The Corner

The Corner

cropped-Logo_round_grey-background.png

အကာလ မရဏ

Share မယ်

လူသားတွေ ကွယ်လွန်အနိစ္စရောက်ခြင်း သို့မဟုတ် သေဆုံးခြင်းနဲ့ ပတ်သက်တဲ့ မရဏတရား လေးပါးရှိပါတယ်။ ထိုလေးမျိုးကတော့ (၁) အာယုက္ခယမရဏ သို့မဟုတ် သက်တမ်းကုန်ဆုံး၍ သေရခြင်း၊ (၂) ကမ္မက္ခယမရဏခေါ် ကံအစွမ်းကုန်၍ သေရခြင်း၊ (၃) ဥဘယက္ခယ မရဏခေါ် သက်တမ်းရော ကံပါ နှစ်မျိုးစလုံးကုန်၍ သေရခြင်းနဲ့ (၄) ဥပ‌စ္ဆေဒက မရဏ သို့မဟုတ် သက်တမ်းမကုန်တဲ့အပြင် နေမယ်ဆိုရင် ဆက်လက်အသက်ရှင်နိုင်သေးပေမယ့် ကံဆိုးဖြတ်ခြွေလို့ သေဆုံးခြင်းတို့ပဲ ဖြစ်ပါတယ်။ 

အာယုက္ခယမရဏခေါ် လူ့သက်တမ်းကုန်ဆုံးလို့ ကွယ်လွန်ကြရတဲ့အဖြစ်မျိုးကတော့ လူတိုင်း ကြုံရမယ့်အဖြစ်ပါ။ ရှေးခေတ်တုန်း ကတော့ လူ့သက်တမ်းဟာ နှစ်ပေါင်းရာကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ခြောက်ဆယ့်ငါး လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် အသက်ခုနစ်ဆယ် မပြည့်မီ သေဆုံးရသူတွေရှိသလို အသက် ရှစ်ဆယ်ကျော် ကိုးဆယ်အထိ နေရသူတွေလည်း ရှိပါတယ်။ 

အာယုက္ခယမရဏ ခေါ် သက်တမ်းကုန်ဆုံး လို့ ကွယ်လွန်ကြ ရသူတွေကတော့ အသက်ရှစ်ဆယ်ကျော် ကိုးဆယ်အရွယ် (အချို့လည်း အသက်တစ်ရာ ဝန်းကျင်အထိ နေကြရပါတယ်) မှာ အားအင်ဆုတ်ယုတ်ပြီး မီးစာကုန် ဆီခန်းသဘောနဲ့ ကွယ်လွန် ကြရတာပါ။ 

ကမ္မက္ခယ မရဏ ခေါ် ကံအစွမ်းကုန်၍ သေဆုံးရသူတွေကတော့ လူ့သက်တမ်းအရ နေမယ်ဆိုရင် နေနိုင်သေးတဲ့အရွယ်၊ အသက်သုံးဆယ်အရွယ်၊ လေးဆယ်အရွယ်မှာ ရောဂါဝေဒနာတစ်ခုခုကြောင့် သေဆုံးရသူတွေ ဖြစ်ပါတယ်။ အချို့လည်း မတော်တဆမှု ဖြစ်တာလည်း မဟုတ်၊ ရောဂါဝေဒနာရှိတာလည်း မဟုတ်ဘဲ ထိုင်နေရင်း သေရသူတွေ၊ အိပ်နေရင်း သေရသူတွေ ရှိပါတယ်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သော လက်မကွေးခင်ဆိုသလိုပဲ အချို့သူတွေဟာ ကားပေါ်မှာ ထိုင်နေရင်း၊ ရုံးကအလုပ်စားပွဲမှာ ထိုင်နေရင်း သေဆုံးကြရသူတွေရှိတယ်။ လွန်ခဲ့တဲ့ နှစ်လောက်က ရန်ကုန်မှာ တက္ကစီသမား တစ်ယောက် တက္ကစီမောင်းရင်း မီးပွိုင့်မိလို့ ကားရပ်ထားတဲ့ တစ်ခဏမှာပဲ ထိုင်ခုံပေါ်မှာတင် သေဆုံးသွားခဲ့ပါတယ်။ ထိုတက္ကစီသမားဟာ အသက်အရွယ်လည်း ငါးဆယ်ဝန်းကျင်လောက်သာ ရှိပါတယ်။ 

ဥဘယက္ခယမရဏ ခေါ်  သက်တမ်းရော ကံပါ နှစ်ပါးစလုံး ကုန်ဆုံးလို့ ကွယ်လွန်ကြသူတွေကတော့ အသက်ကိုးဆယ်၊ ကိုးဆယ်ကျော် အရွယ်တွေ ဖြစ်ပါတယ်။ ထိုသူတွေဟာ လက်ရှိဘဝမှာ လုပ်စရာအလုပ် လည်း ဘာမှမရှိ၊ ပစ္စုပ္ပန်ကံကြောင့် ရစရာလည်း ဘာမှမရှိ၊ အတိတ်ကံကြောင့် ရစရာလည်း ဘာမှမရှိတော့သူတွေ ဖြစ်ပါတယ်။ ထိုသူတွေဟာ သားသမီး မြေးမြစ်တွေကို မှီခိုနေရသူတွေပါ။ အချို့ကတော့ ဘိုးဘွားရိပ်သာလို၊ ဂိလာနရိပ်သာလို နေရာတွေမှာ ခိုလှုံကြရသူတွေဖြစ်တယ်။ 

အချို့လည်း ငယ်ရွယ်စဉ်က အလုပ်ကြီးအကိုင်ကြီး လုပ်ခဲ့တဲ့အတွက် နောက်ဆုံးအရွယ်ကို ရောက်တဲ့အခါမှာ ဝင်ငွေအတွက် မပူပန်ရပေမယ့် ဘဝရဲ့နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ သူတို့ရဲ့ ကံကတော့ တဖြည်းဖြည်း လျော့ကျလာပါတယ်။ ထိုသူတွေဟာ ဘဝရဲ့ နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ လူ့အဖွဲ့အစည်းအတွင်းမှာ သူတို့ရဲ့နေရာဟာလည်း တဖြည်းဖြည်း ကျဉ်းမြောင်း လာတတ် ပါတယ်။ တစ်ချိန်က ရရှိခဲ့တဲ့ ကျော်ကြားမှုတွေ၊ အရှိန်အဝါတွေဟာလည်း မှေးမှိန် ပျောက်ကွယ်လာပါတယ်။ 

ထိုအချိန်မှာ လောကဓံ တရားကို နားလည် သဘောပေါက်သူတွေကတော့ လောကီကိစ္စတွေမှာ ငယ်ငယ်ကလို ရှေ့တန်းက မပါတော့ဘဲ ကိုယ့်နေရာ ကိုယ်သိပြီး တရားနှလုံးသွင်းကာ နေထိုင်ကြပါတယ်။ မိမိရဲ့အသက်အရွယ်ဟာ နောက်ဆုံးအချိန်ကို နီးကပ်နေမှန်း မသိဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆရာကြီးလုပ်ချင် သူတွေကတော့ စိတ်ဆင်းရဲခြင်းနဲ့ ကြုံရတတ်ပါတယ်။ 

သက်တမ်းကုန်ရမယ့် အချိန် အသက်ရှစ်ဆယ် အရွယ် သို့မဟုတ် ကိုးဆယ်အရွယ်ကို တဖြည်းဖြည်း ချဉ်းကပ်လာသူတွေအဖို့ ၎င်းတို့ရဲ့ ကံအင်အားဟာလည်း တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒီဘ၀မှာ အကျိုးပေးရမယ့် အတိတ်ကံတွေဟာ သက်တမ်း ကုန်ဆုံးခါနီးမှာ တဖြည်းဖြည်း လျော့နည်းသွားပါတယ်။ သို့မဟုတ် လုံး၀ကုန်ခန်းသွားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် တစ်ဦးတလေ ကတော့ သက်တမ်း စေ့ခါနီးဆဲဆဲမှာပဲ အတိတ်ကံကုသိုလ်ရဲ့ အကြွင်းအကျန်ကို ခံစားရတာလည်း ရှိပါတယ်။ ဥပမာ အသက် ကိုးဆယ်ကျော် အဘိုးအိုတစ်ဦးဟာ ကွယ်လွန်ဖို့ တစ်ပတ်နှစ်ပတ်လောက်အလိုမှာ သိန်းတစ်သောင်းထီဆု ပေါက်တာမျိုး ရှိခဲ့ပါတယ်။ 

ဥဘယက္ခယမရဏခေါ် သက်တမ်းရောကံရော နှစ်ပါးစလုံးကုန်လို့ သေဆုံးခြင်းဟာလည်း သေဆုံးသူအတွက်ရော၊ ကျန်ရစ်သူ သားသမီးတွေအတွက်ပါ ဖြေသာတဲ့အရာပါပဲ။ 

မရဏလေးမျိုးထဲမှာ အဆိုးရွားဆုံးကတော့ ဥပ‌စ္ဆေဒက မရဏပါ။ ထိုမရဏဟာ သက်တမ်းအရ မကုန်သေးဘဲ ဆက်လက် ရှင်သန် နေထိုင်နိုင်သေးပေမယ့် ကံဆိုးဖြတ်ခြွေလို့ သေရတဲ့ မရဏအမျိုးအစားပဲ ဖြစ်ပါတယ်။ ဥပ‌စ္ဆေဒက မရဏ အမျိုးအစားထဲမှာ သူတစ်ပါးရဲ့ လက်နက်ကြောင့် သေရခြင်း၊ သူတစ်ပါးရဲ့ သတ်ဖြတ်ခြင်းခံရလို့ သေရခြင်း၊ အဆိပ်ခတ်ခံရလို့ သေရခြင်း၊ မြွေကိုက်လို့သေရခြင်း၊ ရထားမှောက်လို့ သေရခြင်း၊ ရေနစ်သေရခြင်း စတာတွေ ပါဝင်ပါတယ်။ 

ရှေး‌ခေတ်တုန်းကတော့ နိုင်ငံအတော် များများမှာ စစ်မက်ဖြစ်ပွားမှုတွေလည်းမရှိ၊ ခိုးဆိုးတိုက်ခိုက် လုယက်မှုတွေလည်း မရှိသလောက် နည်းပါးခဲ့တယ်။ လူမျိုးရေး ပဋိပက္ခတွေလည်း နည်းပါးခဲ့တယ်။ ထိုကာလတွေတုန်းက နိုင်ငံတွေရဲ့ စီးပွားရေးဟာ တိုးတက်ကောင်းမွန်ပြီး အုပ်ချုပ်သူတွေကလည်း တရားမျှတစွာ အုပ်ချုပ်ခဲ့တယ်။ ဒါ့အပြင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ လူကြီးသူမ တွေရဲ့ အဆုံးအမတွေကလည်း ကောင်းမွန်သလို ပညာရေးကလည်း ကောင်းမွန်ခဲ့တယ်။ ဒါ့ကြောင့် လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေ နည်းပါးကြတယ်။ 

ထိုခေတ်တွေတုန်းက သဘာ၀ပတ်ဝန်းကျင်ဟာလည်း ကောင်းမွန်တဲ့အတွက် ရောဂါဘယတွေ ကိုလည်း နည်းပါးခဲ့တယ်။ ဒါ့ကြောင့် သတ္တန္တရကပ်ကြောင့် လူသားတွေ သေဆုံးရတာတွေ၊ ရောဂါဆိုးတွေကြောင့် သေဆုံးရတာတွေ နည်းပါးခဲ့တယ်။ လူတွေရဲ့ သက်တမ်းဟာ အတန်အသင့် ရှည်ခဲ့ပါတယ်။ 

သို့ပေမယ့် ထိုကာလဟာ သိပ်မကြာခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်ပွဲကြီးပြီးနောက်မှာ လွတ်လပ်တဲ့ နိုင်ငံတွေ ပေါ်ပေါက်လာတယ်။ မလွတ်မြောက်သေးတဲ့ နိုင်ငံတွေမှာလည်း လွတ်မြောက်ရေးစစ်ပွဲတွေ ပေါ်ပေါက်ပါလာတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကမှာ နိုင်ငံရေး ပဋိပက္ခတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တယ်။ ဒီမှာတင်ပဲ အကာလမရဏ သို့မဟုတ် ဥပ‌စ္ဆေဒက မရဏတွေ ပေါ်ပေါက်လာတယ်။  

လူ့သက်တမ်းလည်း မကုန်သေး၊ ကံလည်း မကုန်ဆုံးသေးဘဲနဲ့ လက်နက်ထိမှန် သေဆုံးရသူတွေ၊ စစ်တလင်းမှာ မြေစာပင်အဖြစ် သေဆုံးရသူတွေ အများအပြား ပေါ်ပေါက်လာတယ်။ အသားအရောင် ခွဲခြားတဲ့ ပဋိပက္ခတွေ၊ လူမျိုးခွဲခြားတဲ့ ပဋိပက္ခတွေမှာ သတ်ဖြတ်ခံရလို့ သေဆုံးရသူတွေလည်း အများ အပြား ရှိခဲ့ပါတယ်။ 

ဒီဘက်ခေတ်မှာတော့ စီးပွားရေးသမားတွေ၊ သစ်မှောင်ခို ထုတ်လုပ်သူတွေ၊ ရွှေတူးတဲ့သူတွေ၊ ကျောက်မှောင်ခို ထုတ်လုပ် ရောင်းဝယ်သူတွေ ကြောင့် သဘာဝပတ်ဝန်းကျင်ဟာ အတိုင်းအဆမရှိ ပျက်စီး လာခဲ့တယ်။ ဒီရေတောတွေအပါအဝင် သစ်တောတွေ ပြုန်းတီးလာတယ်။ မြစ်တွေ လမ်းကြောင်းပြောင်းပြီး ကမ်းပါးပြိုမှုတွေ ဖြစ်လာတယ်။ ရေကြီးရေလျှံမှုတွေ ဖြစ်လာတယ်။ ရာသီဥတုတွေ ဖောက်ပြန်လာ တယ်။ အချို့နေရာတွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေရှိလာပြီး အချို့နေရာတွေမှာတော့ မိုးခေါင်မှုတွေ ရှိလာတယ်။ 

ရေကြီးမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် လူ့အသက်တွေ သေဆုံးကြရတယ်။ ကားတိုက်မှု၊ သင်္ဘောမှောက်မှု၊ လှေမှောက်မှု၊ ရထားမိုင်းဗုံးထိမှု၊ ကမ်းပြိုမှုစတဲ့ အန္တရာယ်တွေကြောင့် သေဆုံးရသူတွေလည်း အများအပြား ရှိပါတယ်။ ဒါ့အပြင် တရားဥပဒေ စိုးမိုးခြင်းမရှိတဲ့ ဒေသတွေမှာလည်း လူဆိုး လူမိုက်တွေရဲ့ မတရားသတ်ဖြတ်မှုကြောင့် သက်တမ်းမစေ့မီ၊ အချိန်မတန်မီမှာ သေဆုံးကြရသူတွေ အများအပြား ရှိပါတယ်။ 

Source: Rawpixels

ဒါ့အပြင် ပေါ့ဆမှု၊ တာဝန်မဲ့မှု၊ သတိလစ်ဟင်းမှု စတာတွေကြောင့် လူသက်တမ်းလည်း မကုန်သေး၊ ကံသက်တမ်းလည်း မကုန်သေးဘဲနဲ့ ကွယ်လွန်ကြရသူတွေ အများအပြား ရှိပါတယ်။ လျှပ်စစ်မီးကို ပေါ့ပေါ့ဆဆ အသုံးပြုတဲ့အတွက် ဓာတ်လိုက် သေဆုံးရသူတွေ၊ လမ်းပေါ်မှာ ဓာတ်ကြိုးပြတ်ကျနေ တာကို မသိဘဲ ထိုအနားက ဖြတ်လျှောက်မိတဲ့အတွက် သေဆုံးရသူ၊ သေနေတဲ့ သစ်ပင်ခြောက်နားက ဖြတ်လျှောက်ရာမှ သစ်ပင်လဲကျလို့ သေဆုံးရသူ၊ ကားတွယ်စီးရာမှ ကားပေါ်က ပြုတ်ကျလို့ သေဆုံးရသူ စသဖြင့် သေချိန်မတိုင်မီမှာ သေဆုံးရသူတွေ အများအပြား ရှိပါတယ်။ ပေါ့ဆမှု၊ မတော်တဆမှုတွေကြောင့် သေဆုံးကြရတဲ့အဖြစ်တွေမှာတော့ ပေါ့ဆသူ၊ သို့မဟုတ် မတော်တဆမှုဖြစ်စေသူ ကာယကံရှင်တွေမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိပါတယ်။ ဥပမာ အရက်ပြန်၊ ဓာတ်ဆီ ပုလင်း စတာတွေကို ဆေးပုလင်း ထင်ပြီး မှားသောက်သူ၊ ဒါ့အပြင် သေစေနိုင်တဲ့အရာတွေကို သီးသန့် သိမ်းဆည်းမထားဘဲ လူတွေ အလွယ်တကူ တွေ့နိုင်တဲ့၊ ယူနိုင်တဲ့နေရာတွေမှာထားသူတွေဟာ ထိုမတော်တဆမှုတွေ အတွက် တာဝန်ရှိပါတယ်။ 

အထူးသဖြင့် မိမိရဲ့အိမ်မှာ ကလေးငယ်တွေရှိပါလျက်နဲ့ ကလေးငယ်တွေ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို မဆင်မခြင် ထားကြတဲ့ လူကြီးမိဘတွေမှာလည်း ထိုမတော်တဆမှုတွေအတွက် တာဝန်ရှိပါတယ်။ ထိုမတော်တဆမှုတွေကြောင့် သေဆုံးရသူတွေထဲမှာ အသက်ငယ်ရွယ်သူတွေ၊ လူလတ်ပိုင်းအရွယ်တွေပါသလို လူကြီးပိုင်းအရွယ်တွေလည်း ပါဝင်တာတွေ့ရတယ်။ သို့ပေမယ့် ထိုသို့ သေဆုံးရသူဟာ သက်ကြီးပိုင်းအရွယ်ဖြစ်ပေမယ့်လည်း ထိုသူဟာ သွေးရိုးသားရိုး သေဆုံးရခြင်းမဟုတ်တဲ့အတွက် အကာလ မရဏနဲ့ ကြုံရခြင်းလို့ပဲ ဆိုရမှာပါ။ 

ပေါ့ဆမှုကြောင့်၊ မတော်တဆမှုတွေကြောင့် ရုတ်တရက်သေဆုံးရတဲ့ အဖြစ်တွေကိုတော့ လူခပ်များများက ‘ကံ’ကိုသာ အပြစ်ပုံချ တတ်ကြပါတယ်။ သို့ပေမယ့် ‘လူမတန်ကံချ’ဆိုတဲ့ စကားလိုပါပဲ။ တကယ်ကတော့ သေဆုံးသူကိုယ်တိုင်ရဲ့ သတိလစ်ဟင်းမှုကြောင့်ဖြစ်စေ၊ အခြားသူတစ်ယောက်ယောက် သို့မဟုတ် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုရဲ့ ပေါ့ဆမှု၊ တာဝန်လစ်ဟင်းမှုတို့ကြောင့် ဖြစ်ရတာမျိုးတွေ တွေ့ ရတတ်ပါတယ်။ 

ယနေ့ခေတ်မှာတော့ အကာလ မရဏ ဖြစ်ရပ်တွေဟာ ကမ္ဘာမှာရော မြန်မာမှာပါ မရေတွက်နိုင် လောက်တဲ့အထိ ဖြစ်ပွားနေတာ တွေ့ရတယ်။ အာရှမှာ၊ အာဖရိကမှာ၊ လက်တင်အမေရိကမှာ၊ အမေရိကမှာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတာ တွေ့ရတယ်။ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစတဲ့ သဘာ၀ဘေးအန္တရာယ်တွေကြောင့် လူ့အသက်ပေါင်းများစွာ သေဆုံးကြရတဲ့ ဖြစ်ရပ်တွေမှာတော့ ကျန်ရစ်သူတွေအနေနဲ့ ဘယ်လိုမှ မဖြေသာပေမယ့် ဖြေသာသလိုပဲ ခံစားမယ် ဆိုရင် ခံစားနိုင် သေးတယ်။ ဒါတွေဟာ ငါတို့ မတားဆီးနိုင်တဲ့ သဘာဝဘေးအန္တရာယ်ပဲဆိုတဲ့ သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်သေးတယ်။ 

သို့ပေမယ့် ပြည်တွင်းပြည်ပစစ်ပွဲတွေကြောင့်၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်၊ လူမျိုးရေး  ပဋိပက္ခတွေကြောင့်၊ အာဏာကြောင့်၊ နိုင်ငံရေးအယူအဆကွဲပြားမှုကြောင့် လူ့အသက်တွေကို သတ်ဖြတ် နေတာတွေကတော့ အလွန်အကျည်းတန်တဲ့ အရာတွေပဲ ဖြစ်တယ်။ ထိုအဖြစ်တွေကြောင့် ပေါ်ပေါက်လာ တဲ့ အကာလ မရဏ ဖြစ်ရပ်တွေကတော့ တကယ့်ကို မလိုလား အပ်တဲ့ အရာတွေပဲ ဖြစ်တယ်။ 

အထူးသဖြင့် ထိုစစ်ပွဲတွေအတွင်းမှာတော့ ဘာပြစ်မှုကိုမှလည်း ကျူးလွန်ခြင်းမရှိ၊ ဘာပိုင်ဆိုင်မှမှ လည်းမရှိ၊ လက်နက်ဆိုလို့ သံတိုသံစတစ်ချောင်းပင်မရှိတဲ့ အညတရပြည်သူတွေ မတရားသတ်ဖြတ်ခံရမှု ကြောင့် သေဆုံးကြရတဲ့ အကာလ မရဏ ဖြစ်ရပ်တွေဟာ အလွန်အသည်းနာစရာလည်းကောင်းပြီး ရွံရှာ စက်ဆုပ်ဖွယ်လည်း ကောင်းပါတယ်။ 

တကယ်တော့ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်တွေ၊ အုပ်ချုပ်ရေးစနစ်ကောင်းတဲ့ တိုင်းပြည်တွေ နဲ့ စီးပွားရေးဖွံ့ဖြိုးတဲ့ တိုင်းပြည်‌တွေဟာ အကာလ မရဏ ဖြစ်ရပ်တွေ အလွန်နည်းပါတယ်။ ထိုနိုင်ငံတွေမှာ ဒီမိုကရေစီအုပ်ချုပ်ရေး ယန္တရားကလည်း ခိုင်မာပြီး ပညာရေး၊ ကျန်းမာရေး စနစ်တွေကလည်း အဆင့်မြင့်ကာ တရားဥပဒေစိုးမိုးမှုလည်း ရှိပါတယ်။ ဒါ့ကြောင့် လူတွေဟာ အနည်းဆုံး သက်တမ်းစေ့ နေကြရပြီး အကာလ မရဏ ဖြစ်ရပ်တွေ နည်းပါးပါတယ်။ ကျန်းမာရေးနဲ့ ပညာရေး အဆင့်မြင့်ပြီး အကာလ မရဏ ဖြစ်ရပ်တွေလည်း မရှိသလောက် နည်းပါးကာ သက်တမ်းစေ့နေရတဲ့ ပြည်သူတွေပေါများတဲ့ နိုင်ငံ တွေဟာ စီးပွားရေးမှာလည်း အောင်မြင်ကာ ထိပ်တန်းနိုင်ငံတွေအဖြစ်သို့ ရောက်ရှိခဲ့ကြတယ်။ 

တကယ်တော့ ဘယ်နိုင်ငံမှာမဆို လူတွေရဲ့ ပယောဂကြောင့် ဖြစ်ရတဲ့ အကာလ မရဏ ဖြစ်ရပ်တွေ လျှော့ချဖို့နဲ့ လုံး၀ကွယ်ပျောက် သွားဖို့ လိုပါတယ်။ ဒါ့ကြောင့် လူတွေဟာ အာဏာရမ္မက်ဇောတွေ၊ စီးပွားရေးလောဘတွေ၊ နိုင်ငံရေးဒေါသတွေကို ပျောက်ကွယ်အောင် ဆောင်ရွက်ပြီး ဘယ်ကိစ္စကိုမဆို ဒီမိုကရေစီကျင့်စဉ်ပေါ်မှာ အခြေခံကာ ဖြေရှင်းဖို့ လိုပါတယ်။ 

Click to rate this post!
[Total: 1 Average: 1]