“မောင်” ဆိုသည်က သိပ္ပံမောင်ဝ၊
“ညိန်း” ဆိုသည်က ကိုစောညိန်း၊
“ဦး” ဆိုသည်က ဝင်းဦး တို့ကို ဆိုလိုသည်။
ခေတ်စမ်းစာပေ ဦးဆောင်သူ သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂)၊
ဂီတနက်သန် ကိုစောညိန်း (၁၉ ၂၅-၁၉ ၅၂)၊
စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဝင်းဦး (၁၉၃၅ – ၁၉၈၈)။
မြန်မာစာပေ၊ ဂီတ၊ ရုပ်ရှင်စသည့် မြန်မာ့အနုပညာကို နှစ်သက်လက်ခံ ခံစားသူတိုင်း အဆိုပါ အနုပညာ ရှင်သုံးဦးကို သိကြပေမည်။ မသိမမီလိုက်သည့်တိုင် သူတို့ထားရစ်ခဲ့သည့် အနုပညာလက်ရာများကို တစ်ကွေ့မဟုတ် တစ်ကွေ့တွင် ဖတ်မှတ် သိရှိ ခံစားဖူးကြပေမည်။
မောင်လူအေးနှင့် ရင်းနှီးဖူးကြမည်။ ချစ်ပြုံးနှင်းဆီသီချင်း।မိုးသက်လေနှင် သီချင်းတို့နှင့် ငြိမ့်ဖူးကြမည်။ မှုံရွှေရည်ရုပ်ရှ င်ကြည့်ပြီး မှုံရွှေရည်သီချင်း ညည်းဖူးကြမည်။ ဆိုရလျှင် သူ့ခေတ်နဲ့သူ ထင်ပေါ်ကျော်ကြား ခဲ့သူတွေ ချည်းဖြစ်ပြီး သူတို့၏ အနုပညာ လက်ရာများသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်း ရှင်သန်နေဆဲ။

သိပ္ပံမောင်ဝသည် သူရှင်သန်ဆဲ နောက်ဆုံးအချိန်အထိ စာတွေ မနားတမ်း ရေးသွားခဲ့သည်။ ထို့ ကြောင့်ပင် သိပ္ပံမောင်ဝနှင့် ဗေဒင်ပညာတို့ ဆက်စပ်ပတ်သက်နေပုံကို သိခွင့်ရခဲ့ခြင်းဖြစ်သည်။ နာမည်ရင်း ဦးစိန်တင် ခေါ် သိပ္ပံမောင်ဝသည် (၆-၆-၁၉ ၄၂)တွင် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီ တစ်ရက်အလို (၅-၆-၄၂) ရက်အထိ နေ့စဉ်မှတ်တမ်းရေးခဲ့သည်။ ဖတ်ကြည့်ပါ။
“၅–၆–၁၉၄၂
လွန်ခဲ့သည့် ၈ နှစ်ခန့်အခါက ဗေဒင်ကျွမ်းကျင်သောမိတ်ဆွေတဦးက ယခုနှစ်မွေးနေ့မတိုင်မီအတွင်း သေလောက်သောဘေးနှင့် တွေ့ပေလိမ့်မည်ဟု ဟောဖူး၏။ ထိုအခါက ထိုမိတ်ဆွေဟောပြောချက်ကို မယုံကြည်ခဲ့ပေ။နောင်တွင်လည်း အမှုမထားခဲ့ပေ။
ယခုနှစ်အတွင်း ဘေးဒုက္ခအပေါင်းတို့နှင့် တွေ့ကြုံသောအခါကျမှ ထိုမိတ်ဆွေဟောပြောချက်များ ကို ပြန်လည်သတိရမိပေ၏။ဗေဒင်က မှန်သောကြောင့်ပေလော မပြောတတ်။ ဒီနှစ်အတွင်း ဒုက္ခအ မျိုးမျိုးတို့နှင့် တွေ့ကြုံခဲ့ရသည်ကား မှန်ပေ၏။
ယနေ့ကား မွေးနေ့ဖြစ်၏။ သန်းခေါင်ကျော်လျှင် မွေးနေ့လွန်တော့မည်။ မိတ်ဆွေဗေဒင်ဆရာ ဟော ပြောချက်အရဆိုလျှင် ဘေးအပေါင်းတို့မှ လွတ်ကင်းတော့မည်။“
သူရေးခဲ့သလို သန်းခေါင်တော့ကျော်ခဲ့ပါရဲ့။
“ဒုတိယ ကမ္ဘာစစ် စစ်အတွင်းကာလ မသမာလူဆိုးတို့၏ လက်ချက်ဖြင့် အသက်သေဆုံးရသော အခါ၌မူ စစ်ပြေးအနေနှင့် ကန့်ဘလူမြို့နှင့် ၁ဝ မိုင်ခန့်အကွာ ဂါးဒါး ဆည်ကြီးရွာတွင် ကန့်ဘလူနယ်ပိုင် ဝန် ထောက်ဟောင်း ဦးဘသန်း တို့နှင့် ဂါးဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ ခိုနေကြခိုက် ဖြစ်သည်။
အနိစ္စ ရောက်ရရှာသော အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီခန့် ဝေလီ ဝေလင်း အချိန်တွင် ဓားပြ လူဆိုး ၁ဝဝ ခန့်တို့သည် ဦးစိန်တင်တို့ တည်းခို နေထိုင်ရာ ဗိုလ်တဲကို အဘက်ဘက်မှ ဝိုင်း၍ သေနတ်နှင့် တရစပ် ပစ်ခတ် ကြပေသည်။
အင်အားချင်း မမျှ၍ လက်နက်ချ အညံ့ခံ ကြပါငြားလည်း မသိ ဆိုးရွားလှသော လူတစ်သိုက်ကား အပစ် အခတ် မရပ်။ ဆက်လက် ပစ်ခတ်နေသည့် အထဲမှ နယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်းလည်း ပွဲချင်း ပြီး သေရ ရှာလေသည်။ ဦးဘသန်း၏ ဇနီးသည်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ အရေးပိုင်မင်း ဦးစိန်တင်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။“

စကားစပ်ပြီး အလျဉ်းသင့်တုန်းပြောရလျင် သိပ္ပံမောင်ဝ နည်းတူ စစ်အတွင်း ကွယ်လွန်ခဲ့ကြသူ စာရေးဆရာများမှာ ဦးဖိုးကျား၊ ပုပ္ပား ဦးကျော်ရင် (ခေါ်) လယ်တီ ဦးကောဝိဒ တို့ဖြစ်သည်။
ပုပ္ပားဦးကျော်ရင် (ခေါ်) လယ်တီ ဦးကောဝိဒသည်လည်း သိပ္ပံမောင်ဝလိုပင် သူခိုးဓားပြလက်ချက် နှင့် ကွယ်လွန်ခဲ့တာ ဖြစ်သည်။ ဦးကျော်ရင်ကို ဦးကျော်ရင် သတ်ခြင်းဆိုပြီး တူဖြစ်သူ ဒဂုန် ဦးစန်းငွေက စာရေးဖူး သည်။ ဦးဖိုးကျားကတော့ စစ်ပြေးရင်း နာမကျန်း ဖြစ်ကာ ကွယ်လွန်ခဲ့တာပါ။
လူ့ဘဝသက်တမ်း ၂၇ နှစ်သာ နေသွားရပြီး မြင်းလှည်းသမားများ လက်ချက်နှင့်ကွယ်လွန်ခဲ့ရသူ ကိုစောညိန်း ဘဝနိဂုံးကလည်း လက္ခဏာပညာနှင့် ဆက်စပ်ပတ်သက်နေပြန်သည်။

ဂီတနက်သန်တေးဂီတအဖွဲ့ကို တည်ထောင်ခဲ့သူ ကိုစောညိန်းက ကာတွန်းလည်းဆွဲတတ်သည်၊ ဝတ္ထု လည်းရေးသည်။ သီချင်းရေးတွင် သူမတူ ထူးချွန်သည်။ သူက သူ့နာမည်ကို စောညိန်းဟု စာလုံးပေါင်း ခဲ့သော်လည်း”ငြိမ်း” ဟူသော အနက်သာ ထွက်၍ နာမည်နှင့် လိုက်အောင်ပင် စောစောငြိမ်းခဲ့သလားဟု အယူအကောက်ရှိသည်။
သိပ္ပံမောင်ဝကို မိတ်ဆွေဗေဒင်ဆရာက ဟောသည်လောက်ပင် သိရပေမယ့် ကိုစောညိန်း လက္ခဏာ ကြည့်ဟောခဲ့သူကတော့ နာမည်ကျော် ဆရာစန္ဒြ ဖြစ်သည်။
“စန္ဒရားကိုလှသွင်နှင့်အတူ ဆရာစန္ဒြ ဆီသို့သွား၍ လက္ခဏာကြည့်ကြသည်။ ဆရာစန္ဒြက ဂီတပညာမှာ အောင်မြင်ကျော်ကြားမှုရှိမည်။ သို့သော် အသက် ၂၇ နှစ်အတွင်း သေနိုင်လောက်သည့်ကိစ္စ ဖြစ်ရန်ရှိ သည်။ မသေလျှင် ရှေ့တွင်ကောင်းစားမည်။ ခရီးရှည်ထွက်ပါဟု ဟောသည်။“
ဂီတနက်သန် ကိုစောညိန်းသည် စိတ်လေး၍ သွေးသွားလှူသည်။ အိမ်တွင်နေပြီး စာဖိရေး သီချင်းဖိ ရေးသည်။ မန္တလေးတက်ပြီး မြို့မငြိမ်းထံသွားနေရန် စိတ်ကူးထားသော်လည်း ရုပ်ရှင်သီချင်း ရေးနေရ၍ မသွားဖြစ်။
၁၉၅၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်ညတွင် ညီဖြစ်သူရန်ပွဲဆွဲရန်သွားရာမှ မြင်းလှည်းသမားများက လူမှားရိုက်တာခံရပြီး ၃၁ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
ကျွန်တော်တို့ငယ်ငယ်က ဆရာစန္ဒြသည် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ ယုဝတီဆောင် ရှေ့ တည့်တည့်လောက်ရှိ တိုက်အိမ် တစ်လုံးတွင် ဟောခန်းဖွင့် ထားတာ မြင်ဖူးသည်။ ကိုစောညိန်းက ကြည့်မြင်တိုင်မှာ နေရင်းကွယ်လွန်ခဲ့တာဖြစ်သည်။
၂၀၂၃ခုနှစ်တွင် စိတ်ကူးချိုချို စာပေတိုက်က ဝင်းဦး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်အကြို အမှတ်တရ စာစု များဆိုပြီး စာတစ်အုပ် ထွက်လာတာ တွေ့မြင်ရသည်။ ဘုရားသခင်က အကောင်းဆုံးတွေ အကုန်လုံး စုပြုံပေးခံခဲ့ရသူလို့ ပြောစမှတ်ပြုရအောင် ထူးချွန် ထင်ရှား အောင်မြင်ခဲ့သူ။
၁၉၆၀ ကနေ ဆယ်စုနှစ် တစ်ခုကျော်ကြာ ဝင်းဦး တစ်ခေတ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူ။ သူက စာရေးဆရာတွေဖြစ်ကြတဲ့ မြသန်းတင့်၊ မင်းကျော်၊ မောင်နေဝင်း၊ နတ်နွယ်တို့ နဲ့ အဖွဲ့ကျသူ။ စာရေးဆရာ ဘဝကို ပိုခုံမင်နှစ်သက်သူဟု ပြောစမှတ်ရှိသည်။

သူ ခင်မင်ရင်းနှီးသည့်စာရေးဆရာများနှင့် ငပလီကမ်းခြေသွား အပန်းဖြေတတ်သူလည်းဖြစ်သည်။ သူ့အသက် ၅၀ ကျော်၊ ခိုင်မာလာ နှင်းဆီ ဇာတ်ကား ရိုက်ကူးနေစဉ် အဆိုပါ စာရေးဆရာများနှင့် ငပလီ ရောက်သည်။
လက္ခဏာကြည့်တတ်သူ နတ်နွယ်ကို သူ့လက်ဖဝါးထိုးပေးပြီး လက္ခဏာကြည့် ဟောခိုင်းသည်။ နာမည်ကြီး လက္ခဏာဆရာ ဗေဒင်ဆရာတွေက သူ့ ဟောချင်လွန်းလို့ ချဉ်းကပ်ကြပေမယ့် သူက ပေးမကြည့်။ နတ်နွယ်ကိုတော့ အကြောင်းဆိုက်တိုင်း လက္ခဏာ ဟောခိုင်းလေ့ ရှိသည်။
“ကြည့်စမ်းပါဦးဗျ၊ ကျနော့် လက္ခဏာပေါ်က လမ်းကြောင်းတစ်ခု မတွေ့တော့လို့”
သူ့စကား အသွားအလာအရ ဝင်းဦးသည် လက္ခဏာ ကြည့်တာဝါသနာပါပြီး သူ့လက္ခဏာကိုလည်း အရိပ် တကြည့်ကြည့် ကြည့်နေတတ်ပုံ ရသည်။
နတ်နွယ်က သူ့လက္ခဏာကြည့်ပြီး
“ကံ လမ်းကြောင်းသစ် တစ်ခု တွေ့တယ်၊ ခိုင်မာလာ နှင်းဆီနဲ့ တစ်ကျော့ပြန် အောင်မြင်ဦးမယ် ထင်တယ်”။
ပျောက်သွားတဲ့ အရန် အသက် လမ်းကြောင်း အကြောင်းတော့ နတ်နွယ်က မဟောဖြစ်လိုက်ပါတဲ့။ မိမိနှင့် ဝင်းဦးတွင် နတ်နွယ် ရေးထားခဲ့ တာဖြစ်သည်။

ဗေဒင်၊ လက္ခဏာပညာတို့နှင့် မနီးစပ်ပါ။ မြန်မာပြည်က ထူးချွန်ထင်ရှားလူချွန်များနှင့် ဗေဒင်၊ လက္ခဏာ နီးစပ်ပတ်သက်ခဲ့ပုံများ ဖောက်သည်ချခြင်း သက်သက်မျှသာ။
စာကိုး-
၁။ သိပ္ပံမောင်ဝ၏ စစ်အတွင်း နေ့စဥ်မှတ်တမ်း
၂။ ဂီတနက်သန်ကိုစောညိန်း (မြန်မာနိုင်ငံစာပေ ပြန့်ပွားရေးအသင်း)
၃။ ဝင်းဦးကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်အကြိုအမှတ်တရစာများ

