ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချမည့်ကိစ္စနှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေပါသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ကို ညွှန်ပြပြောဆိုလိုက်သည်။
အခုတစ်ခဏမှာတော့ ထိုင်ဝမ်ကျွန်းသည် ကျည်ဆန်တစ်တောင့်ကို သီသီလေး ရှောင်ရှားလိုက်နိုင်သည့်ပုံစံ ရှိနေသည်။ မေလ ၁၅ ရက်နေ့က ပြီးဆုံးသွားခဲ့သည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်ပြည် နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း လုပ်ရိုးလုပ်စဉ် သံတမန် ဆက်ဆံရေးဆိုင်ရာ အစဉ်အလာများကို ဆောင်ရွက်ခဲ့သည့် တစ်လျှောက်လုံးတွင် အမေရိကန်သမ္မတသည် ထိုင်ဝမ်ကျွန်းအရေးနှင့် စပ်လျဉ်း၍ ပြောဆိုခြင်းမျိုးကို ရှောင်ရှားခဲ့သည်။
ဒီအချက်ကြောင့်… “ထိုင်ဝမ်ကျွန်းကို လက်နက်များ ရောင်းချပေးနေခြင်းကို ထိန်းချုပ်ဟန့်တားရန် တရုတ်၏ ဖိအားပေးမှုကို ထရမ့်က ခေါင်းညိတ်လိုက်မလား” ဟု စိုးရိမ်ကြောက်လန့်နေရမှုများ၊ သို့မဟုတ် “ထရမ့်က ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးကို ၎င်းဆန့်ကျင်သည်” ဟု ထုတ်ဖော်ပြောဆိုကာ အမေရိကန်ပြည်သူလူထု၏ ရပ်တည်ချက်ကိုတောင် ပြောင်းလဲစေမလားဟူသည့် စိုးရိမ်ပူပန်မှုများမှ ယာယီသက်သာရာ ရရှိခဲ့ကြသည်။
အဲရ်ဖို့စ် ဝမ်း ပေါ်က သဘောထားမှတ်ချက်များ
သို့သော်လည်း အဆိုပါခရီးစဉ် အပြီးနောက်ပိုင်းတွင်တော့ အခြေအနေများသည် စတင်၍ ပြိုကွဲပျက်ပြားလာခဲ့သည်။ ထရမ့် ဘေဂျင်းမြို့မှထွက်ခွာမီကလေးတွင် အသံဖမ်းယူထားသည့် ဖောက်စ်နယူးစ် (Fox News) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားချက်များနှင့် ထွက်ခွာလာပြီးနောက် သမ္မတစီးနင်းလိုက်ပါလာသည့် အဲရ်ဖို့စ် ဝမ်း (Air Force One) လေယာဉ်ကြီးပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့မှုများ၌ မစ္စတာထရမ့်က ထိုင်ဝမ်ကျွန်းနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် အတော်များများကို ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ သဘောထားမှတ်ချက်များသည် ထိုင်ဝမ်ကျွန်းရှိ ပြည်သူလူထု အတော်များများကို စိတ်ရောကိုယ်ပါ အလွန်အမင်း နုံးချည့် သွားစေခဲ့သည်။ ၎င်းက တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်၍ ညွှန်ပြပြောဆိုလိုက်ရာတွင် –
“ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချတာနဲ့ စပ်လျဉ်းပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်ပါဘူးဆိုတဲ့ အမေရိကန်ရဲ့ ၄၄ နှစ်ကြာ ကတိကဝတ်ပြုထားမှုဟာ အခုအချိန်မှာ ခေတ်မမီတော့ပါဘူး”
ဟု ဆိုသည်။ ထို့ပြင် ထိုင်ဝမ်ကျွန်းသို့ ဒေါ်လာ ၁၃ ဘီလီယံဖိုး လက်နက်များကို အလုံးအရင်းနှင့် ရောင်းချမည့်ကိစ္စကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ၎င်းအနေဖြင့် အတော်ကို ကြီးကြီးကျယ်ကျယ် အသေးစိတ် ဆွေးနွေးခဲ့ပြီးပြီဖြစ်ကြောင်း၊ အင်မတန်ကို အသုံးဝင်မည့် အပေးအယူလုပ်ရန် အချက်ကိုလည်း တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သေးသည်။ တစ်ဆက်တည်းမှာပင် ထိုင်ဝမ်ကျွန်း၏ သမ္မတ လိုင်ချင်းတီကိုလည်း လွတ်လပ်ရေးရရှိရန်အတွက် အမေရိကန်ကို စစ်ပွဲအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းနေသည်ဟု မီးမောင်းထိုးပြခဲ့သည်။
တစ်ချိန်တည်းမှာပင် မစ္စတာထရမ့်က ၎င်းသည် လက်နက်များ အလုံးအရင်း ရောင်းချရေးနှင့် စပ်လျဉ်း၍ “ထိုင်ဝမ်ကျွန်းကို ဦးစီးကြိုးကိုင် ဆောင်ရွက်နေတဲ့သူ” နှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ညွှန်းပြောဆိုခဲ့သဖြင့် သတင်းနားထောင်နေသူ အတော်များများကို အံ့ဩတုန်လှုပ်စေခဲ့သည်။

၂၀၁၆ ခုနှစ်တုန်းက မစ္စတာထရမ့် (ထိုအချိန်က ရွေးကောက်ခံသမ္မတဖြစ်နေပြီ) ရွေးကောက်ပွဲ အောင်ပွဲခံခဲ့သည်ကို ဝမ်းမြောက် ဂုဏ်ယူသည့် အကြောင်း ချီးကျူးဂုဏ်ပြုရန် ထိုင်ဝမ်ကျွန်း၏ ယခင် သမ္မတ ဆိုင်အင်ဝမ်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ဖူးခြင်း ရှိခဲ့သော်လည်း ၁၉၇၉ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန်နှင့် ထိုင်ဝမ်ခေါင်းဆောင်များ စားပွဲဝိုင်းတွင် အတူတကွ ထိုင်ကာ တိုက်ရိုက်ဆွေးနွေးခဲ့ကြခြင်းမျိုး လုံးဝမရှိခဲ့ဖူးပါ။
ချစ်ပ် (Chip) စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးပြဿနာ
ဇာတ်ရှုပ်နေသည်ကို ပိုမိုရှုပ်ထွေးဝေဝါးသွားအောင် ပြုလုပ်လိုက်သည်မှာ မစ္စတာထရမ့်သည် ၎င်း၏ စွပ်စွဲချက်ဖြစ်သည့် “ထိုင်ဝမ်သည် အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) စက်မှုလုပ်ငန်းကို ခိုးယူထားခဲ့သည်” ဆိုသည်ကို ထပ်လောင်းပြောဆိုပြီး ထိုင်ဝမ်ကျွန်းရှိ ချစ်ပ်ကုန်ထုတ်လုပ်ငန်းများ အားလုံး အမေရိကန်မြေပေါ်သို့ ပြောင်းရွှေ့ရမည်ဟု ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။
ဒီလိုကိစ္စမျိုးကို အရင်ကလည်း ၎င်းအနေဖြင့် ပြောဆိုခဲ့ဖူးပါသည်။ ဒါပေမဲ့ အခုနှစ် ဖေဖော်ဝါရီလတုန်းက လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် အမေရိကန်တွင် ဒေါ်လာ ဘီလီယံ ၂၅၀ ရင်းနှီးမြှုပ်နှံရန် ထိုင်ဝမ်က ကတိကဝတ်ပြုပြီးသည့် နောက်ပိုင်းတွင်တော့ ဒီစကားမျိုးကို သိပ်မပြောတော့ဘဲ ရှိနေခဲ့ရာမှ ယခုတစ်ခါ ပြန်လည်ပြောဆိုလာခြင်း ဖြစ်သည်။
အမေရိကန်၏ မူဝါဒကတော့ အပြောင်းအလဲမရှိပါဘူးဟု မစ္စတာထရမ့်က အခိုင်အမာ ပြောဆိုခဲ့သော်လည်း ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်၍ ၎င်း၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲစေရာတွင် မစ္စတာရှီက တိုးတက်မှုအချို့ ရရှိအောင် ဖန်တီးနိုင်ခဲ့သည်ဟု သဘောထား ပေးခဲ့သေးသည်။
အခု မစ္စတာထရမ့်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်၏ စောစောပိုင်း ဘေဂျင်း ပထမဆုံးနေ့ အစည်းအဝေးတွင် ထိုင်ဝမ်ကျွန်းအရေးကို အကိုင်အတွယ်မှားယွင်းပါက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား ပဋိပက္ခ အရေးအခင်းကြီးတစ်ရပ် ဖြစ်ပွားလာနိုင်သည်ဟု မစ္စတာ ရှီကျင့်ဖျင်က သတိပေးပြောကြားခဲ့သေးသည်။ ညပိုင်းဆွေးနွေးပွဲတွင်လည်း အချိန်အတော်များများကို ထိုင်ဝမ်ကျွန်းအကြောင်းကိုပဲ ပြောဆိုခဲ့ကြခြင်းဖြစ်ကြောင်း မစ္စတာထရမ့်၏ အဆိုအရ သိရသည်။
“ကျွန်တော်က သူပြောသမျှ အဆုံးအထိ နားထောင်ပေးခဲ့ပါတယ်။ ဘာမှ စောဒကတက်ပြီး မပြောခဲ့ပါဘူး”
ဟု ၎င်းက ထပ်ဆင့်ပြောကြားခဲ့သည်။ မစ္စတာထရမ့်၏ သဘောထားမှတ်ချက်များအရ ဆိုရပါလျှင် ၎င်းသည် ထိုင်ဝမ်ကျွန်းနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးကိစ္စတွင် ၎င်း၏အရင် သမ္မတများနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်ကို ပိုမိုအခြေခံသည့်အမြင် (အပြန်အလှန် အပေးအယူဆန်သည့် အမြင် – Transactional View) ဖြင့် ရှုမြင်ထားပြီး ထိုင်ဝမ်ကျွန်းကို ကာကွယ်ပေးရန် ကတိကဝတ် ပြုမှုအပိုင်းတွင်လည်း အားနည်းချက်ရှိနေသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။
လက်နက်အရောင်းအဝယ်ကို ဆိုင်းငံ့ခြင်း
ထိုင်ဝမ်ကျွန်းက လောလောဆယ် စိုးရိမ်မကင်းဖြစ်နေရသည့် အချက်ကတော့ လက်နက်အလုံးအရင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့် ကိစ္စပင်ဖြစ်သည်။ မစ္စတာထရမ့်က ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် ဒေါ်လာ ၁၁ ဘီလီယံဖိုး စံချိန်တင် အရောင်းအဝယ်အဖြစ် အတည်ပြုပေးခဲ့သည်။
သို့သော် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်တွင် ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးသားဖြစ်သည့် ဒုတိယအကြိမ် ဒေါ်လာ ၁၃ ဘီလီယံဖိုး (မူရင်းပါ ၁၃ သန်းအား ပြင်ဆင်ချက်) ခန့် တန်ဖိုးရှိသော လက်နက်အရောင်းအဝယ်ကိုမူ မစ္စတာထရမ့်က ဆိုင်းငံ့ထားခဲ့သည်။ အရင်တုန်းကလည်း တရုတ်ခေါင်းဆောင်များနှင့် အစည်းအဝေးမတိုင်မီ လက်နက်အစုံလိုက် အရောင်းအဝယ်မျိုးများကို ဆိုင်းငံ့ထားလေ့ရှိခဲ့သည်။
ထိုင်ဝမ်ကျွန်း ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ အကြီးအကျယ် စိုးရိမ်မကင်းဖြစ်ရသည်မှာ အခုထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားသည့် နောက်ပိုင်း ရက်သတ္တပတ် အတန်ကြာသည်အထိတိုင် လက်နက်အရောင်းအဝယ် သဘောတူညီမှုကို ရက်ရွှေ့ဆိုင်းခဲ့လျှင် ဆိုသည့်အချက်ပဲ ဖြစ်ပါလိမ့်မည်။
“ကျုပ်ဒါမျိုး လုပ်နိုင်တယ်။ လုပ်ချင်မှလည်း လုပ်မယ်၊ ကျုပ်အဲဒါကို လောလောဆယ် ဆိုင်းငံ့ထားတာပါ။ ပြီးတော့ အဲဒါကလည်း တရုတ်နိုင်ငံပေါ်မှာပဲ မူတည်တယ်။ သူ့ပေါ်မှာတည်တယ်။ ရှင်းရှင်းပြောရရင် အဲဒါက ကျုပ်တို့အတွက်ကတော့ အင်မတန်ကိုကောင်းတဲ့ စေ့စပ်ညှိနှိုင်းရေးအကွက်၊ အသာစီးရစေမယ့် အခွင့်အရေးတစ်ခုပဲပေါ့”
ဟု မစ္စတာထရမ့်က ဖောက်စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အရင်တုန်းကတော့ ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချသည့်ကိစ္စကို တရုတ်ပြည်နှင့် ကျယ်ပြန့်သည့် စေ့စပ်ညှိနှိုင်းမှုများတွင် မပါဝင်စေရဟူသည့် အချက်ကို တစိုက်မတ်မတ် ကိုင်စွဲထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်ကတည်းက စတင်၍ ၎င်း၏နိုင်ငံဥပဒေအရ ထိုင်ဝမ်ကျွန်းက မိမိဒေသ မိမိကာကွယ်ရေး ဆောင်ရွက်ရာတွင် အကူအညီပေးသွားရန် ကတိကဝတ်ပြုထားခဲ့သောကြောင့် ဖြစ်သည်။
သမ္မတ ရော်နယ်ရေဂင်ကလည်း ထိုင်ဝမ်ကျွန်းသို့ လက်နက်ရောင်းချသည့် ကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နှင့် စေ့စပ်ညှိနှိုင်းမှု မလုပ်ဟု ၁၉၈၂ ခုနှစ်က ကတိပြုထားခဲ့ဖူးသည်။ အဆိုပါအကြောင်းအရာနှင့် စပ်လျဉ်း၍ မေးမြန်းသည့်အခါ မစ္စတာထရမ့်က — “ဟုတ်ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေဆိုတာက ကြာလှပြီပဲဗျာ” ဟုသာ သတင်းထောက်များကို ပြတ်ပြတ်တောင်းတောင်း ဖြေကြားလိုက်သည်။
ထိုင်ဝမ်ပြည်တွင်း နိုင်ငံရေးအပေါ် ရိုက်ခတ်မှု
ဒီအဖြေက အထူးသဖြင့် အတိုက်အခံပါတီများနှင့် လပေါင်းများစွာကြာအောင် အကြီးအကျယ် အငြင်းအခုံ ဖြစ်ခဲ့ရသည့် ထိုင်ဝမ်ကျွန်းအစိုးရအတွက် အင်မတန် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ ထိုင်ဝမ်ကျွန်း အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံထံမှ လက်နက်များ အစုံလိုက်အတွဲလိုက် ဝယ်ယူမှု နှစ်ခုစလုံးအတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် ထပ်ဆောင်း ကာကွယ်ရေးအသုံးစရိတ် ရရှိရန် ပါလီမန်လွှတ်တော်ကနေ တွန်းအားပေး ဆောင်ရွက်ပြီးခါစပဲ ရှိသေးသည်။
ထိုင်ဝမ်ကျွန်း၏ အကြီးဆုံးအတိုက်အခံပါတီ ဖြစ်သည့် ကူမင်တန် ခေါ် ကေအမ်တီ (KMT) က မစ္စတာထရမ့်၏ သဘောထားမှတ်ချက်ကို ထောက်ပြပြီး ထိုင်ဝမ်ကျွန်းသည် အမေရိကန်၏ အထောက်အပံ့ အကူအညီကို ဆက်လက်၍ မှီခိုအားထားလို့ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် တရုတ်ပြည်မကြီးနှင့် ရင်းနှီးစွာ ဆက်ဆံနိုင်ရေး နည်းလမ်းရှာဖွေရန် လိုအပ်သည်ဟူသည့် အယူအဆအတွက် နောက်ထပ် သက်သေအဖြစ် ထောက်ပြကြလိမ့်မည်မှာ ယုံမှားသံသယရှိစရာ မလိုပါ။ ကေအမ်တီပါတီကတော့ ထရမ့်၏ သဘောထားမှတ်ချက်များသည် နိုဝင်ဘာလတွင် ကျင်းပမည့် ဒေသန္တရရွေးကောက်ပွဲများနှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဆိုင်ရာ လူထုသဘောထား ဆန္ဒကောက်ယူပွဲများ တွင် ၎င်းတို့အတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ထိုင်ဝမ်ကျွန်းအစိုးရကို အလားတူ ဒုက္ခတွေ့စေသည်မှာ ထိုင်ဝမ်ကျွန်းသို့ လက်နက်များ ရောင်းချဖြည့်ဆည်းပေးခြင်းသည် လက်ရှိသမ္မတ မစ္စတာလိုင်ကို ထိုင်ဝမ်ကျွန်း လွတ်လပ်ရေးကြေညာရန် အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ထရမ့်က ဖော်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အခု အဲဒီမှာ လွတ်လပ်ရေးရချင်နေတဲ့သူ တစ်ယောက် ရှိနေတယ်၊ လက်ရှိအတိုင်းပဲ ဆက်ထားမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ လက်ခံနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ‘အမေရိကန်က ငါတို့ကို ကျောထောက်နောက်ခံပေးထားလို့ လွတ်လပ်ရေး ကြေညာကြစို့’ ဆိုပြီး တစ်ယောက်ယောက်က ပြောလာမယ့်အဖြစ်မျိုးကိုတော့ ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။
မစ္စတာလိုင်က ထရမ့်၏စကားကို တုံ့ပြန်ရာတွင် ထိုင်ဝမ်ကျွန်းသည် လက်တွေ့အားဖြင့် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နှင့်ပြီးသားဟူသည့် ၎င်း၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုလိုက်သည်။ ထိုင်ဝမ်ကျွန်းကို “ဘယ်တော့မှ ထိုးကျွေးပြီး အနစ်နာခံခိုင်းမှာ မဟုတ်သလို ကုန်ပစ္စည်းတစ်မျိုး သဘောနဲ့ လဲလှယ်ရောင်းချသွားမှာလည်း မဟုတ်ပါဘူး” ဟု မစ္စတာလိုင်က တုံ့ပြန်ပြောကြားခဲ့သည်။
ဒီနေရာတွင် မေးစရာရှိသည်မှာ မစ္စတာထရမ့်ကရော ၎င်းနှင့် သဘောထားချင်း တိုက်ဆိုင်ပါ့မလားဟူသည့် မေးခွန်းပင်ဖြစ်ကြောင်း The Economist မဂ္ဂဇင်း ဆောင်းပါးရှင်က သုံးသပ်တင်ပြထားပါသည်။
ရည်ညွှန်း – The Economist (May 23, 2026)


