ဗြိတိန်နိုင်ငံသာ ဘောလုံးအသင်းတစ်သင်း ဖြစ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ တန်းဆင်းဇုန်နဲ့ မလှမ်းမကမ်းမှာ ရုန်းကန်နေရမှာ သေချာပါတယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးဟာ ယိုင်နဲ့နေပြီး ပြည်သူတွေကလည်း စိတ်ဓာတ်ကျနေကြသလို အစိုးရအဖွဲ့ ထိပ်ပိုင်းမှာလည်း နောက်ထပ် ရှက်စရာကောင်းတဲ့ အကျပ်အတည်းတစ်ခု ဆိုက်ရောက်နေတယ်။ ကံကောင်းတာတစ်ခုကတော့ ဗြိတိန်နိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းကြီးတစ်ခုဟာ ဗြိတိန်စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် စံပြမဟာဗျူဟာတစ်ခု ဖြစ်နေတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က အင်္ဂလိပ်ဘောလုံးလောကဟာ လှောင်ပြောင်စရာ အဆင့်မှာပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့အင်အားကြီး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေခဲ့ပါပြီ။ ခုဆိုရင် အင်္ဂလိပ်ပရီးမီယာလိဂ်ဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုသူအများဆုံး ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်ပြီး တစ်နှစ်ကို စုစုပေါင်း အသားတင်တန်ဖိုး (Gross Value Added) ဝင်ငွေ ပေါင် ၁၀ ဘီလီယံ (ဒေါ်လာ ၁၃ ဘီလီယံ) အထိ ရှာဖွေပေးနေတယ်။
ဗြိတိန်နိုင်ငံကို ပြန်လည်ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ချင်တဲ့ နိုင်ငံရေးသမားတွေအနေနဲ့ ပရီးမီယာလိဂ်ဆီကနေ သင်ခန်းစာယူရင် အမှားအယွင်း ရှိမှာမဟုတ်ပါဘူး။
ပထမဆုံး သင်ခန်းစာကတော့ မိမိမှာရှိတဲ့ အားသာချက်တွေကို အမိအရ အသုံးချဖို့ ဖြစ်တယ်။ ဗြိတိန်ဟာ ဘောလုံးအားကစားကို စတင် တီထွင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက လာရောက်မြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ အရည်အချင်းရှိသူတွေကို ဆွဲဆောင်နိုင်တဲ့ နေရာလည်း ဖြစ်တယ်။ ပရီးမီယာလိဂ်ဟာ ဒီအားသာချက်ကို အသုံးချပြီး ကလပ်အသင်းတွေကို ဝယ်ယူမယ့် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ကြိုဆိုခဲ့သလို အသင်းတွေ တိုးတက်ကောင်းမွန်လာစေဖို့ ပြည်ပက နည်းပြတွေနဲ့ ကစားသမားတွေကိုလည်း ခေါ်ယူခဲ့တယ်။ ပရီးမီယား လိဂ်ဟာ သူ့ရဲ့ ပြိုင်ဘက်လိဂ်တွေထက် အများကြီး ပိုမိုပွင့်လင်းလွတ်လပ်ပါတယ်။ အခုခေတ်မှာ ပွင့်လင်းလွတ်လပ်မှုက ရေပန်းမစားတော့ပေမယ့် [အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး ဒီတစ်ပတ်မှာပဲ သူ့အသင်းရဲ့ ပရီးမီယာလိဂ်ချန်ပီယံဖလားအောင်ပွဲကို ဆင်နွှဲနေတဲ့ ဆာ ကီယာ စတာမာ (Sir Keir Starmer) အနေနဲ့ကတော့] လူကြိုက်မများတဲ့ ဗျူဟာတွေက အလုပ်အဖြစ်ဆုံးဆိုတာ သိထားသင့်တယ်။

ဒါပေမဲ့ ကီယာ စတာမာရဲ့ အစိုးရဟာ ဆန့်ကျင်ဘက် မဟာဗျူဟာတွေကိုသာ ကျင့်သုံးပြီး အလုပ်ဗီဇာတွေကို ဖြတ်တောက်နေသလို၊ ချမ်းသာတဲ့ နိုင်ငံခြားသားတွေအပေါ်မှာလည်း အခွန်အတုတ်တွေ အတင်းအကျပ် ကောက်ယူနေတယ်။ ဘောလုံးစကားနဲ့ ပြောရရင်တော့ သူဟာ ကစားကွက်ခင်းကျင်းပုံ လုံးဝမှားယွင်းနေတာ ဖြစ်ပါတယ်။
နောက်ထပ် သင်ခန်းစာတစ်ခုကတော့ ပြိုင်ဆိုင်မှုပြင်းထန်မှုကို လက်ခံဖို့ ဖြစ်ပါတယ်။ ပရီးမီယာလိဂ်ဟာ မိမိဘာသာ စည်းကမ်း ထိန်းကျောင်းတဲ့ စနစ် (Self-regulation) ရဲ့ ကမ္ဘာ့အကြီးမားဆုံး စမ်းသပ်မှုတစ်ခုဖြစ်ပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ငွေကြေးလွတ်လပ်စွာ စီးဆင်းမှုတို့ရဲ့ တန်ဖိုးကို ပြသနေတဲ့ စံပြနမူနာတစ်ခု ဖြစ်တယ်။
အင်္ဂလိပ်ဘောလုံးလောကမှာ ဘဏ္ဍာရေးဆိုင်ရာ မသမာမှု (Financial doping) ကနေ ဆောက်သမ်ပတန်အသင်းရဲ့ သူလျှိုလုပ်တဲ့ ကိစ္စအထိ မရိုးသားမှုတွေ ရှိခဲ့ဖူးတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စရပ်တွေကို အဖွဲ့အစည်းအတွင်းမှာတင် ဖြေရှင်းတာက အကောင်းဆုံး ဖြစ်ပါတယ်။ အားလုံး စိုးရိမ်နေကြသလိုမျိုး ထိန်းကျောင်းရေးအဖွဲ့က ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အတားအဆီးတွေ ဖန်တီးလာမယ်ဆိုရင် ဒါဟာ ပရီးမီယာလိဂ်နဲ့ (ဗြိတိန်)ကို အားကောင်းမောင်းသန် ဖြစ်စေခဲ့တဲ့ အရာတွေကို ဆာ ကီယာ စတာမာ နားမလည်ဘူးဆိုတာ သက်သေပြသလို ဖြစ်နေပါလိမ့်မယ်။
လေဘာပါတီကို နောက်ထပ် ဦးဆောင်မယ့်သူဟာ ဘယ်သူပဲဖြစ်ဖြစ် ပိုမိုရှုပ်ထွေးတဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့နဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပေါ် ပိုမိုသံသယဝင်ဖို့ တိုက်တွန်းတဲ့ အသံတွေကို ကြားရမှာ ဖြစ်ပါတယ်။ အကယ်၍ ဆာ ကီယာ စတာမာ ဖယ်ရှားခံရပြီး သူ့နေရာမှာ အလားအလာ အရှိဆုံး ဖြစ်နေတဲ့ မန်ချက်စတာမြို့တော်ဝန် အန်ဒီ ဘန်းဟမ်း (Andy Burnham) ကသာ ခေါင်းဆောင်ဖြစ်လာမယ်ဆိုရင် သူဟာ မန်ချက်စတာစီးတီးအသင်းကို သဘောကျလို့ လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ယူအေအီး (Emirati) ရင်းနှီးမြှုပ်နှံသူတွေကြောင့် ပြောင်းလဲတိုးတက်သွားတဲ့ မန်ချက်စတာအရှေ့ပိုင်းက သူ့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေဆီကို သွားရောက်လေ့လာသင့်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အသည်းအသန် လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါတွေကို ဆွဲဆောင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ပရီးမီယာလိဂ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ စွန့်စားရဲတဲ့ အရင်းရှင်စနစ် (Caution-to-the-wind capitalism) မူဝါဒပဲ ဖြစ်ပါတယ်။ ကိစ္စတိုင်းကို လိုက်လံစွက်ဖက်ချင်တဲ့ လေဘာပါတီ လက်ဝဲစွန်းတွေရဲ့ စီမံခန့်ခွဲမှုပုံစံမျိုး မမဟုတ်ပါဘူး။ အဲဒီပုံစံက ဗီဒီယိုအကူဒိုင် (VAR) လိုပါပဲ ပွဲအရှိန်ကို နှေးကွေးစေပြီး ပျော်စရာတွေကို ဖျက်ဆီးပစ်ရုံသာ ရှိပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ လေဘာပါတီဟာ အထက်ပိုင်းခေါင်းဆောင်မှု တည်ငြိမ်ဖို့အတွက် ကြိုးပမ်းသင့်ပေမယ့် နည်းလမ်းပေါင်းစုံနဲ့ အတင်းအကျပ် တော့ မလုပ်သင့်ပါဘူး။
အဆိုးရွားဆုံး ကလပ်အသင်းတွေဟာ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်တွေ လဲလှယ်သလောက်နီးပါး မြန်ဆန်တဲ့နှုန်းနဲ့ နည်းပြတွေကို ထုတ်ပယ် လဲလှယ်လေ့ ရှိကြပါတယ်။ အကောင်းဆုံးအသင်းတွေမှာတော့ သက်တမ်းအရှည်ဆုံး တတာဝန်ထမ်းဆောင်တဲ့ နည်းပြတွေ ရှိတတ် ကြပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ ရာသီကနေ သင်ခန်းစာယူရမယ်ဆိုရင်တော့ မှားယွင်းတဲ့ ရွေးချယ်မှု တစ်ခုကို အကြာကြီး စွဲကိုင်ထားခြင်းဟာ ရှုံးနိမ့်မယ့် ဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။
ဗြိတိန်ဟာ အဲဒီအမှားမျိုးကို ရှောင်လွှဲနိုင်မယ့်ပုံ ရှိပါတယ်။ ကစားသမားတွေရဲ့ ယုံကြည်မှု (the dressing room) ကော ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ဆာ ကီယာ စတာမာဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ သေချာသလောက် ရှိနေပါပြီ။ စိတ်မကောင်း စရာကတော့ ဗြိတိန်ဟာ တော်ရုံထူးချွန်တဲ့ နည်းပြသစ်တစ်ယောက် ရှာဖို့အတွက် ကမ္ဘာအနှံ့မှာ လိုက်လံလူရွေး (scout) လို့ မရနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ အဲဒီအစား လေဘာပါတီရဲ့ အမတ် ၄၀၀ ဝန်းကျင်ထဲကနေ ဝန်ကြီးချုပ်အသစ်တစ်ယောက်ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သူတို့ထဲမှာ ပက်ဂွာဒီယိုလာ (Pep Guardiola) လို ထူးချွန်သူတစ်ယောက်မှ မပါဝင်သလို သူတို့ထဲက တချို့ဆိုရင် အကောင်းဆုံး ကစားကွက်က ကစားသမားအားလုံးကို ကွင်းရဲ့ ဘယ်တောင်ပံ (left wing / လက်ဝဲစွန်းနိုင်ငံရေး) မှာ ပုံအောထားပြီး အကောင်းဆုံးဖြစ်လာဖို့ ဆုတောင်းနေရုံပဲလို့ ထင်နေကြပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ နိုင်ငံတော်အဆင့် နည်းပြခုံတန်း (dugout) မှာ ဆက်ဆံရေးပိုမိုကောင်းမွန်သူတစ်ဦး လိုအပ်နေပါတယ်။ ဆာ ကီယာ စတာမာဟာ အားပေးစကား (pep talks) ပြောရမှာကို မုန်းတီးပြီး “မျှော်မှန်းချက်” (vision) ဆိုတဲ့ စကားလုံးကိုလည်း အင်မတန် ရွံရှာပါတယ်။ သူဟာ သူ့ရဲ့အလုပ် ဘယ်လောက်ခက်ခဲကြောင်း ညည်းတွားတတ်တဲ့ အလေ့အထလည်း ရှိပါတယ်။ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူဟာ အဆိုးမြင်စိတ်ဝင်လွယ်နေတဲ့ နိုင်ငံထဲကို ယုံကြည်မှုအသစ်တွေ သွတ်သွင်းပေးနိုင်ရပါမယ်။ အင်္ဂလိပ်ဘောလုံးလောကဟာ လှောင်ပြောင်ခံရတဲ့ အလယ်အလတ်အဆင့်ကနေ ကမ္ဘာ့အင်အားကြီး အဆင့်အထိ ပြန်လည်ဆန်းသစ်လာခြင်း (renaissance) က ပြန်လည်ဦးမော့လာဖို့ အခွင့်အရေး အမြဲရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဆာ ကီယာ စတာမာအတွက်တော့ နောက်ကျသွားနိုင်ပေမယ့် ဗြိတိန်နိုင်ငံအတွက်တော့ နောက်မကျသေးပါဘူး။
ref: Lessons from the Premier League for Britain’s next premier.


