The Corner

The Corner

cropped-Logo_round_grey-background.png

မဟာမိတ် တောင်ကိုရီးယားနှင့်စစ်ရေးလေ့ကျင့်မှုကို ရုတ်ခြည်း လျော့ချလိုက်တဲ့ ဒေါ်နယ်ထရမ့်

Share မယ်

ထိုသို့ လုပ်ဆောင်ခြင်းက အမေရိကန်၏ မဟာမိတ်နိုင်ငံများကိုယုံကြည်မှုကို ပိုမိုလျော့ကျသွားစေခဲ့ သည်။

အူလ်ချီ ဖရီးဒမ်းရှီးလ်ဒ် (Ulchi Freedom Shield) ဟုနာမည်ပေးထားသော နှစ်ပတ်လည်စစ်ရေး လေ့ ကျင့်မှု တစ်ရပ်မှာ အမေရိကန်နှင့်တောင်ကိုရီးယား တပ်ဖွဲ့ဝင် ထောင်သောင်းချီပါဝင်ပြီး မြောက်ကိုရီး ယား၏ ခြိမ်း‌ခြောက်မှုအန္တရာယ်ကိုလက်တုံ့ပြန်ရန် ပူးတွဲလေ့ကျင့်မှုဖြစ်သည်။ ယခုနှစ်နွေရာသီ၏ပုံမှန် ဆောင်ရွက်မှု အစီအစဉ်ကို ဩဂုတ်လ ၁၇ ရက်နေ့တွင် စတင်ခဲ့သည်။ ဒရုန်းစစ်ပွဲ ကဲ့သို့ ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် တိုက်ခိုက်မှုများ ကို မြောက်ကိုရီးယားစစ်သည်များ လေ့ကျင့်ဆည်းပူး ရယူနိုင်သည့် စစ် ရေး စွမ်းရည်သစ်များကို တုံပြန့်ရန် မဟာမိတ်နှစ်နိုင်ငံက စီစဉ်ထားခဲ့သည်။

သို့ရာတွင် ထိုစစ်ရေးလေ့ကျင့် မှုမစတင်မီညမှာပင် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးလေ့ကျင့်မှု ကုန်ကျစရိတ်များ၊ အီရန်စစ်ပွဲတွင် တောင်ကိုရီးယားက ကူညီပံ့ပိုးရန် ငြင်းဆန်ခဲ့မှုနှင့် မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်းနှင့် သူ၏ “အလွန်ကောင်းမွန်သော ဆက်ဆံရေး” တို့ကို အကြောင်းပြ၍ စစ်ရေး လှုပ်ရှားမှုများကို (ပုံမှန် ၁၁ ရက် လုပ်နေကျမှ ခြောက်ရက်လျှော့ကာ ငါးရက်သာ ပြုလုပ်ခြင်းဖြင့်) “သိသိသာသာ လျှော့ချရန်” သူ၏ စစ်ရေးဝန်ကြီးဌာန (Department of War) သို့အမိန့်ထုတ်ခဲ့သည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်ရေး ကျင်းပနေပုံ (Photo: DW)

မစ္စတာ ထရမ့်သည် သူ၏ ပထမသမ္မတသက်တမ်းအတွင်းကတည်းက မြောက်ကိုရီးယား ခေါင်း ဆောင် မစ္စတာ ကင်မ်ဂျုံအမ်နှင့် စတင်ခဲ့သော သံတမန်ရေးအရ ဆက်ဆံမှုကို ပြန်လည်စတင်ရန် ကင်မ်အား ဆွဲဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။ ထို့အပြင် အမေရိကန်တွင် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ကတိ ပြုထားသည့် တောင်ကိုရီးယား နိုင်ငံကိုလည်း အရှိန်မြှင့်ဆောင်ရွက်ရန် ဖိအား ပေးချင်ကောင်း ပေးချင်ပေလိမ့်မည်။ ထို့အပြင် ထရမ့်သည်အီရန်အရေးအခင်းတွင် ရုပ်ပျက် ဆင်းပျက်ဖြစ်နေသည့် အခြေအနေ ကို အာရုံလွှဲရန်လည်း မျှော်လင့် နေမည်မှာ အမှန်ပင်ဖြစ်သည်။

သို့ရာတွင် သူ၏ရုတ်ခြည်းဆုံးဖြတ်မှုက အာရှတိုက်တစ်ဝန်းရှိ မိတ်ဆွေများရောရန်သူများကိုပါ ပူပင် သောက ရောက်စရာသတင်းစကားများ ပို့လိုက်ခြင်းပင်ဖြစ်သည်။ နိုင်ငံခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးပွဲများ ပို၍ ဆောင်ရွက်ရန် အလားအလာကိုလည်းဖြစ်နိုင်ပုံမရတော့ဘဲ အမေရိကန် မဟာမိတ်နိုင်ငံများ၏ မြို့တော်များတွင် ပူပင်စရာများ ဖြစ်စေခဲ့သည်။ (မစ္စတာထရမ့်ကအခုနှစ်ကုန်ပိုင်းမှာ သူမစ္စတာကင်မ် နှင့်တွေ့ဆုံဆွေးနွေးမည်ဟု ဩဂုတ်လ ၁၉ ရက်နေ့က အခိုင်အမာဆိုခဲ့စေကာမူ သူ၏လုပ်ရပ်ကို ” ဟန်ပြသက်သက် လုပ်ဆောင်ချက် တစ်ရပ်” ဟု သာ မြောက်ကိုရီးယားကခေါ်ဆိုခဲ့သည်။) အထူးသဖြင့် ဂျပန်နိုင်ငံက မစ္စတာ ထရမ့်သည် ယင်းနိုင်ငံ၏လုံခြုံရေးကို အောက်ခြေကနေ လှိုက်စားပြီး တဖြည်းဖြည်း ထိခိုက်ပျက်စီးသွားစေမည့် အကျိုးယုတ်စေသော မဆင်မခြင် ဆောင်ရွက်သည့် သဘော တူညီချက်မျိုး ရယူမိသွားမည့် အရေးကိုစိုးရိမ် ပူပန်လျက်ရှိသည်။

ထရမ့်၏ လုပ်ရပ်သည် သူသမ္မတ တာဝန်ကို ပြန်လည် ထမ်းဆောင်ခွင့်ရပြီးကတည်းကတိုးပွားလာနေသည့် အမေရိကန်က လက်ရှောင် စွန့် လွှတ်မည့် အရေး စိုးရိမ်ထိတ်လန့်မှုများ ကိုပို၍ မြင့်မားစေသည်။ ရန်သူများက မဟာမိတ်များအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များသည် အနှစ်သာရမရှိဟု ကောက်ချက်ချ သွားနိုင်ပါသည်။ မစ္စတာ ထရမ့်သည် တောင်ကိုရီးယားနှင့် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုများကို အပေးအယူ လုပ်ရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးတော့ မဟုတ်ပေ။ ၂ဝ၁၈ ခုနှစ် စင်္ကာပူ၌ ပြုလုပ်ခဲ့သော အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်အကြား ပထမဆုံး ထိပ်သီးအစည်းအဝေးတွင် မစ္စတာကင်မ်နှင့် တွေ့ဆုံခဲ့စဉ်က တောင်ကိုရီးယားနှင့် ပြုလုပ်သော လာမည့် စစ်ရေးလေ့ကျင့်မှုများကို အမေရိကန်က ရပ်ဆိုင်းမည်ဟု မစ္စတာ ထရမ့်က ပြောကြားခဲ့ သည်။

ထိုလုပ်ရပ်ကိုသူ၏ အကြံပေးအရာရှိများပင် အံ့အားသင့် သွားခဲ့ရသည်။ သို့သော် ထိုတစ်ဖက်သတ် လျှော့ပေါ့ပေးမှုသည် မည်သည့် တိုးတက်မှုကိုမျှ ဆောင်ကြဉ်းမလာနိုင်ခဲ့ဘဲ နောက်တစ်နှစ် ၂၀၁၉ ခုနှစ်တွင် ဟနွိုင်း၌ ပြုလုပ်ခဲ့သည့် ထရမ့်နှင့် ကင်မ်တို့ နှစ်ဦးအကြား နောက်ဆက်တွဲ တွေ့ဆုံမှု မှာလည်း ခါးသီးမုန်းတီးမှုတို့ ရောပြွန်းနေသည့် အခဲမကျေမှုများဖြင့် ထင်သလောက် ခရီးမပေါက်ခဲ့ပဲ ပျက်စီး သွားခဲ့ရသည်။

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်သည် မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရေးကို ပြန်လည် ဆန်းသစ်လိုသည့် မစ္စတာထရမ့်၏ ဆန္ဒကို သဘောတူ လက်ခံခဲ့သည်။ ဩဂုတ်လ ၁၉ ရက်မှ ၂ဝ ရက်နေ့အထိ သူ၏အစိုးရသည် မစ္စတာကင်မ်ထံ ဆက်သွယ်ရန် ကြိုးပမ်းနေမှုများကို ဆွေးနွေး ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့၌ လက်ခံ တွေ့ဆုံခဲ့   သည်။ သို့သော်လည်း မစ္စတာထရမ့်လျှော့ချခဲ့သည့် ဟန့်တား နိုင်စွမ်းကို ထိန်းသိမ်းထားရှိရန် အရေးကြီးကြောင်းကိုလည်း မစ္စတာလီက အသိအမှတ်ပြုခဲ့သည်။

 မစ္စတာထရမ့်သည် တောင်ကိုရီးယားနှင့် အမေရိကန်၏ မဟာမိတ်ပြုထားမှု တန်ဖိုးအပေါ် သံသယရှိခဲ့ သည်မှာ ကြာပြီဖြစ်သည်။ သူ၏ ပထမသက်တမ်းအတွင်း တောင်ကိုရီးယားနိုင်ငံမှ အမေရိကန် စစ်တပ်များကို ရုပ်သိမ်း ရန် ကြိုးပမ်းခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်၏ တားဆီးမှုကို ခံခဲ့ရသည်။

သမ္မတ ရာထူးသို့ ပြန်လည် ထမ်းဆောင်ခွင့် ရလာချိန်ကစ၍ သူ၏အစိုးရအဖွဲ့သည် ထိုမဟာမိတ် ဆက်ဆံရေးကို တိတ်တိတ်ဆိတဆိတ်ပင် အကျိုးဆက် ကြီးမားသည့် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် အမေရိကန်သည် တောင်ကိုရီးယားရှိ စစ်အင်အား ၂၈,၅ဝဝ ၏ ပုံမှန်တာဝန်ဖြစ်သော ကိုရီးယား ကျွန်းဆွယ်အပေါ် အာရုံစိုက်မှုမှ တရုတ်ကို ဟန့် တားရေးဘက်သို့ ဦးတည်ချက်ပြောင်းလဲရန် ဆောင်ရွက်ခဲ့ သည်။ ထို့အပြင် မစ္စတာထရမ့်သည် တောင်ကိုရီးယားထံမှ အမေရိကန်၌ ဒေါ်လာ ဘီလီယံ ၃၅ဝ ရင်းနှီးမြှုပ်နှံမည်ဆိုသည့် ကတိကဝတ်ကို ရယူရန် အကောက် အခွန် တိုးမြှင့်ခြင်းများ ကိုလည်း အသုံးပြုခဲ့သည်။ မစ္စတာ ထရမ့်သည် လုံခြုံရေးမဟာမိတ်အဖွဲ့၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ စီးဆင်းမှုနှင့် ချိတ်ဆက်ရန် တုံ့ဆိုင်းမနေခဲ့ပေ။ စစ်ရေး လေ့ကျင့်မှုများကို လျှော့ချရန် သူ၏ ဆုံးဖြတ်ချက်သည် ထိုအစီအစဉ်များ အကောင်အထည် ဖော်မှု ကြန့်ကြာနေခြင်းကို ဆွေးနွေးရန် တောင်ကိုရီးယား စက်မှုဝန်ကြီး ဝါရှင်တန်သို့ လာရောက် လည်ပတ်နေချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။

နောက်ဆုံး ကြေညာချက်မထွက်မီကပင် မစ္စတာ ထရမ့်၏ မဟာမိတ်နိုင်ငံများကို အပြန်အလှန် အကျိုးအမြတ်သာ ကြည့်သောချဉ်းကပ်ပုံကြောင့် အမေရိကပြည်ထောင်စုကို ယုံ ကြည်မှု လျော့ပါးစေခဲ့သည်။ ဆိုးလ်မြို့အခြေစိုက် အရှေ့အာရှဌာန (East Asia Institute) သုတေသန အဖွဲ့၏ စစ်တမ်းကောက် ယူမှုများအရ အမေရိကန်ကို ယုံကြည်သည့် တောင်ကိုရီးယား ပြည်သူ ရာခိုင်နှုန်းသည် ၂ဝ၂၂ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခု၂ဝ၂၆ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့သည်။ စွန့်ပစ်ခံရမည်ကို စိုးရိမ်သည့် အကြောက်တရားကြောင့် တောင်ကိုရီးယား နိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကိုလည်း ပိုမို တွန်းအား ပေးခဲ့သည်။

မစ္စတာ လီကမူ ထိုလမ်းကြောင်းကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း တောင်ကိုရီး ယားနိုင်ငံသည် အမြဲဆိုသလို လိုအပ်သည်ဟု ယူဆလျှင် ဗုံးတည်ဆောက်ရန် ပိုမို လွယ်ကူစေမည့် အရပ်ဘက်သုံး နျူကလီးယား စွမ်းအင် လုပ်ငန်းအတွက် နျူကလီးယား လောင်စာစွမ်းအားဖြည့် မြှင့်တင်ခြင်း နှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စွမ်းရည်ကို မြှင့်တင်ရန် သူကကြိုးပမ်းခဲ့သည်။ မစ္စတာ ထရမ့်၏ ကြေညာချက် နောက်ပိုင်းတွင် မစ္စတာလီက ထိုအစီအစဉ်များကို ဆက်လက် လုပ်ဆောင် သွားရန်ရည်ရွယ်ထား ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဒေသ တစ်ခုလုံးတွင်လည်း အလားတူ အခြေအနေများ ဖြစ်ပေါ်နေသည်။ ဖျူး (Pew) သုတေသန ဗဟိုဌာန၏ အဆိုအရ ဩစတြေးလျ၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့တွင် အမေရိကန်နိုင်ငံကို ယုံကြည်စိတ် ချရမှုနှင့် စပ်လျဉ်းသော သဘောထားအမြင်များသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း သိသိသာသာ လျော့ကျသွားခဲ့သည်။ ဂျပန်နိုင်ငံသည် လည်း မိမိ၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်း လာခဲ့ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တွန်းအားပေးမှုများသည် ယခုနှစ်နှောင်းပိုင်းတွင် ပြန်လည်ပြင်ဆင်ရန် မျှော်လင့်ထားခဲ့သည့် ယင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ပုံဖော် လျက် ရှိသည်။

သို့သော်လည်း ပိုမိုကြွယ်ဝပြီး ဩဇာအရှိန်အဝါတိုးမြှင့်ဖော်ဆောင်လာသည့် တရုတ်နိုင်ငံနှင့် နျူကလီးယား လက်နက်ကိုင် မြောက်ကိုရီးယားနိုင်ငံတို့ထံမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် အာရှရှိ အမေရိ ကန်၏ မဟာမိတ်များသည် အမေရိကန်မပါဘဲ မိမိတို့၏ လုံခြုံရေးကို စိတ်ကူး ကြည့်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။ ယုံကြည်မှုအဆင့် လျော့ကျသွားသော်လည်း တောင်ကိုရီးယား ပြည်သူ ၆၀ ရာခိုင်နှုန်းကျော်က အမေရိကန်နှင့် မဟာမိတ်ဖွဲ့ခြင်းသည် မိမိတို့၏ လုံခြုံရေးကို အာမခံနိုင်မည့် အကောင်းဆုံးနည်းလမ်းအဖြစ် ရှုမြင်နေကြ ဆဲဖြစ် သည်။ အရှေ့အာရှအဖွဲ့အစည်း (East Asia Institute) ၏ ဥက္ကဋ္ဌ ရွှန်ယူးလ် (Sohn Yul)က ယင်းကဲ့သို့သော ရလဒ်များသည် “[တောင်ကိုရီးယားသည်] အမေရိကန်ပြည်ထောင်စုကို မယုံကြည်သော်လည်း ယင်းနိုင်ငံကို မှီခိုရုံမှ လွဲ၍ အခြားရွေးချယ်စရာ မရှိသည့် ဆန့်ကျင်ဘက် အကျပ် အတည်း” ကို ထင်ဟပ်နေကြောင်း ရေးသားထားသည်။ ယင်းအကျပ်အတည်းကို အာရှတစ်လွှားတွင် တူညီစွာ ရင်ဆိုင် နေကြရကြောင်း လန်ဒန်ထုတ် အီကော်နော်မစ်စာစောင် ဆောင်းပါးရှင်က သုံးသပ်ထားသည်ကိုတင်ပြလိုက်ရပါသည်။

ရည်ညွန်း – The Economist  Aug 22-28

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *