် ဒီကုမ္ပဏီကြီး တွေရဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်က တိုင်းပြည်ရဲ့ ကျန်စီးပွားရေး ကဏ္ဍ‌တွေကိုပါ ”ကျွဲကူးရေပါ”ဆွဲတင်ခဲ့တဲ့ သဘောပါ။ ဒီမဟာဗျူဟာကြောင့် ဗီယက်နမ်နိုင်ငံဟာ သူ့နိုင်ငံက တင်ပို့တဲ့ ပြည်ပပို့ကုန် တွေမှာ ပြည်တွင်းထုတ်ကုန်ပစ္စည်း အစိတ်အပိုင်းထည့်သွင်း ထုတ်လုပ်နိုင်မှု တိုးပွားလာအောင် မစွမ်း ဆောင်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးအရ ကျောထောက် နောက်ခံကောင်းတဲ့ လက်တစ်ဆုပ်စာ စီးပွားရေးလုပ်ငန်း တွေကို လက်ဝါးကြီး အုပ်ချုပ် ကိုင်ထား ကြတာပါ။ ဗီယက်နမ်နိုင်ငံရဲ့ ဘယ်စီးပွားရေး လုပ်ငန်းအုပ်စုကြီးမှ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပါဘူး။ ဥပမာပေးရရင် ဗီယက်နမ်နိုင်ငံရဲ့ အရှုံးပေါ်နေတဲ့ Teslawonnable နဲ့ Vin Fast တို့လို လုပ်ငန်းတွေဟာ အကြီးမားဆုံး စီးပွားရေးအုပ်စုကြီး ဖြစ်တဲ့ Vingnoup ရဲ့ အစိတ်အပိုင်း စီးပွားရေးလုပ်ငန်းတွေပါ။ ဒီလိုအခြေအနေမျိုးမှာ မလုပ်မဖြစ်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက စွမ်းအင်ကဏ္ဍပေါင်းစုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံအနှံ့ ဖွံ့ဖြိုးတက်ဖို့ဆိုရင် ခေါင်းဆောင်တိုလမ်းအနေနဲ့ ကုမ္ပဏီအသေးလေးတွေအတွက်ရော၊ ခုမှဈေးကွက်ထဲဝင်လာတဲ့ ကုမ္ပဏီတွေအတွက်ပါ အခွင့်အလမ်းညီတူမျှတူဖန်တီး ပေးဖို့ လိုအပ်ပါတယ်။ အခွင့်အလမ်းညီတူမျှတူ ဆိုတဲ့နေရာမှာ ”ပိုင်ရင်ပိုင်သလို၊ ပေးရင်ပေးသလို” ကပြောင်းကပြန် လုပ်ချင်သလိုလုပ်နိုင်နေတဲ့ လုပ်ငန်းလိုင်စင် ခွင့်ပြုတဲ့စနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုသလို အကျင့်ပျက်လာဘ်စားမှုတွေ တွင်ကျယ်နေတဲ့ ဘဏ်စနစ်ကိုလည်း လိုအပ်သလို ပြောင်းလဲဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒီလထုတ်ပြန်ခဲ့တဲ့ ဥပဒေက မိသားစုစီးပွားရေးလုပ်ငန်းတွေအပေါ် ကောက်ခံတဲ့အခွန်ကို ဖျက်သိမ်းပေးခဲ့သလို စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ဥပ‌ဒေဆိုင်ရာ အကာအကွယ်တွေ အားကောင်း လာအောင်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ ခြေလှမ်းပါ။ ဒါပေမဲ့ ခေါင်းဆောင် တိုလမ်းအနေနဲ့ တက္ကသိုလ်တွေကို လွတ်လွတ်လပ်လပ် သင်ကြားလည်ပတ်ခွင့်ပြုဖို့ လိုအပ်နေပါသေး တယ်။ ဒီလိုဆောင်ရွက်ခွင့်ပြုမှသာ စိတ်ကူးအကြံဉာဏ်တွေ အလွယ်တကူဖလှယ်နိုင်ပြီး တီထွင်ဖန်တီးမှု တွေ အားကောင်းမောင်းသန် ဖြစ်လာမှာပါ။

တက္ကသိုလ်တွေ ပြုပြင်ပြောင်းလဲရေးက အန္တရာယ်များပြီး စွန့်စားရတဲ့သဘော ရှိနေပါတယ်။ ပိုမိုလွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံရေးစနစ်ကနေ ဗီယက်နမ်ပြည်သူတွေ အကျိုးအမြတ် ခံစားရမယ် ဆိုတာက သံသယဝင်စရာ မရှိပါဘူး။ ဒီအချက်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အ‌ထောက်အကူ ဖြစ်မှာ မှန်ပေမယ့် တရုတ်နိုင်ငံရဲ့ ဖြစ်စဉ်ကို ကြည့်လိုက်ရင် ဒါက မဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်း ဟုတ်ကောင်းမှလည်း ဟုတ်ပါလိမ့်မယ်။ အနိမ့်ဆုံး ချက်ချင်းလုပ်ဖို့တော့ မလိုအပ်သေးပါဘူး။ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်နေတာက တိုင်းပြည်ရဲ့ ရှားပါးတဲ့ သယံဇာတရင်းမြစ်တွေကို လောဘတကြီးချုပ်ကိုင်ထားတဲ့ ကုမ္ပဏီကြီးတွေကို ခိုင်ခိုင်မာမာ ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းဖို့ပါ။ အစပျိုးခြေလှမ်းအနေနဲ့ တောင်ကိုရီးယား နိုင်ငံမှာ ကုမ္ပဏီအုပ်စုကြီး (choebols) တွေကို ကိုင်တွယ်ခဲ့သလို ဗီယက်နမ်အစိုးရအနေနဲ့ ကုမ္ပဏီ ကြီးတွေကို ”နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် လုပ်ရင်လုပ်၊ မလုပ်နိုင်ခဲ့ရင် အစိုးရထောက်ပံ့မှု မပေးတော့ဘူး”လို့ ဖိအားပေးဖို့ လိုအပ်ပါတယ်။ ဒီကုမ္ပဏီအုပ်စုကြီးတွေကို နိုင်ငံတော်ယန္တရားနဲ့ ကွန်မြူနစ် ပါတီ အတွင်းက ”လက်‌ဝေခံ၊ ပုလင်းတူဘူးဆို့”တွေက အကာအကွယ်ပေးတာဟာ ဖြစ်နေကျကိစ္စပါ။ အရပ်ဘက်ဝန်ထမ်းတစ်သိန်းကို အနားပေးတာ အပါအဝင် အစိုးရယန္တရားပြုပြင်ပြောင်းလဲရေးကို ခေါင်းဆောင်တိုလမ်းက စတင်ဆောင်ရွက်လာတာဟာ အားတက်စရာပါ။ သူက တိုင်းပြည်အတွင်း သတ်မှတ်ထားတဲ့ ပြည်နယ်အရေအတွက်ကို တစ်ဝက်လျှော့ချခဲ့ပါတယ်။ ကွန်မြူနစ်ပါတီအတွင်း ဒေသအလိုက် ဩဇာကြီးတဲ့ ဂိုဏ်းဂဏတွေ ထူထောင်ထားကြတာပါ။ ဝန်ကြီးဌာန အတော်များများ ကိုလည်း ခေါင်းဆောင်တိုလမ်းက ဖျက်သိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်အားလုံးရဲ့ ရည်ရွယ်ချက်ဟာ တိုင်းပြည်ရဲ့ ဗျူရို ကရေစီ ယန္တရားကို ခေတ်မီထိရောက်တဲ့ ယန္တရားအဖြစ် ပြောင်းလဲထူထောင်နိုင်ဖို့ပါ။ ဒါပေမဲ့ တစ်ပြိုင်တည်း ရန်သူများအောင် ဖန်တီးလိုက်တဲ့ အံ့မခန်းလုပ်ရပ်လည်း ဖြစ်နေပါတယ်။

အာဏာရှင်တို့ရဲ့ ဘေးကျပ်နံကျပ်

အန္တရာယ်ကတော့ တရုတ်ပြည်မှာ ရှီကျင့်ဖျင် ဖြစ်နေသလိုပါပဲ။ ခေါင်းဆောင်တိုလမ်းက စနစ်သစ် ဖော်ဆောင်ဖို့ အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ချိန်မှာ  လုပ်ငန်းစဉ် တစ်လျှောက် ကြောက်ရွံ့မှုနဲ့ ရိုကျိုးမှုက တွဲပါလာပါတယ်။ ဒီအချက်က ခေါင်းဆောင်တိုလမ်းရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လှိုက်စားတိုက်ဖျက်လာပါတယ်။ တကယ်လို့ ခေါင်းဆောင် တိုလမ်းရဲ့ ပြုပြင်ပြောင်းလဲရေး မအောင်မြင်ခဲ့ရင် ဗီယက်နမ်နိုင်ငံဟာ ကိုယ်ပိုင် အရည်အသွေးမြင့် ပစ္စည်း ထုတ်လုပ်နိုင်စွမ်း အားနည်းတဲ့ ဗဟိုချက်မတစ်ခုအဆင့်မှာပဲ ရှိနေမှာပါ။ ဒါဆိုရင် ဗီယက်နမ် နိုင်ငံဟာ အခွင့်ကောင်းတစ်ရပ်ကို ဆုပ်ကိုင်နိုင်ပါလျက်နဲ့ လက်လွှတ်ရတော့မှာပါ။ တကယ်လို့သာ ခေါင်းဆောင်တိုလမ်း အောင်မြင်ခဲ့ရင်တော့ ဒုတိယမြောက် ဒွန်မွိုင်း (Doi Moi) က သန်း ၁၀၀ သော ဗီယက်နမ်နိုင်ငံပြည်သူတွေကို ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ရောက်အောင် တွန်းတင်ပေးလိုက်နိုင်မှာပါ။ ဒါဆိုရင် အာဆီယံမှာ အားကောင်းတဲ့ ဖွံ့ဖြိုးရေး အင်ဂျင်စက်တစ်လုံး ထပ်တိုးလာမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဩဇာအောက် ဗီယက်နမ်ကျရောက်စေမယ့် အခွင့်အလမ်းလည်း နည်းသွားမှာပါ။ လက်ရှိအချိန်ဟာ ဗီယက်နမ်နိုင်ငံအဖို့ အချိန်မနှောင်းခင် ဖွံ့ဖြိုးတိုးတက်နိုင်မယ့် တစ်ခုတည်းသော လက်ကျန်အကောင်းဆုံး အခွင့်အရေးပါ။ ဗီယက်နမ်နိုင်ငံရဲ့ ကံကြမ္မာ ဟာ ခေါင်းဆောင်တိုလမ်းအပေါ် မူတည်နေပါတယ်။ ပြောရရင် ခေါင်းဆောင်တိုလမ်းဟာ အာရှတိုက်ရဲ့ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး ဖြစ်လာဖို့ဆိုတာ အတော်ကြီးကို မလွယ်ပါဘူး။ ဒါပေမဲ့ မျှော်လင့် မထားတဲ့ ကြားထဲက အခက်အခဲတွေကြားထဲက ပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ ရင်တော့ ဗီယက်နမ်နိုင်ငံအတွက်တင်မဟုတ်ပါဘူး။ အာရှတိုက်အတွက်ပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဟာ စပြီး ပထဝီနိုင်ငံရေးအထိပါ ကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတဲ့ ပြုပြင်ပြောင်းလဲ ရေးခေါင်းဆောင်ကြီး ဖြစ်လာမှာပါ။

Click to rate this post!
[Total: 0 Average: 0]