The Corner

The Corner

cropped-Logo_round_grey-background.png

သမ္မတ ထရမ့် လက်မှိုင်ချနေရပြီဖြစ်တဲ့ အီရန်စစ်ပွဲ — နိုင်သူမရှိ၊ ရှုံးသူသာရှိ

Share မယ်

နိုင်သူမရှိတဲ့ စစ်ပွဲ

အရှေ့အလယ်ပိုင်းဒေသက အီရန်စစ်ပွဲမှာ ဘယ်သူအနိုင်ရနေသလဲဆိုတဲ့ မေးခွန်းကို အဖြေအမျိုးမျိုး ပေးနေကြတယ်။ အချိန်ကာလနဲ့ ကိန်းဂဏန်းတွေအရ ဆန်းစစ်ရင် အမေရိကန် အရှုံးပေါ်နေပြီလို့ ဆိုသူတွေရှိသလို၊ ‘ဟော်မုဇ်ရေလက်ကြား’ ကို လက်ရှိအချိန်အထိ အဓိကအားဖြင့် ပိတ်ဆို့ထိန်းချုပ်ထားနိုင်တဲ့အတွက် အီရန်ဘက်က အသာစီးရနေတယ်လို့ သုံးသပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ လက်တွေ့မြေပြင်ပေါ်က ရလဒ်တွေကို ကြည့်ရင်တော့ နှစ်ဦးနှစ်ဖက်စလုံး အရှုံးပေါ်နေကြပြီလို့ ဆိုနိုင်တယ်။ အဓိက ဆုံးရှုံးနစ်နာသူတွေကတော့ အရပ်သူအရပ်သား ပြည်သူပြည်သားတွေဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့နေရတယ်။

၂၂ ဇူလိုင် ၂၀၂၆ တွင် အမေရိကန်သို့ ပြန်ရောက်ရှိလာသော စစ်သည် ‘အစ္စဘယ်လာ ဂွန်ဇာလက်’ (အသက် ၁၉) ၏ ရုပ်အလောင်းအား သမ္မတ ထရမ့် နှင့် ဝန်ကြီး ပိဟက်ဆက်တို့ အလေးပြုကြိုဆိုနေစဉ်။ (Photo: author)

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍကို အကြီးအကျယ် ထိခိုက်ခဲ့တာလည်း တွေ့ရတယ်။ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု သိသိသာသာ ပြတ်တောက် ခဲ့ခြင်းကြောင့် ရေနံစျေးနှုန်းတွေ မတည်မငြိမ်ဖြစ်ခဲ့ရတယ်။ ရေနံ စွမ်းအင်တင်သွင်းရတဲ့ အာရှနိုင်ငံအများစုမှာလည်း ရေနံပြတ်လပ်မှု ဘေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး စားဝတ်နေရေး စီးပွားရေး ပြဿနာအများအပြားနဲ့ ကြုံတွေ့နေကြရတယ်။

Operation Epic Fury ဆိုပြီး အီရန်စစ်ပွဲဆင်နွှဲခဲ့တာ ၆-လပြည့်ခဲ့ပြီဖြစ်တယ်။ စစ်ပွဲစတင်ခဲ့စဉ်က အမေရိကန်သမ္မတ ထရမ့် က သီတင်းပတ် ၄ ပတ် ၅ ပတ်လောက်ပဲ ကြာမှာဖြစ်တယ်လို့ လေလုံးထွား ခဲ့တယ်။ အမေရိကန်အနေနဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုအတွင်း ခေတ်မီစစ်လက်နက်တွေ အလျှံပယ် ထုတ်သုံးခဲ့ပေမယ့် ‘ဝါ ရှင်တန်အစိုးရ’ဟာ အဓိက မဟာဗျူဟာ ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အမေရိကန်ရဲ့ မဟာမိတ် ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဖြစ်တဲ့ UAE နဲ့ ကူဝိတ်မှာလည်း အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည် တန်ပြန်တိုက်ခိုက်မှုတွေကြောင့် စွမ်းအင်အခြေခံ အဆောက် အအုံတွေ ပျက်စီးခဲ့ရပြီး၊ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကဏ္ဍတွေ ကြီးကြီးမားမား ထိခိုက်ခဲ့ရတယ်လို့ စစ်ရေးစောင့်ကြည့်အကဲခတ်တွေက သုံးသပ်ခဲ့ကြတယ်။   

ဘယ်သူတွေ ဘယ်လောက် ဆုံးရှုံးခဲ့ရသလဲ

အမေရိကန်အနေနဲ့လည်း စစ်ပွဲအတွက် ဒေါ်လာ ၁၁၀ ဘီလီယံကျော် ကုန်ကျခဲ့ရပြီး၊ စစ်သား ၇၅၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်သည် ၁၈ ဦး သေဆုံးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုတယ်။ အမေရိကန်အစိုးရအနေနဲ့ အီရန်အစိုးရကို ဖြုတ်ချနိုင်ခြင်းမရှိဘဲ ခေတ်မီလေကြောင်းကာကွယ်ရေးလက်နက် အမြောက် အမြား ကုန်ခမ်းသွားခဲ့ရတဲ့အတွက် “မဟာ ဗျူဟာမြောက် ဆုံးရှုံးမှုဖြစ်ကြောင်း” ဝေဖန်သုံးသပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။

အစ္စရေးအစိုးရအနေနဲ့လည်း အီရန်အစိုးရ ပြုတ်ကျရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ အမေရိကန်နဲ့ နိုင်ငံရေးမဟာမိတ် ပျက်ပြားစပြုလာနေတာတွေ့ရတယ်။ အစ္စရေးဝန်ကြီးချုပ် ‘နေတန်ယာဟု’ဟာ ပြည်တွင်းနိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရခြင်းကြောင့်  နိုင်ငံရေးအရ အဓိက အရှုံးသမား ဖြစ်လာ နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲအတွင်း အီရန်နဲ့ လက်ဘနွန်ရှိ အရပ်သား ပြည်သူတို့ရဲ့ အသက်ပေါင်း များစွာ သေဆုံးခဲ့ရတယ်။ အရပ်သားပြည်သူပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေကြောင့်  ဆုံးရှုံးနစ်နာနေကြရသူတွေဟာ သာမန်အရပ်ဖက်ပြည်သူတွေသာ ဖြစ်တာ ထင်ရှားပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံမှာ အရပ်သား ထောင်ပေါင်း များစွာ သေဆုံးခဲ့ရပြီး၊  အီရန် ပြည်သူ ၃ ဒဿမ ၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ဆိုတယ်။

ကျောင်းတွေ၊အားကစားရုံတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေ အများအပြား ဒုံးကျည်ထိမှန်ခဲ့တဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအများအပြား သေဆုံးခဲ့ကြရတယ်။ အီရန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အစိုးရအသံလွှင့်ဌာနတို့ရဲ့ ဖော်ပြချက်အရ စစ်ပွဲအတွင်း အရပ်သူအရပ်သား ၃,၅၂၈ ယောက်သေဆုံးပြီး ၂၆,၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုတယ်။

လက်ဘနွန်မှာလည်း အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့အကြား တိုက်ပွဲတွေကြောင့် လက်ဘနွန်ပြည်သူ ၃,၄၀၀ ကျော် သေဆုံးခဲ့ရပြီး ပြည်သူ တစ်သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။

အီရန်အပေါ် အမေရိကန်ရဲ့ ‘D-Day စီးပွားရေးဒဏ်ခတ်မှု’

ဘဏ္ဍာရေးဝန်ကြီး Scott Bessent (Photo: Author)

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကြေညာခဲ့တဲ့ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ D-Day စီးပွားရေးစစ်ဆင်ရေးဟာ သမိုင်းမှာ အကြီးမားဆုံး စီးပွားရေး ပိတ်ဆို့မှု ဖြစ်တယ်လို့ ဆိုတယ်။ စစ်ပွဲကြောင့် အီရန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ ရေတပ်နဲ့ ဒုံးကျည်စနစ်တွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်ပွဲဒဏ်ကြောင့် အီရန် ‘ရီရယ်ငွေကြေး’ တန်ဖိုးထိုးကျခဲ့ရပြီး အဆိုးဆုံး စီးပွားရေးပျက်ကပ်နဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်။

အမေရိကန်ရဲ့ ‘D-Day စီးပွားရေးဒဏ်ခတ်မှု’ ထိုးနှက် ချက်ကြောင့် စစ်ဒဏ်သင့်ပြီး အလွန် အားနည်း နေပြီးဖြစ်တဲ့ အီရန်စီးပွားရေးအပေါ် ပြင်းထန်တဲ့ သက်ရောက်မှု ချက်ချင်းဖြစ်ပေါ်စေခဲ့တယ်။ စီးပွားရေး D-Day ကြေညာပြီးနောက် အီရန်ရီရယ် (Rial) ငွေကြေးဟာ သမိုင်းမှာ အနိမ့်ဆုံးအဖြစ် တစ်ဒေါ်လာလျှင် ၂ ဒသမ ၀၅ သန်း ရီရယ် အထိ ထိုးကျသွားခဲ့ကြောင်း သိရတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ ရေနံသာမက အီရန်ပြည်သူတွေ ငွေကြေးတန်ဖိုးထိန်းသိမ်းရေးအတွက် အားကိုးနေရတဲ့ ရွှေ၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု (Crypto)၊ လေကြောင်းလိုင်းနဲ့ သင်္ဘောလိုင်း ကဏ္ဍတွေ ကိုပါ ပစ်မှတ်ထား ပိတ်ဆို့ထားကြောင်း သိရတယ်။  အီရန်ရဲ့ အဓိကဘဏ်ဖြစ်တဲ့ Bank Melli ရဲ့ ပြည်ပဘဏ်ခွဲအားလုံးကို ပိတ်ပစ်နိုင်အောင် အမေရိကန်က ဖိအားပေးနေတယ်။ အီရန်ရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ ယူအေအီး (UAE) က အီရန်နဲ့ “ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးလုပ်ငန်းအားလုံး” ကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့တယ်လို့ ဆိုတယ်။  ဒါပေမယ့် အီရန် အစိုးရကို လုံးဝဒူးထောက်သွားအောင် လုပ်ဆောင်ဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်ကြတယ်။

အီရန်စီးပွားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် နှစ်ပေါင်း ၄၀ ကျော် ပိတ်ဆို့မှုဒဏ်ကို ခံရဖူးတဲ့အတွက် “အပြည့်အဝ ပြင်ဆင်ထားပြီး” ဖြစ်တယ်လို့ ဆိုတယ်။ အခု ဒဏ်ခတ်ပိတ်ဆို့မှု ထိုးနှက်ချက်ဟာလည်း အမေရိကန်အတွက် နောက်ထပ်ရှုံးနိမ့်မှုတစ်ခုသာ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ထားတယ်။ 

အီရန်နောက်ကွယ်မှာ တရုတ်နဲ့ ရုရှားရှိတယ်

အီရန်ဟာ ရုရှား၊ ချီလီ၊ တရုတ် စတဲ့ နိုင်ငံများနဲ့ ကုန်းလမ်း၊ ရထားလမ်းနှင့် ကက်စပီယံပင်လယ်လမ်းကြောင်းများမှတစ်ဆင့် ပိတ်ဆို့မှုကို ကျော်လွှားဖို့ ကြိုးပမ်းနေတယ်။ တရုတ်နိုင်ငံကလည်း D-Day စီးပွားရေးပိတ်ဆို့မှုကို “တရားမဝင်ကြောင်း” ရှုတ်ချထားတယ်။ စီးပွားရေးအရ အကျပ်ရိုက်လာပါက အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားကို လုံးဝပိတ်ပစ်ခြင်း သို့မဟုတ် ပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ်များကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ခြေရှိတယ်။ ‘D-Day စီးပွားရေးပိတ်ဆို့မှု’ ကြောင့် အီရန်ဟာ ရေတိုမှာ ငွေကြေးတန်ဖိုးပြိုလဲခြင်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ အပိတ်ခံရခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင်ဖွယ်ရှိသော်လည်း၊ အမေရိကန် မျှော်လင့်သကဲ့သို့ အီရန်အစိုးရ ချက်ချင်းပြိုလဲသွားဖို့ မလွယ်ပါဘူး။

အီရန်ကို တရုတ်နဲ့ ရုရှားတို့ရဲ့ နောက်ကွယ်မှ အကူအညီပေးနေမှုများကြောင့် အီရန်လွယ်လွယ်နဲ့ မပြိုလဲနိုင်ပါ။ ဒါပေမယ့် ကမ္ဘာ့ ရေနံစျေးနှုန်းနဲ့  စွမ်းအင်စျေးကွက်အပေါ် ရိုက်ခတ်မှုတွေ အလွန် ကျယ်ပြန့်လာနေတဲ့အတွက် စိုးရိမ်စရာ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုတယ်။ အမေရိကန်ရဲ့ ‘စီးပွားရေး D-Day’ ကြောင့် အီရန်ရဲ့ ရေနံတင်ပို့မှုကို လုံးဝဖြတ်တောက်ရန် ကြိုးပမ်းလာခြင်းနဲ့ အီရန်ရဲ့ စစ်ရေးအရ တုံ့ပြန်နိုင်ခြေတွေကြောင့် ကမ္ဘာ့စွမ်းအင်ကဏ္ဍမှာ ကြီးမားသော လှုပ်ခတ်မှုတွေ ဖြစ်ပေါ် နေတယ်။

စစ်ပွဲနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးနှုန်း (Brent Crude) တစ်စည်ကို အမေရိကန် ဒေါ်လာ ၁၅၀ ကျော် အထိ သမိုင်းတင် စံချိန်တင် မြင့်တက်သွားခဲ့တယ်။ အီရန်အပေါ် ပိတ်ဆို့မှု ပိုမိုတင်းကျပ်လာတာနဲ့ အမျှ  စျေးကွက်မတည် မငြိမ်ဘဲ၊ ရေနံစျေးနှုန်း ဆက်လက် မြင့်တက်နိုင်ခြေ ရှိနေတယ်။  ဟော်မုဇ်ရေလက်ကြားဟာ တစ်ကမ္ဘာလုံး ရေနံတင်ပို့မှုရဲ့  ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အဓိက လမ်းကြောင်းဖြစ်တယ်။  စီးပွားရေးအရ အကျပ်ရိုက်လာခဲ့ရင် အီရန်က ရေလက်ကြားကို ဒရုန်းများ၊ ရေမိုင်းများနဲ့ ဒုံးကျည်များ သုံးပြီး လုံးဝပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ ယင်းအခြေအနေမျိုး ဖြစ်လာပါက ကမ္ဘာ့စွမ်းအင်စျေးကွက်တခုလုံး လုံးဝကမောက်ကမ ဖြစ်သွားနိုင်ခြေ ရှိကြောင်း သုံးသပ်မှုတွေရှိတယ်။

အီရန်ရေနံကို အဓိက အမှီပြုနေရတဲ့ တရုတ်နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံတွေမှာ စွမ်းအင် ပြတ်လပ်မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရတယ်။  တရုတ် က အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တရားမဝင်ဘူးလို့  ရှုတ်ချထားတယ်။ အီရန်ရေနံကို လျှို့ဝှက်လမ်းကြောင်းများမှတစ်ဆင့် ဆက်လက်ဝယ်ယူဖို့ တရုတ်က ကြိုးပမ်းနေခြင်းကြောင့် အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှု ပိုမိုမြင့်တက်လာနိုင်တယ်။

သြဂုတ်လ ဒုတိယပတ်အတွင်းက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် လမ်းကြောင်းသစ်တစ်ခု ဖော်ဆောင်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတယ်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ညှိနှိုင်းနေဆဲမှာ အမေရိကန်ဘက်က သဘောတူရမယ်ဆိုတဲ့ တောင်းဆိုချက် ၆ ချက်ကို အီရန်ဘက်က ထုတ်ဖော်ကြေညာခဲ့တယ်။ ဒီတောင်းဆိုချက်တွေကို ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ပါ ဆက်စပ်တောင်းဆိုထားတယ်။ အီရန်နိုင်ငံပိုင် ရုပ်သံဌာန IRIB က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အီရန်တောင်းဆိုချက် (၆) ချက်ကို ဖော်ပြခဲ့တယ်။

အီရန်ရဲ့ တောင်းဆိုချက် ခြောက်ချက်ကတော့ – အီရန်ကို ဘယ်လိုစကားလုံးနဲ့မှ ခြိမ်းခြောက်ခြင်း၊ အီရန်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာတွေကို စော်ကားခြင်း မပြုလုပ်ရန်။ အီရန်နဲ့ အီရန်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယီမင်နဲ့ အီရတ်တို့အပေါ် စစ်ပွဲနဲ့ ကျူးကျော်မှုတွေ ကို အပြီးတိုင် ရပ်တန့်ရန်။ ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းပြီး အီရန်ပတ်ဝန်းကျင်က အမေရိကန်ရေတပ်နဲ့ လေတပ်တွေကို ပြန်လည်ရုပ်သိမ်းရန်။ အီရန်အပေါ် ကျူးကျော်စစ်ပွဲနှစ်ကြိမ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးအပြည့်အဝ ပေးရန်။ အီရန်ပြည်သူတွေအပေါ် ချမှတ်ထားတဲ့ “ရက်စက်ပြီး တရားမဝင်တဲ့” ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းရန်။ ထိန်းချုပ်ခံထားရတဲ့ အီရန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခြွင်းချက်မရှိ ပြန်ဖွင့်ပေးရန်- စသဖြင့် တောင်းဆိုထားတာ တွေ့ရတယ်။

ဒီ တောင်းဆိုချက်တွေအရ အီရန်က ပိုမို တင်းမာတဲ့ ရပ်တည်ချက်ကို ပြသလိုက်တာဖြစ်တယ်။ အီရန်ကို တရုတ်နဲ့ ရုရှားတို့က နောက်ကွယ်မှ အကူအညီပေးနေတာကြောင့် အီရန်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဆက်လက်တင်းမာနေမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေတယ်။

D-Day ထိုးနှက်ချက် နဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်

အီရန်ရေနံ လျော့နည်းသွားမှုကို အစားထိုးဖို့ ဆော်ဒီအာရေဗျနဲ့ အမေရိကန်တို့က ရေနံတိုးမြှင့် ထုတ်လုပ်ဖို့ ကြိုးပမ်းနေသော်လည်း ပင်လယ်ကွေ့ဒေသအတွင်း လုံခြုံရေး မတည်ငြိမ်မှုများကြောင့် စျေးကွက်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရုန်းကန်နေရတယ်လို့ ဆိုတယ်။ အမေရိကန်ရဲ့ စီးပွားရေး D-Day ထိုးနှက်ချက်ဟာ အီရန်နိုင်ငံတစ်ခုတည်းတင်မကဘဲ ကမ္ဘာ့ ရေနံ စျေးနှုန်းကို စံချိန်တင်မြင့်တက်စေပြီး၊ အထူးသဖြင့် အာရှစွမ်းအင်စျေးကွက်ကို အကြီးအကျယ် ရိုက်ခတ်လျက်ရှိပါသည်။ ဟော်မုဇ် ရေလက်ကြားသာ တကယ်တမ်း ပိတ်ဆို့ခံရပါက ‘ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်’ (Global Economic Recession) တစ်ခုအထိ ကျယ်ပြန့်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်။

“အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ “(IMF) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်များအရ အရှေ့ အလယ်ပိုင်း စစ်ပွဲနဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် “ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုဒဏ်သည် အီရန်နိုင်ငံအပေါ် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံး သက်ရောက်နေပြီး အရှေ့အလယ်ပိုင်းတစ်ပြင်လုံးတွင်လည်း စီးပွားရေး တိုးတက်မှုနှုန်း သိသိသာသာ ထိုးကျ သွားစေ တယ်” လို့ဆိုတယ်။   အီရန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၆၉ ရာခိုင်နှုန်းခန့် အထိ ရောက်ရှိ သွားမယ်လို့ IMF က ခန့်မှန်းထားတယ်။

အီရန်ငွေကြေးဖောင်းပွမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်မားဆုံး စံချိန်ဖြစ်တယ်။ ဗင်နီဇွဲလားနှင့် ဆူဒန်ပြီးလျှင် ငွေကြေးဖောင်းပွမှု အဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်။ အီရန်ရဲ့ စီးပွားရေးတိုးတက်မှု (Real GDP) ခန့်မှန်းချက်ကို IMF က ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိ ဖြတ်တောက်ပစ်ခဲ့ပြီး အနုတ် ၅.၄% မှ အနုတ် ၆.၁% ဝန်းကျင်အထိ စီးပွားရေး အကြီးအကျယ် ကျဆင်းသွားမယ်လို့ ဆိုထားတယ်။ အခြေခံစားသောက်ကုန်စျေးနှုန်းများဟာ ရေနံတင်ပို့မှု ရပ်တန့်နေခြင်းနဲ့အတူ ငွေကြေးတန်ဖိုး ပြိုလဲမှုကြောင့် သာမန်ပြည်သူတွေအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးစျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီဖြစ်တယ်လို့ ဆိုတယ်။

အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်းနိုင်ငံတွေ အပေါ် သက်ရောက်မှုကတော့ ဒေသတွင်း စီးပွားရေး အကြီးအကျယ် နှေးကွေးသွားစေခဲ့တယ်။ စစ်ပွဲမတိုင်မီ ခန့်မှန်းချက်များနဲ့ နှိုင်းယှဉ်ပါက “အရှေ့အလယ်ပိုင်းနှင့် ဗဟိုအာရှဒေသတစ်ခုလုံး၏ စီးပွားရေးတိုးတက်မှုနှုန်း” ဟာ ၁.၉ ရာခိုင်နှုန်း အထိ သိသိသာသာ နှေးကွေးသွားခဲ့တယ်လို့ သိရတယ်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ခဲ့ပြီး၊ အီရတ်၊ ကာတာနဲ့ ဘာရိန်းနိုင်ငံတို့ရဲ့ စွမ်းအင်တင်ပို့မှု ဝင်ငွေကို များစွာ ထိခိုက်ခဲ့ရတယ်။ အထူးသဖြင့် ဘာရိန်းနိုင်ငံဟာ အကြွေးနွံနစ်ပြီး ပို့ကုန်ကဏ္ဍ အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။

ဆော်ဒီအာရေဗျရဲ့ စီးပွားရေး မျှော်မှန်းချက်ကိုလည်း IMF က ၁.၄ ရာခိုင်နှုန်း လျှော့ချခဲ့ပြီး ၃.၁ ရာခိုင်နှုန်း သို့ ပြောင်းလဲသတ်မှတ်ခဲ့တယ်။ ဒေသတွင်း တိုက်ခိုက်မှုတွေကြောင့် သင်္ဘော သယ်ယူ ပို့ဆောင်ရေး အာမခံခ (Insurance Costs) နှင့် လုံခြုံရေးအသုံးစရိတ်တွေ မြင့်တက် လာခြင်းက ကုန်စည်အားလုံးအပေါ် ငွေကြေးဖောင်းပွမှု ဖိအားကို ပိုမို တွန်းအားပေး နေတယ် လို့ဆိုတယ်။

ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုအတွက် IMF ရဲ့ သတိပေးချက်

ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တကမ္ဘာလုံး စိုက်ပျိုးရေးမြေဩဇာ ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံခန့် ဖြတ်သန်းနေရတာဖြစ်တယ်။ အခု ရေလက်ကြားပိတ်ထားမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ ၁၅% မှ ၂၀% အထိ မြင့်တက်လာနိုင်ကြောင်း IMF က သတိပေးထားတယ်။ သို့သော်လည်း IMF အကြီးအကဲ ‘ခရစ္စတာလီနာ ဂျော်ဂျီဗာ’ (Kristalina Georgieva) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန်နဲ့ တခြားကမ္ဘာ့နိုင်ငံများအနေနဲ့ အရန်ရေနံသိုလှောင်မှုများကို ထုတ်သုံးခြင်းနဲ့ အစားထိုး စွမ်းအင်များကို သုံးစွဲခြင်းတို့ကြောင့် ယခု စွမ်းအင်ရိုက်ခတ်မှုကို မျှော်လင့်ထားသည်ထက် ပိုမိုကြံ့ကြံ့ ခံနိုင်နေကြောင်း သုံးသပ်ဖော်ပြထားတယ်။

အနှစ်ချုပ်အားဖြင့် IMF ရဲ့ သုံးသပ်ချက်အရ ယခု  ဟော်မုဇ်ရေလက်ကြား  အကြပ်အတည်းဟာ အီရန်နိုင်ငံကို ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ငွေကြေးပြိုလဲမှု ဆီသို့ ဆွဲချခဲ့ပြီး၊ အရှေ့အလယ်ပိုင်း နိုင်ငံများအပေါ် ရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်း ဖိအားများ ရေရှည် သက်ရောက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

References:

  • Reuters News; Al Jazeera; CNN News; BBC World; BBC Burmese; Wikipedia.
  • Sixty More U.S. Soldiers Reported Injured in Iran War, Nick Turse, The Intercept, August 25, 2026.
  • https://iranwarlive.com/casualties 
Click to rate this post!
[Total: 1 Average: 5]

Leave a Comment

Your email address will not be published. Required fields are marked *