The Corner

The Corner

cropped-Logo_round_grey-background.png

အီရန်စစ်ပွဲ နှင့် ခေါင်းဆောင်မှု သုတ်သင်ရှင်းလင်းရေး မဟာဗျူဟာ မူဝါဒ အမှား 

Share မယ်

အီရန်စစ်ပွဲ၏ အစပိုင်း၌ အမေရိကန်နှင့် အစ္စရေး ပူးပေါင်းစစ်ဆင်တိုက်ခိုက်မှု “Operation Epic Fury” ကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ‘အယာတိုလာ အလီ ခါမေနီ’ အပါအဝင် တီဟီရန်အစိုးရ၏ အရေးကြီး ပုဂ္ဂိုလ်အများအပြား သေဆုံးခဲ့ကြရသည်။ ထိုလုပ်ရပ်ကြောင့် အမေရိကန်နှင့် အစ္စရေးတို့သည် “မဖြတ်ကျော်သင့်သော နိုင်ငံတကာစည်း အသစ်တစ်ခုကို ဖြတ်ကျော်လိုက်ခြင်း” ဖြစ်သည်ဟု ‘နယူးယော့ခ်တိုင်း(မ်)’ သတင်းစာ နှင့် အခြားနိုင်ငံတကာ မီဒီယာအချို့က သုံးသပ်ဖော်ပြသွားခဲ့ကြသည်။ အဆိုပါ “မဖြတ်ကျော်သင့်သော စည်း” ဆိုသည်မှာ နိုင်ငံခေါင်းဆောင်တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စတင်ခဲ့သော စစ်ပွဲသည် အမေရိကန်တို့ဘက်မှ နောက်ပြန်ဆုတ်ခွာရခြင်းဖြင့် နိဂုံးချုပ်သွားနိုင်ဖွယ် ရှိနေသည်ဟု “ဂျက်ဖရီ ဆက်ချ် နှင့် ဆိုင်ဘီလ် ဖာရက်စ်” တို့က သုံးသပ် တင်ပြ ခဲ့ကြဖူးသည်။ အီရန်စစ်ပွဲတွင် အမေရိကန်၏ စစ်အသုံးစရိတ် ကုန်ကျမှုသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိလာကြောင်း ပင်တဂွန်စစ်ရုံးချုပ်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးနစ်နာမှုများကို မခံစားရဘဲ ဤစစ်ပွဲကို ဆက်လက်ဆင်နွှဲရန် မဖြစ်နိုင်တော့သောကြောင့်ဟု ဆိုထားသည်။

၂၀၂၆ မေလ ၂၀ ရက်နေ့အထိ သတင်းများအရ အမေရိကန်စစ်သား ၁၃ ယောက်သေဆုံးပြီး ၃၈၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်း၌ အီရန် ပြည်သူ ၃,၄၆၈ ဦးသေဆုံး၍ ၂၆,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ဘနွန်တွင် ပြည်သူ ၃,၀၄၂ ယောက်သေဆုံး၍ ၉,၃၀၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးဘက်တွင် သေဆုံးသူ ၂၆ ယောက်ရှိ၍ ဒဏ်ရာရသူ ၇,၇၉၁ ယောက်ရှိကြောင်း ‘အယ်လ်ဂျာဇီးရာ’ သတင်းအရ သိရသည်။

Source: Aljazeera

ဤစစ်ပွဲသည် “အဓမ္မအာဏာလွှမ်းမိုးရေး” ကို အခြေခံသည့် သမ္မတထရမ့်၏ အဓမ္မစစ်ပွဲမျှသာဖြစ်သည်ဟု ဝေဖန်နေကြသည်။ စစ်ရေးတင်းမာမှုများ ထပ်မံမြင့်တက်လာပါက ဒေသတွင်း၌ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေသန့်စင်ရေးအခြေခံအဆောက်အအုံများ ပျက်စီးကာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးဆိုးကြီး ဖြစ်ပေါ်လာနိုင်သည်။ အမေရိကန်တို့အနေဖြင့် စစ်စရိတ် အကုန်အကျ မခံနိုင်လောက်အောင် ကြီးမားလွန်းသည့် ဆုံးရှုံးမှုများကို အီရန်ဘက်က ဖန်တီးနိုင်စွမ်းရှိနေဆဲဖြစ်သည်ဟု ယုံကြည်နေကြသည်။

အမေရိကန်-အစ္စရေးတို့၏ စစ်ဗျူဟာမှာ အီရန်၏ ခေါင်းဆောင်မှု တစ်စုံလုံးကို သတ်ဖြတ်ချေမှုန်းရေး ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် မော့ဆက် ညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီယာတို့က ဤဗျူဟာကို သမ္မတထရမ့်ထံ တင်ပြခဲ့သည်။ လေကြောင်း ဗုံးကြဲမှုများဖြင့် အီရန်အစိုးရ၏ အမိန့်ပေးစနစ်၊ နျူကလီးယား အစီအစဉ်နှင့် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ခေါင်းဆောင်ပိုင်းကို ဖြိုခွင်းပစ်ရန်ဖြစ်သည်။ ထို့နောက်မှ တီဟီရန်တွင် ၎င်းတို့ စိတ်ကြိုက် ရုပ်သေးအစိုးရတစ်ရပ် တင်မြှောက်ရန် ကြံစည်ထားခဲ့ကြသည်။

အမေရိကန် သမ္မတထရမ့် နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့က ၎င်းတို့၏ စစ်ပွဲကို စစ်ရေးဖိအားတစ်ခုအဖြစ်မျှသာ မဟုတ်ဘဲ အီရန်၏ နိုင်ငံရေးစည်းလုံးမှု ပြိုကွဲရေးကို လမ်းခင်းပေးမည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ ခေါင်းဆောင်ပိုင်း အထက်လွှာကို လုံးဝဥဿုံ ဖယ်ရှားလိုက်လျှင် အောက်ခြေရှိ အုပ်ချုပ်ရေးဖွဲ့စည်းပုံသည် အလိုအလျောက် ပြိုကွဲသွားမည် သို့မဟုတ် “ပြည်သူ့အုံကြွမှု” တစ်ခု ဖြစ်ပေါ်လာပြီး တည်ငြိမ်မှုပျက်ပြားစေလောက်အောင် အားနည်းသွားလိမ့်မည်ဟူသော ‘ယုတ္တိဗေဒ’ ကို အခြေခံထားသည်။

သို့သော် “အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA)” နှင့် “အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဗဟိုအဖွဲ့“ တို့တွင် ခေါင်းဆောင်မှု ရာထူးများ ထမ်းဆောင်ခဲ့ဖူးသည့် အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက “ကျွန်တော့်အမြင်မှာ အနိုင်ရယူနိုင်ပြီဟု ယုံကြည်လွန်းသည့် ထို “ယုတ္တိဗေဒ” သည် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၏ မဟာဗျူဟာအားနည်းချက်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။” ဟု သုံးသပ်ထားသည်။

အနှောင့်အယှက်ဖြစ်စေခြင်းသည် ပြိုကွဲမှုနှင့် မတူ

ပညာရှင်အများစုကလည်း ခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း သို့မဟုတ် Leadership Decapitation ဟု ခေါ်သော ခေါင်းဆောင်အလွှာ ရှင်းလင်းဖယ်ရှားရေးများသည် စစ်ဆင်ရေးများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အဖွဲ့အစည်း၏ လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေနိုင်ကြောင်း သဘောတူခဲ့ကြသည်။ အချို့သော အခြေအနေများတွင် ရည်မှန်းထားသောဘက်ကို လက်နက်ချ အညံ့ခံစေသည်အထိ ဖိအားပေးနိုင်သည်။ သို့သော်လည်း အဖွဲ့အစည်းတစ်ခုလုံး ပြိုကွဲသွားစေသည့် အခြေအနေမျိုးကတော့ ရှားပါး၍ ဖြစ်ရန် ခဲယဉ်းသည်ဟု ဆိုသည်။

ဂျော်ဂျီယားတက္ကသိုလ် နည်းပညာဌာန (Georgia Tech) မှ နိုင်ငံတကာဆက်ဆံရေး ပညာရှင် ‘ဂျန်နာ ဂျော်ဒန်’ (Jenna Jordan) ၏ လေ့လာမှုများသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုအပေါ် အလွန်အကျွံ မျှော်လင့်ခြင်းကို သတိပေးသည့် အထင်ရှားဆုံး သုတေသနများထဲမှ တစ်ခုဖြစ်သည်။ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်ပိုင်းအား သတ်ဖြတ်မှုများစွာကို လေ့လာရာတွင်‘ဂျန်နာ ဂျော်ဒန်’ က သက်တမ်းရှည်၊ အရွယ်အစားကြီးပြီး ဖွဲ့စည်းပုံ ခိုင်မာသော အဖွဲ့အစည်းများသည် ခေါင်းဆောင်ကို ဖယ်ရှားနိုင်မှု တစ်ခုတည်းဖြင့် ပြိုကွဲသွားအောင် လုပ်ရန် ပိုမိုခက်ခဲကြောင်း တွေ့ရှိခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် အသစ်ဖွဲ့စည်းထားသော၊ အားနည်းပြီး ဖွဲ့စည်းပုံ မခိုင်မာသော အဖွဲ့များဖြစ်လျှင်တော့ ပိုမိုလွယ်ကူစွာ ထိခိုက်ပြိုကွဲတတ်ကြသည်။

West Point စစ်တက္ကသိုလ်ရှိ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့ (Counterterrorism Center) ၏ ဒါရိုက်တာဟောင်း ‘ပက်ထရစ် ဂျွန်စတန်’ (Patrick Johnston) သည် ပုန်ကန်မှုနှိမ်နင်းဖြိုခွဲသည့် စစ်ဆင်ရေးများကို လေ့လာခဲ့သူဖြစ်ပြီး “ခေါင်းဆောင်ပိုင်းသုတ်သင်ရေး” နည်းလမ်းသည် ပဋိပက္ခများကို အဆုံးသတ်ရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း ‘ဂျော်ဒန်’ ထက် ပိုမို၍ အထောက်အထားများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။ အခြားသုတေသနအဖွဲ့များကလည်း ‘ဂျွန်စတန်’ ၏ သဘောထားကို ထောက်ခံကြသည်။ အချို့သော အကြမ်းဖက်အဖွဲ့များသည် ခေါင်းဆောင်ပိုင်း ရှင်းလင်းဖယ်ရှားရေး တိုက်ခိုက်မှုများလုပ်ရန် အားနည်းချက်ရှိသည်ဟု ဖော်ပြကြသည်။

သို့သော် ထိုသုတေသနများပင်လျှင် အကျိုးရလဒ်များမှာ အခြေအနေအပေါ် မူတည်၍သာ ဖြစ်နိုင်သည်ဟု ဖော်ပြကြပြီး “ခေါင်းဆောင်ပိုင်း သုတ်သင်ရေး” ကို အလိုအလျောက် နိုင်ငံရေးအောင်မြင်မှုဆီသို့ ဦးတည်စေမည့် လမ်းကြောင်းတစ်ခုအဖြစ် (သို့မဟုတ်) ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာကို အစားထိုးနိုင်သည့် “နည်းလမ်း” တစ်ခုအဖြစ် မယူဆကြပေ။

နိုင်ငံခေါင်းဆောင်များကို ပစ်မှတ်ထားခြင်းသည် ပိုမို အန္တရာယ်များသည်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများတွင် “စစ်ဆင်ရေးများကို အနှောင့်အယှက် ဖြစ်စေခြင်း” နည်းလမ်းတစ်ခုတည်းကပင်လျှင် မူဝါဒချမှတ်သူများအတွက် လုံလောက်သည့် ရလဒ်တစ်ခု ဖြစ်နိုင်သည်။ အကယ်၍ ရည်ရွယ်ချက်မှာ တိုက်ခိုက်မှုများကို နှောင့်နှေးစေရန် (သို့မဟုတ်) စစ်ဆင်ရေးစွမ်းရည်ကို လျော့ကျအားနည်းစေရန် ဖြစ်နိုင်လျှင် “ခေါင်းဆောင်ပိုင်းဖယ်ရှားမှု” သည် တန်ဖိုးရှိနိုင်သည်။ အမေရိကန် မူဝါဒချမှတ်သူများသည် ‘အယ်လ်ကေဒါ’ (al-Qaeda) အဖွဲ့ကို ဆန့်ကျင်သည့် အမေရိကန် စစ်ဆင်ရေးကို ထိုသဘောမျိုးဖြင့် နားလည်ခဲ့ကြသည်။ ‘အိုစမာဘင်လာဒင်’ (Osama bin Laden) သေဆုံးခြင်းနှင့် အဆင့်မြင့် လက်ထောက်ခေါင်းဆောင်များကို ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကိုပင် အဖွဲ့အစည်းအတွက် ကြီးမားသည့် ထိုးနှက်ချက်များအဖြစ်သာ ယူဆခဲ့ကြပြီး အဖွဲ့အစည်း လုံးဝ ပျောက်ကွယ်သွားပြီ သို့မဟုတ် လက်တွေ့စစ်ရေးအန္တရာယ် မရှိတော့ကြောင်း သက်သေအဖြစ် မယူဆခဲ့ကြပေ။

သို့သော် ပစ်မှတ်သည် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည့်အခါ နိုင်ငံရေးအောင်မြင်မှုအတွက် လိုအပ်သော အဆင့်သတ်မှတ်ချက်မှာ ပိုမိုမြင့်မား လာလေသည်။ စစ်ရေးအရ အနှောင့်အယှက်ဖြစ်စေခြင်းသည် နိုင်ငံရေးပြိုကွဲမှုနှင့် မတူသကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများကို အားကိုးသည့် နိုင်ငံအတွက်လည်း “ပိုမို အကျိုးရှိသော ဆွေးနွေးညှိနှိုင်းရေး အခြေအနေတစ်ရပ် ဖန်တီးပေးခြင်း” နှင့်လည်း တူညီနိုင်မည် မဟုတ်ပေ။

ဤကွာခြားချက်သည် အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီက သုတေသနများအရ ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းသည် ရန်ဘက်ကို စစ်မြေပြင်တွင် အားနည်းစေနိုင်သော်လည်း “နိုင်ငံရေးအရ မည်သို့ တုံ့ပြန်လာမည်ကို မသေချာစေကြောင်း” တွေ့ရှိထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဆွေးနွေးညှိနှိုင်းရန် ပိုမိုဆန္ဒရှိလာမည်လား၊ ဆွေးနွေးနိုင်စွမ်း လျော့နည်းသွားနိုင်မည်လား၊ သို့မဟုတ် ပိုမိုပြင်းထန်စွာ ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်လာမည်လား ဆိုသည်ကို မခန့်မှန်းနိုင်ပေ။

အခြားနိုင်ငံ၏ ခေါင်းဆောင်များကို ဖယ်ရှားခြင်းသည် အချိန်တိုအတွင်း ထိုနိုင်ငံကို အားနည်းစေနိုင်သော်လည်း နောက်ပိုင်းတွင် ဆွေးနွေးမည့်သူ၊ အလျှော့ပေးမည့်သူ သို့မဟုတ် ပဋိပက္ခကို ပိုမိုတိုးမြှင့်မည့်သူ မည်သူဖြစ်လာမည်ဆိုသည့် အခြေအနေကိုလည်း ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် တိုက်ခိုက်မှုတစ်ခုသည် စစ်ရေးအရ အောင်မြင်နိုင်သော်လည်း နောက်ဆက်တွဲ နိုင်ငံရေး ရွေးချယ်စရာများကို ပိုမိုကျဉ်းမြောင်းသွားစေနိုင်သည်။

လက်ရှိ ပဋိပက္ခ၏ အစပိုင်းရက်များတွင် အဆင့်မြင့်ခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ် အီရန်၏ တုံ့ပြန်ပုံက ထိုအချက်ကို ထင်ရှား ပေါ်လွင်စေသည်။ “ခါမေနီ”(Khamenei) သေဆုံးမှုကြောင့် အစိုးရအဖွဲ့အား အလွန် ထိခိုက်သွားစေခဲ့သော်လည်း “လုံးဝ ပြိုကွဲ သွားခြင်းမျိုးတော့ မဖြစ်ခဲ့ပေ။” တစ်ပတ်ကျော်အတွင်းမှာပင် အီရန်၏ ‘အာဏာပိုင်ခေါင်းဆောင်များအဖွဲ့’(Assembly of Experts) က “ခါမေနီ” ၏သားဖြစ်သူ “မို့ဂျ်တဘာ ခါမေနီ”(Mojtaba Khamenei) ကို အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခန့်အပ်နိုင်ခဲ့သည်။

Shared by Author

တီဟီရန်အစိုးရသည် နိုင်ငံရေးတုန်လှုပ်မှုများကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသော အဖွဲ့အစည်းများဖြစ်သည့် ဘာသာရေး ခေါင်းဆောင်များအဖွဲ့၊ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ခေါင်းဆောင်ပိုင်းနှင့် ကျယ်ပြန့်သော လုံခြုံရေး/အုပ်ချုပ်ရေး ယန္တရားအဖွဲ့များမှတစ်ဆင့် အာဏာကို ပြန်လည်ခွဲဝေ ထူမတ်ခဲ့သည်။

ထိုလုပ်ကြံသတ်ဖြတ်မှုများသည် ဖိအားပေးနိုင်မည့် လမ်းကြောင်း၊ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်း သို့မဟုတ် ပြည်သူ့လူထုအုံကြွမှု လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။ လက်တွေ့တွင် ပဋိပက္ခကို ဖြေလျှော့ရန် ရေရှည်အတွက် ဖြေရှင်းချက် နည်းလမ်း မရှိသေးကြောင်း လက်ရှိအခြေအနေက ပြသနေသည်။ ထို့အတူ ထရမ့်အစိုးရအနေဖြင့် လက်ရှိအခြေအနေ၌ ပိုမိုအလျှော့ပေးလွယ်သည့် အီရန်ခေါင်းဆောင်မှုမျိုးနှင့် ကြုံတွေ့နိုင်ဖွယ် မရှိဖြစ်နေသည်။ ထို့အပြင် အမေရိကန်၏ “အရှေ့အလယ်ပိုင်းမူဝါဒ” အပေါ် ပိုမိုရန်လိုသည့် အစီအစဉ်များချမှတ်၍ ပဋိပက္ခကို ရှည်ကြာစေမည့် အနေအထားများ ဖြစ်ပေါ်လာနေသည်။ ပိုမိုအကျိုးစီးပွားဖြစ်ထွန်းစေ၍ ဖိအားများကို ခံနိုင်စွမ်းရှိရှိ ခုခံဆန့်ကျင်နိုင်စွမ်းရှိကြောင်း ပြသလာသော အစားထိုးခေါင်းဆောင်အဖွဲ့တစ်ခုက ဦးဆောင်နေသော နိုင်ငံတစ်နိုင်ငံနှင့် ရင်ဆိုင်နေရပေသည်။

စစ်ရေးအောင်မြင်မှုနှင့် မဟာဗျူဟာ အကျိုးသက်ရောက်မှု

အစ္စရေးသည် ရန်ဘက်များကို အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုများကို ကာလရှည်ကြာ အသုံးပြုလာခဲ့သည်။ အထူးသဖြင့် “ဟားမတ်စ်”(Hamas) နှင့် “ဟစ်ဇဘိုလာ”(Hezbollah) အဖွဲ့များကို ဆန့်ကျင်သည့် မကြာသေးမီက စစ်ဆင်ရေးများတွင် ယင်းသို့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုများ ထင်ရှားလာနေသည်။ သို့သော် အီရန်အရေးကိစ္စတွင် ထိုနည်းလမ်းကို နိုင်ငံရေးပြောင်းလဲမှု သီအိုရီတစ်ခုအဖြစ် ပြောင်းလဲအသုံးချမည်ဆိုလျှင် အန္တရာယ်ကြီးမည်ဖြစ်ကြောင်း ပြသနေသည်။

သို့ဖြစ်ပါလျက် “Decapitation” ဟုခေါ်သော ‘ခေါင်းဆောင်ပိုင်း ရှင်းလင်းဖယ်ရှားရေး’ နည်းလမ်းသည် အဘယ်ကြောင့် ဆက်လက် အရေးပါနေရသနည်း။ “ရှားလော့မြို့” ရှိ မြောက်ကာရိုလီနား တက္ကသိုလ်မှ နိုင်ငံရေးအကြမ်းဖက်မှု၊ ထောက်လှမ်းရေးနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ သုတေသနပညာရှင် ‘ဂျိမ်းစ်ဝဲ့လ်ရှ်’ (James Walsh) ၏အဆိုအရ ရည်ရွယ်ချက်ရှိသတ်ဖြတ်မှုများသည် မူဝါဒ ချမှတ်သူများအတွက် အောင်မြင်မှု သတ်မှတ်ရခက်ခဲသော ပဋိပက္ခများတွင် “တိုးတက်မှု” ကို တိုင်းတာပြသနိုင်သည့် နည်းလမ်းကို ပေးနိုင်စွမ်းရှိနေသည်။

၎င်းသည် နာမည်တစ်ခုနှင့် ရလဒ်တစ်ခုကို ထုတ်ပေးနိုင်သည်။ ယေဘုယျအားဖြင့် ဓာတ်ပုံတစ်ပုံနှင့် တစ်ခါတစ်ရံ တိုက်ခိုက်မှုဗီဒီယိုဖိုင်များ ပါရှိပြီး သတင်းစာရှင်းလင်းပွဲများတွင် ပြသနိုင်သည်။ စစ်ဆင်ရေးအရ ကြည့်လျှင် သံတမန်ရေးထက် ပိုမိုလွယ်ကူသည်ဟု မဆိုနိုင်သော်လည်း နိုင်ငံရေးအရ ရှင်းပြရန် ပိုမိုလွယ်ကူနိုင်သည်။ တိုက်ခိုက်မှုတစ်ခုကို “အရေးယူဆောင်ရွက်မှု” အဖြစ် ပြသနိုင်သော်လည်း ဆွေးနွေးညှိနှိုင်းမှုများမှာ စိတ်ရှည်မှု၊ အလျှော့အတင်းလုပ်ရမှုနှင့် ရန်ဘက်နှင့် အပေးအယူလုပ်နေသကဲ့သို့ ထင်မြင်ခံရနိုင်သည့် အန္တရာယ်ရှိနေသည်။

စစ်ရေးအောင်မြင်မှုနှင့် မဟာဗျူဟာဆိုင်ရာ အကျိုးသက်ရောက်မှုတို့အကြားရှိ ထိုကွာဟချက်ကို အခြားအခြေအနေများတွင်လည်း တွေ့မြင်နိုင်သည်။

လတ်တလော လက်တင်အမေရိကရှိ ရာဇဝတ်မှုအဖွဲ့အစည်းများအပေါ် ပြုလုပ်ထားသော ပညာရပ်ဆိုင်ရာ သုတေသနများအရ အစိုးရများ၏ “ခေါင်းဆောင်ဖယ်ရှားရေး” စစ်ဆင်ရေးများသည် ပစ်မှတ်ထားသည့် အဖွဲ့အစည်းကို ထိခိုက်စေသော်လည်း အချိန်တိုအတွင်း အကြမ်းဖက်မှုများ တိုးမြင့်လာစေနိုင်ခြင်းနှင့်လည်း ဆက်စပ်နေတတ်သည်ကို တွေ့ရှိရသည်။ ထိုအကြမ်းဖက်မှုများတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများလည်း ပါဝင်တတ်သည်။

ဥပမာအားဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် မက္ကဆီကိုတပ်ဖွဲ့များက မူးယစ်ဆေးမှောင်ခိုဂိုဏ်း (Jalisco New Generation Cartel) ၏ ခေါင်းဆောင်ဖြစ်သော “အယ်လ်မန်ချို” (El Mencho) ဟု လူသိများသူ ‘နမ်မေဆီးယို ဆာဗန်တေးစ်’ (Nemesio Oseguera Cervantes) ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် သတင်းများအရ ထိုအဖွဲ့အစည်းသည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး ၎င်း၏ အဓိက စစ်ဆင်ရေးများနှင့် ကွန်ရက်များမှာ အများအားဖြင့် မပျက်စီးဘဲ ရှိနေဆဲဖြစ်သည်။

တစ်ချိန်တည်းတွင် လက်တုံ့ပြန်မှုများလည်း လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။ မက္ကဆီကို အစိုးရ ကာကွယ်ရေးတပ်ဖွဲ့၏ စစ်သား ၂၅ ဦး သေဆုံးခဲ့ပြီး ပြည်နယ်အများအပြားတွင် လမ်းပိတ်ဆို့မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။ ‘ခေါင်းဆောင်ပိုင်းဖယ်ရှားခြင်း’ သည် စစ်ရေးအရ ထိခိုက်မှုတစ်ခု ဖြစ်စေခဲ့သော်လည်း ၎င်းသည် မဟာဗျူဟာဆိုင်ရာ ပြိုကွဲမှုအဖြစ် တိုက်ရိုက် ပြောင်းလဲသွားခြင်းမျိုး မဖြစ်နိုင်သည်ကို တွေ့ရသည်။

“အယ်လ်မန်ချို” ကိစ္စတွင် ၎င်း၏ သေဆုံးမှုသည် မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ် (Claudia Sheinbaum) အတွက် စစ်ရေးအောင်မြင်မှုတစ်ခုမျှသာမက နိုင်ငံရေးအောင်ပွဲတံဆိပ်တစ်ခုလည်း ဖြစ်ခဲ့သည်။ မူးယစ်ဂိုဏ်းအကြမ်းဖက်မှုများကြောင့် ပြည်တွင်းဖိအားများ မြင့်တက်နေချိန်နှင့် မက္ကဆီကိုအား ပိုမိုတင်းကျပ်သော အရေးယူမှုများ ပြုလုပ်ရန် အမေရိကန်၏ ဖိအားများ ဆက်တိုက်ရှိနေချိန်တွင် ၎င်းသည် မူးယစ်ဂိုဏ်းအာဏာကို ဆန့်ကျင်တိုက်ဖျက် အရေးယူဆောင်ရွက်နေကြောင်း ပြသနိုင်ခဲ့သည်။ ပစ်မှတ်ထားသည့် လူပုဂ္ဂိုလ်တစ်ဦး၏ အတည်ပြုထားသော သေဆုံးမှုကို “တိုးတက်မှု” အဖြစ် ပြသရန် ပိုမိုလွယ်ကူသည်ဟု ဆိုသည်။

အလားတူ အခြေအနေတစ်ခုသည် ယူကရိန်း–ရုရှား စစ်ပွဲတွင်လည်း တွေ့ရနိုင်သည်။ ရုရှားသမ္မတ ‘ပူတင်’ သည် အထူးသဖြင့် ယူကရိန်းဘက်မှ ဖြစ်နိုင်ခြေအများဆုံးဟု ယူဆရသော လုပ်ကြံသတ်ဖြတ်မှု အန္တရာယ်ကို စိုးရိမ်ကာ လုံခြုံရေး ထီးရိပ်အောက်တွင် နေထိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သို့သော် ‘ဗလာဒီမာ ပူတင်’ သေဆုံးသွားခြင်းတစ်ခုတည်းဖြင့် ရုရှား၏ စစ်ပွဲကို အဆုံးသတ်စေမည် မဟုတ်သလို ရုရှားနိုင်ငံကိုလည်း ပြိုကွဲသွားစေနိုင်မည် မဟုတ်ပေ။

“Decapitation” သည် မဟာဗျူဟာ ဆိုင်ရာ မူဝါဒ အမှား

သို့သော်လည်း ကျူးကျော်စစ်နှင့် အထူးဆက်စပ်ခံထားရသူတစ်ဦးအပေါ် အောင်မြင်သော တိုက်ခိုက်မှုတစ်ခုသည် နှစ်ပေါင်းများစွာ အနစ်နာခံလာခဲ့သည့် ယူကရိန်းပြည်သူများအတွက် အလွန်ကြီးမားသော “စိတ်ဓာတ်မြှင့်တင်မှု” ဖြစ်စေနိုင်သည်။ ထို့အတူ ရုရှားစစ်ဆင်ရေးတစ်ခုက ယူကရိန်းသမ္မတ ‘ဗိုလိုဒီမျာ ဇလန်စကီး’ ကို သတ်ဖြတ်နိုင်ခဲ့ပါကလည်း ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်သည်။ နိုင်ငံရေးနှင့် သင်္ကေတဆိုင်ရာ ဂယက်ရိုက်ခတ်မှုမှာ အလွန်ကြီးမားမည်ဖြစ်သော်လည်း နှစ်နိုင်ငံလုံး၏ စစ်ဆင်ရေးကြိုးပမ်းမှုများ မဖြစ်မနေ ပြိုလဲသွားမည်ဟုကား မဆိုနိုင်ပေ။

အဆင့်မြင့်ခေါင်းဆောင်များကို ဖယ်ရှားခြင်းသည် ကုန်ကျစရိတ်များ ဖြစ်စေနိုင်ပြီး အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ စွမ်းရည်ကို လျော့နည်းစေနိုင်ကာ ရန်ဘက်ကို ဆက်တိုက်ဖိအားအောက်တွင် ကျရောက်သွားစေနိုင်သည်။ သို့သော် သက်သေအထောက်အထားများအရ ထိုသို့သော လုပ်ကြံသတ်ဖြတ်နည်းလမ်းများသည် စစ်ရေးအောင်မြင်မှုကို ရစေနိုင်သည့်တိုင် ထိုသတ်ဖြတ်မှုများကို တရားမျှတစေရန် ရည်ညွှန်းလေ့ရှိသော နိုင်ငံရေးရလဒ်များအဖြစ်သို့ ခေါင်းဆောင်များအနေဖြင့် ပြောင်းလဲပေးနိုင်ခြင်း မရှိပေ။

“ကျွန်ုပ်အမြင်အရ ၎င်းသည် အီရန် စစ်ပွဲက ထပ်မံ အတည်ပြုပေးသင့်သော သင်ခန်းစာဖြစ်သည်။ နိုင်ငံရေးမူဝါဒအနေဖြင့် လုပ်ကြံသတ်ဖြတ်မှုကို ထောက်ခံသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ “Decapitation” သည် ပြောင်းလဲမှုကို ဖန်တီးသည့် ကိရိယာ မဟုတ်ဘဲ အနှောင့်အယှက်ဖြစ်စေရန် အသုံးပြုသည့် ကိရိယာသာ ဖြစ်သည်။ ခေါင်းဆောင်များက ၎င်းကို နိုင်ငံရေးပြောင်းလဲမှုကို ဖန်တီးပေးမည့် နည်းလမ်းတစ်ခုအဖြစ် ယူဆလာသောအခါ ၎င်းသည် မဟာဗျူဟာ ဆိုင်ရာ အမှားတစ်ခု ဖြစ်လာတော့သည်” ဟု ဂျော်ဂျီယားနည်းပညာတက္ကသိုလ် ပါမောက္ခ ဘရိုင်ယန် အိုနီးလ်က ဝေဖန်ထောက်ပြထားပေသည်။

References:

  • The war in Iran – again – points to the strategic shortcomings of assassination as policy of foreign affairs, (Author: Brian O’Neill Professor of Practice, International Affairs, Georgia Institute of Technology) The Conversation, Published: May 21, 2026
  • US-Israel attacks on Iran: Death toll and injuries live tracker, Al Jazeera, 20 May 2026
Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *