The Corner

The Corner

cropped-Logo_round_grey-background.png

ဦးတိုး – ဦးမိုး လက်ဖက်ရည်ဝိုင်း (၁၃)

Share မယ်

သူရဲ့ အဂတိ

ဦးမိုး – ဟာ… ကိုတိုး။ ပျောက်နေပါလားဗျ။ ခင်ဗျား မလာတာနဲ့ ကျုပ်လည်း တစ်ယောက်တည်း စကားမပြောရလို့ ဗိုက်ထဲမှာ လေတွေပြည့်နေပြီ ဟား… ဟား… ဟား…။ ဒါနဲ့ ဘာတွေနဲ့ အလုပ်တွေ ရှုပ်နေလို့လဲဗျ။ အခါတွင်းကတည်းက ပျောက်နေလိုက်တာ။ ခရီးသွားနေတာလား။

ဦးတိုး – မဟုတ်ပါဘူး ကိုမိုးရ။ နွေတစ်တွင်းလုံးမှာ ပူလွန်းလို့ မုန့်လေပွေလို ဖြစ်နေတဲ့ အိမ်ခေါင်မိုး တွေကို ပြုပြင်ရသေးတယ်။ ဒါက ခင်ဗျားတို့လို တိုက်ခန်းမှာနေတဲ့သူတွေ မသိသေးတဲ့ ခြံနဲ့ အိမ်နဲ့ နေတဲ့လူတွေရဲ့ ရာသီပေါ် ပုံမှန်အလုပ်တစ်ခုပေါ့။ ဒီလိုမှ မလုပ်ရင် မိုးဦးလေဦး မိုးကြမ်းကြမ်း လေကြမ်းကြမ်းမှာ မိုးထားတဲ့ သွပ်ပြားတွေ လွင့်ကုန်မယ်။ မဟုတ်ရင်လည်း နွေရာသီ ပူတဲ့အချိန် တုန်းက ပေါက်ထားတဲ့ သွပ်ပေါက်တွေကနေ မိုးတွေယိုမယ်။ ဒါတွေကို ကြိုလုပ်မှ။ မလုပ်မိရင် မိုးရွာတဲ့အချိန်ဆိုရင် ပွဲကြီးပွဲကောင်းပဲ။ အဲဒီလိုလုပ်တဲ့အခါ လက်သမားရှာရ၊ လက်သမားရရင်လည်း သူတို့လုပ်တာကိုင်တာ စိတ်တိုင်းကျမကျ စောင့်ကြည့်ရသေးတယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက် စလုံး မအားကြရပါဘူးဗျာ။

ကိုမိုး – ကျွန်တော်လည်း သိပါတယ်ဗျ။ ငယ်ငယ်က ခင်ဗျားတို့လိုပဲ ခြံနဲ့ ဝင်းနဲ့ အိမ်မှာ ကြီးပြင်းခဲ့တာပါ။ ဒီလို အချိန်ဆိုရင် မိဘတွေ အလုပ်ရှုပ်ကြလို့ ကူညီလုပ်ကိုင်ပေးရတာကို မှတ်မိနေပါတယ်။ ကဲ ကဲ ဘာစား ဘာသောက်မလဲ။ ဟေ့ ကောင်လေးရေ… ငါ့မိတ်ဆွေကြီးကို မေးပါဦးဟ…။

ဦးတိုး – ငါ့ကို ခါတိုင်းလိုပဲ ပေးပါကွာ။ ချိုပေါ့တစ်ခွက်နဲ့ အီကြာကွေးပေါ့။ ကိုမိုးရော နေ့တိုင်း ဒီဆိုင်မှာ ထိုင်ဖြစ်လား။ ဘာတွေထူးသေးလဲဗျ။

ဦးမိုး – ဟဲ ဟဲ ထိုင်ဖြစ်ပါတယ်။ ဘာထူးရမလဲဗျာ။ ကိုတိုးလည်း သိမှာပါ အခုတလော ဟော့ဖြစ်နေ တာကတော့ အီရန် စစ်ပွဲ၊ အမေရိကန် သမ္မတကြီး တရုတ်ပြည်ကို လာလည်တဲ့ သတင်းတွေပဲပေါ့။ ဘာရှိသေးလို့လည်းဗျ။

ဦးတိုး – ရှိသေးတယ်လေဗျာ။ ကိုမိုးကလည်း။ တရုတ်နိုင်ငံကနေ “အောင်ပြီ အောင်ပြီ” ဆိုပြီး လက်ဗလာနဲ့ ပြန်လာတဲ့ သမ္မတကြီး ထရမ့်က တရုတ်နိုင်ငံမှာလည်း ballroom (ကပွဲခန်းမ) ရှိနေလို့ သူ့ရဲ့ အိမ်ဖြူတော်က သူဖျက်ပစ်လိုက်တဲ့ တောင်ဘက်ခြမ်းနေရာမှာ ballroom မဖြစ်မနေ ဆောက်ကို ဆောက်ရတော့မယ်ဆိုလို့ ကြိမ်းဝါးနေတဲ့ သတင်းရော ကိုမိုး မကြားမိဘူးလား။

ဦးမိုး – သြော် အဲဒီလိုတောင် ဖြစ်ရသလား။ သူ့ခမျာ ဒီ ballroom ကို ဆောက်ချင်လွန်းလို့ သမိုင်းဝင် အိမ်ဖြူတော် တောင်ဘက်ခြမ်း တစ်ခုလုံးကို ဖျက်ပစ်။ ပြီးတော့ ballroom အသစ် ဆောက်ဖို့ ကုန်ကျစရိတ်ကိုလည်း ပြည်သူတွေဆီက တစ်ပြားတစ်ချပ်မှ မယူဘဲ သူ့အိတ်ကပ်ထဲက ငွေစိုက် ထုတ်ပြီး ဆောက်မယ်ပြောခဲ့တာလေ မှတ်မိသေးတယ်။ အခုရော သူ့ ballroom  ကြီးကို စဆောက်နေပြီလား ကိုတိုး။

အိမ်ဖြူတော် Ballroom တည်ဆောက်ရေး လုပ်ငန်းခွင်ရှေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော သမ္မတ ဒေါ်နယ်ထရမ့် (Source: CNN)

ဦးတိုး – ဟိုတစ်နေ့ကတော့ တီဗီမှာ ဆူဆူညံညံ လုပ်ငန်းခွင်ရှေ့မှာ သတင်းထောက်တွေနဲ့ အမေးအဖြေ လုပ်နေတာ တွေ့လိုက်တာပဲ။ အဲဒီအတွက် ကုန်ကျစရိတ်လား။ ဘယ်နှယ့်ဗျာ။ ဒေါ်နယ်ထရမ့်လား သူ့အိတ်ထဲက စိုက်ပြီးလုပ်မှာ။ အခုကိုပဲ သူ့နောက်ကို တကောက်ကောက်လိုက်နေကြတဲ့ ကုမ္ပဏီကြီးတွေကို အလှူငွေတွေ ထည့်ခိုင်းပုံရတယ်၊  ဒါနဲ့တင် အားမရနိုင်ဘူးဗျို့… ကွန်ဂရက်ကိုလည်း ပိုက်ဆံလှမ်းတောင်းသေးတာ။ နိုင်ငံတော် ဘက်ဂျက်ဆိုတာ ပြည်သူတွေ ပေးဆောင်ထားတဲ့ အခွန်တွေပဲ မဟုတ်လားဗျ။ အခုတော့ မကျေနပ်သံတွေ ပွစိပွစိ ဖြစ်ကုန်ကြပြီလေ။ 

ဦးမိုး – သူမှန်းထားတဲ့ အဲဒီ ballroom ကြီး ကုန်ကျစရိတ်က ဒေါ်လာသန်း ၂၀၀ တဲ့၊ အဲဒါကိုတောင်မှ နိုင်ငံတော် ငွေတွေကို မျက်စပစ်နေသေးတာလား။ သူနဲ့ ပူးပေါင်းမှ အလုပ်ဖြစ်မယ့် ကော်ပိုရိတ်ကြီး တွေက လှူတာနဲ့တင် လောက်နေပြီ မဟုတ် ဘူးလား။

ဦးတိုး – ဘယ်ကလာ ကိုမိုးကလည်း။ အရင်က ဒေါ်လာ သန်း ၂၀၀ ပြောထားပေမယ့် အခုတော့ ဒေါ်လာ သန်း ၄၀၀ ကုန်မယ်တဲ့ဗျား…။ ဒါနဲ့တင် အားမရသေးဘူး ထင်ပါရဲ့ အဲဒီ ballroom ကို လုံခြုံရေး အဆင့်မြှင့်တင်ဖို့ လိုတယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက်လာရင် မြေအောက်ဘန်ကာ စနစ်ပါထည့်ရမယ်ဆိုပြီး အစိုးရ ဘက်ဂျက်ထဲကချည်းပဲ ဒေါ်လာ တစ်ဘီလီယံ တောင် ထပ်တောင်းနေသေးလို့ အတိုက်အခံတွေက မကျေမနပ် ဖြစ်နေကြတာလေ။ သူကြီးဘုရား ရွာသားကောင်းမှု ဆိုသလို ဖြစ်နေတာပေါ့။

ဦးမိုး – ကျွန်တော့်ဘကြီးတစ်ယောက် ပြောသလိုပေါ့။ “မင်းတို့ကို ကိတ်မုန့်ဝယ်ကျွေးမယ် ကိတ်မုန့်ထည့်ဖို့ ရွှေလင်ဗန်း ကိုတော့ မင်းတို့ အရင်ဝယ်ပေး” ဆိုသလို ဖြစ်နေပီဗျ။ 

ဦးတိုး – ဒါတင်ဘယ်ကဦးမလဲ ကိုမိုးရဲ့ ထရမ့်ရဲ့ နောက်ထပ် အကွက်တွေလည်း ရှိသေးတယ်ဗျ။

ဦးမိုး – ဟမ်။ နောက်ထပ်အကွက်တွေ…။ လုပ်ပါဦး ဘာတွေများလည်းဗျ။

ဦးတိုး – ခင်ဗျားကြားရင် ပက်လက်လန်သွားမယ်။ ရယ်ရအခက် ငိုရအခက်။ သူဌေးကြီး ဒေါ်နယ်ထရမ့်က သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရ အခွန်ဌာနကို တရားစွဲသတဲ့။ ဒီအမှုကို ကြားထဲက ရှေ့နေလိုက် ပေးသင့် မပေးသင့် ဆုံးဖြတ်ပေးနေတာက ထရမ့်ရဲ့ လက်ကိုင်တုတ် တရားရေး ဝန်ကြီးဌာန (Department of Justic) တဲ့ဗျာ။ ကဲ ကြားလို့မှ ကောင်းသေးရဲ့လား။

ဦးမိုး – အဲလိုကြီးလား။ ယုံရအခက် မယုံရအခက်။ ဒါနဲ့ ဘာကြောင့် တရားစွဲရတာလည်းဗျ။

ဦးတိုး – အရင့် အရင်နှစ်တွေက သူဌေးကြီး ထရမ့်ရဲ့ အခွန်နဲ့ ပတ်သတ်တဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို အစိုးရ အခွန်ဌာနက အပြင်ကို ပေါက်ကြားအောင်လုပ်တဲ့အမှုနဲ့ သူ့ကို နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ပေးရမယ်တဲ့ဗျား…။

ဦးမိုး – ဟောဗျာ… နားရှိလို့သာကြားရ ယုံကို မယုံနိုင်ဘူးဗျို့.. ဒါလုပ်ဇာတ်ကြီးပဲဗျ။ မဟုတ်ဘူးလား။ ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြတာလား။

ဦးတိုး – ကိုမိုးနှယ်။ ဒီလိုမကြည့်တော့ ဘယ်လိုကြည့်ရမှာတုန်းဗျ။ ထရမ့်က ဒီလိုတွေလုပ်ချင်လို့ သမ္မတ မဖြစ်ဖြစ်အောင် အိမ်ဖြူတော်ကိုတောင် ရောက်လာခဲ့ပြီးမှပဲ။ ကျန်တာကတော့ သူ့ကို အိမ်ဖြူတော်ရောက်အောင် မဲပေးခဲ့ကြတဲ့ သူ့ဘက်တော်သားတွေ ပြန်ပြီး စဥ်းစား သုံးသပ်ကြဖို့တော့ လိုမယ်ထင်တယ်။ 

ဦးမိုး – အေးလေဗျာ။ မဲဆွယ်စဥ်တုန်းကတော့ အမေရိကန်သာ ပထမ၊ အမေရိကန်သာ ဦးစားပေးဆိုပြီး ပြောခဲ့ပြီးတော့ အခုတော့ ဗင်နီဇွဲလားလည်းမနေရ၊ အီရန်ကိုလည်း နှိမ်နင်းဖို့ ကြိုးစား၊ အနီးအနားက ကျူးဘားကိုလည်း ရန်စောင်နေသေးတာ။ အခုတော့ ဘယ့်နှယ်ရှိစ လို့ပဲ သူ့ကို မဲပေးခဲ့ကြတဲ့ သူတွေကိုပဲ မေးလိုက်ချင် တော့တယ်။ 

ဦးတိုး – ဒါကြောင့် အမေရိကန် နိုင်ငံသားတွေက တရုတ်သမ္မတ ရှီ ဆီကို သွားလည်ပတ်ပြီး လက်ဗလာနဲ့ ပြန်လာ ကတည်းက သိပ်မကျေနပ်တော့တာ။ နောက်ပြီး အီရန်ကိုလည်း သေသေသပ်သပ်နဲ့ အနိုင်မတိုက်နိုင် ဟိုနေ့တိုက်မယ် ဒီနေ့တိုက်မယ်နဲ့ နီးလာတဲ့အခါကျတော့လည်း အကြောင်းတစ်ခုခုပြပြီး လျောချလိုက်တော့တာ။ အီရန်လို အာဏာရှင်မျိုးကို ဒီလိုသွားစတာ မြွေပွေး ခါးပိုက်ပိုက်ထားသလိုပဲလေ။ ပိုင်မှလုပ်တာကောင်းတာပေါ့။ အခုတော့ မဟာမိတ်တွေက မကူညီ၊ ကုန်ကုန်ပြောမယ်ဗျာ တရုတ်ကတောင်မှ ဒီအတိုင်းကြည့်နေသလိုချည်း ခံစားရတယ်။ သူတို့ အတွင်းကိစ္စ အသေးစိတ်တွေ မသိပေမယ့် ကိုယ့်လူက လူရယ်စရာကြီး ဖြစ်နေတာတော့ မဟန်ဘူး ကိုယ့်လူ။ အခုလက်ရှိမှာတော့ အမေရိကန် ပြည်သူတွေက တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီစျေးနဲ့ နပန်းလုံးနေကြရတယ်လို့ ကြားတယ်ဗျ။

ဦးမိုး – သူမဟန်တာကတော့ ကိုယ်နဲ့ သိပ်ပြီးတော့ မပတ်သက်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရှေ့မှာ ပြောခဲ့သလို နိုင်ငံရဲ့ ဘဏ္ဍာတွေကို ကိုယ်ကျိုးလိုကြည့်ပြီး အိတ်ထဲ ထည့်ဖို့ ကြိုးစားနေတာကတော့ တော်တော် အရုပ်ဆိုးတာပဲဗျ။ ဒီမိုကရေစီ နိုင်ငံကြီးဆိုဗျ။ အခုတော့ ဘယ်လိုဖြစ်နေတာလည်းကို နားမလည်တော့ဘူး။ နိုင်ငံတကာ စံနှုန်းတွေ ပျောက်ကုန်တာတော့ စိတ်မကောင်းဘူးဗျို့…။

ဦးတိုး – စိတ်မကောင်းလက်စနဲ့ နောက်တစ်ခု ဆက်ပြောလိုက်ဦးမယ်။ စိတ်ခိုင်ခိုင်သာ ထားပေတော့။ 

ဦးမိုး – ဟင်.. လာပြန်ပြီလား။ ဘာဇာတ်လမ်းတွေလည်းဗျ။ ဆိုပါဦး…

ဦးတိုး – ဟုတ်တယ် ရှိသေးတယ်။ ကိုမိုး အမေရိကန်က ဇန်နဝါရီ (၆) ရက် ကိစ္စကို သိလား။

ဦးမိုး – အင်း သိတယ် သိတယ်။ ထရမ့် ပထမ သက်တမ်းမှာ မဲရှုံးလို့ ဆင်းမပေးချင်လို့ ညစ်တွန်းတွန်းပြီး သူ့ကို ထောက်ခံကြတဲ့လူတွေက အမေရိကန် ကွန်ဂရက်လွှတ်တော်ကို အကြမ်းဖက်ပြီး ဝင်စီးကြတာမဟုတ်လား။ ကြားလိုက်ပါတယ်။

ဦးတိုး – ဟုတ်ပါ့ဗျာ။ အခု ထရမ့်က အဲဒါကို အကြောင်းပြုပြီး “အရင်အစိုးရရဲ့ မတရားဖိနှိပ်၊ နှိပ်စက်တာ ခံရသူတွေကို ကာကွယ်ပေးရေး ရန်ပုံငွေ” ဆိုပြီး နာမည်လှလှလေး ပေးပြီးတော့ အခုနကပြောခဲ့တဲ့ သူဌေးကြီး ထရမ့်ကနေ အခွန်ဌာနကို ဒေါ်လာ ၁၀ ဘီလီယံနဲ့ တရားစွဲတဲ့ အမှုကို ကျေအေးပေးမယ်။ အဲဒီလို ကျေအေးပေးရမယ်ဆိုရင် အဲဒီရန်ပုံငွေထဲကို ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနီးပါး ထည့်ပေးရမယ်တဲ့။

ဦးမိုး – ဟင် အဲဒါဘယ်လိုကြီးလဲဗျ။ အစိုးရ ပိုက်ဆံဆိုတော့ ပြည်သူတွေက တာဝန်ကျေကျေ ပေးဆောင်ထားတဲ့ အခွန်တွေပဲ မဟုတ်လား။ နောက်ပြီး အဲဒီ ရန်ပုံငွေတွေ ရပါပြီတဲ့ နိုင်ငံရေးအရ တိုက်ခိုက်ခံရလို့ နစ်နာသူတွေကို ဘယ်လို သတ်မှတ်မှာလဲ။ ဘယ်လောက်ပေးမှာလဲ။

ဦးတိုး – ဖြည်းဖြည်းမေးပါဗျာ။ ခင်ဗျားလိုပဲ အမေရိကန်ပြည်သူအများစုက သိချင်နေကြတာ။ မြန်မြန်ဖြေရရင်တော့ အဲဒါတွေ ဘာမှ မသိဘူး။ ဘာမှလည်း ရှင်းလင်းအောင် ပြောပြမသွားဘူး။ အဲ ကြားလိုက်တာ တစ်ခုကတော့ ဒီငွေတွေကို ကိုင်တွယ်ဖို့ လူငါးယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့က ကြီးကြပ်မယ်လို့ဆိုတယ်။

ဦးမိုး – သြော် ဒါဆိုရင် တော်သေးတာပေါ့။

ဦးတိုး – ဟား ဟား ဟား။ ဆုံးအောင်နားထောင်ဦး ကိုယ်လူ။ အဲဒီ လူငါးယောက်ကို သမ္မတက အချိန်မရွေး ခန့်အပ်ခွင့်၊ ဖြုတ်ခွင့်ရှိတယ်တဲ့ဗျ။ သမ္မတဆိုတဲ့ ပုဂ္ဂိုလ်က ထရမ့်လေဗျာ။

ဦးမိုး – ဟော လုပ်ပြန်ပြီ။ ဒါကလည်း တိုင်းပြည်ရဲ့ ဘဏ္ဍာအခွန်ငွေတွေကို မသမာတဲ့နည်းလမ်းနဲ့ ကိုယ်အိတ်ထဲကို တရားဝင်ရောက်အောင် လုပ်နေသလိုပါပဲလား။ ဒီလိုဝေဖန်ရမှာ စောနေသေးပေမယ့် ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံ ရည်ရွယ်ချက်တွေက မရိုးသားတော့ သူ့ရဲ့ ရည်ရွယ်ချက်ကို သိနေသလိုပဲ။ နောက်ပြီးတော့ သူ့စိတ်ကြိုက် သူ့နောက်လိုက်တွေကို “တရားဝင် လာဘ်ထိုးသလို” ဖြစ်မနေဘူးလား။

ဦးတိုး – ခင်ဗျားဒီလိုမြင်တာမှန်ပါတယ်။ အခုနကပြောသလို အမေရိကန် ပြည်သူတွေကလည်း ဒီလိုပဲ မြင်ကြတာပါ။

ဦးမိုး – ဒါပေါ့ကိုတိုးရာ။ ပြည်သူတွေ အနေနဲ့က တာဝန်သိသိနဲ့ အခွန်တွေလည်း ပေးထားတဲ့ဟာကို။ ဒါကို ယူထားတဲ့ အစိုးရအနေနဲ့က ပြည်သူ့ ဘဏ္ဍာကို ကောင်းမွန်စွာနဲ့ ကိုင်တွယ်သုံးစွဲရမှာပေါ့။ ပြည်သူဘဏ္ဍာ ငါ့ဟာ လုပ်လို့မှ မရတာ။ 

ဦးတိုး – ဒါတင် မကသေးဘူးဗျ။ ကျန်သေးတယ် ကိုယ့်လူ။ ထရမ့်က သူ့အတွက် နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ကျေအေးပေးဖို့ အတွက်ကို အစိုးရဆီကနေ နှစ်ခု ပြန်တောင်းနေတာဗျ။ တစ်ခုက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရန်ပုံငွေချပေးဖို့၊ နောက်တစ်ခုက IRS လို့ခေါ်တဲ့ အစိုးရ အခွန်ဌာနက နောက်ဆိုရင် ဒေါ်နယ်ထရမ့်ကိုယ်တိုင်၊ နောက်ပြီး  သူ့ မိသားစုဝင်တွေနဲ့ သူပိုင် စီးပွားရေးလုပ်ငန်းတွေကို ဘယ်တော့မှ အခွန်စည်းကြပ်ခြင်း မပြုရဘူး၊ အခုလောလောဆယ် မပြီးမပြတ်သေးတဲ့ အမှုတွေဆိုရင်လည်း ကျေအေးပြီး အမှုပိတ်သိမ်းရမည် ဆိုတဲ့ အကြောင်းတွေပါ ထည့်ပြီး ချည်နှောင်လိုက် နိုင်သေးသဗျ။

ဦးမိုး – ဘယ်လို ဘယ်လို။ တတ်လည်း တတ်နိုင်တဲ့ လူပါလား။ သူ့ရဲ့ သမ္မတဆိုတဲ့ အာဏာပါဝါကို အသုံးချပြီး လုပ်ပိုင်ခွင့်တွေကို အရယူနေပုံများ ကြားလို့မှ မကောင်းဗျာ။ ဒါကြီးကတော့ ဥပဒေ အထက်ကို ရောက်သလိုကြီး ဖြစ်မနေဘူးလားဗျ။

ဦးတိုး – ဖြစ်တာပေါ့ဗျာ။ ဒီလို “တစ်သက်စာ အခွန်ကင်းလွတ်ခွင့် ပေးလိုက်သည်” ဆိုတဲ့ အချက်ကြီး ကျေအေးလွှာထဲမှာ လက်သိပ်ထိုးပြီး ထည့်ထားပေမယ့် မြင်တဲ့လူက မြင်သွားတော့ အခု ဆူညံပူညံတွေ ဖြစ်နေ ပါရောလား။ ဒါကို မဖြစ်ဖြစ်အောင် လုပ်ပေးတဲ့ လူကလည်း လက်ရှိ DOJ ရဲ့ ယာယီ အကြီးအကဲ တော့ဘလန့်ချ်ဆိုတာ၊ အရင်က ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ရှေ့နေတစ်ယောက်ပေါ့။ ထရမ့်က ဒီလူလောက်ကတော့ အိတ်ကပ်ထဲ ထည့်ထား ပုံရတယ်။ 

ဝါရှင်တန် ဒီစီတွင် တည်ဆောက်မည့် အောင်မြင်ရေး မုခ်ဦး ပုံစံ (Source: Global Construction Review)

ဦးမိုး – စဥ်းစားကြည့်တော့ တကယ့်ကို အံ့သြစရာ။ ထရမ့်က စီးပွားရေး သမားပီပီ အကွက်ကိုလည်း မြင်တတ်ပါ့။ “နိုင်ငံတော်အဆင့် စီးပွားရေး ကစားကွက်ကြီး” လို့ ပြောရမလိုပဲ။ ဒီလိုလုပ်ချင်လို့လည်း ဒီနေရာကို ရောက်အောင် ပြန်တက်လာတာနေမှာပဲဗျ။ မဟုတ်ဘူးလား။

ဦးတိုး – ဖြစ်မှာပါလေ။ ကဲ ပြန်တော့မယ်ဗျာ။ ကြာလှပြီ ဒါပေမဲ့ မပြန်ခင် ဒီနေ့အတွက် နောက်ဆက်တွဲ လေးတစ်ခု ပြောခဲ့ချင်သေးတယ်။ ပြီးမှပြန်မယ်။

ဦးမိုး – ဘာလဲဗျ။ ဘာလျှို့ဝှက်ချက်တွေလဲ။ 

ဦးတိုး – သြော် ဒေါ်နယ်ထရမ့်ရဲ့ နောက်အကွက်တစ်ခုရှိသေးတယ်။

ဦးမိုး – လာပြန်ပီလား။ ဒီနေ့ သူ့အကြောင်းချည်းပါပဲလား။ 

ဦးတိုး – ဟုတ်တယ်ဗျို့။ ဒီလိုဗျ နောက်ထပ်ပေါ်ထွက်လာတဲ့ သတင်းတွေအရ ထရမ့်က စတော့ရှယ်ယာ တွေ တစ်ပွေ့တစ်ပိုက်ကြီး လိုက်ဝယ်သတဲ့။ ပြီးရင် သမ္မတတစ်ယောက်အနေနဲ့ လျှို့ဝှက်သင့်တဲ့ အရာတွေကို မလျှို့ဝှက်ဘဲနဲ့ သူစတော့ရှယ်ယာဝယ်ထားတဲ့ ကုမ္ပဏီတွေရဲ့ နာမည်တွေကို အခွင့်သင့်ရင် သင့်သလို သူ့ကို ထောက်ခံသူတွေကို အဝယ်ခိုင်း ပါတယ်တဲ့ဗျား။ လူတွေက အဲဒီရှယ်ယာတွေကို လိုက်ဝယ်တော့ ရှယ်ယာစျေးတွေက တက်၊ အဲဒီလို အတက်မှာ သူဝယ်ထားတဲ့ စတော့အများကြီးကို စျေးကောင်းနဲ့ ပြန်ရောင်း။ ကဲ သူလိုလူမှ မချမ်းသာရင် ဘယ်သူချမ်းသာမတုန်းဗျ။  

ဦးမိုး – ကဲ ကောင်းရောဗျာ။ ဒါပေမဲ့ ကြားရတာ နားမချမ်းသာလွန်းလို့ ဒီနေ့တော့ ထရမ့်အကြောင်း ဒီလောက်နဲ့ပဲ တော်ပါတော့ဗျာ။ ဒါမှမဟုတ်ရင်လည်း ခင်ဗျားပြောသလိုပဲ ဒီဟာက နောက်ဆုံးဆိုရင်လည်း ပြောပြီးရင် ပြန်ပါတော့ ဆရာတိုးရယ်။ ကျုပ်လည်း ပြန်တော့မယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် မပတ်သတ် ပေမယ့်လည်း အခုလို မဟုတ်တရုတ်တွေ လုပ်နေတာမျိုး၊ ကိုယ်ကျင့်တရားနဲ့ ယှဥ်လာပြီး လောဘကို မသတ်နိုင်တာကိုတော့ မနှစ်သက်ဘူးဗျို့…။ 

ဦးတိုး – ကဲ ကဲ သွားပါပြီဗျာ။ နောက်နေ့မှတွေ့ကြတာပေါ့။ 

Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *