အင်တာနက်ဆိုတဲ့ ကွန်ရက်ကြီးကျယ်ပြန့်လာတာအမျှ အသက်ကြီး/ငယ် မရွေး လူတိုင်းအသုံးပြုနိုင်တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ အင်တာနက်ကို သတင်းအချက်အလက်တွေ ရယူဖို့အသုံးပြုကြသလို စိတ်အပန်းဖြေဖို့၊ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် ဆိုရှယ်မီဒီယာလို့ ခေါ်ကြတဲ့ ဖေ့ဘုတ်၊ တစ်တော့ခ် နဲ့ အခြား တယ်လီဂရမ်လိုမျိုး ပလက်ဖောင်းတွေကို လူတိုင်း အသုံးပြု နေကြပါပြီ။
ဒါ့အပြင် ငွေကြေးစီးဆင်းမှုတွေအတွက်လည်း ကိုင်တွယ်ထိတွေ့လို့ရတဲ့ ပိုက်ဆံတွေကနေ KBZ, AYA စတဲ့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ internet banking တွေ digital wallet တွေအပြင် wave pay, true money စတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ software တွေကိုလည်း အင်တာနက်ကနေ တစ်ဆင့် လူတိုင်းနီးပါး အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။
“အင်တာနက်ကို အခုမှ စသုံးတဲ့ သက်ကြီးပိုင်းတွေကိုလည်း လိမ်လည်လေ့ရှိကြတဲ့ အခြေအနေတွေကို သတိပေးထားပြီး တစ်ပါးသူမေးတဲ့အခါ မျှဝေလို့မရတဲ့ စကားဝှက်၊ ကုတ် စတာတွေကိုလည်း မပေးမိစေဖို့ သေချာ ရှင်းပြပြီး မှာထားသင့်ပါတယ်”
အင်တာနက်က လူတိုင်းအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာတာနဲ့အတူ လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေ၊ ခြိမ်းခြောက်မှုတွေကလည်း ပူးတွဲပါလာနေပါတယ်။ ဒါကြောင့် နည်းပညာ လုံခြုံရေးဆိုင်ရာ သိရှိထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ခိုင်မာသော စကားဝှက် (password) များကို အသုံးပြုပါ။
ကိုယ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ အခြားသော လူမှုကွန်ရက် အကောင့်တွေ အတွက် စကားဝှက်တွေ ထားရှိတဲ့အခါမှာ ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားဝှက်တွေကို ထားသင့်ပါ တယ်။ ဂဏန်းတွေ၊ သင်္ကေတတွေနဲ့ အက္ခရာတွေ စုံနေအောင် ပေါင်းစပ်သင့်ပါတယ်။
ငွေကြေးဆိုင်ရာ အကောင့်တွေအတွက်လည်း ဂဏန်းတွေ ထားရှိရတာမျိုးမှာ 123456 ဆိုပြီး အလွယ် သတ်မှတ်တာမျိုး၊ ကိုယ့်မွေးနေ့ မွေးရက်တွေ ထားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဘဏ်ကတ်နဲ့ မှတ်ပုံတင် အတူတူပျောက်တာမျိုး၊ ကိုယ့်အကြောင်းကို သိနေတဲ့သူတွေက ခန့်မှန်း ထည့်သွင်းပြီး ဆုံးရှုံးရတာတွေ ရှိနိုင်ပါတယ်။
၂။ အီးမေးလ်ကနေ ထူးဆန်းတဲ့ link တွေနဲ့ ပေးပို့တာတွေ့ရင် သတိထားပါ။
Phishing လို့ခေါ်တဲ့ cyber တိုက်ခိုက်မှုတွေမှာ အချက်အလက်တွေကို ရယူ ထိန်းချုပ်ဖို့ အတွက် ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ နာမည်နဲ့ အီးမေးလ် အတုအယောင် ပေးပို့ တာတွေနဲ့ link တွေ ပေးပို့တာတွေ ကြုံရတတ်ပါတယ်။ မသိတဲ့သူတွေ ပေးပို့တဲ့ link တွေကို နှိပ်တာမျိုးတွေ၊ အချက် အလက် တောင်းခံတာတွေအတွက် ကိုယ့်ရဲ့ ပါဆင်နယ် အချက်အလက်တွေ ဖြည့်သွင်းတာမျိုးတွေ ရှောင်ကြဉ်သင့် ပါတယ်။ ကိုယ်မဝင်ဖူးတဲ့၊ ကိုယ်နဲ့ မသိတဲ့သူတွေ ပေးပို့လာတဲ့ website တွေရဲ့ url တွေကိုလည်း မနှိပ်ခင် အမြဲ စစ်ဆေးသင့် ပါတယ်။ ရင်းနှီးတဲ့သူ ဆိုရင်တောင်မှ ဆက်သွယ်ရတာ လွယ်မယ်ဆိုရင် အရင် ဆက်သွယ် မေးမြန်းပြီးမှ ဖွင့်သင့်ပါတယ်။

Online ကနေ ဝယ်ယူမှုများမှာလည်း အမြဲသတိထားရပါမယ်။ တိုက်ခိုက်သူတွေက အင်မတန် ချိုသာတဲ့ ဈေးတွေနဲ့ ဝယ်ယူသူတွေကို သွေးဆောင်ပြီး link တွေပို့ အချက်အလက်တွေဖြည့်ခိုင်းပြီး ဝယ်ယူသူတွေရဲ့ ဖုန်း၊ laptop တွေကို ထိန်းချုပ် ဝင်ရောက်နိုင်အောင် ကြံစည်လေ့ရှိတာကိုလည်း ထည့်သွင်း ဖော်ပြချင်ပါတယ်။
ငွေကြေးဆိုင်ရာအကောင့်တွေအတွက်လည်း ဘဏ်တွေကနေ ပေးပို့သည့် link ပုံစံများနဲ့ အတည်ပြုရန် အချက်အလက် တောင်းဆိုတာတွေ၊ လျှို့ဝှက်နံပါတ် (Pin/Passcode) တောင်းခံတာတွေလည်း ရှိတတ်တာမို့ ကိုယ့်အချက်အလက်တွေ မပေးခင် ဘဏ်ဘက်ကို အမြဲ အတည်ပြု စစ်ဆေးသင့်ပါတယ်။
Phishing တွေမှာဆိုရင် Email Phishing – အီးမေးလ်တွေကတစ်ဆင့် အချက်အလက်ခိုးယူခြင်း၊ Smishing – SMS စာတိုများကနေတစ်ဆင့် လိမ်လည်တာတွေနဲ့ Vishing – ဖုန်းခေါ်ဆိုမှု တွေကနေ တစ်ဆင့် လှည့်ဖြားဖို့ကြိုးစားတာ စတဲ့နည်းတွေနဲ့ ဒစ်ဂျစ်တယ် အသိပညာ နည်းတဲ့သူတွေကို ပစ်မှတ်ထား ကြိုးစား လေ့ရှိကြပါတယ်။
၃။ 2 factors authentication ဖွင့်ထားပါ။
နှစ်ဆင့် အတည်ပြုခြင်းဆိုတဲ့ 2 factors authentication ပြုလုပ်ထားလို့ရတဲ့ ဆိုရှယ်မီဒီယာ အကောင့်၊ အီးမေးလ်နဲ့ ဘဏ်အကောင့်တွေ နှစ်ဆင့် အတည်ပြုတာမျိုး လုပ်ထားပြီး စကားဝှက် (password) တင်မကဘဲ အကောင့်ကို ဝင်တဲ့အခါ ကိုယ့်ဖုန်းနံပါတ်မှာ Pin ကုတ် ရောက်လာအောင် လုပ်တာမျိုး ၊ ဒါမှမဟုတ် အက်ပလီကေးရှင်းတစ်ခုခု၊ အီးမေးလ် စတာတွေမှာ Pin ကုတ်ကျတာ မျိုးလုပ်ထားပြီး password ရော Pin ကုတ်ရော သိမှ ဝင်လို့ရတာမျိုး ပြုလုပ်ထားသင့်ပါတယ်။
၄။ ဆော့ဖ်ဝဲများကို နောက်ဆုံး update version မြှင့်ထားပါ။
ဖုန်း၊ ကွန်ပျူတာနဲ့ ကိုယ်အသုံးပြုတဲ့ အက်ပလီကေးရှင်းတွေကို update မြှင့်ပါ။ နောက်ဆုံး version တွေက လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကို ပြင်ထားလေ့ရှိကြပါတယ်။ ဗားရှင်းအဟောင်းကို ဆက်အသုံးပြုနေမယ်ဆိုရင် ဟက်ကာတွေက ဆော့ဖ်ဝဲရဲ့ အားနည်းချက်ကို အသုံးပြုပြီး ကိုယ့်ရဲ့ အချက်အလက်ရယူတာနဲ့ ကိုယ့် ကွန်ပျူတာတွေကို တိုက်ခိုက်တာမျိုး လုပ်လို့ရပါတယ်။ ဒါ့အပြင် အချို့ ဆော့ဖ်ဝဲတွေက ဗားရှင်းအဟောင်းကို ဆက်သုံးလို့မရအောင် ပြုလုပ်တာတွေရှိတာကြောင့် ဗားရှင်းအသစ်ကို အမြဲအသုံးပြုတာက အာမခံချက် ရှိနိုင်မှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲ ဒေါင်းလုတ် လုပ်တဲ့အခါမှာလည်း ယုံကြည်ရတဲ့ source တွေ၊ တရားဝင် (Android ဖုန်းဆိုရင်) ပလေးစတိုးတွေ၊ (iPhone ဆိုရင်) အက်ပ်စတိုးတွေ ကသာ ဒေါင်းလုတ်ယူကာ ဖုန်းထဲကို ထည့်သွင်းခြင်း လုပ်သင့်ပါတယ်။
၅။ Public အများသုံး wi-fi အသုံးပြုတဲ့အခါ သတိထားပါ။
အခမဲ့ ရလေ့ရှိတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင် နဲ့ လေဆိပ်တွေမှာ အများသုံး public wi-fi တွေအသုံးပြုတဲ့အခါမှာ VPN (virtual private network) ခံပြီး အသုံးပြု သင့်ပါတယ်။ public wifi တွေက လုံခြုံမှုနည်းတာကြောင့် ကိုယ်က အဲ့ဒီဝိုင်ဖိုင်အသုံးပြုပြီး ကိုယ်ထည့်သွင်းလိုက်တဲ့ log-in အချက်အလက်တွေ၊ ဘဏ်အကောင့် အသေးစိတ်တွေကို ဟက်ကာတွေက ခိုးယူနိုင်ပါတယ်။ VPN တွေက ကိုယ့်ရဲ့ IP Address ကို ကွယ်ဝှက်ပေးတာအပြင် ကုတ်တွေပြောင်းသွားတဲ့အတွက် ကိုယ့်ဖုန်း၊ ကွန်ပျူတာထဲက ဒေတာတွေ ကို လုံခြုံစေပါတယ်။ VPN အသုံးပြုတဲ့အခါမှာလည်း ယုံကြည်ရတဲ့ VPN ကိုသာ ရွေးချယ်အသုံးပြု သင့်ပါတယ်။
၆။ အရေးကြီးဒေတာတွေကို အရန်ထား သိမ်းဆည်းပါ။
ကိုယ့်ရဲ့ အရေးကြီးဒေတာတွေကို ဖုန်း၊ ကွန်ပျူတာထဲတင်မကဘဲ ပြင်ပ Hard disk မှာ သိမ်းဆည်း တာ၊ ဒါမှမဟုတ် Google drive, Dropbox တို့လိုမျိုး Cloud Storage တစ်ခုခုမှာ သိမ်းဆည်းထား သင့်ပါတယ်။ ဒီလိုသိမ်းဆည်းခြင်းအားဖြင့် cyber ဆိုက်ဘာ တိုက်ခိုက်မှုတွေ၊ စက်ပစ္စည်းပျက်စီးမှုတွေ ဖြစ်တဲ့အခါ ဒေတာတွေ ပြန်လည်ရယူနိုင်မှာဘဲ ဖြစ်ပါတယ်။ သိမ်းဆည်းတဲ့ နေရာက စကားဝှက် တွေကိုလည်း မှန်းဆရခက်ခဲတဲ့ စကားဝှက်မျိုးကိုပဲ ထားရှိသင့်ပါတယ်။
၇။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မမျှဝေပါနဲ့
ဆိုရှယ်မီဒီယာလို့ခေါ်ကြတဲ့ လူမှုကွန်ရက်အမျိုးမျိုးမှာ ကိုယ့် ဖုန်းနံပတ်၊ အိမ်လိပ်စာ စတဲ့ အချက်အလက် အထောက်အထား တွေကို အတိအကျ မျှဝေတာမျိုး မလုပ်သင့်ပါဘူး။ ဒါ့အပြင် ကိုယ့်လိပ်စာပေး၊ ငွေလွှဲလုပ်ရမယ့် အွန်လိုင်းရှော့ပင် လုပ်တဲ့ အခါတွေမှာ လည်း ခိုင်မာတဲ့ ပေ့ချ်၊ recommendation ဆိုတဲ့ ထောက်ခံချက်တွေ အများကြီးရထားတဲ့ပေ့ချ် ဟုတ်/မဟုတ် ကိုလည်း review တွေ သေချာလေ့လာပြီးမှာ အချက်အလက်တွေပေးပို့ ဝယ်သင့်ပါတယ်။ ဝက်ဘ်ဆိုက်တွေကနေ တစ်ဆင့် ဝယ်ယူတဲ့အခါမှာလည်း ဘဏ်အချက် အလက် အသေးစိတ်ကို မယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်တွေမှာ မဖြည့်သွင်းပါနဲ့။ လက်ဆောင်၊ အထူးလျှော့ဈေး၊ အထူး အခွင့်အရေး စတဲ့ လင့်ခ်တွေ၊ မဖြစ်နိုင်တဲ့ ကမ်းလှမ်းချက်တွေကို သတိထားရပါမယ်။ ငွေပေးချေပြီးတိုင်းလည်း ကိုယ့်ဘဏ်စာရင်း၊ ကိုယ့်အကောင့် မှတ်တမ်းကို ပြန်စစ်ဆေးသင့်ပါတယ်။
ဒါ့အပြင် ကိုယ့်အသိမိတ်ဆွေ မဟုတ်ဘဲ စာပေးပို့ ရင်းနှီးမှု ရယူပြီး အယုံသွင်းတာတွေလည်း ရှိတဲ့ အတွက် စာပို့ မိတ်ဆွေ ဖွဲ့လာသူများ ကိုလည်း စိစစ်ပြီးမှ ပြန်ဖြေသင့်ပါတယ်။ ယနေ့ခေတ်မှာ အရာရာက နည်းပညာတွေနဲ့ ပြုလုပ်လို့ရတာမို့ အယုံလွယ်လို့ မရပါဘူး။
အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေအပြင် အင်တာနက်ကို နက်နက်နဲနဲ သုံးရင် သုံးသလောက် သတိထားရမယ့် အခြား အချက် တွေလည်း ရှိပါသေးတယ်။ ဒီအချက်အလက်တွေကို ကိုယ်တိုင်လည်း သတိထားပြီး နည်းပညာအခြေခံအားနည်းသူတွေကိုလည်း လက်လှမ်းမီ သလောက် သတိပေး သင့်ပါတယ်။ အင်တာနက်ကို အခုမှ စသုံးတဲ့ သက်ကြီးပိုင်းတွေကိုလည်း လိမ်လည်လေ့ရှိကြတဲ့ အခြေအနေတွေကို သတိပေးထားပြီး တစ်ပါးသူမေးတဲ့အခါ မျှဝေလို့မရတဲ့ စကားဝှက်၊ ကုတ် စတာတွေကိုလည်း မပေးမိစေဖို့ သေချာ ရှင်းပြပြီး မှာထားသင့်ပါတယ်။

ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေပါ အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့ အကောင်းဆုံး ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ဒါမှ အကျိုးကျေးဇူး များစွာရနိုင်တဲ့ အင်တာနက်ကနေ ဆိုးကျိုးတွေ မခံစားရမှာဘဲ ဖြစ်ပါတယ်။


