The Corner

The Corner

cropped-Logo_round_grey-background.png

ကျူးဘား (သို့) ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ပစ်မှတ်တစ်ခု

Share မယ်

ရာအူးလ် ကက်စထရိုကို တရားစွဲဆိုတာတွေနဲ့ သူ့ရဲ့ ဖိအားပေးလှုပ်ရှားမှုက နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချခဲ့တဲ့ လုပ်ရပ်နဲ့ ပိုပြီးတော့ ဆင်တူလာ

ဗင်နီဇွဲလားနိုင်ငံက အာဏာရှင် နီကိုလတ်စ် မာဒူရိုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုတ်တရက် ဖမ်းဆီးလိုက်မယ်လို့ လူတချို့ လောက်ကပဲ ထင်မှတ်ကြမှာပါ။ အခုတော့ မာဒူရိုတစ်ယောက် အမေရိကန်က ဘရွတ်ကလင်းထောင်ထဲမှာ ဘဝကို နွမ်းလျစွာနဲ့ပဲ ဖြတ်သန်း နေရပါပြီ။ ဒီလိုပဲ မစ္စတာထရမ့်ဟာ အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျူးဘားနိုင်ငံရဲ့ ဩဇာတိက္ကမအကြီးဆုံးနဲ့ ကွန်မြူနစ်ပါတီက ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်တဲ့ ရာအူးလ် ကက်စထရိုကိုပါ ဖမ်းဆီးကောင်း ဖမ်းဆီးနိုင်တယ်ဆိုတဲ့ အတွေးအမြင်ကို အခုအချိန်ထိတိုင် အလေးအနက်ထား စဉ်းစားသူကတော့ ပိုလို့တောင် နည်းပါသေးတယ်။ ရာအူးလ်ရဲ့ ကွယ်လွန်သူ နောင်တော်ကြီး ဖီဒယ် ကက်စထရိုကတော့ ၁၉၆ဝ ပြည့်လွန်နှစ်တွေ ကာလအတွင်းမှာ ကျူးဘားနိုင်ငံဆီကို ကွန်မြူနစ်ဝါဒ သွတ်သွင်းလာခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စု တရားရေးဌာနဟာ မစ္စတာကက်စထရိုကို မေလ ၂ဝ ရက်နေ့က မိုင်ယာမီမြို့မှာ ပြစ်မှုဆိုင်ရာပုဒ်မတွေနဲ့ အမှုဖွင့် တရားစွဲ လိုက်တဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ဖြစ်နိုင်ခြေက အရင်ကထက်စာရင် ပိုပြီးတော့ နီးစပ်လာတဲ့ပုံပါပဲ။

Source: NDTV

ဒီလို အမှုစွဲဆိုရာမှာ မစ္စတာရာအူးလ် ကက်စထရိုဟာ ကျူးဘားကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ မိုင်ယာမီမြို့အခြေစိုက် ပြည်ပြေးအုပ်စု တစ်ခုဖြစ်တဲ့ နိုင်ငံတော်ကယ်တင်ရေး ညီအစ်ကိုတော်များအဖွဲ့ (Brothers to the Rescue) က ပျံသန်းဝင်ရောက်လာတဲ့ လေယာဉ်နှစ်စင်းကို ၁၉၉၆ ခုနှစ်အတွင်းတုန်းက ပစ်ချဖို့ အမိန့်ပေးခဲ့လို့ လူလေးယောက် သေဆုံးခဲ့ရတဲ့အမှုပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရာအူးလ် ကက်စထရိုက ကျူးဘားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၂၁ ခုနှစ် ရာထူးကနေ တရားဝင် အငြိမ်းစား မယူခင်အထိ ကျူးဘားနိုင်ငံရဲ့ သမ္မတနဲ့ ကွန်မြူနစ်ပါတီရဲ့ ပထမအထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ပါတယ်။ အခုအချိန်ထိအောင်ပဲ သူဟာ ကျူးဘားနိုင်ငံရဲ့ တရားဝင်မဟုတ်ပေမယ့် လက်တွေ့ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက် အားလုံးမှာ သူ့ရဲ့ သဘောတူညီမှု ရရှိဖို့လိုအပ်ပါတယ်။ အဲဒီထဲမှာ မစ္စတာထရမ့်နဲ့ သူ့နိုင်ငံရဲ့ ကျူးဘားနွယ်ဖွား အမေရိကန်နိုင်ငံသား နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုတို့နဲ့ စေ့စပ်ညှိနှိုင်းမှု မှန်သမျှလည်း ပါဝင်တယ်။ သူတို့နှစ်ဦးစလုံးက ကျူးဘားနိုင်ငံရဲ့ စနစ်ကြီးကို အတင်း ပြောင်းပစ်မယ်လို့ သန္နိဋ္ဌာန်ချထားကြတဲ့သူတွေပါ။  

မစ္စတာကက်စထရိုကို တရားစွဲတဲ့ အမှုစွဲချက်တွေနဲ့ မစ္စတာမာဒူရိုကို စွဲချက်တွေကတော့ မတူပါဘူး။ ဒါပေမဲ့ တရား ဥပဒေကို နိုင်ငံရေးအတွက် အသုံးချတာကတော့ တူညီပုံရပါတယ်။ မစ္စတာမာဒူရိုကို ဖမ်းဆီးတဲ့ စီးနင်းဝင်ရောက်မှုကို ထရမ့်အစိုးရက တရားဥပဒေစိုးမိုးမှု စစ်ဆင်ရေးလို့ ခေါ်ခဲ့တယ်။ အခုတော့ အမေရိကန်တွေက သူတို့နိုင်ငံရဲ့ ဖလော်ရီဒါကမ်းခြေကနေ ၁၄၅ ကီလိုမီတာအကွာမှာရှိတဲ့ ကျူးဘားနိုင်ငံဟာ ကျရှုံး နိုင်ငံအဆင့် ရောက်လာပြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေဆီကနေ အထောက်အပံ့တွေရနေကာ အမေရိကနိုင်ငံထဲကို ဝင်ရောက်နေထိုင်သူတွေ အမြဲမပြတ်ရှိနေတာကြောင့် သူတို့နိုင်ငံ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ကြီးဖြစ်တယ်လို့ အကြီးအကျယ် ပြောဆိုလာကြပြန်တယ်။ အမေရိကန်ရဲ့ ကင်းထောက်လေယာဉ်တွေ ကျူးဘားနိုင်ငံပေါ် ပျံဝဲပြီး ကင်းထောက်နေတာတွေကလည်း တစ်နေ့တခြား တိုးလာခဲ့ပါတယ်။ စစ်ရေးစီမံကိန်း ရေးဆွဲသူတွေကလည်း အကန့်အသတ်နဲ့ တိုက်ခိုက်တာမျိုးကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အရေးယူဖို့ အလေးပေး ရွေးချယ် လာကြတယ်လို့ သတင်းတွေက ဆိုတယ်။

လပေါင်းများစွာ ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီးတဲ့နောက်မှာ အခြေအနေတွေ ပိုမိုဆိုးရွားပြင်းထန်လာတာ ဖြစ်ပါတယ်။ မစ္စတာမာဒူရိုကို ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုဟာ ကျူးဘားနိုင်ငံကို လောင်စာဆီတင်ပို့တာတွေကို ပိတ်ပင်ထားလိုက်တယ်။ ဒါ့ပြင် ဒေသကြီးအတွင်းက နိုင်ငံတွေကိုလည်း ကျူးဘားကို ငွေမာတွေ ဖြည့်ဆည်းပေးတာမျိုးတွေကို ဖြတ်တောက်ထားဖို့ ဖိအားပေးခဲ့တယ်။ ဟာဗာနာမြို့မှာရှိတဲ့ ကျူးဘားအစိုးရကတော့ အနည်းငယ် လိုက်လျောမှုတချို့လောက်နဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကို လောင်စာဆီတင်သွင်းဖို့ ခွင့်ပြုလိုက်တာနဲ့ နိုင်ငံခြားရောက် ကျူးဘားနိုင်ငံသားတွေကို ကျူးဘားကျွန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ခွင့်ပြုမယ်ဆိုတဲ့ အချက်တွေ ပါဝင်တယ်။

ဒီလောက်နဲ့ မကျေနပ်နိုင်တဲ့ ထရမ့်နဲ့ ရူဘီရိုတို့ကတော့ ဖိအားတွေ တိုးပေးနေတာပါပဲ။ မေလ ၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်ခွင့်များကွပ်ကဲမှုရုံး (OFAC) က ကျူးဘားနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအများစုကို ထိန်းချုပ်ကွပ်ကဲထားတဲ့ စစ်တပ်က ဦးစီးဆောင်ရွက်တဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ ဂေဆာ (Gaesa) ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့တယ်။ ဒီကုမ္ပဏီ လုပ်ငန်းစုကြီး ဟာ ကက်စထရိုမိသားစုရဲ့ စီးပွားရေးလုပ်ငန်းကြီးအဖြစ် အတော်များများက သဘောထားခဲ့ကြတယ်။ မစ္စတာရူဘီရိုကတော့ ဒီလုပ်ငန်းစုကြီးကို “ကျူးဘားရဲ့ အုပ်ချုပ်သူလူတန်းစားက နိုင်ငံတော်ဘဏ္ဍာနဲ့ ပြည်သူ့ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ ခိုးယူဝါးမျိုပြီး ကိုယ်ကျိုး ရှာတဲ့ ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်ရဲ့ အဓိက အသက်သွေးကြော” လို့ ခေါ်ဆိုခဲ့တယ်။

ရက်သတ္တပတ်ကြာပြီးတဲ့နောက် အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) က ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်ဟာ မစ္စတာ ကက်စထရိုရဲ့မြေး ရာအူးလ် ဂူလီယာမို ရိုဒရီဂွက်ဇ် ကက်စထရိုနဲ့ တွေ့ဆုံဖို့ ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာကို သွားရောက်ခဲ့တယ်။ အဲဒီခရီးမှာ ရက်ကလစ်ဖ်က “အခြေခံကျတဲ့ အပြောင်းအလဲတွေလုပ်ဖို့ အချိန်ကုန်သွားပြီ” လို့ သတိပေးခဲ့ပြီး အခု အမေရိကန်ကပေးမယ့် အကူအညီ ဒေါ်လာသန်း ၁ဝဝ ကို လက်ခံဖို့၊ နောက်ပြီး အဲဒီငွေတွေကို ကက်သလစ်ခရစ်ယာန်ကျောင်းတော်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြန့်ဖြူးပေးရမယ်လို့ တိုက်တွန်းခဲ့တယ်။ ဒီအစည်းအဝေးက အခြေအနေခပ်ဆိုးဆိုးနဲ့ ပြီးသွားတဲ့ပုံပေါ်တယ်။ မေလ ၁၈ ရက်နေ့မှာ ကျူးဘားအစိုးရရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောက်လှမ်းရေးလုပ်ငန်းအပါအဝင် နိုင်ငံရေးနဲ့ လုံခြုံရေးယန္တရားတွေကို OFAC က ဒဏ်ခတ်ပိတ်ဆို့တာတွေ ချမှတ်ခဲ့တယ်။

နောက်ဘာဆက်ဖြစ်မလဲ။ အမေရိကန်တွေကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့တွေနဲ့ နိုင်ငံပိုင် သိမ်းယူလိုက်တဲ့ ပိုင်ဆိုင်ပစ္စည်းတွေအတွက် လျော်ကြေးပေးဖို့တွေကို လိုလားကောင်း လမ်းဖွင့်ထားတယ်။ သူတို့တွေက လူသိရှင်ကြား မပြောပေမယ့် ဂေဆာလို စီးပွားရေး လုပ်ငန်းစုကြီးကို ဖြိုခွဲပစ်လိုက်တာနဲ့ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းလိုက်တာမျိုးတွေလို ပိုပြီး ထိထိရောက်ရောက်နဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲမျိုးတွေကို လိုလားကောင်း လိုလားနေကြတာ ဖြစ်တယ်။ ထရမ့်အစိုးရဟာ ကျူးဘားအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောလိုက်၊ တစ်ခါ အဲဒီအစိုးရကို ဖြုတ်ချပစ်ရမယ်လို့ အရိပ်အမြွက် ပြောဆိုလိုက်နဲ့ သူတို့ရဲ့ သဘောထားရပ်တည်ချက်ကို တစ်လှည့်စီ ပြောင်းလဲပြသခဲ့တယ်။ မေလ ၁၄ ရက်နေ့မှာတော့ မစ္စတာရူဘီရိုက သဘောထား တင်းမာတဲ့ လမ်းကြောင်းကို ရွေးလိုက်ပြန်တယ်။ “အခုအစိုးရအဖွဲ့ကို တာဝန်ယူနေကြတဲ့ ဒီလူတွေ ရှိနေသမျှ ကာလပတ်လုံး ကျူးဘားရဲ့ စီးပွားရေးကို ပြောင်းလဲဖို့ ကျွန်တော်တို့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး” လို့ ပြောလိုက်တယ်။

ဗင်နီဇွဲလားပုံစံ စစ်ဆင်ရေးတစ်ရပ်ကတော့ ထရမ့်အစိုးရအတွက် ပြင်းထန်လွန်းပုံရတယ်လို့ ဆိုဖွယ်ရာရှိတယ်။ အသက် ၉၄ နှစ်အရွယ် အဘိုးကြီးတစ်ယောက်ကို လက်ထိတ်တန်းလန်းကြီးနဲ့ ဖမ်းတဲ့ မြင်ကွင်းမျိုးကတော့ မစ္စတာမာဒူရိုကို ဖမ်းဆီးခဲ့တုန်းက ပုံလောက်တော့ အမေရိကန်နိုင်ငံသားတွေ အကြိုက်တွေ့ရအောင် ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ မစ္စတာကက်စထရိုရဲ့ နေရာကို အစားထိုးဝင်ရောက်ပြီး အမေရိကန်တို့ အလိုကျ ဆောင်ရွက်ပေးနိုင်မယ့် သိသာထင်ရှားသည့် ပုဂ္ဂိုလ်မျိုးလည်း ရှိမှာမဟုတ်ဘူး။ မစ္စတာကက်စထရိုရဲ့ မြေးဖြစ်သူ ကလည်း အာဏာ စင်္ကြံဝင်ပေါက်အစောင့်လောက် အဆင့်ပဲရှိပြီး သူ့အဘိုးနေရာကို သဘာဝအလျောက် ဆက်ခံနိုင်မယ့်သူမျိုးတော့ မဟုတ်ပါဘူး။

အခုချိန်ထိတိုင် ကျူးဘားပြည်သူလူထုကတော့ နှစ်ပေါင်းခြောက်ဆယ်အတွင်း ကျူးဘားကျွန်းကို အမေရိကန် ပထမဆုံးအကြိမ် စစ်ရေးအရ ဝင်ရောက်အရေးယူမယ့် ဖြစ်နိုင်ခြေကိုတော့ အရေးမထားလောက်ပါဘူးလို့ ပယ်ချမှာ မဟုတ်ပါဘူး။ ကျူးဘားအစိုးရကတော့ လူတွေ စိတ်ဝင်စားအောင် ပုံကြီးချဲ့ပြီး ဝါဒဖြန့်လို့ သူတို့အတွက် အကျိုးရှိအောင် ကစားနေပုံရတယ်။ အရပ်သူအရပ်သားတွေကို စစ်သင်တန်းတွေ ပေးနေတယ်။ ကျူးဘားစစ်တပ်ကတော့ စစ်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားရမယ်ဆိုတာကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ညွှန်ကြား နေတယ်။ မေလ ၁၈ ရက်မှာ ကျူးဘားသမ္မတ မီဂွယ်လ် ဒိုင်ယာ့ဇ် ကာနယ်လ်က (အမေရိကန်ရဲ့) ဒီလိုတိုက်ခိုက်မှုဟာ “တွက်ချက် မပြနိုင်လောက်အောင် အဆမတန် များပြားလှတဲ့ သွေးချောင်းစီး သတ်ဖြတ်မှုကြီး” တစ်ရပ် ပေါ်လာစေလိမ့်မယ်လို့ သတိပေး ပြောကြား ခဲ့တယ်။

တစ်ပိုင်းကတော့ မစ္စတာရာအူးလ် ကက်စထရိုကို တရားစွဲဆိုတာဟာ မစ္စတာထရမ့်ကို ပိုပြီးတော့ ပြတ်ပြတ်သားသား အရေးယူဖို့ တိုက်တွန်း နေကြတဲ့ မိုင်ယာမီရှိ ကျူးဘားအတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ ပြည်ပြေးတွေကို ဦးတည်ရည်ရွယ်ထားတာ ဖြစ်တယ်။ ဒီတရားစွဲဆိုချက် ထုတ်ပြန်တဲ့ ရက်စွဲကလည်း ပြည်ပရောက် ကျူးဘားလူမျိုးအများစုက ကျူးဘားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အဖြစ် အထိမ်းအမှတ်ပြု ကျင်းပ ကြသည့် မေလ ၂ဝ ရက်နေ့ ဖြစ်တာမို့ အထိမ်းအမှတ်သဘော ဆောင်နေတယ်။ ဒါပေမဲ့ ထရမ့်အစိုးရအဖွဲ့က ဒီကိစ္စကို ဆွေးနွေးညှိနှိုင်းမှုတွေမှာ သူတို့ဘက်က အသာစီးရရေး အသုံးချဖို့လည်း ဆန္ဒရှိနိုင်ပါတယ်။

ရှင်းနေတဲ့အချက်ကတော့ ကျူးဘားနိုင်ငံရဲ့ အခြေအနေဟာ ရေရှည်တောင့်မခံနိုင်တော့တဲ့ အခြေအနေမျိုးပဲ ဖြစ်နေပါပြီ။ ဂေဆာကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာကလည်း ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီကုမ္ပဏီလုပ်ငန်းစုရဲ့ ဝင်ငွေက ကျူးဘားနိုင်ငံတော် ရသုံးခန့်မှန်းခြေ (နိုင်ငံတော် ဘတ်ဂျက်) ထက် သုံးဆကျော် ပိုနေသေးတယ်လို့ ယူဆရတယ်။ ဒီလုပ်ငန်းစုကြီးက တရားမဝင် ရပိုင်ခွင့်တွေကိုလည်း ဒေါ်လာ ဘီလီယံ ၂ဝ အထိ ထိန်းချုပ်ထားသေးတယ်။ နိုင်ငံခြားက ကုမ္ပဏီတွေကိုလည်း ဂေဆာ ဒါမှမဟုတ် အဲဒီလုပ်ငန်းစုကြီးက ထိန်းချုပ်ထားတဲ့ လုပ်ငန်း မှန်သမျှနဲ့ စီးပွားရေးဆက်သွယ် ဆောင်ရွက်တာတွေကို ဇွန်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး တဖြည်းဖြည်း လျှော့ချအဆုံးသတ်လိုက်ကြရမှာ ဖြစ်တယ်။ ကျူးဘားနိုင်ငံနဲ့ လုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်နေတဲ့ ဂျာမနီက ဟာပက်လွိုက် (Hapag-Lloyd) နဲ့ ပြင်သစ်က CMA CGM ဆိုတဲ့ အနောက်အုပ်စုက သင်္ဘောကုမ္ပဏီကြီးနှစ်ခုကလည်း ဖြစ်ပေါ်လာနိုင်တဲ့ စွန့်စားရနိုင်ခြေတွေကို အကဲဖြတ်ဆန်းစစ်နေတုန်း ကာလမှာ ကျူးဘားနိုင်ငံနှင့် ဆက်နွှယ်မှုရှိတဲ့ ကုန်မှာစာတွေ လက်ခံတာကို ရပ်ဆိုင်းထားလိုက်တယ်။

နိုင်ငံ စားနပ်ရိက္ခာရဲ့ အကြမ်းဖျင်းအားဖြင့် ၇ဝ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတဲ့ နိုင်ငံတစ်နိုင်ငံမှာတော့ အကြီးအကျယ် ထိခိုက် ရတာပဲ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးက ကျူးဘားနိုင်ငံက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအတွက် ဒီဇယ်နဲ့ အားဖြည့် လောင်စာဆီတွေ ပြတ်သွားပြီလို့ ပြောထားခဲ့ပြီးသားပါ။ ဟာဗာနာမြို့တော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်လို့ မီးမလာတဲ့အချိန် တစ်နေ့ကို ၂၂ နာရီအထိ ကြာတယ်။ လူအတော်များများအတွက်ကတော့ စားနပ်ရိက္ခာရရှိဖို့ အတော်ခဲယဉ်းပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ပြိုကွဲပျက်စီးကုန်ပါပြီ။ “အမှိုက်ပုံးထဲမှာ ဝင်နေရတဲ့ ဘဝမျိုးပါပဲ” လို့ ဆောက်လုပ်ရေးလုပ်ငန်းကလေးတစ်ခု ပိုင်ဆိုင်တဲ့ ဟာဗာနာ မြို့ခံ တစ်ဦးဖြစ်သူ ယူလီယတာ ဟာနန်ဒက်ဇ် ဒိုင်ယာ့ဇ်က ပြောပြလိုက်ပါတယ်။

လျှပ်စစ်မီး ပြတ်ခြင်းဒုက္ခ ခံစားနေကြရတဲ့ ကျူးဘားပြည်သူများ (source: Vox)

ပြည်တွင်းဖိအားတွေကလည်း တစ်နေ့တခြား တိုးလာနေတယ်။ မေလ ၁၃ ရက်နေ့တုန်းက ဟာဗာနာမြို့တော်မှာ လျှပ်စစ်မီးတွေ ပြတ်နေတာနဲ့ စပ်လျဉ်းလို့ ကန့်ကွက်နေကြတဲ့ ဆန္ဒပြပြည်သူလူထုကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့တယ်။ မဒရစ်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအုပ်စုတစ်ခုဖြစ်တဲ့ အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အဆိုအရ ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသား ၁၂၆ဝ အထိ ရှိတယ်လို့ ဆိုပါတယ်။ မဒရစ်မြို့မှာနေတဲ့ ကျူးဘားလူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ပီဒရို မွန်ရီယယ်လ်က ကျူးဘားစီးပွားရေးဟာ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်း အထိ ကျုံ့သွားဖွယ်ရှိတယ်လို့ တွက်ချက်တင်ပြခဲ့တယ်။

ကျူးဘားအစိုးရကတော့ နိုင်ငံခြားက ကမ်းလှမ်းတဲ့ အကူအညီတွေကို လက်ခံဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ အဲဒါတွေကို လက်ခံဖို့ဆိုရင် သူတို့ ဆောင်ရွက်ချက်တွေ မအောင်မြင်တာကို ဝန်ခံရပါလိမ့်မယ်။ ဒီအချက်ကို ငြင်းပယ်ရင်တော့ အပူဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုနှင့် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပိုဆိုးလာတာနဲ့အမျှ ဆန္ဒပြပွဲတွေ တိုးပြီး ပေါ်လာမယ့် အန္တရာယ်က ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရ ကျူးဘားအစိုးရဟာ အမေရိကန်ကို ဆန့်ကျင်တွန်းလှန်ဖို့ နည်းလမ်းတွေ ကုန်ခန်းလာပြီဖြစ်တယ်လို့ အီကော်နော်မစ် စာစောင် ဆောင်းပါးရှင်က ရေးသားထားတာကို တင်ပြလိုက်ရပါတယ်။

စာကိုး – The Economist (May 23)

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *