The Corner

The Corner

cropped-Logo_round_grey-background.png

ကင်မ်ဂျုံအန် ဘာကိုကြောက်သလဲ

Share မယ်

ကိုဗစ်-၁၉ ကပ်ဘေးရောဂါကြီး နောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံတွင် သေဒဏ်ပေးလောက်သည့် ပြစ်မှုများမှာ လူသတ်မှုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် မှုခင်းကြီးများသာမကတော့ဘဲ ပြည်ပမှ သတင်းများ စီးဆင်းမှု၊ ဘာသာရေး အယူအဆနှင့် နိုင်ငံရေး အမြင်ကွဲလွဲမှု စသည်တို့ကို တားမြစ်ထားရာမှ ပေါ်ပေါက်လာသည့် အချက်များကိုပါ သေဒဏ်ပေးလောက်သည့် အပြစ်များအဖြစ် ထပ်တိုးခဲ့ကြောင်း သိရသည်။

တကယ်တော့ မြောက်ကိုရီးယားတွင် ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ပြီး သေဒဏ်ချမှတ်ခြင်း၊ စီရင်ခြင်းများမှာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပေ။ လူရှေ့သူရှေ့တွင် သေဒဏ်စီရင်ခြင်းကို အာဏာရှင်များက ပြည်သူများ ကြောက်ရွံ့သွားစေရန် လုပ်ဆောင်သည့် နည်းလမ်းအဖြစ် အသုံးချခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့သော် ယခုဆောင်းပါးသည် သေဒဏ်စီရင်ခြင်း အကြောင်းကိုသာ ပြောလိုရင်း မဟုတ်ဘဲ ဘာကြောင့် သေဒဏ်ပေးရသလဲဆိုသည့် အခြေခံအချက်များ ပြောင်းလဲလာပုံကို ပြောပြချင်ခြင်း ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အခြေစိုက်သည့် TJWG (Transitional Justice Working Group) ဆိုသည့် အဖွဲ့တစ်ဖွဲ့ ရှိပါသည်။ ထိုအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများကို မြေပုံနှင့်တကွ အတိအကျ မှတ်တမ်းတင် နေသည့် အဖွဲ့ ဖြစ်သည်။ အဆိုပါအဖွဲ့၏ လေ့လာချက်အရ ကင်မ်ဂျုံအန်းက လူများကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ပေးစီရင်သည့် စနစ်သည် ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်များ ပိတ်လိုက်ရပြီးနောက်ပိုင်း ပြောင်းလဲလာသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဖွဲ့အနေဖြင့် သေဒဏ်ချမှတ်စီရင်ခဲ့သည့် အမှုပေါင်း ၁၄၄ မှုကို စိစစ်ပြီး လေ့လာတွေ့ရှိချက်များအရ အမှုပေါင်း ၁၃၆ မှုတွင် လူပေါင်း ၃၅၈ ယောက်ကို သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ လေ့လာတွေ့ရှိချက်အရ လက်တွေ့ပြင်ပတွင် ယခုထက် အရေအတွက် ပိုမိုများပြား နိုင်သေးကြောင်းလည်း ထောက်ပြထားပါသေးသည်။

ရှေ့တွင် ပြောခဲ့သလိုပင် ကိုဗစ်ကာလနောက်ပိုင်း၌ သေဒဏ်ပေးရသည့် အကြောင်းရင်းမှာ ကြီးမားသည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကြောင့်တင် မဟုတ်တော့ဘဲ ပြည်ပနိုင်ငံများမှ သတင်းစီးဆင်းမှုများ၊ တောင်ကိုရီးယားမှ ဝင်ရောက်လာသည့် ယဉ်ကျေးမှုများ၊ ဘာသာရေး အယူအဆများနှင့် နိုင်ငံရေးအရ မကျေနပ်မှုများအပေါ်၌ပါ သေဒဏ်ပေးသည်အထိ ပြစ်ဒဏ်များ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နည်း ပြောရလျှင် ကင်မ်ဂျုံအန် ဦးဆောင်နေသည့် အာဏာရှင်အစိုးရ၏ ကြောက်ရွံ့မှုသည် ပုံမှန်ရာဇဝတ်မှုများကို နှိမ်နင်းရုံတင် မဟုတ်တော့ကြောင်း ဤဥပမာများက ပို၍ ထင်ရှားစေသည်။ အမှန်တော့လည်း မြောက်ကိုရီးယား ပြည်သူလူထုသည် ဤနည်းလမ်းများ ဖြင့်သာ ပြင်ပကမ္ဘာကို အပေါက်ကျဉ်းကျဉ်းလေးမှ ချောင်းကြည့်ပြီး သိခွင့်ရနေကြခြင်း ဖြစ်သည်။ ပြည်သူများသည် မိမိတို့၏ လက်တွေ့ဘဝ နှင့် ပြင်ပကမ္ဘာမှ ဘဝများကို နှိုင်းယှဉ်ခွင့်ရလာပြီး ထိုဘဝမျိုးကို စိတ်ကူးယဉ်လာကြလိမ့်မည်။ အဆိုပါအချက်သည် အာဏာရှင်အစိုးရအတွက် အကြီးမားဆုံးသော အကြောက်တရားတစ်ခုပင် ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် ပါတီကွန်ဂရက်တွင် မြောက်ကိုရီးယားက ၎င်းတို့၏ အင်အားများကို ထုတ်ပြခဲ့သည်။ နျူကလီးယားလက်နက်များ၊ ဒုံးကျည်များ၊ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် အမေရိကန် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြသခဲ့သည်။ ဒါပေမဲ့လည်း အတွင်းပိုင်းတွင်မူ တောင်ကိုရီးယား ဇာတ်လမ်းတွဲများ ကြည့်ရှုမိလျှင်၊ နိုင်ငံခြားသီချင်းများကို နားထောင်မိလျှင်၊ ဘာသာရေးကိစ္စများတွင် ပါဝင်ပတ်သက်မိလျှင် သို့မဟုတ် နိုင်ငံရေးနှင့် ပတ်သက်၍ တစ်စွန်းတစ်စမျှ ဝေဖန်မိလျှင် မြောက်ကိုရီးယားအာဏာရှင်အစိုးရက ထိုသူကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ပြစ်မှုနှင့်မမျှအောင် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်။ ဒါဟာ ကင်မ်ဂျုံအန်အစိုးရ၏ သဘောသဘာဝကို ပြသနေခြင်း ဖြစ်သည်။ မိမိတို့ကိုယ်မိမိ အင်အားအလွန်ကြီးမားကြောင်း ပြသနေသော်လည်း၊ ပြည်သူများကို မျက်စိပိတ်နားပိတ် လုပ်ထားသော်လည်း ပြည်သူများ ပြင်ပကမ္ဘာအကြောင်း သိရှိသွားမည်ကိုမူ အလွန်ပင် ကြောက်ရွံ့ နေကြသည်။

ကိုဗစ်ကာလအတွင်း သွားလာနေကြသည့် မြောက်ကိုရီးယား လူမျိုးများ (source: APNews)

တကယ်တော့ ကိုဗစ်ရောဂါ ကပ်ဘေးသည် မြောက်ကိုရီးယားအတွက် ကျန်းမာရေး အကျပ်အတည်းသက်သက် မဟုတ်ခဲ့ပေ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အာဏာပိုင်များသည် နယ်စပ်များကို အကုန်ပိတ်ပစ်လိုက်ပြီး လူအဝင်အထွက်၊ ပစ္စည်းအဝင်အထွက်နှင့် သတင်းများကိုပါ ပိတ်ဆို့ထားခဲ့သည်။ ၎င်းကို တစ်ဖက်က ကြည့်မည်ဆိုလျှင် ကပ်ရောဂါဘေးမှ ကာကွယ်ရန်ဟု ထင်ရသော်လည်း၊ ယခုအချိန်တွင် ပြန်ကြည့်သည့်အခါ ကပ်ဘေးအခြေအနေကို အခွင့်ကောင်းယူ၍ နိုင်ငံအတွင်း၌ တင်းကျပ်သည့် ဝါဒများ ချမှတ်ရန်နှင့် ပြည်သူများအပေါ် စည်းကမ်းများ ပိုမိုတင်းကျပ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေသည်။

TJWG အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုဗစ်ကပ်ရောဂါ မဖြစ်မီနှင့် ဖြစ်ပွားနေစဉ် အချိန်ကာလ ၁,၇၈၃ ရက်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို နှိုင်းယှဉ်ပြသခဲ့သည်။ တွေ့ရှိချက်များမှာ နည်းလှသည်မဟုတ်ပေ။ ကိုဗစ်ကာလ မတိုင်မီက သေဒဏ်ချမှတ်ခဲ့သည့် စီရင်ချက်ပေါင်း ၃၀ ခန့် ရှိခဲ့ရာမှ ကိုဗစ်ကာလအတွင်း ၆၅ ခုအထိ မြင့်တက်သွားခဲ့သည်။ ဤပမာဏသည် ၁၁၆ ဒသမ ၇ ရာခိုင်နှုန်း တက်သွားခြင်း ဖြစ်သည်။ သေဒဏ် အပြစ်ပေးခံရသူ အရေအတွက်သည်လည်း ၄၄ ယောက်မှ ၁၅၃ ယောက်အထိ ရုတ်ခြည်း တိုးတက်သွားရာ တိုးတက်မှုနှုန်းမှာ ၂၄၇ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။

ဤနှုန်းထားကို ကြည့်ခြင်းဖြင့် ကိုဗစ်ကာလအတွင်း မြောက်ကိုရီးယားအစိုးရ၏ အကြမ်းပတမ်း ကိုင်တွယ်မှုသည် ယာယီမျှသာ မဟုတ်ကြောင်း သိနိုင်သည်။ လူများကို ဤနည်းလမ်းဖြင့် အကြောက်တရား ပိုမိုဝင်လာစေရန် သေသေချာချာ စီမံခဲ့ပုံရသည်။ နယ်စပ်များကို ပိတ်ပစ်ခြင်းသည်လည်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးချင်သည့် ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ပေ။ နိုင်ငံပြင်ပမှ သတင်းစီးဆင်းမှုများနှင့် လူအသွားအလာများကို ထိန်းချုပ်နိုင်ရန်၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများကိုပါ ကန့်သတ်နိုင်ရန် မိမိတို့ လိုသလို ထိန်းချုပ်၍ရမည့် အတားအဆီးတစ်ခု ဖန်တီးလိုက်ခြင်းသာ ဖြစ်သည်။ ကင်မ်ဂျုံအန်၏ အာဏာရှင်အစိုးရသည် ကပ်ရောဂါ ထိန်းချုပ်မှုကို အသုံးချ၍ လူများ၏ နေ့စဉ်ဘဝကိုပါ ကန့်သတ်ချုပ်ချယ်ခဲ့ခြင်း ဖြစ်သည်။

သုတေသနအဖွဲ့၏ ဆန်းစစ်ချက်တွင် အရေးပါသည့် တွေ့ရှိချက်တစ်ခုမှာ အာဏာပိုင်များသည် သေဒဏ်ပေးထိုက်သည့် ပြစ်မှုများကို ၎င်းတို့အလိုရှိသလို ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နယ်စပ်များမပိတ်မီကမူ လူသတ်မှု ကျူးလွန်မှသာ သေဒဏ်စီရင်ချက် ချမှတ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် နိုင်ငံပြင်ပမှ ယဉ်ကျေးမှုများကို သယ်ဆောင်လာခြင်း (ဥပမာ တောင်ကိုရီးယား ရုပ်သံ ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း၊ ကေပေါ့ပ် (K-Pop) သီချင်းများ နားထောင်ခြင်းနှင့် ဘာသာရေး အယူသီးမှုများ) ကိုပါ သေဒဏ် ပေးရလောက်သည့် ချိုးဖောက်မှုများအဖြစ် သတ်မှတ်လာခဲ့သည်။ တွေ့ရှိချက်များအရ ၎င်းထပ်တိုးပြစ်မှုများကို ကျူးလွန်ခြင်းကြောင့် သေဒဏ်ပေးခံရသည့် အရေအတွက်မှာ ရုတ်ချည်း မြင့်တက်လာပြီး လူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံရမှုမှာ ယခင်ကထက် နည်းပါးသွားကြောင်း ဖော်ပြထားသည်။

ဤကဲ့သို့ ပြောင်းလဲလာခြင်းကို ပေါ့ပေါ့ဆဆ တွေး၍မရပါ။ မြောက်ကိုရီးယား အာဏာပိုင်များသည် တောင်ကိုရီးယား ဇာတ်လမ်းများနှင့် သီချင်းများကို တားမြစ်ရုံတင်မကဘဲ အာဏာရှင်အစိုးရအပေါ် အစဉ်အဆက် သစ္စာခံပြီး ခိုင်းသည့်အတိုင်း လုပ်ဆောင်ရသည့် စနစ်ကို ခြိမ်းခြောက်လာသည်ဟု ယူဆသဖြင့် ပြင်းပြင်းထန်ထန် ကိုင်တွယ်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် နှိမ်နင်းနေသည့် ပြည်ပယဉ်ကျေးမှု ကိစ္စသည် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ကာကွယ်ရန် သက်သက် မဟုတ်တော့ပေ။ ထိုသို့လုပ်ဆောင်ခြင်းသည် သတင်းစီးဆင်းမှုကို တားဆီးရန်၊ လူများ၏ အတွေးအခေါ်များကို ထိန်းချုပ်ထားပြီး ၎င်းတို့၏ အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ရန်သာ ဖြစ်သည်။ နိုင်ငံခြားဇာတ်လမ်းများကို ကြည့်ရှုပြီး မြောက်ကိုရီးယား ပြည်သူများက မိမိတို့၏ လက်ရှိဘဝနှင့် ပြင်ပကမ္ဘာမှ ဘဝများကို နှိုင်းယှဉ်လာကြမည်ကို ကင်မ်ဂျုံအန်း အစိုးရက မနှစ်မြို့ရုံတင်မကဘဲ ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်လာနေသည်ဟု မြင်လာခြင်းပင် ဖြစ်သည်။

နောက်ထပ် တွေ့ရှိချက်တစ်ခုမှာ ကိုဗစ်ကပ်ဘေးအတွင်း၌ နိုင်ငံရေးအယူအဆ ကွဲလွဲသည်ဟု စွပ်စွဲကာ သေဒဏ်ပေးမှုများလည်း များပြားလာခြင်း ဖြစ်သည်။ ကင်မ်ဂျုံအန်နှင့် နိုင်ငံတော်ပါတီအဖြစ် ရပ်တည်နေသည့် အစိုးရ သတင်းနှင့် ပြန်ကြားရေးဗျူရို၏ ညွှန်ကြားချက်များကို ချိုးဖောက်သူများနှင့် ဝေဖန်သူများကို သေဒဏ်စီရင်ခြင်းများ ပိုမိုပြုလုပ်လာခဲ့သည်။

တစ်ဖက်က ကြည့်မည်ဆိုလျှင်လည်း ဒါဟာ ကင်မ်ဂျုံအန် ဦးစီးထားသည့် စနစ်တစ်ခု မတည်မငြိမ် ဖြစ်နေခြင်းကို ပြသနေခြင်းလည်း ဖြစ်နိုင်သည်။ အပေါ်ယံတွင်မူ ၎င်းသည် ဆုံးဖြတ်ချက်ပြတ်သားပြီး သန္နိဋ္ဌာန်အပြည့်ရှိကာ လက်နက်အင်အား၊ လူအင်အား စုံလင်လှသည့် တိုင်းပြည်ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း၊ အတွင်းပိုင်း၌မူ လူများ၏ လွတ်လပ်သော အတွေးအခေါ်များ၊ မကျေနပ်မှုများနှင့် ညွှန်ကြားချက်များကို မလိုက်နာမှုများကို ကြီးလေးသော ပြစ်ဒဏ်များ သုံးစွဲ၍ မနည်းကာကွယ်နေရသည့် အနေအထားကို ပြသနေသကဲ့သို့ ဖြစ်သည်။

အမှန်တကယ် ခိုင်မာသည့် စနစ်တစ်ခုကို တည်ဆောက်ထားနိုင်ပါက ဤကဲ့သို့ ပြစ်မှုပြစ်ဒဏ်များနှင့် အကြောက်တရား သွင်းပေးရန် မလိုအပ်ပေ။ မြောက်ကိုရီးယားနိုင်ငံမှာမူ ဤကဲ့သို့ အသေးအဖွဲ ပြစ်မှုများအပေါ် မမျှတသည့် ပြစ်ဒဏ်များပေးကာ အာဏာကို ကျားကန် ထားရပုံရသည်။ အုပ်ချုပ်သူများအနေဖြင့် ပြည်သူများ၏ နေ့စဉ်ဘဝ အဆင်မပြေမှုများမှတစ်ဆင့် ၎င်းတို့ မနည်းကျားကန်ထားရသည့် အခြေအနေ ပျက်ပြားသွားမည်ကို အလွန် ကြောက်ရွံ့နေသည့်ပုံ ဖြစ်သည်။

သေဒဏ်ပေးခြင်းကို ကြည့်မည်ဆိုလျှင်လည်း ပြစ်မှုကျူးလွန်သူတစ်ဦးကို အပြစ်ပေးလိုခြင်းထက် လူများကို လာရောက်ကြည့်ရှုစေပြီး “မင်းတို့လည်း ဤကဲ့သို့ ကျူးလွန်လျှင် ဤသို့သော ပြစ်ဒဏ်မျိုး ခံရမည်” ဟု သတင်းစကား ပေးလိုသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအများရှေ့တွင် သေဒဏ်ပေးခြင်းသည် အကြောက်တရားဖြင့် လွှမ်းမိုးထားသည့် အစိုးရစနစ်တစ်ခုအတွက် အလွန် အရေးကြီးသည့် လုပ်ရပ်တစ်ခုပင် ဖြစ်သည်။ ဆန်းစစ်ချက်များအရ သေဒဏ်ပေးမှု အကြိမ်ပေါင်း ၁၂၉ ကြိမ် ရှိခဲ့ပြီး ၎င်းတို့ကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာ ပြထားကြောင်း သိရသည်။

လူအများရှေ့တွင် သေဒဏ်စီရင်ပြခြင်းနှင့် နောက်ကွယ်၌ လျှို့ဝှက်စီရင်ခြင်းတို့သည်လည်း အဓိပ္ပာယ် ကွဲပြားသည်။ လူအများရှေ့တွင် စီရင်ပြခြင်းမှာ အကြောက်တရား ဖြန့်ဝေခြင်းဖြစ်ပြီး လျှို့ဝှက်စွာ လုပ်ဆောင်ခြင်းမှာ အပြင်သို့ သတင်းမပေါက်ကြားစေလိုခြင်းနှင့် ကျူးလွန်သည့် ပြစ်ဒဏ်မှတစ်ဆင့် ကွင်းဆက်များ လိုက်လာနိုင်သည်ကို ကြိုတင်ကာကွယ်သည့်သဘော ဖြစ်နိုင်သည်။ နိုင်ငံရေးအရ ဖမ်းဆီးမှုများတွင် ပါဝင်ပတ်သက်နေသူများကို အပြစ်ပေးသည့်အခါ သတင်းအစအန အပြင်သို့ ပေါက်ကြားမည် စိုးသဖြင့် ဤနည်းကို သုံးလေ့ရှိသည်။ နိုင်ငံတကာက အနံ့ခံ၍မရအောင် သိုသိုသိပ်သိပ် လုပ်ဆောင်ခြင်းမှာ ကင်မ်ဂျုံအန် အစိုးရအတွက် အဆန်းမဟုတ်တော့ပေ။

အရင်တုန်းကမူ မြောက်ကိုရီးယားတွင် သေဒဏ်ပေးရလောက်အောင် ပြစ်မှုကျူးလွန်သည့် နေရာများနှင့် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရသည့် နေရာများသည် အခြားနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသများတွင်သာ ဖြစ်လေ့ရှိသည်။ ပစ္စည်းမှောင်ခိုသွင်းခြင်း၊ နိုင်ငံရေးခိုလှုံခွင့် တောင်းရန် နိုင်ငံမှ ထွက်ပြေးခြင်းနှင့် နိုင်ငံရပ်ခြားမှ သတင်းများ ဝင်ရောက်လာတတ်သည့် နေရာများ ဖြစ်သည်။ ရန်ဂန်းပြည်နယ် (Ryanggang Province) နှင့် ဟာမ်ဂယောင်းမြောက်ပိုင်းပြည်နယ် (North Hamgyong Province) တစ်ဝိုက်သည် တရုတ်နိုင်ငံနှင့် ထိစပ် နေသဖြင့် အာဏာပိုင်များ အထူးအလေးပေး စောင့်ကြည့်ခဲ့ရသည့် နေရာများ ဖြစ်ပြီး ပြင်ပသတင်းနှင့် မှောင်ခိုပစ္စည်းများ ဝင်ရောက်ရာ လမ်းကြောင်းများ ဖြစ်ခဲ့သည်။

သို့သော် ကိုဗစ်ကပ်ရောဂါနောက်ပိုင်းတွင် ပထဝီသွင်ပြင် အနေအထားက သိသိသာသာကြီး ပြောင်းလဲသွားခဲ့သည်။ လေ့လာ ဆန်းစစ်ချက်များအရ ဤကဲ့သို့ သေဒဏ်စီရင်မှု ပြုလုပ်သည့် နေရာများသည် ယခင်က ရှစ်နေရာသာ ရှိခဲ့ရာမှ ကပ်ရောဂါအပြီးတွင် ၁၉ နေရာအထိ တိုးပွား လာခဲ့သည်။ ထို့ပြင် ယခင်က ပြည်နယ်နှစ်ခုခန့်ကိုသာ အနီးကပ် စောင့်ကြည့်ခဲ့ရာမှ ယခုအခါ မြို့တော် ပြုံယမ်း အပါအဝင် နောက်ထပ် ပြည်နယ် ရှစ်ခုအထိ တိုးမြှင့် စောင့်ကြည့်လာရပြီ ဖြစ်သည်။

ထိုအချက်များက ဘာကို ပြသနေသနည်းဆိုသော် အာဏာပိုင်များသည် သတင်းများ စီးဆင်းရာ အရင်းအမြစ် ဒေသများကို နယ်စပ်ဒေသများတင်မကတော့ဘဲ တောင်ကိုရီးယား ဇာတ်လမ်းများ၊ ပြည်ပသတင်းများ၊ ဘာသာရေး အယူအဆများနှင့် နိုင်ငံရေးအရ မကျေနပ်မှုများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်လာနေသဖြင့် နိုင်ငံတစ်ဝန်းလုံးကို ထည့်သွင်းစောင့်ကြည့်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် ပြစ်ဒဏ်ပေး စီရင်မှုများနှင့် ဖြိုခွင်းမှု နယ်ပယ်များသည်လည်း ယခုအခါ အလွန် ကျယ်ပြန့်လာနေပြီ ဖြစ်သည်။

မကြာခင်က မြောက်ကိုရီးယားမှ ထွက်ပေါ်လာသည့် ဗီဒီယိုတစ်ခုအတွင်း အမှုစီရင်နေပုံ (Source: CNN)

မြောက်ကိုရီးယားနိုင်ငံတွင် ဤကဲ့သို့ အလွန်အကျွံ ဖိနှိပ်ပြစ်ဒဏ်ပေးမှုများ တိုးပွားလာခြင်းသည် ပြင်ပမှ ဝင်ရောက်လာသည့် သတင်းများက အာဏာရှင်အစိုးရကို အကြီးအကျယ် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မြောက်ကိုရီးယား ပြည်သူများသည် ပြင်ပကမ္ဘာ၏ အကြောင်းအရာများနှင့် သတင်းများကို သိနားလည်လာပါက မိမိတို့၏ လက်ရှိဘဝနှင့် နှိုင်းယှဉ်မိပြီး အလွန် ကွာခြားနေသည်ကို သိရှိသွားကြမည်။ ထိုသို့ သိရှိသွားပါက အစိုးရ၏ ဝါဒဖြန့်မှုများကို နားလည်သွားကြမည်ဖြစ်ပြီး အာဏာရှင်အစိုးရ၏ ချုပ်ကိုင်နိုင်စွမ်းလည်း တဖြည်းဖြည်း ကျဆင်းလာမည်မှာ အမှန်ပင် ဖြစ်သည်။ ဤအချက်သည် မြောက်ကိုရီးယား အစိုးရအတွက် အသက်တမျှ အရေးကြီးလှသဖြင့် နိုင်ငံ၏ အဓိကကျသော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးသည် နှစ်ရှည်လများ တည်တံ့နေခြင်း ဖြစ်သည်။

ကင်မ်ဂျုံအန် မည်သည့်နေရာသို့ ခြေလှမ်းပြင်နေသလဲဆိုသည်ကို သိရှိလိုပါက ၎င်း၏ နျူကလီးယားလက်နက်များနှင့် ဒုံးကျည်များ ပိုင်ဆိုင်မှုကိုသာ ကြည့်မနေဘဲ ပြည်သူများကို ကြောက်ရွံ့နေအောင် လုပ်ဆောင်ထားပုံနှင့် ပြည်သူများ၏ နှုတ်ကို ပိတ်ထားနိုင်ရန် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နေသည့် နည်းလမ်းများကိုပါ စောင့်ကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

မူရင်း – What Kim Jong Un Really Fears: Outside Information, The Diplomat

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *