The Corner

The Corner

cropped-Logo_round_grey-background.png

လက်နက်လား၊ လာမယ် … ကြာမယ် 

Share မယ်

အမေရိကန်ပြည်ထောင်စုက တစ်ကမ္ဘာလုံးကို လက်နက်ရောင်းလာတာ ကြာပါပြီ။ ၂၀၂၁ နဲ့ ၂၀၂၅ အကြား သူ့ရဲ့ လက်နက်ရောင်းအားဟာ ရုရှား၊ တရုတ် နဲ့ ဥရောပသမဂ္ဂ (EU) တို့ စုစုပေါင်းရောင်းအားကို ကျော်လွန်ပြီး တစ်ကမ္ဘာလုံးလက်နက်အရောင်းအဝယ်ရဲ့ ၄၂% ထိ ရောက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ ဥရောပကို လက်နက်ရောင်းအားဟာ ပြီးခဲ့တဲ့ ငါးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၁၇% မြင့်တက်သွားပါတယ်။ စစ်အေးတိုက်ပွဲပြီးတဲ့နောက် ဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ လက်နက်အင်အားကို အမြန်ဆုံး ပြန်လည် တည်ဆောက်ကြရာမှာ အမေရိကန်တိုက်လေယာဉ်တွေ၊ ကာကွယ်ရေးစနစ်တွေ၊ တာဝေးပစ်ဒုံးပျံတွေအပေါ်မှာ ပုံအောလာကြပါတယ်။

လက်နက်တင်ပို့မှုမှာ အမေရိကန်က ဦးဆောင်နေ (Source: Statista)

ယခုလက်ရှိအခါမတော့ ဥရောပနိုင်ငံတွေမှာ အဝယ်သမားတွေအနေနဲ့ နောင်တရတဲ့ခံစားချက်တွေ ရှိလာပါတယ်။ အီရန်စစ်ပွဲနဲ့ တိုင်ပတ်နေတဲ့ အမေရိကဟာ စစ်လက်နက်ပစ္စည်းတင်ပို့မှုတွေ နောက်ကျနိုင်ကြောင်း ဝယ်လက်ဖြစ်တဲ့ ဥရောပနိုင်ငံတွေကို အသိပေးလာပါတယ်။ ယခု တင်ပို့နေသည့် စစ်လက်နက်အများစုမှာ အမေရိကန်၏ ဆုံးရှုံးသွားသော လက်နက်များကို ပြန်လည်အစားထိုးရန်အတွက် ဖြစ်သည်။ ကာကွယ်ရေးစနစ်ကို ကြားဖြတ်တဲ့ စနစ်တွေ၊ HIMARS လောင်ချာဒုံးတွေ စတဲ့ ရှားပါးလက်နက်တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဥရောပနိုင်ငံက သံတမန်တွေခမျာ သောကရောက်နေကြရပါတယ်။

သူတို့ သောကရောက်မယ်ဆိုလည်း ရောက်စရာပါ။ ဒေါ်နယ်ထရမ့်ကို ချွေးသိပ်ပြီး NATO နဲ့ အဆက်အဆံရှိနေစေရအောင် အမေရိကန်လုပ် လက်နက်တွေကို ဝယ်ဖို့နဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ အိမ်ဖြူတော်အရာရှိတွေက ဥရောပနိုင်ငံက အာဏာပိုင်တွေကို တွန်းတွန်း တိုက်တိုက် ပြောနေတာ ကြာပါပြီ။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူး။ ထရမ့်က နေတိုးမဟာမိတ်တွေကို ပြစ်တင်ရှုတ်ချမှုတွေ မကြာမကြာ လုပ်ပါတယ်။ မကြာသေးခင်ကပဲ ဟောမုဇ် ရေလက်ကြားပြန်ဖွင့်ဖို့ သင်္ဘောတွေ လွှတ်ပေးပါ အကူအညီတောင်းတာကို ငြင်းဆန်ခဲ့လို့ ထရမ့်က ဥရောပ မဟာမိတ်တွေကို မကျေမနပ် ပြောဆိုခဲ့ပါသေးတယ်။ လက်နက်ခဲယမ်းတွေ နည်းလာတာဟာ နေတိုးရဲ့ လက်ရှိ အစီအစဉ်တွေကို ထိခိုက်ရှုပ်ထွေးလာစေပါတယ်။ လက်နက်တင်ပို့မှု နောက်ကျတာတွေဟာ မကြာခင်မှာ ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ အစီအစဉ်ကို ထိခိုက်လာတော့မှာပါ။

ဥရောပနိုင်ငံတွေက Foreign Military Sales ဆိုတဲ့ လျှို့ဝှက် လမ်းကြောင်းကနေ အမေရိကန်ဆီက လက်နက်များ ဝယ်ယူပါတယ်။ ကန်ထရိုက်တာတွေနဲ့ လက်မှတ်ထိုးတာမဟုတ်ဘဲ FMS က အမေရိကန် အစိုးရနဲ့ တိုက်ရိုက်ဝယ်ယူတာဖြစ်လို့ ပိုပြီး ပြင်လို့ ပြောင်းလို့ လွယ်ပါတယ်။ FMS ကို စံချိန်မီ ဝယ်ရောင်းစနစ်တစ်ခုလို့ မယူဆဘဲ အမေရိကန် နိုင်ငံခြားရေးမူဝါဒတစ်ခုလို့ ယူဆသင့်ကြောင်း ပညာရှင် အဖွဲ့တစ်ခုက ဆိုပါတယ်။ သဘောတူညီချက်မှာ “FMS နဲ့ ဝယ်တဲ့ သို့မဟုတ် သိုလှောင်ထားတဲ့ ပစ္စည်းများကို ဦးစားပေး လိုအပ်ချက်များထံသို့ ပြောင်းလဲလိုက ပြောင်းလဲနိုင်သည်” လို့ ပါပါတယ်။ အတိတ်ကာလတွေမှာလည်း အချို့သော လက်နက်တွေကို အဲလို ပြောင်းခဲ့တာတွေ ရှိပါတယ်။ လေကြောင်းကာကွယ်ရေးပစ္စည်းတွေ တင်ပို့မှုကို ဥရောပနိုင်ငံတွေကနေ ယူကရိန်းထံသို့ သမ္မတ ဘိုင်ဒင် လက်ထက်မှာ ပြောင်းပို့ခဲ့ဖူးပါတယ်။

လက်ရှိပြဿနာက လက်နက် ပမာဏအလွန်လျော့ကျလာခြင်းနဲ့ ပုံနေတဲ့ ပစ္စည်းအမှာတွေကို ထုတ်လုပ်ဖို့ အမေရိကမှာ စွမ်းဆောင်ရည် မရှိခြင်းပါ။ Patriot ဒုံးကာကွယ်ရေးစနစ်ကို ကြည့်ပါ။ အီရန်စစ်ပွဲအတွင်း ဒုံးပျံပေါင်း ၁၃၀၀ လောက်ကို ပစ်ချဖို့သုံးခဲ့ရပါတယ်။ အဲဒီအရေအတွက်ဟာ နှစ်နှစ်စာ ထုတ်လုပ်မှုဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထရမ့်အစိုးရက Patriot ဒုံးကာကွယ်ရေးစနစ်တွေကို ပင်လယ်ကွေ့ နိုင်ငံတွေကို အမြန်ရောင်းချလိုက်တဲ့အတွက် လက်ကျန်လျော့နည်းသွားတာမို့လို့ ဥရောပနိုင်ငံက အမှာတွေဟာ ဦးစားပေးအစီအစဉ်မှာ အောက်ကို ရောက်သွားပါတော့တယ်။ ဥပမာအားဖြင့် ဒီနှစ်ထဲမှာ ရောက်ရမယ့် Patriot ဘက်ထရီ ငါးခုဟာ အီရန်စစ်ပွဲကြောင့် ခုနစ်နှစ် နောက်ကျပြီးမှ ရောက်တော့မယ်လို့ ဆွစ်ဇာလန် နိုင်ငံက ထုတ်ပြောပါတယ်။

အီရန်စစ်မတိုင်မီကတည်းက အချို့သောလက်နက်တွေကို ဥရောပကို ရောင်းချတာနဲ့ ပတ်သက်လို့ အမေရိကန် အရာရှိတွေက ဒွိဟ ဖြစ်နေခဲ့ကြတာပါ။ ကာကွယ်ရေးဒုဝန်ကြီး ကိုလ်ဘီက အခုလို ထုတ်လုပ်မှု အခက်အခဲတွေကြား ဥရောပနိုင်ငံတွေကို လက်နက်တွေ ရောင်းချနေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့အမြင်မှာတော့ ဥရောပကို လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ရောင်းလိုက်တိုင်း အမေရိကအနေနဲ့ တရုတ်ကို ပစိဖိတ် ဒေသမှာ ခုခံကာကွယ်ဖို့ အခွင့်အရေးတစ်ခု နည်းသွားတာလို့ မြင်ပါတယ်။ အခုလက်ရှိ နှောင့်နှေး ကြန့်ကြာမှုဟာ အချိန်ကာလပိုကြာလာမယ်ဆိုရင် အမေရိကကိုလည်း ရေရှည်မှာ ထိခိုက်လာမယ်လို့ ဆိုပါတယ်။ “အားထားရတဲ့ လက်နက် ရောင်းနိုင်ငံဖြစ်ချင်တဲ့ အမေရိကရဲ့ ယုံကြည်မှုကို တကယ့်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။” SIPRI က ပီယက်တာဝီဇိမင် ပြောတာပါ။ သူက အာရှနိုင်ငံတွေကတော့ အမေရိကန် ဆီက လက်နက်ဝယ်ဖို့ အထပ်ထပ် စဉ်းစားကြလိမ့်မယ်လို့ ဆိုပါတယ်။

ဥရောပနိုင်ငံတွေက အမေရိကန်အပေါ်မှီခိုနေရတာကို လျှော့ချဖို့ သူတို့ ဒေသတွင်းမှာပဲ လက်နက် ဝယ်ကြပါတယ်။ မနှစ်ကဆိုရင် ဒိန်းမတ်နိုင်ငံက Patriot ဒုံးစနစ်အစား ပြင်သစ် – အီတလီ ဖက်စပ် ထုတ် စနစ်ကို ဝယ်လိုက်ပါတယ်။ မကြာသေးခင်ကပဲ နေတိုးက အနာဂတ်မှာ လေကြောင်းရန် သတိပေးနဲ့ ထိန်းသိမ်းရေးစနစ်များမှာ သုံးဖို့အတွက် ဆွီဒင် – ကနေဒါ ဖက်စပ် လေယာဉ်ကို ဝယ်လိုက်ပါတယ်။ အဲဒီ စနစ်တွေကို အမေရိကန်လုပ် လေယာဉ်နဲ့ ၄၃ နှစ်လောက် အသုံးပြုခဲ့တာပါ။ ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်ပိုင်ဖြစ်တဲ့ လေကြောင်း ကင်းထောက်ခြင်းနဲ့ တာဝေးပစ် ဒုံးပျံတွေ နေရာမှာ အမြန်အစားထိုးနိုင်ဖို့ ဆိုတာကတော့ အတော်ရုန်းကန်ရဦးမှာပါ။ မလုပ်နိုင်သေး သရွေ့ကတော့ ရောင်းသူ အလိုကျ လိုက်နေရဦးမှာ ဖြစ်ပါကြောင်း။

မေလထုတ် The Economist magazine ပါ “Drained by war with Iran, America is stalling deliveries of arms to Europe” ဆောင်းပါးကိုဘာသာပြန်ဆိုသည်။

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *