The Corner

The Corner

cropped-Logo_round_grey-background.png

စစ်ရေးမှာ ထွန်းကားလာတဲ့ရိုဘော့ စက်ရုပ်တွေ

Share မယ်

ယူကရိန်းစစ်ပွဲဟာ ရိုဘော့လို့ခေါ်တဲ့ စက်ရုပ် အချင်းချင်းတိုက်ခိုက်ကြတဲ့   စစ်ပွဲခေတ်ဆီကို တဖြည်းဖြည်းချဉ်းကပ်လာပြီဖြစ်တယ်။

ကိယက်ဗ်မြို့တော် တစ်နေရာက အင်္ဂတေကြမ်းနဲ့တည်ဆောက်ထားတဲ့ အခန်းတွဲတိုက်ကြီးက ဘေးပတ်လည်မှာ အုတ်ကျိုး အုတ်ပဲ့ အပျက်အစီးတွေပြန့်ကျဲပြီးပေါင်းမြက်တွေပေါက်နေတဲ့မြင်ကွင်း ဟာ ယူကရိန်းနိုင်ငံရဲ့အနာဂတ်စစ်မြေပြင်မှာ ရှင်သန်ရပ်တည် နိုင်စေဖို့ မြင်ကွင်းကို ဖော်ပြနေတယ်။ တိုက်ကြီးရဲ့ အစွန်တစ်ဖက်မှာက စစ်သားစုဆောင်းရေးရုံးခန်းရှိတယ်။ တန်းစီနေတဲ့လူ ၂ဝ လောက်  ဟာသူတို့ရဲ့ ပထမဆုံးအကြိမ်စစ်မှုထမ်းအဖြစ် ခန့်အပ်တဲ့ အမိန့်စာကိုလက်ခံယူဖို့စောင့်ဆိုင်း နေကြ တယ်။ အချို့ကလည်း ကတုတ်ကျင်း တူးထားတဲ့မြောင်းထဲမှာ ထိုင်ပြီး နေရာယူထားတယ်။ တချို့ တပ်သားသစ်တွေက အခက်အခဲကျော်လွှားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ ကြတယ်။ ထိုးစစ် တပ်မဟာ (၃) ရဲ့ “Kill House” (သုတ်သင်ရေးအိမ်)ဆိုတာကတော့ စစ်ဘက်သုံး ရိုဘော့ခေါ် စက်ရုပ်တွေ အတွက် လေ့ကျင့်ရေး ကွင်းပဲ ဖြစ်တယ်။အဲဒီမှာအထူးလေ့ကျင့်ထားတဲ့ တပ်ရင်းက မြေပြင်သွား မောင်းသူမဲ့ယာဉ် (unmanned ground vehicles  – UGV)  စက်ရုပ်တွေရဲ့ ခံနိုင်ရည်အားကို စမ်းသပ်စစ်ဆေး နေကြတယ်။ ဒီယာဉ်တွေဟာ စစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုးကို များမကြာခင်မှာဘဲ လူတွေရဲ့ နေရာကို အစားထိုးပြီး တာဝန်ယူ သွားနိုင်ဖို့ မျှော်လင့်ထားတယ်။

UGV အမျိုးအစား တစ်ခုဖြစ်တဲ့ မိုင်းရှင်းယာဥ် (Source: Wikimedia)

ယူဂျီဗွီတွေဟာ ထိုးစစ် တပ်မဟာ (၃) ကန ဦးရှေ့ဆောင် အသုံးပြုတဲ့ သူတွေရဲ့ ဦးဆောင်မှုနဲ့ ရှေ့တန်း စစ်မြေပြင်မှာ မောင်းနှင် သွားလာပြီး တိုက်ခိုက်ရေးတာဝန်တွေကို ထမ်းဆောင်နေပြီဖြစ် တယ်။ အဲဒီလို အသုံးပြုနိုင်မယ့်အချိန်ရောက်လုနီး ဆိုပေမယ့် အခု အချိန်အထိ ကတော့ အရေအတွက် များများစားစား ရှိပုံ မပေါ်ပါဘူး။ စစ်မြေပြင်သုံး ရိုဘော့ ၁၅ဝဝဝ  တပ်ချမယ့် အစီအစဉ်ကို နွေဦး ကာလတုန်းက ယူကရိန်း နိုင်ငံက ကြေညာခဲ့တယ်။ အရေးပါတဲ့ ပါဝင်ဆောင်သူတစ်ချို့က ကြိုတင်ဟောကိန်း ထုတ်ရာမှာ တိုက်ပွဲ ဖြစ်နေတဲ့ စစ်မြေပြင်တွေရဲ့ စစ်မျက်နှာဟာ အခုနှစ်နွေရာသီဆိုရင် အတော်မြန် မြန်ဆန်ဆန်ကို ပြောင်းလဲသွားလိမ့်မယ်။ ၂ဝ၂၃ခုနှစ် အတွင်းမှာ ဝေဟင်သုံး ဒရုန်းတွေထုတ်လုပ်မှု အရေအတွက် အမြောက်အမြား တိုးတက်လာပြီး  UGV တွေ ပိုပြီးပျံ့နှံ့လာမယ့်ပုံရတယ်။ “ကျွန်တော်တို့မှာ ရုရှားနိုင်ငံရဲ့ စစ်သည်အင်အား အမြောက်အမြားသုံးပြီး အကျအဆုံးခံတိုက်တဲ့ meat-wave လို ပုံစံ ကို တန်ပြန် တိုက်ခိုက်ဖို့ လူအင်အား မရှိပါဘူး။ ဒါကြောင့် သူတို့ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ပို့လွှတ်ရတာပေါ့” လို့ ရိုဘော့ ထုတ်လုပ်တဲ့ သူတစ်ယောက်က ဆိုပါတယ်။

အခု လောလောဆယ်မှာတော့ UGV ပုံစံ အမျိုးနှစ်ရာလောက် ထုတ်လုပ်နေတဲ့ အများစုပုဂ္ဂလိက ပိုင်ဖြစ်တဲ့ ယူကရိန်းကုမ္ပဏီ ၄ဝ နီးပါး ရှိပါတယ်။ ဒီကုမ္ပဏီတွေဟာ အခုဆိုရင်  အမျိုးအစား သုံးခုကို စတင်ပြီးထုတ်လုပ်နေတယ်။ ထောက်ပံ့ ပို့ဆောင်ရေး (ဓာတ်ဆီ၊ ရေနဲ့ ဘေးကင်းရာ နေရာဆီကို နေရာ ရွှေ့ပြောင်း ပို့ဆောင်ပေးတဲ့ လုပ်ငန်းတွေ)၊ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အထောက်အကူ ပေးမှု၊ (မိုင်းထောင်တာ၊ မိုင်းရှင်းလင်း ပေးတာ၊ ဆက်သွယ်ရေး လုပ်ငန်း) နဲ့ ပမာဏ အတိုင်းအတာအနည်းငယ်ပဲ ဆောင်ရွက်ပေးနိုင် သေးတဲ့ တိုက်ခိုက်ရေး ထောက်ကူမှု အခန်းကဏ္ဍ (ဗုံးသီးပစ် လောင်ချာတွေ အတွက် စင်္ကြံတွေ၊ ဒရုန်း ရှာဖွေရေး ကိရိယာတင်ဖို့ ဆုံလည်) ဆိုတဲ့ အမျိုးအစား သုံးခုပဲ ဖြစ်တယ်။ UGV  အများစုကို ရှေ့တန်း စစ်မျက်နှာတွေမှာ တပ်မဟာတွေနဲ့ အတူ တပ်မချခင် ပိုပြီး ကြံ့ခိုင် ကောင်းမွန် ပြည့်စုံအောင် ထပ်ပြီး ဖြည့်ဆည်း ပါသေးတယ်။ ပုံမှန်အားဖြင့်ကတော့  ကင်မရာတွေ၊ အင်တာနက် စတဲ့ ဆက်သွယ်ရေး ထပ်ဆောင်း ကွန်ရက်နဲ့ ကွန်ပျူတာ စတဲ့ ထပ်ဆောင်း ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ဒါမှမဟုတ် အီလက်ထရွန်နစ် စစ်ဆင်ရေးအတွက် အကာအကွယ် ကိရိယာမျိုးတွေကို ထပ်ပြီး ဖြည့်တင်း ပေးပါသေးတယ်။ စစ်ပွဲရဲ့ ကျယ်ပြန့်လာတဲ့ Grey Zone   ခေါ်တဲ့ ရန်သူတပ်နဲ့ ထိတွေ့မျဉ်း မြေပြင် တစ်ဖက်တစ်ချက် ၁၀ ကီလိုမီတာ အထိ ကျယ်ပြန့်တဲ့နေရာမှာ ဒရုန်းတွေ သုံးပြီးစောင့်ကြည့် တုံ့ပြန်ပစ်ခတ်တာမျိုးဟာ ပိုပြီး ကောင်းမွန် ကြံ့ခိုင် တောင့်တင်းတဲ့ ရိုဘော့ အများစုအတွက် ပိုမိုကြိုး ပမ်းဖို့စေ့ဆော်တဲ့ လိုအပ်ချက်ဖြစ်ပြီး  တိုက်ခိုက်တဲ့စစ်သည်တွေက မြေအောက်မှာ ပုန်းခိုစောင့်ကြည့် နေရုံဖြစ်တယ်။

“Kill House ” ရဲ့  UGV သိပ္ပံကျောင်းကို ဦးစီးဆောင်ရွက်နေတဲ့ စစ်မြေပြင်သုံး ရိုဘော့တွေအတွက် တက္ကသိုလ်ဖြစ်တဲ့ “Stark” က ပြောကြားရာမှာ သတ်မှတ်တဲ့ ဖြစ်ရပ်တစ်ခုမှာ တပ်ဖွဲ့ငယ်က စစ်သည်တစ်စုအတွက် ယန္တရားတွေကို အစားထိုး ဆောင်ရွက် ထားပါပြီလို့ ဆိုတယ်။ Mule Drones တွေဆိုရင်  ရှေ့တန်းကို လိုအပ်တဲ့ ပစ္စည်းတွေ တန်နဲ့ချီပြီး ပို့ဆောင်ပေးနိုင်တယ်။ Ardal တို့လို ဘေးကင်းရာကို ရုပ်သိမ်း ဆုတ်ခွာဖို့ ပို့ဆောင် ပေးနိုင်တဲ့ ဒရုန်းအသစ်တွေ ဆိုရင် ဒရုန်းတွေ အမြောက်အမြားနဲ့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေတဲ့အချိန် ဘာမှမလုပ်နိုင်ဘဲ အန္တရာယ်တွေ ပတ်လည် ဝိုင်းနေတဲ့ကြားမှာ အကာကွယ်မဲ့ နေရတဲ့သူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေ ပို့ပေးပြီး အန္တရာယ် ကင်းအောင် ဆောင်ရွက် ပေးနိုင်တယ်။ နောက်ဆုံးပေါ်  မိုင်းချတဲ့ ရိုဘော့ဆိုရင် တစ်ကြောင်း မောင်းတာနဲ့တင် တင့်ကား ဖျက်မိုင်းတွေ ကို ဒါဇင်နဲ့ချီပြီး မြှုပ်ထား ပေးနိုင်တယ်။ ဒီလုပ်ငန်းဟာ တစ်ချိန်တုန်းက ဆိုရင် စစ်အင်ဂျင်နီယာ တပ်သားတွေကို တစ်သုတ်ပြီး တစ်သုတ် ထပ်ကာထပ်ကာလွှတ်ပြီး လုပ်ရတဲ့ အလုပ်မျိုးပါ။

Hyzhak ဟီးဇက်  (သားရဲငှက် ) လို့ခေါ်တဲ့ ရိုဘော့တွေကိုတော့ မီတာ ၂ဝဝ အဝေး ကောင်းကင်ယံ မှာပျံဝဲနေကြတဲ့ ညဒရုန်း တွေကို လူဖန်တီးထားတဲ့ထောက်လှမ်းရေး နည်းပညာနဲ့ ဘယ်လို အမျိုးအစား၊ ဘယ်သူက လွှတ်တင်တယ်ဆိုတဲ့ အချက်အလက် တွေကို သတ်မှတ်ခွဲခြားပြီး ပစ်ချရမယ့် နေရာမျိုးမှာ အသုံးပြုပါတယ်။ သူ့ ညီလို့ တင်စားခေါ်ဝေါ်တဲ့ လျု (Liut)( ဒေါသမာန်) ရိုဘော့ ဟာ ၇ဒသမ၆၂ မီလီမီတာ စက်သေနတ်တင် စင်္ကြံတစ်ခုဖြစ်ပြီး မနှစ်က သြဂုတ်လအတွင်းမှာ ရုရှား နိုင်ငံအနောက်ပိုင်း ကာ့စ်အိုဘလက်ခ် အုပ်ချုပ်ရေး ဒေသမြို့တော်ဖြစ်ပြီး မော်စကိုမြို့ရဲ့တောင်ဘက် မိုင် ၂၈ဝ ခန့်အကွာ ဆိုင်းမြစ်ညာတစ်လျှောက်ရှိ ရုရှားရှေးဟောင်းမြို့ ဖြစ်တဲ့ ကာ့စ်  (Kursk) မြို့ကို ယူကရိန်းတပ်တွေ ထိုးဖောက် ဝင်ရောက် တိုက်ခိုက်ချိန်အတွင်း အလစ်အငိုက် တိုက်ပွဲတွေမှာ ပထမဆုံး သူ့အစွမ်း ကို ပြသခဲ့တယ်။ (Liut) ရိုဘော့တွေကိုထုတ်လုပ်တဲ့  UGV Robitics ကုမ္ပဏီကို တည်ထောင်သူ ဗာဆိုင်းလ် ပြောတာကတော့ ဒီလို ပစ္စည်း အသစ်စစ်စစ် ကြောင့် ရုရှားတွေ အတော့်ကို အံ့သြသွားပြီး သူတို့ နေရာယူ ထားတဲ့ စခန်းတွေကနေ ချက်ချင်းပဲ ဆုတ်ခွာ သွားကြတယ်တဲ့။ အဲဒီလို အခြေအနေမှာ ယူကရိန်း အခြားတပ်ဖွဲ့တွေက သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်တော့တာပဲလို့ သူက ဆိုပါတယ်။

Source: Rawpixels

စောစောပိုင်းတုန်းကတော့ UGV ကိုထိန်းကွပ်ဆောင်ရွက်တဲ့ အော်ပရေတာတွေဟာ သတ်မှတ်ထားတဲ့ နယ်မြေ အဝန်းအဝိုင်း ထဲမှာ သူတို့ရဲ့ ကနဦးပုံစံ ရိုဘော့တွေကို ရောက်နေအောင် မျက်ခြည်မပြတ် စောင့်ကြည့်ဖို့လိုအပ်တယ်။ ဒီနယ်မြေ ပမာဏကလည်း တစ်ကီလိုမီတာ အကွာအဝေးထက် မကျော်ဘူး။ UGV တွေအသုံးပြုနေတဲ့ အခြားတပ်မဟာ တစ်ခုဖြစ်နဲ့ အမှတ် ၉၂ ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့  “ရှဲဒိုး” နဲ့ ” ရှူရာ” တို့က သူတို့ရဲ့ယာဉ်တွေနဲ့အတူ ရှေ့တန်း စစ်မျက်နှာကို ခြေကျင်လိုက်ပါခဲ့ တဲ့ အချိန်တုန်းက အကြောင်းတွေကို ပြန်ပြောင်း ပြောပြရာမှာ ဒီကနေ့ခေတ် ရုရှားတွေက ဒရုန်းတွေ အမြောက်အမြား အသုံးပြုနေတဲ့ အချိန်မျိုးဆိုရင် သူတို့ရဲ့ခရီးစဉ်ဟာ ကိုယ့်ကိုယ်ကိုယ် အသေခံသွားရတဲ့ လုပ်ငန်း တာဝန်တစ်ရပ်ပဲ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ ဒီကနေ့ခေတ် အချိန်မျိုး မှာတော့ သူ တို့တွေဟာ ရှေ့တန်း စစ်မြေပြင်ကနေ အတော်ကလေး ကွာလှမ်းတဲ့  ခါကိဗ် (Kharkiv) ရှိ သူတို့ရဲ့ ကွပ်ကဲရေး စခန်း ဌာနချုပ်က ဆုံလည် ကုလားထိုင် ပေါ်ကနေပြီးတော့ပဲ စတားလင့် ဆက်သွယ်ရေးစနစ် နဲ့ ချိတ်ဆက်ပြီး  ဆက်သွယ် ထိန်းချုပ် သွားနိုင်ပါပြီ။ “အခု အချိန်မှာတော့ ကျွန်တော်တို့ရှေ့က ကွန်ပျူတာ ဖန်သားပြင်ပေါ်ကနေပဲ ဒီယာဉ်တွေကို ဖြန့်ကြက်ထားတဲ့ အခြေအနေအတိုင်း အပြည့်အဝ ထိန်းချုပ် ဆောင်ရွက်နိုင်ပါပြီ၊ ကျွန်တော်တို့ထဲက တစ်ယောက်က ရိုဘော့ယာဉ်ကို ဦးစီးလမ်းညွှန် မောင်းနှင်နေရင် အဖွဲ့ဝင် နောက်တစ်ယောက်က ကိုကာကိုလာ အချိုရည်ဘူးလေး ကိုင်သောက်၊ စီးကရက်သောက်ချင်ရင်သောက် အေးအေးဆေးဆေး နားနေရုံပဲဗျာ” လို့ ရဲဘော်ရှဲဒိုး က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီစစ်သည် အော်ပရေတာတွေဟာ အနာဂတ် ရိုဘော့ စက်ရုပ် အချင်းချင်း တိုက်ခိုက်ကြမယ့် ခေတ်ကို အခု အချိန်ထိ ကြိုမမြင် ကြသေးဘူး။ မြေပြင်သွား ရိုဘော့စက်ရုပ်တွေဟာ ခြေလျင်တပ်တွေကို တစ်နည်းတစ်လမ်းနဲ့ အစားထိုးတာပဲ လို့ သူတို့က ဆိုပါတယ်။ “ဒီ UGV ရိုဘော့တွေဟာ ဟိုနား ဒီနားမှာ အထောက်အကူ ပေးဖို့ ထောက်ပံ့နဲ့ ပို့ဆောင်ရေး လမ်းကြောင်းတွေကို သိသိသာသာ အထောက်အကူဖြစ်ပါလိမ့်မယ်လို ကျွန်တော်ယူဆတယ် ဒါပေမဲ့ ခြေလျင်တပ်ဖွဲ့တွေကိုတော့ သူတို့နဲ့ ဘယ်တော့မှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး” လို့ ရဲဘော် ရှူရာ ကဆိုပါတယ်။

အခု လောလောဆယ် ရိုဘော့စက်ရုပ်တွေ အလုံးအရင်းနဲ့ အရေအတွက် အမြောက်အမြား နေရာယူ တပ်ဖြန့်ထားဖို့ နှောင့်နှေး သွားရတဲ့ အကြောင်းရင်း ကတော့ ဆက်သွယ်ရေးကြောင့် ပဲဖြစ်တယ်။ စတားလင့် ဆက်သွယ်ရေးက မြေပြင် အနေအထား သွားလာရ ခက်ခဲတဲ့ နေရာတွေနဲ့ သစ်ပင်အောက်တွေမှာ သိပ်ပြီးတော့ လိုင်းမမိချင်ဘူး။ ဒရုန်းတွေ တစ်စင်းနဲ့ တစ်စင်းဆက်သွယ်ပြီး ခရီးဆက်ဖို့ လမ်းကြောင်း မျိုးစုံအတွက် အချက်အလက်တွေ ပေးပို့ဖို့ အသုံးပြုတဲ့  Mesh networks ဆိုရင် အရေးပါတဲ့  ဆက်ထုံးဆုံချက်တွေ  ပျောက်သွားခဲ့ရင် ဆက်သွယ်မှု အားလုံးပျက်စီးသွားတတ်ပါတယ်။ UGV တွေကို ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကာမီကာဇေ အပျက်စီး အဆုံးရှုံးခံ တိုက်ခိုက်ရေးမှာ အသုံးပြု နိုင်အောင် ဖန်တီး ပေးခဲ့တဲ့ ကုမ္ပဏီ ဘူရီဗီလ် ဒီဇိုင်းနဲ့ ထုတ်လုပ်ရေး ဗျူရိုက အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့  ဗစ်တာက ပြောကြားရာမှာ လောလောဆယ် အသုံးပြုနေတဲ့ နည်းပညာဟာ  AI (အေအိုင်) အကူအညီယူဖို့  ဒါမှမဟုတ် အရေအတွက် အမြောက်အမြား သုံးပြီး အလုံးအရင်းနဲ့ စစ်ဆင် တိုက်ခိုက်တဲ့ တိုက်ပွဲတွေ မတိုင်ခင်မှာ machine – vision upgrade လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ ဆိုတာ တစ်နှစ်လောက် ကြာဦးမယ်။ UGV တော်လှန်ရေးကို အကန့်အသတ် ဖြစ်စေတဲ့ အခြား အကြောင်းရင်း တစ်ခုကတော့ ကျွမ်းကျင်ပြီးသား စက်ကိုင် အော်ပရေတာတွေ  ရရှိနိုင် ဖို့ပဲ ဖြစ်ပါလိမ့််မယ်လို့ သူက ပြောကြား လိုက်ပါတယ်။ “မစ်ရှင် အတော်များများကို ပြီးစီး အောင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်တဲ့သူ ဆိုလို့ ကျွန်တော်တို့ဆီမှာ နည်းနည်း ပါးပါးပဲ ရှိပါတော့တယ်”။

လောလောဆယ်မှာတော့ UGV ပြိုင်ပွဲမှာ ယူကရိန်းက အောင်ပွဲတော့ ရနေတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ လိုအပ်နေလို့ ရှိကို ရှိရမှာ မို့လို့ဆိုတဲ့ အချက်ကြောင့် ဖြစ်ဖို့များတယ်။ ရုရှနိုင်ငံရဲ့ တစ်လကို စစ်သည်အင်အား ၈ဝဝဝ နဲ့ ၉ဝဝဝ ကြားတိုးနေတဲ့ စစ်တပ်ကြီး ကတော့ အလားတူ အကြီးအကျယ် လိုအပ်ချက်မျိုး မခံစားရ ကောင်းပါဘူး။ တန်းတူအနေနဲ့ ကတော့ ရုရှားနိုင်ငံရဲ့ UGV ဒရုန်းတွေ ဖွံ့ဖြိုး တိုးတက်မှုဟာ နဂိုကတည်းက first person view  ဒရုန်း ဈေးကွက်က ရှိနေတာမို့   ယူကရိန်း နည်းလမ်း အတိုင်းတော့ သွားမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ရုရှားတွေရဲ့ စက်မှုလုပ်ငန်း စနစ် ပုံစံကူးယူမှု စံချိန်စံညွန်း သတ်မှတ်မှုနဲ့ အကောင်းဆုံးဖြစ်အောင် အတိုင်းအတာ စကေးမြှင့်တင်မှုတွေ မလုပ်ခင်မှာ လုပ်ငန်းတစ်ခုတည်းမှာ ပါဝင်ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိပြီး တီထွင်မှု မြန်ဆန်အောင် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတဲ့စနစ် (Innovation Ecosystem) က နည်းပညာတွေကို လမ်းဖွင့် ပေးတယ် ဆိုတာပါပဲ။ ဒါပေမဲ့ ယူကရိန်းရဲ့ UGV ထုတ်လုပ်သူတွေဟာ  သူတို့ တီထွင် ဖန်တီးမှုတွေက အကောင်းဆုံး အချက်အလက်တွေကို  မိတ္တူပွား ခိုးယူခဲ့ရမယ်ဆိုတာကို အသိအမှတ် ပြုထားကြပေမယ့် ပမာဏနဲ့ နှုန်းထားအရ အတော်ကလေး သေးငယ်တဲ့ တိုးတက်ပြုပြင် ပြောင်းလဲမှု ကတောင် တကယ်စစ်မှန်တဲ့ အဓိပ္ပာယ် ဆောင်နိုင်တယ်လို့ သူတို့ကဆိုပါတယ်။ “ရှေ့တန်း စစ်မျက်နှာမှာ ကျွန်တော်တို့ရဲ့ လူအင်အား လိုအပ်ချက်ရဲ့ ၁% လောက်ကို အစားထိုး နိုင်ရင်တောင် အောင်မြင်မှု တစ်ရပ် ဖြစ်ပါလိမ့်မယ် ဒီကနေ့ အချိန်မှာ ကျွန်တော်တို့ ၁% ထက် ပိုကောင်းအောင် ဆောင်ရွက်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ် ” လို့ ဗာဆိုင်းလ်က ပြောလိုက်ပါတယ်။

ရည်ညွှန်း – “Fighting Robot”, The Economist, June 2025

Click to rate this post!
[Total: 0 Average: 0]