ဆင်ခြင်တုံတရား အခြေခံပြီး ကိုယ်ကျိုးစီးပွားရှာတာကို အားပေးတဲ့ ဘာသာရပ်အဖြစ် ဘောဂဗေဒအပေါ် ရှုမြင်ကြတယ်။ ဒါကြောင့် အများအတွက် လှူတယ်ဆိုတဲ့ သဘောတရားကို ဘောဂဗေဒအရ ဘယ်လိုအမြင်သစ်မျိုး ပေးနိုင်မလဲ။ အစွန်းအထင်း မရှိတဲ့ ပရဟိတဆိုတာ ရှိပါ့မလား။ ဒါမှမဟုတ် အလှူအတန်းလုပ်တာတွေ ဘာတွေ အပါအဝင် အရာရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးစီးပွား တိုးတက်ဖို့ပဲ ဖြစ်နေမလား။

၁၉၂၈ ခုနှစ်မှာ ဗြိတိသျှ ဘောဂဗေဒပညာရှင်၊ သင်္ချာပညာရှင် နဲ့ ဒဿနပညာရှင်လည်းဖြစ်တဲ့ ဖရန့်ပီ ရမ်းဆေး (၁၉၀၃-၃၀) က “စံပြပရဟိတ” ဆိုတဲ့ အတွေးအခေါ်ကို ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တယ်။ စီမံကိန်းတစ်ခုက ကျွန်တော်တို့ရဲ့ပိုက်ဆံကို တကယ် လိုအပ်တယ်လို့ ကျွန်တော်တို့ရင်ထဲမှာ ခံစားမိတဲ့အခါ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဆီကို လှူဒါန်း သင့်တယ်တဲ့။ ဥပမာ ရေကောင်း ရေသန့် ရဖို့လိုတယ်ဆိုရင် ကျွန်တော်တို့ ပိုက်ဆံ ထုတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းထဲမှာ အဲဒီလို အများပြည်သူကောင်းကျိုးအတွက် ထောက်ပံ့တာကို တန်ဖိုးထားကြလို့ပါပဲ။ ကျွန်တော်တို့သာ ကိုယ်ကျိုးမငဲ့သူ အစစ်အမှန်ဖြစ်ရင် သူတစ်ပါးရဲ့ လှူဒါန်းမှုတွေအပေါ်မှာ ကုန်းဆင်းဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်နိုင်ဖို့အတွက် လှူဒါန်းတဲ့နှုန်းကို သေချာပေါက် တိုးရမယ်လို့ အမေရိကန် နိုင်ငံသား ဖွံ့ဖြိုး တိုးတက်ရေး ဘောဂဗေဒပညာရှင် ဂျက်ဖရီဆက်စ် (၁၉၅၄ မွေး)က ပြောပါတယ်။ ဆက်စ်ရဲ့ အဆိုအရ ဆာဟာရ တောင်ပိုင်း အာဖရိကနိုင်ငံ အတော်များများမှာ အောက်ခြေအဆင့် စီးပွားရေးတိုးတက်မှု ရဖို့အတွက်တောင် အခြေခံအရင်းအမြစ်တွေ၊ ရင်းနှီးငွေတွေ မရှိကြပါဘူးတဲ့။ နိုင်ငံတကာ အကူအညီတွေရဲ့ အခန်းကဏ္ဍဟာ အဆင်းရဲဆုံး တိုင်းပြည်တွေ ဆင်းရဲသံသရာကနေ လွတ်မြောက်ဖို့အတွက် အင်မတန်အခရာကျပြီး အဲဒီတိုင်းပြည်တွေရဲ့ စီးပွားရေးတိုးတက်မှု ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လာနိုင်တဲ့အထိ လမ်းခင်းပေးရာလည်း ရောက်တယ်လို့ ဆက်စ်က ပြောပါတယ်။
အာဖရိကမှာရှိတဲ့ ပရဟိတစီမံကိန်းတွေဆီကို အခုထက်ပိုပြီး လှူဒါန်းကြဖို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အစိုးရတွေနဲ့ ပြည်သူတွေကို ဆက်စ်က လှုံ့ဆော်ခဲ့တယ်။ ရှင်းရှင်းလေးဥပမာပေးရရင် အာဖရိကမှာ ပိုးသတ်ထားတဲ့ ခြင်ထောင်တွေ အခမဲ့ဝေပေးတာက ငှက်ဖျားရောဂါ အတွက် သုံးနေရတဲ့ ဒေါ်လာ ၁၂ ဘီလီယံလောက်ကို သက်သာစေနိုင်တယ်။ ကမ္ဘာအနှံ့ ကောင်းကျိုးချမ်းသာ အသားတင် တိုးလာဖို့အတွက် အလှူအတန်း ပြုလုပ်ခြင်းဟာ အစွမ်းထက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အလှူငွေကျိန်စာ
ဒါပေမဲ့ လှူကြတန်းကြဖို့အတွက် ဒီလိုစိတ်အားထက်သန်မှုမျိုး ဘောဂဗေဒပညာရှင်တိုင်းမှာ မရှိပါဘူး။ သူတို့က အလှူငွေ ကျိန်စာလို့ သိကြတဲ့ အယူအဆတစ်ခုကို ထောက်ပြကြတယ်။ နိုင်ငံတကာ အကူအညီတွေ ရက်ရက်ရောရော ရနေတာဟာ အုပ်ချုပ်မှုကို ညံ့ဖျင်းစေပြီး အသင်းအပင်းတွေကို ပျက်စီးစေတယ်။ အဲဒီကတစ်ဆင့် ကုန်ထုတ်လုပ်မှုမရှိတော့ဘဲ မြေငှားပိုက်ဆံရှာတဲ့ လမ်းကြောင်းဆီ ရောက်သွားနိုင်တယ်လို့ ဘူလဂေးရီးယားနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ်ဟောင်း ဘောဂဗေဒပညာရှင် ဆိုင်မီယွန်ယန်ကော့ဖ် (၁၉၇၀ မွေး) က ဆွေးနွေးခဲ့တယ်။ ဥပမာ ၁၉၈၅-၈၉ ခုနှစ်တွေအတွင်း ဘူကီနာဖာဆို နိုင်ငံမှာ လှူဒါန်းငွေရရှိမှုက အစိုးရဘတ်ဂျက်ရဲ့ သုံးပုံနှစ်ပုံ ရှိခဲ့တယ်။ အဲဒီလောက်များတဲ့ ပမာဏ ရနေတာကြောင့် အစိုးရအနေနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်လာဖို့ အခွန်ကောက်တဲ့ နေရာမှာ လက်တွန့်သွားပြီး အထောက်အပံ့အပေါ်ပဲ အားကိုး နေမိတဲ့အခြေအနေကို ဆိုက်သွားနိုင်ပါတယ်။ ထောက်ပံ့ရေး လမ်းကြောင်းတွေကို စီမံထိန်းချုပ်ဖို့ အကျင့်ပျက်နိုင်ငံရေးသမားတွေက ကြိုးစားလာကြတဲ့အခါ နိုင်ငံတကာအကူအညီကြောင့် ဒီမိုကရေစီ အားလျော့သွားနိုင်တယ်လို့ ယန်ကော့ဖ်က ဆိုတယ်။ ဟန်ဂေရီနိုင်ငံမှာ မွေးတဲ့ ဗြိတိသျှနိုင်ငံသား ဘောဂဗေဒပညာရှင် ပီတာဘောင်ဝါ (၁၉၁၅-၂၀၀၂) ကလည်း အဲဒီလိုသဘောမျိုး အကြံပြုခဲ့တယ်။ အစိုးရတစ်ရပ်က နိုင်ငံတကာအကူအညီတွေကို ထိန်းချုပ်ပြီး စီးပွားရေး ဖွံ့ဖြိုးဖို့ လုပ်တာကို ဆန့်ကျင်သူအဖြစ် လူသိများပါတယ်။
(နိုင်ငံတကာအကူအညီဆိုတာက သူဌေးနိုင်ငံတွေမှာရှိတဲ့ ဆင်းရဲသားတွေဆီက ပိုက်ဆံကို ဆင်းရဲတဲ့နိုင်ငံတွေမှာရှိတဲ့ သူဌေးတွေဆီကို လွှဲပြောင်းတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပီတာဘောင်ဝါ)
အိန္ဒိယမှာမွေးတဲ့ အမေရိကန်နိုင်ငံသား ဘောဂဗေဒပညာရှင် ဂျဂ်ဒစ်ရှ်ဘဂဝါတီ (၁၉၃၄ မွေး) ကတော့ နိုင်ငံတကာ အကူအညီတွေ အပေါ် သံသယရှိသူ ဖြစ်တယ်။ လှူဒါန်းကြတဲ့ အကူအညီတွေ တိုးလာလေ ပုဂ္ဂလိက ကဏ္ဍ စုဆောင်းငွေ လျော့ကျလေ ပဲလို့ သူက ထောက်ပြတယ်။ တစ်နည်းပြောရရင် အလှူငွေရနေတဲ့ နိုင်ငံဟာ နိုင်ငံတကာ အကူအညီတွေနဲ့ အသားကျသွားတဲ့အခါ ပြည်တွင်း စုဆောင်းငွေ တိုးမြှင့်ဖို့အတွက် ဆွဲဆောင် အားပေးတာတွေကို လျှော့ချပစ်မှာပါ။ တကယ်တော့ အကူအညီတွေက ကိုယ်ကျင့်တရားကို အန္တရာယ်ဖြစ်စေတဲ့ ပြဿနာတစ်ရပ်ပါပဲ။ (လူတွေဟာ သူတို့ကို တစ်နည်းနည်းနဲ့ ကာကွယ်ပေးမယ်ဆိုရင် ပိုပြီးစွန့်စားရတဲ့အလုပ်ကို လုပ်တတ်ကြတယ်) ခင်ဗျားက ငွေမစုဖြစ်လေ အထောက်အပံ့နဲ့ အလှူငွေရဖို့အတွက် သင့်လျော်လေ ဖြစ်တယ်။ အဲဒီအချက်က ငွေကြေး မစုဆောင်းဖို့ကို အားပေးရာရောက်သွားပါတယ်။
လွတ်လပ်တဲ့ ကုန်သွယ်ရေးကို မြှင့်တင်တာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ကျတယ်လို့ ဘဂဝါတီက ဆိုတယ်။ ဥပမာအနေ နဲ့ ခေတ်သစ် သမိုင်းမှာ အကြီးမားဆုံး ဆင်းရဲမွဲတေမှု လျော့ကျခြင်းကို တရုတ်နဲ့ အိန္ဒိယတို့မှာ တွေ့ရတယ်လို့ သူက မှတ်ချက်ပေးခဲ့တယ်။ အဲဒီတိုင်းပြည်တွေမှာ စီးပွားရေးရပ်တန့်နေရာက ဖြစ်လာတဲ့ ဆင်းရဲမွဲတေမှုကနေ လူသန်းပေါင်းများစွာ လွတ်မြောက်အောင် ကူညီခဲ့တာက နိုင်ငံတကာ အကူအညီတွေ မဟုတ်ဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသာ ဖြစ်တယ်။ ပြည်တွင်းထုတ် ကုန်ပစ္စည်း တွေကို အားပေးတာက ထောက်ပံ့ လှူဒါန်း သလောက်ကို ထိရောက်တယ်လို့ ဆိုပါတယ်။
ဘောဂဗေဒသဘောတရား
ဈေးကွက်အရ မဖြည့်ဆည်းပေးနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ပိုကောင်းအောင်ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့က လှူဒါန်းကြတာ ဖြစ်ပါတယ်။
ခင်ဗျားက အာဖရိကအတွက် လှူတာပဲဖြစ်ဖြစ်၊ ကင်ဆာ သုတေသနအတွက် လှူတာပဲဖြစ်ဖြစ် အသင့်တော်ဆုံးအဖွဲ့ကို ရွေးပြီး ခင်ဗျားရဲ့ ပိုက်ဆံအားလုံးကို အဲဒီတစ်ဖွဲ့တည်းအပေါ် ပုံအောလှူသင့်တယ်လို့ စတီဗင်လန်းဒ်စ်ဘာ့ဂ်က ဆိုတယ်။ သူပြောတာက အသင်းအဖွဲ့ တစ်ခုကို အကောင်းဆုံးလို့ ခင်ဗျားထင်ရင် ခင်ဗျားရဲ့ အလှူငွေကို ဒုတိယအကောင်းဆုံးအဖွဲ့နဲ့အတူ ခွဲပေးတာဟာ အဓိပ္ပာယ်မရှိဘူးတဲ့။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပြဿနာက အငတ်ဘေးလို့ ခင်ဗျားခံစားမိရင် အလွန်အမင်း အငတ်ဘေးဆိုက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အထိ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့လို အဖွဲ့အစည်းတစ်ခုဆီ ဇောက်ချပြီး ပိုက်ဆံလှူနေတာက သဘာဝကျပါလိမ့်မယ်။ အဲဒီကို ဘယ်လောက်ပဲ လှူလှူ အငတ်ဘေး ပြဿနာအတွက် အများကြီး ထိရောက်မှာ မဟုတ်ပေမယ့် လူတချို့တလေကို ကူညီရာတော့ ရောက်လိမ့်မယ်။ ဒါကြောင့် ခင်ဗျား တတ်နိုင်သလောက် ဆက်ပြီး လှူနေသင့်တယ်လို့ လန်းဒ်စ်ဘာ့ဂ်က ဆိုပါတယ် ။

(ပတ်ဝန်းကျင်ရဲ့ချီးကျူးမှုကိုရချင်တဲ့ ဒါမှမဟုတ် တခြားသူတွေရဲ့ ရှုတ်ချမှုကို မခံချင်တဲ့ စိတ်ဆန္ဒက လူမြင်သူမြင်လှူဒါန်းကြတဲ့ အလေ့အထကို အားပေးရာရောက်ပါတယ်။ ဂယ်ရီဘက်ကာ)
ပေးကမ်းခြင်းပီတိ
ဒီနေရာမှာ ခင်ဗျားက တွေးလိမ့်မယ်။ ထင်ထားတာနဲ့မတူတဲ့ ဒီလိုစိတ်ကူးမျိုးကို ဘောဂဗေဒပညာရှင်တွေကပဲ စဉ်းစားကြမှာလို့။ ဒါပေမဲ့ ခင်ဗျားက အလိုလိုနေရင်းနဲ့ လန်းဒ်စ်ဘာ့ဂ်ရဲ့ အကြံပြုချက်ကို မကြိုက်ဘူးလား။ ဒါဆိုရင် အမေရိကန် ဘောဂဗေဒပညာရှင် ဂျိမ်းစ်အန်ဒရီရိုနီ (၁၉၅၉ မွေး) ရဲ့ ကျွန်တော်တို့ ဘာကြောင့် အသင်းအဖွဲ့တွေဆီကို လှူဒါန်းကြသလဲဆိုတဲ့ ပိုပြီး ကွဲပြားတဲ့ အမြင်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ လှူဒါန်းကြတဲ့ အကြောင်းပြချက်တွေဟာ ရှုပ်ထွေးပေမယ့် လှူဒါန်းမှုကနေရတဲ့ နွေးထွေးမှု၊ ကိုယ့်ဘာသာ အားရကျေနပ်မှုတို့ကတော့ အင်မတန်ထင်ရှားတယ်။ မာလာဝီမှာ သန့်ရှင်းတဲ့ရေ သေချာပေါက်ရရုံအတွက်နဲ့ ကျွန်တော်တို့ လှူကြတာ မဟုတ်ပါဘူး။ အဲဒီမှာရှိတဲ့ အသင်းအဖွဲ့ဆီကို ပိုက်ဆံပေးလိုက်တဲ့အကြောင်းက ပေးကမ်းခြင်းဆိုတဲ့ အလုပ်ကနေ ကျွန်တော်တို့ ရရှိလာမယ့် ကျေနပ်အားရမှုကြောင့်ပါတဲ့။ အဲဒီတော့ ကျွန်တော်တို့က ဒေါ်လာတစ်ထောင်ကို အဖွဲ့တစ်ဖွဲ့ဆီကို လှူလိုက်ရင် ကောင်းမွန်တဲ့ စိတ်ခံစားမှုရဖို့ အခွင့်အရေးတစ်ခါ ရပါတယ်။ ကျွန်တော်တို့က ဒေါ်လာတစ်ရာကို အဖွဲ့ဆယ်ဖွဲ့ဆီကို လှူလိုက်ရင် ကောင်းမွန်တဲ့ စိတ်ခံစားမှုရဖို့ အခွင့်အရေး ဆယ်ခါရပြီး ဘယ်ဟာက အကောင်းဆုံး အဖွဲ့လဲဆိုတာကို စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။
ဒီကိစ္စအပေါ် ဂယ်ရီဘက်ကာက စကားလုံးနည်းနည်းပြောင်းပြီး ပြောခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ ချီးကျူးမှုကိုရချင်တဲ့ ဒါမှမဟုတ် တခြားသူတွေရဲ့ ရှုတ်ချမှုကို မခံချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ကျွန်တော်တို့ရဲ့ လှူပုံလှူနည်းဟာ ကွဲပြားနိုင်ပါတယ်။ အဲဒါကြောင့် အလှူခံ ဖောင်ဒေးရှင်းတွေဟာ အလှူရှင် စာရင်းကို ထုတ်ပြန်လေ့ရှိကြတယ်။ ကျွန်တော်တို့ လှူဒါန်းတဲ့အချိန်မှာ သတိထားမိမယ့် လူတစ်ယောက် ရှိရင် ပိုလှူဖြစ်ကြတယ်လို့ အချက်အလက်တွေက ညွှန်ပြတယ်။ ခရိတ်လန်ဒရီ နှင့် အခြားသူများရဲ့ လေ့လာချက်အရ ဆွဲဆောင်မှုရှိလှတဲ့ အမျိုးသမီး တစ်ယောက်ကသာ အလှူခံခဲ့ရင် အလှူငွေရတဲ့နှုန်းဟာ ၅၀% ကနေ ၁၃၅% အထိ ထိုးတက်သွားမှာပါတဲ့။

အလှူခံတဲ့သူတိုင်းကို နည်းနည်းစီ လိုက်ပေးနေတာက သဘာဝမကျပါဘူးလို့ နမူနာပရဟိတပုံစံတစ်ခုက ညွှန်ပြတယ်။။ အထူးသဖြင့် ကျွန်တော်တို့ အများကြီးမသိတဲ့ အသင်းအဖွဲ့တွေဆီကိုပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အလှူကို အသိအမှတ် ပြုကြတဲ့အခါ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ကျိုးကြောင်းဆိုင်ရာ ရွေးချယ်မှု နိယာမရဲ့ ရှုထောင့်ကကြည့်ရင် ဒီလိုအသိအမှတ်ပြုခံရလို့ ပျော်ရွှင် မိတာကလည်း ညီမျှခြင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျိုးကြောင်းဆိုင်ရာ ရွေးချယ်မှု နိယာမကို ဂယ်ရီဘက်ကာနဲ့ အခြားသူများက မိတ်ဆက်ခဲ့တာဖြစ်တယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကိုယ့်ကို အကျိုးအမြတ်အများဆုံးပေးတဲ့ အရာကို ကျွန်တော်တို့က အကျိုးသင့်အကြောင်းသင့် ရွေးချယ်လိမ့်မယ်လို့ ဆိုပါတယ်။ အလှူအတန်းကို ကျွန်တော်တို့ ဂရုစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပရဟိတအတွက် စက်ဘီးစီး လှုံ့ဆော်တဲ့အခါ ငါးဒေါ်လာလောက်လှူလိုက်ပြီး အဲဒါကို ကျိုးကြောင်း ဆီလျော်တယ်လို့ မြင်ကြတယ်။ စိတ်ထားကောင်းတဲ့ပုံ၊ ရက်ရောတဲ့ပုံပေါက်ဖို့အတွက်ဆိုရင် ပေးရတာက တန်ပါတယ်။
(“ခင်ဗျားက ချီးကျူး ထောမနာသံကို အလေးမထား ဆန့်ကျင်ပြီး အလှူခံပုဂ္ဂိုလ်ကိုပဲ ဂရုစိုက်တယ်ဆိုရင် ခင်ဗျားရဲ့ အထောက်အပံ့ အားလုံးကို အဖွဲ့တစ်ခုဆီကိုပဲ ပစ်မှတ်ထားသင့်ပါတယ်” စတီဗင်လန်းဒ်စ်ဘာ့ဂ်)
လန်ဒရီ နှင့် အခြားသူများရဲ့ နောက်ထပ်လေ့လာတွေ့ရှိမှုတစ်ခု ရှိသေးတယ်။ အလှူခံအဖွဲ့အတွက် ငွေကြေးမတည်ရာမှာ အအောင်မြင်ဆုံးနည်းလမ်းက မဲလက်မှတ်ရောင်းတာပါပဲတဲ့။ လူမှုဗေဒပညာရှင် မာဆယ်မောင်းစ်အတွက်တော့ ဒါကို ဟောကိန်းထုတ်ဖို့ လွယ်လှပါတယ်။ ဒီလို “လက်ဆောင်လဲလှယ်ခြင်း” ဆိုတာက လူ့အဖွဲ့အစည်းရဲ့ မွေးရာပါအစိတ်အပိုင်းဖြစ်တယ်လို့ သူက မြင်တာကိုး။ တစ်နည်းပြောရရင် ကျွန်တော်တို့ကို တစ်ခုခုပြန်ပေးမယ့် အသင်းအဖွဲ့မျိုးဆီကို ကျွန်တော်တို့က ပိုလှူချင်ကြတယ်။ စာရွက် အပိုင်းကလေး ဖြစ်စေ၊ တံဆိပ်ကလေးဖြစ်စေ၊ ဒါမှမဟုတ် ဆုမဲပေါက်ဖို့ အခွင့်အရေးဖြစ်စေ တစ်ခုခုတော့ ဖြစ်ရပါမယ်။ အဲဒီလို အကြောင်းပြချက် တွေအတွက်နဲ့ လှူတာ ဘာမှမမှားပါဘူးလို့ ဂယ်ရီဘက်ကာက ပြောလိမ့်မယ်။ အလှူငွေကြောင့် အလှူခံအဖွဲ့တွေ အကျိုးရှိပြီး ကောင်းမွန်တဲ့ စိတ်ခံစားမှုရတဲ့အတွက် ခင်ဗျားတို့လည်း အကျိုးရှိပါတယ်။
ခင်ဗျားက အလှူအတန်း လုံးဝမလုပ်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ထွက်ပေါက်ရှိပါသလား။ ကပ်စေးနှဲသူတွေဟာ မသိမသာနဲ့ အင်မတန်ရက်ရောသူတွေ ဖြစ်ကြောင်း စိတ်ဝင်စားစရာအမြင်တစ်ခုကို စတီဗင်လန်းဒ်စ်ဘာ့ဂ်က ပြောတယ်။ လန်းဒ်စ်ဘာ့ဂ်ရဲ့ ဆွေးနွေးချက်က ဒီလိုပါ။ ကပ်စေးနှဲတဲ့သူတစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေကို ကုန်ခန်းသွားအောင်လုပ်နိုင်စွမ်းရှိပေမယ့် မလုပ်ဖို့ရွေးခဲ့တယ်ဆိုရင် အဲဒါက လူတိုင်းအတွက် အရင်းအမြစ်တွေ ပိုရှိသွားတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ သဘောက ခင်ဗျားရတဲ့ တစ်ဒေါ်လာကို ခင်ဗျားမသုံးဘူးဆိုရင် ကမ္ဘာကြီး ပိုကောင်းသွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက ကိုယ်မစားသုံးမယ့် ကုန်ပစ္စည်းကို ထုတ်လုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ မျက်နှာသာပေးခံရတဲ့ လူနည်းစုအတွက်ပဲ ပရဟိတက လုပ်ဆောင်ပေးနေချိန်မှာ ကပ်စေးနှဲ သူတွေက သူတို့ရဲ့ လက်ဆောင်ပဏ္ဏာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတယ်လို့ လန်းဒ်စ်ဘာ့ဂ်က ဆိုပါတယ်။
ဒီလိုယုတ္တိမကျတဲ့ချဉ်းကပ်ပုံကို ဂျွန်မေးနာ့ဒ်ကိန်းစ်က လုံးဝသဘောမတူပါဘူး။ ကိုယ့်ပိုင်ဆိုင်မှုတွေကို ခြံခတ်ပြီး သိမ်းထားလိုက်ရင် မထိရမသုံးရတဲ့ စုဆောင်းမှုတွေ ဖြစ်လာမှာပါ။ ရလဒ်အနေနဲ့ အရင်းအမြစ်တွေ အလကားဖြစ်သွားပြီး တိုးတက်မှု နှုန်းလည်း ကျလာပါလိမ့်မယ်။ မနက်ဖြန်မှာ ကျွန်တော်တို့အားလုံး ကပ်စေးနှဲသူတွေ ဖြစ်သွားရင် လူနေမှုအဆင့်အတန်း တစ်ခုလုံး ဇောက်ထိုး ကျဆင်းသွားပါလိမ့်မယ်။ လူသုံးကုန်ပစ္စည်းတွေ မထောက်ပံ့နိုင်တဲ့အတွက် ဈေးကွက်ပျက်သွားရင် ကျစ်ကျစ်ပါအောင်စုပြီး ကပ်စေးနှဲနေလည်း ဘာမှလုပ်လို့မရတော့ပါဘူး။
ဆုံးဖြတ်ချက်ချမှတ်ခြင်း
ဖြူစင်တဲ့ဒါနကို ကျွန်တော်တို့ တန်ဖိုးထားရင် လန်းဒ်စ်ဘာ့ဂ် ညွှန်ပြတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ပိုက်ဆံအားလုံးကို လူမှုဘဝ ကောင်းကျိုးချမ်းသာ တိုးတက်အောင် အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့ ကိုယ် နှစ်နှစ်ကာကာ ယုံကြည်တဲ့ အဖွဲ့တစ်ဖွဲ့ထဲဆီကို ပေးလိုက်သင့်တယ်။ ဒါပေမဲ့ ခင်ဗျားက အန်ဒရီရိုနီရဲ့ အယူအဆကို သဘောတူသူလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လှူသင့်လှူထိုက်တဲ့ နေရာတစ်ခုဆီကို လှူပြီးတဲ့အခါ ခံစားရတဲ့ နွေးထွေးမှုဟာ အလှူအတန်းလုပ်ရခြင်းရဲ့ ဆွဲဆောင်မှုတစ်စိတ်တစ်ပိုင်းလို့ သူက ဆိုတယ်။ တကယ်တော့ ဒီလို မဖြူစင်တဲ့အလှူအတန်းကလည်း နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။ အလှူခံအဖွဲ့အတွက် အကျိုးရှိသလို လှူဒါန်းခြင်းဆိုတဲ့ အလုပ်ကနေ ကျေနပ်ပျော်ရွှင်မှုကို ကျွန်တော်တို့ ရရှိမှာ ဖြစ်ပါတယ်။
စာရေးဆရာ Tejvan Pettinger ရေးတဲ့ What would Keynes do?
How the greatest economists would solve your everyday problems စာအုပ်က How much should we give to charity? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

