တိုတိုထွာထွာ မှတ်စရာ (၂၀)
ဂျက်ဇ်သီချင်းနားထောင်၊ ကြောင်နဲ့စကားပြောပြီး မူရာကာမိလို စာရေးကြမယ်
ဟာရူကီ မူရာကာမိ (Haruki Murakami) ဆိုသည်မှာ ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ကျော်ကြားသည့် ဂျပန်စာရေးဆရာတစ်ဦး ဖြစ်သည်။ ၎င်း၏ စာအုပ်များကို ဘာသာစကားပေါင်း (၅၀) ကျော်အထိ ပြန်ဆိုထားရပြီး အုပ်ရေ သန်းပေါင်းများစွာ ရောင်းချခဲ့ရသည်။ ၎င်းသည် ခေတ်ပေါ်စာပေ လောကတွင် အလွန်ဩဇာညောင်းသူဖြစ်သလို နှစ်စဉ်လည်း နိုဘယ်လ်စာပေဆု (Nobel Prize in Literature) ရရှိရန် အမြဲတမ်း ရေပန်းစားနေတတ်သူလည်း ဖြစ်သည်။
သူ ဘာကြောင့် ဒီလောက်တောင် နာမည်ကြီးပြီး လူကြိုက်များရသလဲဆိုတော့ ထူးခြားဆန်းပြားသည့် အရေးအသားစတိုင် (Magical Realism) က ထူးခြားသည့် ၎င်း၏ ရေးဟန် ဖြစ်နေသောကြောင့် ဖြစ်သည်။
၎င်း၏ စာအုပ်များသည် သာမန်လက်တွေ့ဘဝနှင့် မကိုက်ညီဘဲ စိတ်ကူးယဉ်ဆန်မှုများကို ထူးထူးခြားခြား ရောမွှေပြီး ရေးဖွဲ့တတ်သည်။ ဥပမာ – ကြောင်များက စကားပြောခြင်း၊ ကောင်းကင်မှ ငါးများ မိုးရွာချသလို ကျလာခြင်း စသည်တို့ကို သာမန်ဖြစ်စဉ်တစ်ခုကဲ့သို့ ရေးပြတတ်သောကြောင့် စာဖတ်သူကို ဆွဲဆောင်မှုအပြည့် ပေးနိုင်ခြင်း ဖြစ်သည်။
လူငယ်များ၏ ခံစားချက်ကို ကွက်တိထိမှန်ခြင်းသည်လည်း ၎င်း၏ ရေးကွက်ပင် ဖြစ်သည်။ သူ ဖန်တီးသည့် ဇာတ်ကောင်များသည် များသော အားဖြင့် အထီးကျန်ဆန်သူများ၊ မိမိကိုယ်ကိုယ် ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုနေကြသူများ ဖြစ်တတ်သည်။ ဒီလို အထီးကျန်မှု၊ အဓိပ္ပာယ်မဲ့မှုနှင့် လောကကြီးကြားက ခံစားချက်များကို အမိအရ ရေးပြနိုင်သည့်အတွက် တစ်ကမ္ဘာလုံးက လူငယ်များ၏ ရင်ထဲကို တိုက်ရိုက် ရိုက်ခတ်သွားစေသည်။
မူရာကာမိသည် အနောက်တိုင်းစာပေ၊ ဂီတ (အထူး သဖြင့် ဂျက်ဇ် – Jazz) နှင့် ယဉ်ကျေးမှုများကို အလွန်နှစ်သက်သူ ဖြစ်သည်။ ဒါကြောင့် ၎င်း၏ စာအုပ်များသည် ဂျပန်ရိုးရာစာပေများထက်စာလျှင် ကမ္ဘာတစ်ဝန်းက လူများ အလွယ်တကူ နားလည်ခံစားလို့ရသည့် နိုင်ငံတကာစတိုင် (Globalized voice) ဖြစ်နေရခြင်း ဖြစ်သည်။
၎င်းကို စတင်ပြီး နာမည်ကြီးလူသိများစေခဲ့သည့် လက်ရာအချို့ကို ပြောရလျှင် –
- Norwegian Wood (၁၉၈၇): လူငယ်များကြားတွင် အသည်းစွဲဖြစ်ခဲ့သည့် အချစ်နှင့် လွမ်းမောဖွယ်ရာ ဇာတ်လမ်း။
- Kafka on the Shore (၂၀၀၂): အလွန်ဆန်းကြယ်ပြီး နက်နဲလှသည့် စိတ်ကူးယဉ် (Magical Realism) လက်ရာ။
- 1Q84 (၂၀၀၉): မတူညီသည့် ကမ္ဘာနှစ်ခုအကြောင်းကို ရေးဖွဲ့ထားသည့် အလွန်ထူထဲပြီး အောင်မြင်သည့် စာအုပ်ကြီး ဖြစ်သည်။ ကမ္ဘာကျော် ဝတ္ထုရှည်ကြီးဖြစ်ပြီး စာအုပ်အမည်တွင်ပါသည့် “Q” မှာ အဖြေရှာမရသည့် မေးခွန်းကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။
ကြောင်တောင်တောင် ရေးဟန်
၎င်းကဲ့သို့ ရေးချင်လျှင်တော့ နည်းနည်း “ကြောင်” ရန်နှင့် “စိတ်ကူးယဉ်” ရန် ဝန်မလေးပါနှင့်ဦး။ မူရာကာမိ စတိုင်ကို လေ့လာကြည့်ကြပါစို့။ ၎င်း၏ ပုံစံမျိုး ရေးသားလိုပါက အောက်ပါအချက်များ လိုအပ်ပါသည် –
(၁) အရမ်းရိုးလွန်းသည့် ယောက်ျားတစ်ယောက် ရှာပါ။ ဇာတ်လိုက်က စူပါဟီးရိုး မဟုတ်ရပါ။
အသက် ၃၀ ကျော်၊ အေးဆေးသမား၊ နာမည်ကလည်း တိုရု (Toru) လိုမျိုး အလွန်ရိုးရမည်။ ပထမဆုံး အခန်းတွင်တင် ၎င်း၏ ဇနီး သို့မဟုတ် ချစ်သူက ဘာအကြောင်းပြချက်မှမရှိဘဲ ထားခဲ့လိမ့်မည်။ ဒါပေမဲ့ ဇာတ်လိုက်က ငိုလည်းမငို၊ လိုက်လည်းမရှာပါ။ အိမ်တွင် အေးဆေးထိုင်၊ ဂျက်ဇ် (Jazz) သီချင်းဟောင်းလေးဖွင့်ပြီး ဟင်းသီးဟင်းရွက်များကို မပျင်းမရိ လှီးဖြတ်နေမည်။ ကမ္ဘာကြီး ပျက်တော့မည့်အရေးထက် ခေါက်ဆွဲပြုတ် အကျက်ညီဖို့က ၎င်းအတွက် ပိုအရေးကြီးနေတတ်သည်။
(၂) ပျင်းစရာကောင်းသည့် နေရာတွင် ဂမ္ဘီရတံခါးတစ်ချပ် ဖွင့်လိုက်ပါ
၎င်း၏ ဇာတ်လမ်းများထဲတွင် ထူးဆန်းအံ့ဩဖို့ကောင်းသည့် မှော်ဆန်သည့်အရာများသည် စုန်းကဝေများရှိသည့် တောနက်ကြီးထဲတွင် ဖြစ်ပျက်ခြင်းမျိုး မဟုတ်ပါ။ ကျွန်တော်တို့ နေ့တိုင်းမြင်တွေ့နေရသည့် လမ်းထိပ်က စတိုးဆိုင်နောက်ဘက် သို့မဟုတ် ဘယ်သူမှ ဂရုမစိုက်သည့် ရေတွင်းပျက်ကြီးထဲကဲ့သို့ နေရာမျိုးတွင် ဖြစ်တတ်ခြင်း ဖြစ်သည်။
ဥပမာပြောရလျှင် — ဇာတ်လိုက်က အိမ်မှ ပျောက်ဆုံးသွားသည့် ကြောင်လေးကို လိုက်ရှာရင်းနှင့် သာမန်ရေတွင်းဟောင်းတစ်ခုထဲ ဆင်းသွားမိသည်။ ဒါပေမဲ့ ရေတွင်းအောက်ခြေ ရောက်သည့်အခါ ဘာအကြောင်းပြချက်မှမရှိဘဲ တခြားကမ္ဘာတစ်ခုထဲ ရုတ်တရက်ကြီး ရောက်ရှိသွားသလို ခံစားရတော့သည်။ အဲဒီကမ္ဘာထဲတွင်ရှိသည့် လူများသည် အရိပ်မရှိကြသလို၊ ဟိုတယ်အခန်းများကလည်း လူကဲ့သို့ စကားများ လျှောက်ပြောနေတတ်ကြသည်။
“ဘာကြောင့် ထူးဆန်းထွေလာတွေ တွေ့နေရတာလဲ” ဆိုပြီးတော့ လာမမေးပါနှင့်ဦး။ အဲဒီလို ဖြစ်ပျက်သမျှ အကြောင်းအရာတိုင်းကို အကျိုးအကြောင်းနဲ့ လိုက်ရှင်းပြနေလျှင် မူရာကာမိ၏ စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်လို ဇာတ်လမ်းစတိုင် မဟုတ်တော့ပေ။
(၃) ထူးဆန်းသည့် သတ္တဝါများနှင့် လူများကို ထည့်ပါ
ဇာတ်လိုက်က အဲဒီလို ထူးဆန်းသည့် ကမ္ဘာထဲတွင် လျှောက်သွားနေရင်းနှင့် သာမန်လူများနှင့် လုံးဝမတူသည့် သတ္တဝါများ၊ ထူးဆန်းသူများနှင့် မလွဲ မသွေ တိုးရပါမည်။ အနည်းဆုံးတော့ အောက်ပါအချက်များထဲမှ တစ်ခုခုနှင့် မဖြစ်မနေ တွေ့ရပါလိမ့်မည် –
ဒဿနိကဗေဒပညာရှင် ကြောင်တစ်ကောင်: အိမ်မှ ပျောက်သွားသည့် ကြောင်က လမ်းတွင် ပြန်တွေ့သည့်အခါ အင်္ဂလိပ်လို မှုတ်နေလိမ့်မည်။ သူက “ငါ့ကို ထမင်းကျွေးဦး” လို့ ပြောမှာမဟုတ်ဘဲ ဘဝ၏ အဓိပ္ပာယ်အကြောင်းများ၊ စကြဝဠာကြီးအကြောင်းများကိုသာ အတွေးအခေါ်ဆန်ဆန် ဆွေးနွေးနေမည်။
ဝတ်ကောင်းစားလှနှင့် နာမည်ကြီးပုဂ္ဂိုလ်: ကုတ်အင်္ကျီအရှည်ကြီးနှင့် စမတ်ကျကျ ဝတ်ထားသည့် လူတစ်ယောက်နှင့် တွေ့မည်။ သူက တကယ်တော့ လူမဟုတ်ဘဲ KFC က လူရုပ်ကြီး (Colonel Sanders) ဖြစ်နေတတ်သလို “စိတ်ဓာတ်ကျခြင်း” သို့မဟုတ် “အထီးကျန်ခြင်း” ဆိုသည့် စိတ်ခံစားချက်ကြီးက လူယောင်ဆောင်ပြီး ကိုယ်ထင်ပြနေခြင်းလည်း ဖြစ်နိုင်သည်။ (Colonel Sanders ဆိုသည်မှာ ကင်တပ်ကီ ကြက်ကြော် KFC ကို တည်ထောင်သူဖြစ်ပြီး အသက် ၆၅ နှစ်ကျမှ ဘဝကို အရှုံးမပေးဘဲ ကမ္ဘာကျော်အောင် ကြိုးစားခဲ့သည့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ၎င်း၏ လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုးနှင့် လုပ်ထားသည့် KFC ကြက်ကြော်မှာ ယခုဆိုလျှင် တစ်ကမ္ဘာလုံးက လူတိုင်းကြိုက်သည့် စားစရာ ဖြစ်နေပါပြီ။ ကင်တပ်ကီ ကြက်ကြော်သည် အလွန်နာမည်ကြီးလာသဖြင့် အမေရိကန် Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်းကို “Colonel” (ကာနယ်) ဆိုသည့် ဂုဏ်ထူးဆောင်ဘွဲ့ကို အပ်နှင်းခဲ့ခြင်း ဖြစ်သည်။)
ပဟေဠိဆန်သည့် ဆယ်ကျော်သက်မလေး: အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကောင်မလေးတစ်ယောက်နှင့်လည်း တွေ့လိမ့်မည်။ သူက အသက်နှင့်မလိုက်အောင် အရာရာကို ကြိုတင်သိရှိနေပြီး စကားပြောလျှင် တည့်တည့်မပြောဘဲ နားလည်ရခက်သည့် ပဟေဠိများ၊ ကဗျာဆန်သည့် စကားလုံးများဖြင့်သာ ပြောဆိုနေတတ်သည်။
(၄) ဘာအဖြေမှမပေးဘဲ ဇာတ်သိမ်းလိုက်ပါ
ဇာတ်လမ်းကို စာဖတ်သူ ဘဝင်ကျအောင် သိမ်းဆည်း၍ မရပါ။ ပျောက်သွားသည့် ဇနီး ဘယ်ရောက်သွားသလဲ၊ ကောင်းကင်တွင် လနှစ်စင်း ဘာကြောင့် ပေါ်နေတာလဲ ဆိုတာတွေကို အဖြေရှာပေးလိုက်လျှင် ခင်ဗျား ရှုံးပြီ။ ဇာတ်လိုက်က ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်၊ လေတိုက်သည်ကို ခံစား၊ ဘီယာအေးအေးလေးတစ်ခွက် သောက်ရင်း “ဪ… ဘဝဆိုတာ ငါနားထောင်ခဲ့တဲ့ ဂျက်ဇ်သီချင်းတွေလိုပါပဲလား” ဆိုပြီး တွေးတောရင်းနှင့်ပဲ ဇာတ်သိမ်းလိုက်ရမည်။

တိုတိုထွာထွာ မှတ်စရာ (၂၁)
အချစ်မြို့တော် တိုကျိုနှင့် “မိုးမိုးကျွန်း” မှော်သွင်းဂါထာရွတ်ကာ မန်းမှုတ်ခြင်း
ကျွန်တော် ပန်းချီကျော် နတ်ရဲလှသည် ၂၀၂၆ ခုနှစ်၏ ဂိမှာန်နွေရာသီ ရက်တစ်ရက်တွင် ဂျပန်နိုင်ငံသို့ အလည်အပတ် တစ်ခေါက် ရောက်ရှိခဲ့ပါသည်။
ဂျပန်နိုင်ငံ အာကီဟာဘာရာ (Akihabara) ၏ လမ်းမထက်တွင် ကျွန်တော် ခြေဦးတည့်ရာ လျှောက်လှမ်းလာခဲ့မိသည်။ အာကီဟာဘာရာ ဆိုသည်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ရှိပြီး လျှပ်စစ်ပစ္စည်းများနှင့် အန်နီမေး (Anime) ယဉ်ကျေးမှုကြောင့် ကမ္ဘာကျော်သည့် အရပ်ဒေသတစ်ခု ဖြစ်သည်။ အန်နီမေး ယဉ်ကျေးမှုဆိုသည်မှာ ဂျပန်ကာတွန်းများကို အခြေခံပြီး ဝတ်စားဆင်ယင်ခြင်း (Cosplay)၊ အရုပ်စုဆောင်းခြင်းနှင့် ပွဲလမ်းသဘင်များ ကျင်းပကြသည့် ကမ္ဘာတစ်ဝန်းက ဝါသနာရှင်များ၏ လူမှုဘဝပုံစံကို ခေါ်ဆိုခြင်း ဖြစ်သည်။
ဂျပန်ရောက်တုန်း ‘ခေတ်အဆန်ဆုံး Tourist Spot ကို သွားမည်ဆိုတော့ သူငယ်ချင်းများက ညွှန်းဆိုလိုက်ကြသည်မှာ… “Maid Cafe” တဲ့။ ကျွန်တော်ကတော့ အိမ်ဖော်ဝတ်စုံ ဝတ်ဆင်ထားသူများ ရှိသည့် ရိုးရိုးကော်ဖီဆိုင်ဟူ၍ပဲ မှတ်ထင်ခဲ့ခြင်း ဖြစ်သည်။ ဆိုင်တံခါးကို တွန်းဖွင့်ပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကတည်းက ကျွန်တော့်၏ အတွေးကမ္ဘာကြီး ကျွမ်းပြန်သွားတော့တာပါပဲ။
“Welcome home, Goshujin-sama…!”
(ကျွန်မတို့ဆိုင်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် သခင်လေးရေ)
Goshujin-sama ဆိုသည်မှာ ဂျပန်ဘာသာစကားဖြစ်ပြီး မြန်မာလို “သခင်ကြီး” သို့မဟုတ် “အရှင်သခင်” (Master) ဟု အဓိပ္ပာယ်ရသည်။ အဓိကအားဖြင့်တော့ – အိမ်စေ ဒါမှမဟုတ် အစေခံက အိမ်ရှင်ကို ခေါ်သည့်အခါ သုံးနှုန်းသည်။ အန်နီမေးများထဲတွင်မူ Maid (အိမ်ဖော်) ဇာတ်ကောင်လေးများက ၎င်းတို့၏ သခင်ကို ချစ်စနိုးဖြင့် ခေါ်လေ့ရှိသည့် နာမည်ကြီး အသုံးအနှုန်းတစ်ခု ဖြစ်သည်။
ဟိုက်!
ချွဲပစ်နေသည့် အသံလေးများနှင့်အတူ ဇာတ်လမ်းထဲကလို အိမ်ဖော်ဝတ်စုံ လှလှလေးများ ဝတ်ဆင်ထားသည့် မိန်းကလေးများက ကျွန်တော့်ကို ဝိုင်းဝန်းကြည့်ရှုပြီး သခင်လေးတဲ့။ အိမ်တွင် ဇနီးသည်က “မောင်ကြီး.. ကျွန်မ ဈေးသွားတော့မယ်… ဒီနေ့ ဘာချက်စားကြမလဲ” ဟု အော်ဟစ်တာနှင့်တင် နားရည်ဝနေသည့် ကျွန်တော့်အတွက်တော့ ဒါဟာ နားထဲတွင် နတ်သုဓာ စီးကျလာသလိုပါပဲ။ လူက ချက်ချင်း ရင်ဘတ်ကြီး ကော့သွားပြီး “အဟမ်း… ကျွန်တော်က သခင်လေးပါပဲလား” ဆိုပြီး စိတ်ကြီးဝင်သွားမိသည်။
ဒီဆိုင်က ရိုးရိုးဆိုင်မဟုတ်ပါ။ အပြင်က လောကကြီးနှင့် လုံးဝပြတ်တောက်သွားသည့် ‘Theme Park’ အသေးစားလေးပါပဲ။ (Theme Park ဆိုသည်မှာ ဇာတ်လမ်း သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အခြေခံပြီး ကစားနည်းမျိုးစုံဖြင့် ပျော်စရာကောင်းအောင် ပြုလုပ်ထားသည့် ပန်းခြံကြီးတစ်ခု ဖြစ်သည်။ ဥပမာ – ကမ္ဘာကျော် Disney World)
ဗိုက်ကလည်း ဆာဆာရှိသည်နှင့် ဒီဆိုင်တွင် လူကြိုက်အများဆုံးဆိုသည့် အုမ္မုရိုက်စ် (Omurice) ဟုခေါ်သည့် ကြက်ဥအုပ် ထမင်းကြော်ကို မှာယူလိုက်သည်။ ဆာဆာရှိသည်နှင့် မြန်မြန်စားပြီး ပြန်မည်ပေါ့။ ဒါပေမဲ့ ကျွန်တော် တော်တော် အတွေးကျဉ်းမြောင်းခဲ့တာပဲ။ ဒီမှာက ဝန်ဆောင်မှု ပေးနေခြင်းမဟုတ်ဘဲ… ‘အနုပညာ Performance’ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ခဏနေတော့ Maid လေးတစ်ယောက်က ကျွန်တော့်စားပွဲဘေးတွင် ဒူးလေးတုပ်ပြီး ထိုင်ချလိုက်သည်။ ပြီးလျှင် မျက်တောင်လေး တဖျတ်ဖျတ်ခတ်၊ ပါးစပ်လေး စုပြီး… “သခင်လေး… ဒီနေ့ ကြက်ဥထမင်းကြော်ပေါ်မှာ ဘာပုံလေး ဆွဲပေးရမလဲဟင်?” ဟု ချွဲနွဲ့စွာ မေးပါလေရော။ ယုန်ရုပ်လား၊ ကြောင်ရုပ်လား၊ ဒါမှမဟုတ် နာမည်လား တဲ့။ ကျွန်တော်လည်း အသက် ၄၀ ကျော် နှုတ်ခမ်းမွေးစစနှင့် ယောက်ျားရင့်မကြီး ရုပ်နှင့် မလိုက်အောင်… “ဝက်… ဝက်ဝံရုပ်လေး ဆွဲပေးပါ” ဟု ရှက်ကိုး ရှက်ကန်းဖြင့် ပြောလိုက်မိသည်။
အဲဒီအချိန်ကစပြီး သူကိုင်ထားသည့် ကတ်ချပ် (Ketchup) ပုလင်းသည် ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို၏ စုတ်တံ ဖြစ်သွားတော့တာပါပဲ။ (Ketchup ပုလင်း ဆိုသည်မှာ ခရမ်းချဉ်သီးဆော့စ်ပုလင်းကို ခေါ်ခြင်း ဖြစ်သည်) ကျွန်တော်တို့အိမ်တွင် ကတ်ချပ်ပုလင်း ညှစ်လျှင် “ဖလပ်… ဖလပ်” ဆိုပြီး ဟင်းပွဲပေါ် အထွေးလိုက်ကြီး ကျချင်ကျတာ။ ဒါပေမဲ့ ဒီ Maid လေးကတော့ မဟုတ်ပါ။ ပန်းကန်ပြားကို Canvas ပိတ်ကားလို သဘောထားပြီး ဝက်ဝံရုပ်၏ မျက်တောင်လေးများ၊ အမွေးအမှင်လေးများကအစ ကတ်ချပ်ဖြင့် အသေးစိတ် ဖော်ပြပေးသည်။ စုတ်တံနှင့် ဆွဲနေသလား မှတ်ရလောက်အောင်ကို သေသပ်လွန်းသဖြင့် ဗန်ဂိုး (Van Gogh) တောင် လာရောက်အရှုံးပေးရမည့် လက်ရာမျိုး ဖြစ်သည်။
စက္ကန့်ပိုင်းအတွင်း အဝါရောင် ကြက်ဥပေါ်တွင် ပါးဖောင်းဖောင်း ဝက်ဝံရုပ်လေး ပေါ်လာတာ မြင်ရော့ ကျွန်တော့်မှာ “ဟာ… ဒါကို ဇွန်းနဲ့ ကော်စားဖို့တောင် အပြစ်ရှိသလိုလို၊ နှမြောသလိုလို” တွေးမိသွားသည်။ ဒါပေမဲ့ ဇာတ်လမ်းက မပြီးသေးပါ။ ပန်းချီဆွဲလို့ ပြီးသွားပေမယ့် ဇွန်းကို ကိုင်လိုက်သည့် ကျွန်တော့်လက်ကို Maid လေးက လှမ်းတားသည်။ “နေဦး… သခင်လေး! မစားရသေးဘူး။ အစား အသောက်တွေ ပိုပြီး အရသာရှိသွားအောင်၊ ပိုပြီး ချိုမြိန်သွားအောင် အတူတူ ဂါထာမန်းရမယ်” တဲ့…. သူက ကျွန်တော့်ကို လက်နှစ်ဖက်ဖြင့် နှလုံးသားပုံစံ ပြုလုပ်ခိုင်းသည်။ ပြီးတော့ အသံကုန်ဟစ်ပြီး အော်ခိုင်းတာက…
“မိုးမိုး… ကျွန်း! (Moe Moe Kyun!)” တဲ့။
“Oishiku nare, Moe Moe Kyun!” (おいしくなぁれ Bigg 萌え萌えキュン!). > (ပိုပြီး အရသာရှိပါစေ၊ နှလုံးသားလေးတွေ လှုပ်ခတ်သွားစေ / Become delicious, magic of cuteness!)
ဘုရားရေ…။ ဘေးဘီကို ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ အသက် ၃၀၊ ၄၀ ကျော်၊ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ဆာလာရီမန်း ဂျပန်အန်ကယ်ကြီးများ (စတိုင်ကျကျ ဝတ်စားထားသည့် ကုမ္ပဏီဝန်ထမ်း အန်ကယ်ကြီးများ) ကလည်း Maid လေးများနောက်ကနေ မျက်လုံးလေးများမှိတ်ပြီး “မိုးမိုးကျွန်း…” ဟု လိုက်လံအော်ဟစ်နေကြသည်ကို တွေ့ရသည်။ ကျွန်တော်လည်း ရှက်ရှက်နှင့်ပဲ ရင်ဘတ်နားတွင် လက်ကလေးနှစ်ဖက်ဖြင့် နှလုံးသားပုံစံလုပ်ပြီး… “မိုး… မိုး… ကျွန်း…” ဟု လိုက်ရွတ်လိုက်ရသည်။
ဒါက ဟင်းထဲကို အချိုမှုန့် ခတ်လိုက်သလိုပါပဲ။ စားလိုက်လျှင် တကယ်ပဲ ပိုစားကောင်းသွားသလိုလို… ဒါမှမဟုတ် ရှက်လွန်းသဖြင့် အစားအသောက် အရသာကိုပဲ မေ့လျော့သွားတာလားတော့ မသိပါ။
စားရင်းနှင့်မှ ဘေးနားက ခုံကို ကြည့်မိတော့ ‘Magic Shaker Drinks’ မှာထားသည့် လူတစ်ယောက်ဆိုလျှင် Maid လေးက ၎င်း၏ရှေ့တွင် ဖျော်ရည်ဘူးကို ကခုန်ပြီး လှုပ်ခါပေးရင်း ‘မိုးမိုးကျွန်း’ နှင့် မှော်အတတ် သွင်းပေးနေတာ ကမ္ဘာပျက်မတတ်ပါပဲ။ တခြားခုံများတွင်လည်း ယုန်ပုံ၊ ကြောင်ပုံ Parfait (ပါဖေး) ရေခဲမုန့်များ၊ ကော်ဖီပေါ်တွင် နို့နှစ်ရောင်ဖြင့် အရုပ်ဆွဲပေးသည့် Latte Art များနှင့် ဆူညံပွက်လောရိုက်နေသည်။
ဒီလောကတွင် ‘ဆရာမကြီး’ ဆိုတာ ရှိသေးသည်ဟု ဆိုင်က ဝန်ထမ်းတစ်ယောက်က ဂုဏ်ယူစွာဖြင့် ပြောပြသည်။ အဲဒါကတော့ မိတ် (Maid) လောက ၏ သမ္ဘာရင့်ကြီး ဖြစ်သည့် ‘Hitomi’ (ဟီတိုမိ) တဲ့။ ဒီလောကထဲတွင် ကျင်လည်လာတာ ၂၂ နှစ်ကျော်ပြီဆိုတော့ အသက်ကို တွက်ကြည့်ရုံနှင့် သိနိုင်ပေမယ့်… သူက သူ့ကိုယ်သူ ဘယ်တော့မဆို ‘အမြဲတမ်း အသက် ၂ဝ ကျော်’ ပါတဲ့ (ကျန်သည့် အနှစ် ၂၀ ကျော်က အပိုဆောင်း အလုပ်သက်တမ်းပေါ့လေ)။ သူက ဆိုင်၏ စည်းကမ်းချက်များကို အရမ်းထိန်းသိမ်းပြီး ဒီဆိုင်ကို ‘မိသားစုတွေပါ လာလို့ရတဲ့ နေရာ’ ဖြစ်အောင် လုပ်ဆောင်ခဲ့တာဟု ဆိုသည်။
Maid Cafe များတွင်မူ အစားအသောက်အရသာထက် ၎င်းတို့၏ ပြင်ဆင်ပုံနှင့် ဝန်ဆောင်မှုက ပိုမိုထူးခြားသည်။ အဓိကကတော့ Omurice (ကြက်ဥအုပ်ထမင်း) ပေါ်တွင် ကတ်ချပ်ဖြင့် အရုပ်လေးများ ဆွဲပေးခြင်း၊ ကာရီထမင်းကို ဝက်ဝံရုပ်ပုံစံ ပြင်ဆင်ပေးခြင်းမျိုး ဖြစ်သည်။ အချိုပွဲ အနေဖြင့်ဆိုလျှင်လည်း ချစ်စရာ တိရစ္ဆာန်ပုံစံ ဖန်တီးထားသည့် ပါဖေး (Parfait) အအေးများနှင့် ကော်ဖီမျက်နှာပြင်ပေါ်တွင် အရုပ်လှလှလေးများ ဆွဲပေးထားသည့် လတ်တေး (Latte) ကော်ဖီများကို ရရှိနိုင်ပါသည်။ ထူးခြားသည်မှာ ဖျော်ရည်များကို ကျွန်တော်တို့ရှေ့တွင်တင် လှုပ်ခါဖျော်ပေးရင်း ‘Moe Moe Kyun’ ဆိုသည့် မှော်ဂါထာလေးများ အတူတူရွတ်ရခြင်းပင်။ အစားအစာတိုင်းတွင် ၎င်းတို့၏ ချစ်စရာကောင်းသည့် အနုပညာများ ထည့်သွင်းထားခြင်း ဖြစ်သည်။
ကျွန်တော် ဆိုင်၏ စည်းကမ်းချက်များကို သေချာဖတ်ကြည့်မိသည့်အခါ…
ပထမအချက်: ‘ထိလို့မရပါ’။ ချစ်စရာကောင်းသည်ဆိုပြီး သွားရောက်ကိုင်တွယ်လျှင် ရဲတိုင်ခံရပါလိမ့်မည်။ (အဝေးကပဲ ကြည့်ရမည်)။
ဒုတိယအချက်: ‘ဓာတ်ပုံ ရိုက်ခွင့်မရှိပါ’။ ဖုန်းဖြင့် ခိုးရိုက်လျှင် ဆိုင်ထဲမှ နှင်ထုတ်ခံရလိမ့်မည်။ ဆိုင်က သတ်မှတ်ထားသည့် ပိုလာရွိုက် (Polaroid) ဓာတ်ပုံ ဝန်ဆောင်မှုကို ပိုက်ဆံအပိုပေးပြီးမှသာ အမှတ်တရ တွဲရိုက်ခွင့်ရှိခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်… နာရီဝက်လောက် အောက်ဆီဂျင် ပြတ်မတတ် ရှက်စနိုး ဖြစ်ခဲ့ရသည့် Maid Cafe အတွေ့အကြုံကတော့ အတော်လေး ထူးဆန်းပါသည်။ အခုဆိုလျှင် ဒီဆိုင်များကို ယောက်ျားလေးများတင်မကဘဲ အမျိုးသမီးများ၊ မိသားစုများပါ ပျော်ပျော်ပါးပါး လာရောက်လည်ပတ်ကြသည့်အထိ ခေတ်စားနေတာ မဆန်းပါဘူး။
ကျွန်တော့်၏ ပန်းချီဆရာမျက်စိနှင့် ကြည့်လျှင်တော့ ဒါဟာ တကယ့်ကို သက်ရှိထင်ရှား ‘ကာတွန်းရုပ်ကလေးတွေ’ လမ်းလျှောက်နေသလိုပါပဲ။ သူတို့ ဝတ်ဆင်ထားသည့် ဇာနားများ၊ ခေါင်းစည်းလေးများနှင့် အရောင်အသွေးများသည် ခေတ်သစ်ဂျပန်၏ Pop Art တစ်ခုလို ဖြစ်နေသည်။ ‘ဂျပန်သံ ဝဲဝဲနဲ့ မာစတာ… မာစတာ’ (Master) ဟု ခေါ်ဆိုပြီး ဖိတ်ခေါ်နေတာလေးများသည်လည်း တစ်မျိုးတော့ ချစ်စရာကောင်းလှသည်။
ဒါပေမဲ့ ကျွန်တော် ဒါကို ကလေးကစားစရာဟုတော့ မမြင်မိပါ။ ၎င်းတို့၏ ကော်ဖီဆိုင်လေးများထဲ ဝင်ကြည့်သည့်အခါတွင် မြင်တွေ့ရသည်မှာ စက်မှုထွန်းကားသည့် ဒီနိုင်ငံကြီးတွင် လူများသည် အင်မတန် အထီးကျန်နေကြသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ စက်ရုပ်များ၊ ကွန်ပျူတာများကြားတွင် အလုပ်လုပ်နေရသည့် လူများသည် ဒီလို ဆိုင်ကလေးများထဲတွင် ခဏလောက်ပဲဖြစ်ဖြစ် ‘အရှင်သခင်’ တစ်ယောက်လို ဆက်ဆံခံရခြင်း၊ နွေးထွေးသည့် စကားလေးများ ကြားရခြင်းကို တန်ဖိုးထားနေကြခြင်း ဖြစ်ပေလိမ့်မည်။
ကျွန်တော့် စုတ်ချက်များနှင့် ရေးဆွဲရလျှင်တော့… ဒီအာကီဟာဘာရာ၏ မာကျောသည့် သံမဏိတိုက်တာများကြားတွင် ဒီ Maid ယဉ်ကျေးမှုသည် “နူးညံ့တဲ့ အိုအေစစ်” လေးတစ်ခုပေါ့ဗျာ။ လူမှုဗေဒ ရှုထောင့်ကကြည့်လျှင်လည်း ဒါဟာ ဂျပန်တို့၏ ထွက်ပေါက်တစ်ခု၊ အနုပညာနှင့် စိတ်ခံစားမှုကို ပေါင်းစပ်ထားသည့် ထူးခြားသည့် ပြကွက်တစ်ခုပဲဟု ကျွန်တော် မှတ်တမ်းတင်ခဲ့မိပါသည်။
ကျွန်တော် ဆိုင်ထဲက ပြန်လည်ထွက်ခွာလာတော့ လမ်းမပေါ်ရောက်သည့်အထိ ပါးစပ်က ယောင်ယောင်ပြီး… “မိုးမိုးကျွန်း…” ဟု ရွတ်ဆိုမိနေတုန်းပါပဲ။ အိမ်ပြန်ရောက်လို့ မိသားစု ထမင်းဝိုင်းထဲ ရောက်လျှင်တောင် ဟင်းပန်းကန်ထဲကို စိုက်ကြည့်ပြီး ‘မိုးမိုးကျွန်း’ ဟု မှော်ဂါထာ သွင်းမန်းမှုတ်မိ၍ အလှောင်ခံရမှာ စိုးရိမ်လှပါဘိတော့သည်။
(From ‘geek’ hangout to tourist draw: Japan’s maid cafes / By Kyodo)

တိုတိုထွာထွာ မှတ်စရာ (၂၂)
ခရမ်းရောင်နွားမကြီးနှင့် ကျောက်ပန်းတောင်းက ကာလသားများ
ထန်းလျှော်ဖျာကြမ်းလေး ခင်းထားသည့် ဝါးကပ်မိုး ထန်းလျက်ချက်ဖိုလေးတွင် ထန်းလျက်ချက်ရာမှ ထွက်လာသည့် မီးခိုးနံ့သင်းသင်းက လေထဲတွင် ဝဲပျံနေသည်။ ကျောက်ပန်းတောင်းမြို့ ဆင်ခြေဖုံးက ကာလသားတစ်စုသည် နွေအကုန် မိုးအကူး နေ့လယ်ခင်းတွင် လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့နေကြသည်။
“ဟေ့ကောင်တွေ… ကြားပြီးကြပြီလား။ ဟို အနောက်နိုင်ငံ ဂျာမနီက Milka ဆိုတဲ့ ချောကလက်ကုမ္ပဏီလေ၊ အခုတော့ တရားရုံးမှာ အမှုဖြစ်လို့ အရှက်တွေ ကွဲနေပြီတဲ့ဟ”
အုန်းသီးက စကားစတင်လိုက်ချိန်တွင် စားပွဲဝိုင်းတစ်ခုလုံး စိတ်ဝင်တစား ရှိသွားကြသော်လည်း ကိုကျော်ကမူ ခပ်အေးအေးပင်။ လက်ဖက်ရည်ကြမ်းပူပူကို တစ်ငုံ ဖြည်းဖြည်းချင်း သောက်လိုက်ပြီးမှ ဝင်ရောက်မေးမြန်းသည်။
“ဘာဖြစ်လို့လဲ အုန်းသီးရာ… ချောကလက်ထဲ ပုရွက်ဆိတ်ပါလို့လား”
“မဟုတ်ဘူးကွ၊ အဲဒါထက် ဆိုးတယ်။ သူတို့လုပ်တာက ‘Shrinkflation’ တဲ့။ နာမည်ကတော့ ဆန်းသားပဲ၊ မြန်မာလို ဘာသာပြန်ရရင်တော့ ‘ဈေးက မလျှော့ဘဲ ဘူးထဲကဟာကို ခိုးလျှော့တာ’ ပေါ့ကွာ။ ဂျာမနီတရားရုံးက ဒါဟာ စားသုံးသူတွေကို လိမ်ညာတာပဲဆိုပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပြီတဲ့”
အုန်းသီး၏ စကားအဆုံးတွင် ဖိုးထောင်က ရယ်ကျဲကျဲမျက်နှာပေးဖြင့် ကြားဖြတ်ဝင်ပြောသည်။
“ဟား… အဲဒါဆို ငါတို့အညာက မုန့်ဟင်းခါးသည် အဒေါ်ကြီးနဲ့ အတူတူပဲပေါ့။ အရင်က တစ်ပွဲ ၅၀၀ ဖိုးဆိုရင် ငါးဖတ်တွေ အပြည့်၊ အခုကျတော့ ဈေးက ၅၀၀ ပဲ၊ ဒါပေမဲ့ ဟင်းရည်ထဲ ငါးရှာရတာ ပုစွန်ဆိတ် ရှာရသလိုပဲ။ ငါးဖတ်လေး တစ်ဖတ်တွေ့ဖို့ နတ်ကတော်ပွဲမှာ ကြဲတဲ့ ပိုက်ဆံလိုက်ကောက်ရသလိုပဲ ခက်တယ်”
“အေးဗျာ… အဲဒါကိုပဲ ပညာတတ်တွေက Shrinkflation လို့ ခေါ်တာကိုး” အုန်းသီးက သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။ “ဂျာမနီက လူတွေကတော့ တရားရုံးတက်နိုင်တယ်, ငါတို့ ကျောက်ပန်းတောင်းက လူတွေကတော့ တရားရုံးမတက်နိုင်တော့ မုန့်ဟင်းခါးထဲ ငါးမပါရင် ဟင်းရည်ထဲက ငှက်ပျောအူပဲ နွှင်စားနေရတယ်”
၎င်း၏ စကားကြောင့် ရယ်မောသံများ ဆူညံသွားသည်။ “အေးပါကွာ… အခုတော့ ကမ္ဘာကျော် ချောကလက်ကြီးလည်း ငါတို့ရွာက မုန့်ဟင်းခါးသည်လိုပဲ အချဉ်ဖမ်းတာ မိသွားပြီပေါ့” ကိုကျော်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
“အေး… နေပါဦး ကိုကျော်ရာ၊ မင်းကလည်း အလောတကြီးနဲ့” အုန်းသီးက အားတက်သရော ဆက်ပြောပြန်သည်။ “အဲဒီ ဂျာမနီက Milka ချောကလက်ဆိုတာကလည်း နည်းနည်းနောနော ကုမ္ပဏီမှ မဟုတ်တာ။ ခရမ်းရောင်နွားမကြီး ပုံနဲ့လေ၊ မင်းတို့လည်း မြင်ဖူးမှာပါ။ အခုတော့ တရားသူကြီးက ‘ဟေ့ကောင်တွေ… မင်းတို့က ဈေးနှုန်းကိုကျတော့ အရင်အတိုင်း ထားပြီး၊ အထဲက ချောကလက်အချောင်းကိုကျတော့ သေးသေးလေး ဖြစ်အောင် လျှော့ပစ်တာဟာ လူပါးဝတာပဲ’ ဆိုပြီး ဒဏ်ရိုက်လိုက်တာတဲ့”
ကိုကျော်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ် အသာချလိုက်ရင်း မျက်မှောင်ကုတ်မိသည်။ “ခက်တာပဲ အုန်းသီးရာ… အဲဒါကို သူတို့က ဘာလို့ အဲလို လုပ်ကြတာလဲ”
ဒီတစ်ခါတွင်မူ ဖိုးထောင်က ဆရာကြီးစတိုင် ဖမ်းလိုက်ပြီး လေသံ ခပ်ဆတ်ဆတ်ဖြင့် ရှင်းပြတော့သည်။
“ဒါကတော့ ရှင်းပါတယ် ကိုကျော်ရာ။ အခု ကမ္ဘာမှာ ရေနံဈေးတွေ တက်၊ ပစ္စည်းဈေးတွေ တက်နေတော့ သူတို့က ဈေးတက်ရင် လူတွေ မဝယ်မှာ ကြောက်လို့ ‘လှည့်စားခြင်း အနုပညာ’ သုံးလိုက်တာပေါ့။ ငါတို့ အညာမှာလည်း ကြည့်လေ… အရင်က မြေပဲဆုံဆီ ဆမ်းတဲ့ လက်ဖက်သုပ်တစ်ပွဲ ၅၀၀ ဖိုးဆိုရင် ပန်းကန်လုံးအပြည့်၊ အခုကျတော့ ဈေးက ၅၀၀ ပဲ၊ ဒါပေမဲ့ ပန်းကန်လုံးက ကလေးကစားတဲ့ အရုပ်ပန်းကန်လောက်ပဲ ရှိတော့တယ်။ မင်းက ဈေးမတက်ဘူးထင်ပြီး ဝယ်စားတယ်၊ ဗိုက်ထဲရောက်တော့မှ ‘ဟာ… ခါတိုင်းထက် စောပြီး ဗိုက်ဆာလာပါလား’ ဖြစ်တာပေါ့။”
“အေးပါကွာ… ဂျာမနီက တရားသူကြီးတွေသာ ငါတို့ ကျောက်ပန်းတောင်းက လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေ ရောက်လာရင်တော့ တစ်ရွာလုံးကို ဒဏ်ရိုက်ရမှာ အသေအချာပဲ”
အုန်းသီးက ဟာသလုပ်၍ ပြောလိုက်ရာ ဘေးဝိုင်းက ထန်းသမားတချို့ပါ လှည့်ပြီး သဘောကျတကျ ရယ်မောကြလေသည်။ ဝိုင်းက သိမ်းခါနီးပြီမို့ အုန်းသီးက နောက်ဆုံးပိတ် နိဂုံးချုပ် စကားဆိုသည်။
“ကဲ… အဲဒီတော့ ကိုကျော်ရေ၊ နောက်ခါ ချောကလက်ဝယ်စားရင် သတိထားဦး။ ဘူးခွံကြီးတာကိုပဲ ကြည့်မနေနဲ့၊ အထဲက အချောင်းက ငါတို့လက်သန်းလောက်ပဲ ရှိတော့မှာ။ ‘သန္တုဋ္ဌီ ပရမံ ဓနံ’ (ရောင့်ရဲခြင်းသည် မြတ်သောဥစ္စာ) ဆိုပေမယ့်၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာကိုတော့ နည်းနည်းတော့ ရောင့်ရဲရခက်သားပဲကွာ”
မိုးဦးကျ လေပွေတစ်ချက်အဝှေ့တွင် ကာလသားများသည် ထန်းတောလမ်းလေးအတိုင်း အိမ်ပြန်ရန် ဝိုင်းသိမ်းလိုက်ကြပါတော့သည်။ ခေတ်သစ်ကမ္ဘာကြီး၏ စီးပွားရေးပရိယာယ်များကို အညာမြေ၏ ရိုးသားဖြူစင်သော အမြင်များဖြင့် နှိုင်းယှဉ်ဆွေးနွေးသွားသည့် ၎င်းတို့၏ စကားဝိုင်းလေးကတော့ ထိုနေရာတွင်တင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
(German court rules Milka chocolate bar weight cut misleading / By Reuters)

တိုတိုထွာထွာ မှတ်စရာ (၂၃)
မြို့တက်တဲ့ မောင်မင်းကြီးသားကို ‘ရောဂါဗေဒ’ သင်ခန်းစာ ပေးလိုက်တဲ့ ဇနီးလေး
ပန်းနုတစ်ယောက် မှော်ဘီက လယ်ကွင်းပြင်ကြီးကို ငေးမောရင်း ကုက္ကိုပင်ကြီး၏ အရိပ်အောက်တွင် ထိုင်နေသည်။ ၎င်း၏ဘေးတွင်တော့ ရန်ကုန်သို့ အလုပ်သွားလုပ်တော့မည့် ၎င်း၏အမျိုးသား မင်းမင်းက အထုပ်အပိုးများနှင့် ခရီးသည်တင် ကားအလာကို စောင့်ဆိုင်းနေလေသည်။ မင်းမင်းက ရန်ကုန်ရှိ ကွန်ဒိုတိုက်ခန်းတွဲတစ်ခုတွင် လုံခြုံရေးသွားရောက်လုပ်ကိုင်မှာဆိုတော့ ပန်းနု စိတ်မအေးနိုင်ရှာပေ။
“မင်းမင်း… လာဦး၊ ငါပြောတာ သေချာနားထောင်” ဟု ပန်းနုက လေသံပြင်းပြင်းဖြင့် ခေါ်လိုက်တော့ မင်းမင်းခမျာ ကြောက်ကြောက်လန့်လန့်နှင့် အနားသို့ ရောက်ရှိလာသည်။
“ဘာလဲ ပန်းနုရဲ့… ငါက အလုပ်သွားမှာကို မင်းကလည်း မျက်နှာက စူပုပ်လို့”
“အလုပ်သွားတာတော့ သွားပေါ့တော်။ ဒါပေမဲ့ ခုခေတ် ရန်ကုန်က အရင်လို မဟုတ်တော့ဘူး။ ငါ့ဖုန်းထဲက သတင်းတွေဖတ်ကြည့်တာ Hookup Culture ဆိုလား ဘာလား… အဲဒါတွေ ခေတ်စားနေတာတဲ့။ အနောက်နိုင်ငံတွေလောက် မဆိုးသေး ပေမယ့် မြို့ကြီးပြကြီးက လူငယ်တွေကြားမှာ တော်တော်လေး ပွင့်လင်းလာပြီတဲ့”….
မင်းမင်းက ကုပ်ကုပ်လေး ထိုင်ရင်း “အဲဒါက ဘာကြီးလဲ ပန်းနုရဲ့” ဟု မေးမြန်းရှာသည်။
“အဲဒါကတော့.. ခဏတာ အပျော်အပါးပေါ့။ ဟိုအရင်လို လူကြီးစုံရာနဲ့ လက်ထပ်တာမျိုး မဟုတ်ဘဲနဲ့ ‘တွေ့ကြမယ်၊ ပျော်ကြမယ်၊ ပြီးရင် လမ်းခွဲကြမယ်’ ဆိုတဲ့ဟာမျိုး။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို မြို့တွေမှာ Nightclub တွေဆိုတာ မှိုလိုပေါက်နေတာ။ အဲဒီမှာ အရက်တွေသောက်၊ ကကြခုန်ကြနဲ့ ညဘက်ဆို လူတွေက တော်တော်လေးကို အသက်ဝင်နေကြတာတဲ့။ ပိုက်ဆံရှိတဲ့သူတွေရော၊ ပျော်ချင်တဲ့သူတွေရော အဲဒီမှာပဲ ဆုံကြတာလေ”
ပန်းနုက ပြောရင်းဆိုရင်း မင်းမင်း၏ ဖုန်းလေးကို ဆွဲယူလိုက်ပြီး — “ပြီးတော့ ဒီမှာကြည့်… ဒီဖုန်းထဲမှာ Tinder တို့ ဘာတို့ဆိုတဲ့ Dating App တွေရှိတယ်။ အရင်ကတော့ အိမ်ထောင်ဖက်ရှာဖို့ သုံးကြတာ၊ အခုနောက်ပိုင်းကျတော့ ခဏတာ အပျော်အပါး ရှာဖို့ပဲ သုံးကြတော့တာတဲ့။ အဲဒါတွေက တော်တော်ကြောက်ဖို့ကောင်းတယ်နော်”
မင်းမင်းက မျက်လုံးလေး ကလယ်ကလယ်နှင့် “ငါကတော့ အလုပ်ပဲ လုပ်မှာပါဟာ” ဟု ငြင်းဆိုသည်။
“အေး… သတိထားဖို့ ပြောတာ။ အဲဒီလို လွယ်လွယ်ကူကူ တွေ့ကြ၊ ဆုံကြ၊ အိပ်ကြရင်းနဲ့ အကာအကွယ်မပါဘဲ ဆက်ဆံမိရင် HIV နဲ့ ကာလသားရောဂါ (STDs) တွေ ပျံ့နှံ့ဖို့ အခွင့်အလမ်းက အများကြီးပဲတဲ့။ ကလပ်တွေမှာ အရက်သောက်မိရင် လူက ဆင်ခြင်တုံတရား လွတ်သွားရော။ အဲဒီမှာတင် ရောဂါကူးတာတွေ ဖြစ်ကုန်တာပေါ့။ တို့ဆီမှာက ဒီလိုကိစ္စမျိုးကို ပညာပေးတာ (Sex Education) ကလည်း အားနည်းသေးတော့ လူငယ်တွေက ပျော်ဖို့ပဲ သိပြီး ဘေးဥပဒ်ကို သတိမမူမိကြဘူး”….
“အခုနောက်ဆုံး သတင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်နေရတဲ့သူက နှစ်သိန်းခွဲကနေ နှစ်သိန်း ရှစ်သောင်းကြားမှာ ရှိနေပြီတဲ့။ လူကြီးတွေတင် မဟုတ်ဘူးနော်၊ အသက် ၁၅ နှစ်အောက် ကလေးသူငယ်တွေတောင် တစ်သောင်းကျော်လောက် ပိုးကူးစက်ခံထားရတယ်လို့ ဆိုတယ်… တစ်နှစ်တစ်နှစ်ကို HIV ပိုးအသစ် ကူးစက်ခံရသူက တစ်သောင်းကျော်လောက်ရှိပြီးတော့၊ AIDS ရောဂါနဲ့ သေဆုံးနေရသူကလည်း ခုနစ်ထောင်၊ ရှစ်ထောင်လောက် ရှိနေတုန်းပဲတဲ့။”
“ဆေးကုသမှုအပိုင်းမှာတော့ ပိုးရှိတဲ့သူတွေထဲက ၇၄ ရာခိုင်နှုန်းလောက်ပဲ ART ဆေး ပုံမှန်သောက်သုံးနိုင်သေးတာဆိုတော့ ကျန်တဲ့သူတွေအတွက်က စိုးရိမ်စရာပဲပေါ့။ အထူးသဖြင့် ဆေးထိုးအပ် အတူသုံးတဲ့သူတွေ၊ အမျိုးသားအချင်းချင်း ဆက်ဆံသူတွေနဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်သူတွေကြားမှာ ကူးစက်မှုနှုန်းက ပိုများနေတာမို့လို့ တော်တော်လေး သတိထားရမှာနော်” ဟု ပန်းနုက ဆက်ပြောသည်။
ပန်းနုက မင်းမင်း၏ အင်္ကျီအိတ်ထဲသို့ ကျန်းမာရေးသုံး ကာကွယ်ရေးပစ္စည်း (ကွန်ဒုံး) ဘူးလေးတစ်ဘူး ထည့်ပေးလိုက်ရင်း (စနောက်သည့်အနေဖြင့်) —
“ကဲ… ဒါလေးဆောင်ထား။ မြို့ပေါ်က ပျားရည်လူးတဲ့ စကားတွေ၊ အလှအပတွေမှာ မိန်းမနဲ့ လယ်ကွင်းကို မေ့မသွားနဲ့ဦး။ နည်းပညာတွေ ထွန်းကားလာတာ ကောင်းပေမယ့် ကိုယ့်ကျန်းမာရေးအတွက်တော့ အသိပညာရှိဖို့ လိုတယ်နော်။ တော်ကြာနေ ရောဂါတွေပါလာလို့ကတော့ အိမ်ပေါ်တက်ဖို့ မစဉ်းစားနဲ့!”
မင်းမင်းတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းညိတ်ပြပြီး ရန်ကုန်သို့သွားမည့် ခရီးသည်တင် ကားပေါ်သို့ အပြေးအလွှား တက်သွားပါတော့သည်။ ပန်းနုကတော့ လယ်ကွင်းထဲက ကျွဲကြီးကိုကြည့်ပြီး — “မြို့ကလူတွေထက် ငါတို့ရွာက ကျွဲကြီးကမှ စိတ်ချရသေးတယ်” ဟု ပြောဆိုကာ ပြုံးနေမိပါတော့သည်။
(The Hookup Culture: Hidden Dangers That People Are Subscribing To / By Hellodoctor)


