The Corner

The Corner

cropped-Logo_round_grey-background.png

ကမ္ဘာအနှံ့ ခြေဆန့်လာတဲ့ တရုတ်ကုမ္ပဏီများ

Share မယ်

(တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းဆိုတာ တရုတ်နိုင်ငံ နဲ့ ကမ္ဘာ့နိုင်ငံ အများအပြားကြား ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး နဲ့ အခြေခံအဆောက်အအုံတွေကို ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ထားတဲ့ ကွန်ရက်ကြီးပဲ ဖြစ်တယ်။ “ရပ်ဝန်း နဲ့ ပိုးလမ်းမ” လို့ ခေါ်တွင်တဲ့ တရုတ်စီမံကိန်း တွေဟာ ခုဆိုရင် ကမ္ဘာအနှံ့ကို ဖြန့်ကြက်နေပါပြီ။ BRI စီမံကိန်းနဲ့ ဆက်စပ်ပြီး မြန်မာ နဲ့ တရုတ်ကြားမှာ (CMEC)လို့ ခေါ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန် စီမံကိန်းလည်း ရှိနေတယ်။ ဒါကတော့ အားလုံး သိကြပြီးဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း နဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် အခြား စီမံကိန်းတွေပဲ ဖြစ်တယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေတာ ကြာပြီဖြစ်တယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတို့ကို မြန်မာနိုင်ငံကို ဖြတ်ပြီး ဆက်သွယ်မယ့် တရုတ်နိုင်ငံရဲ့ အနောက်ဘက် ပင်လယ်ထွက်ပေါက် စီမံကိန်းပဲဖြစ်တယ်။ တရုတ်နိုင်ငံဟာ လတ်တလောမှာပဲ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကမှာ စက်မှုဇုန်တွေ၊ အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို အကောင်အထည် ဖော်နေတယ်။

တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလက်တံ ဘယ်လောက်အထိ ရှည်လျားနေတယ်ဆိုတာကို ခုတစ်ပတ် The Economist မဂ္ဂဇင်းမှာ ရေးသားထားတဲ့ Chinese firms are wrapping their supply chains around the globe ဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။ )

စူးအက်ပင်လယ်ကွေ့မှာရှိတဲ့ ရှေးဟောင်း “အိန်းဆော့ခ်နာ”ဆိပ်ကမ်းဟာ တစ်ချိန်တုန်းကတော့ ဖာရိုဘုရင်တွေရဲ့ လက်ဝတ်တန်ဆာတွေမှာ အသုံးပြုတဲ့ စိမ်းပြာရောင်ကျောက်တွေ လက်ခံ ရယူတဲ့ နေရာတစ်ခုပါ။ အခုတော့ အဲဒီနေရာ ဟာ တရုတ်ကုန်ထုတ်လုပ်ငန်းရှင်တွေရဲ့ ကုန်စည်နဲ့ ဓနဥစ္စာတွေ လက်ခံရယူတဲ့နေရာ ဖြစ်နေပါပြီ။ နှစ်အနည်းငယ် အတွင်းမှာပဲတရုတ်လုပ်ငန်းရှင်များရဲ့ ရင်းနှီး မြှုပ်နှံမှုဟာ ဒီဒေသတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်။ တရုတ် စက်ရုံတွေအများကြီး နေ့ချင်း ညချင်း ပေါ်လာတယ်။

ဖိုင်ဘာဂလပ်စ်ကနေ လျှပ်စစ်ပစ္စည်းတွေအထိ ထုတ်ကုန်မျိုးစုံ ထုတ်လုပ်တဲ့ စက်ရုံတွေ အများကြီး ပေါ်လာတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ တရုတ်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ COSCO နဲ့ CK Hutchison စီကေ ဟတ်ချ်ဆင်တို့ရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဆိပ်ကမ်းသစ်ကြီးတခု စပြီး လည်ပတ်နေပြီဖြစ်တယ်။

တကယ်တော့ “အိန်းဆော့ခ်နာ”ဟာ စက်မှုဇုန်တွေ၊ ဆိပ်ကမ်းတွေ ပါဝင်တဲ့ မြောက်ဘက် မြေထဲ ပင်လယ်အထိ ကျယ်ပြန့်တဲ့ “စူးအက်တူးမြောင်း စီးပွားရေးဇုန်” ( Suez Canal Economic Zone) ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်။

မကြာသေးခင် နှစ်များအတွင်း ဒီဒေသမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုများရဲ့ ထက်ဝက်နီးပါးဟာ တရုတ်နိုင်ငံက လာတာ ကို တွေ့ရတယ်။ စက်ရုံတွေ ဆောက်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ မြောက်အာဖရိက ဒေသထက်ကို ကျော်လွန်ပါတယ်။ ဆော်ဒီအာရေဗျ၊ ဟန်ဂေရီ ကနေ ဘရာဇီးနဲ့ အင်ဒိုနီးရှား နိုင်ငံတွေ အထိ “တရုတ်စက်မှုဇုန်” တွေဟာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေနဲ့အတူ မှိုပေါက်သလို ပေါ်ပေါက်လာတာ တွေ့ရတယ်။

ဒီရင်းနှီးမြှုပ်နှံမှုတွေရဲ့ အရှိန်အဟုန်ကလည်း သိသိသာသာကို မြန်ဆန်လာတယ်။ ပြီးခဲ့တဲ့ သုံးနှစ် အတွင်း တရုတ် ကုမ္ပဏီတွေဟာ ဒေါ်လာ ဘီလျံ (၂၀၀) ကျော်အထိ သုံးစွဲပြီး ပြည်ပမှာ စက်ရုံတွေ တည်ဆောက်ခဲ့တယ်။ သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက် (supply chain) ပုံစံကလည်း ပုံစံသုံးမျိုးနဲ့ ပြောင်းလဲလာနေတယ်။

ပထမပုံစံကတော့ ကမ္ဘာ့နေရာအနှံ့နီးပါး ကုန်ထုတ်လုပ်မှု ဗဟိုချက်မအဖြစ် ပြောင်းလဲပြီး ပျံ့နှံ့အောင် လုပ်တာပါ။ ဒုတိယပုံစံကတော့ တရုတ်ကုန်ပစ္စည်း ထောက်ပံ့သူအများအပြားဟာ ကုန်ထုတ်လုပ်သူ တွေရဲ့ နောက်ကို လိုက်ပြီး နေရာအသစ်တွေဆီ ရောက်လာကြကာ မိခင်နိုင်ငံမှာရှိတဲ့ ခိုင်မာတဲ့ စီးပွားရေးပတ်ဝန်းကျင်ပုံစံအတိုင်း ပြန်လည် ပုံတူကူးပြီး တည်ဆောက်လာကြတာ ဖြစ်ပါတယ်။ တတိယပုံစံကတော့ လျှပ်စစ်ကားတွေ၊ သန့်စင်စွမ်းအင် ကနေ ဒေတာစင်တာသုံးပစ္စည်းတွေအထိ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်းတွေနဲ့ လွှမ်းမိုးလာတာပါ။ ရလဒ်ကတော့ ကမ္ဘာ့ ကုန်ထုတ်လုပ်မှု စနစ်ကြီး တစ်ခုလုံးရဲ့ ပုံစံ ပြောင်းလဲဖို့ ဖြစ်ပေါ်လာတာပါပဲ။

တရုတ်လုပ်ငန်းတွေဟာ နေရာသစ်အများကြီးမှာ ကုန်ပစ္စည်းတွေကို ဘာကြောင့် လာရောက် ထုတ်လုပ် နေကြသလဲ ဆိုတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်း သုံးစွဲမှုပမာဏ အားပျော့လာတာ၊ ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာတာတွေဟာ စျေးကွက်သစ် ရှာဖွေဖို့ တွန်းအားဖြစ်စေခဲ့တယ်။ ဒါ့အပြင် ဒုတိယအကြိမ် ထရမ့် အစိုးရလက်ထက်မှာ စတင်လိုက်တဲ့ အခွန်တိုးမြှင့်မှုတွေကြောင့်လည်း အရင်က တရုတ်လုပ်ငန်းတွေ အခြေစိုက်ခဲ့တဲ့ ဗီယက်နမ်လို နေရာမျိုးတွေထက်စာရင် ပြစ်ဒဏ်ခတ်တဲ့ အခွန်စည်းကြပ်မှု သက်သာတဲ့ နေရာတွေမှာ သွားရောက် ထုတ်လုပ်ဖို့ လှုံ့ဆော်မှု ဖြစ်စေခဲ့တယ်။

ကမ္ဘာ့တောင်ဘက်ခြမ်း (global south) က နိုင်ငံအသီးသီးကလည်း မက်လုံးအသစ်တွေ ပေးပြီး ဆွဲဆောင်နေကြတယ်။ ဥပမာအားဖြင့် အီဂျစ်နိုင်ငံဆိုရင် ကြိုးနီစနစ် ဖြတ်သန်းစရာမလိုတဲ့ “ရွှေရောင်လိုင်စင်” (golden license) ထုတ်ပေး တာမျိုးပါ။ တရုတ်ကုမ္ပဏီတွေကို အီဂျစ်မှာ လုပ်ငန်း လာရောက်ထူထောင်နိုင်ဖို့ အကူအညီပေးနေတဲ့ ရှေ့နေ မိုဟာမက် အယ်လ်ဒစ်ဘ် ကတော့ အီဂျစ်နိုင်ငံရဲ့ လူဦးရေ သန်း ၁၂၀ စျေးကွက်ကြီးကို ရောင်းချဖို့ရော၊ အဲဒီကနေတစ်ဆင့် တခြားနိုင်ငံတွေကို တင်ပို့ဖို့ အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ပါ တရုတ်တွေဟာ “လာရောက် ပိုက်ဆံရှာဖို့” တအား စိတ်အား ထက်သန်နေကြတယ်လို့ ဆိုတယ်။

ဒါကြောင့်မို့လို့ ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်တွေဟာ တစ်နေရာတည်းမှာ မဟုတ်ဘဲ ပိုပြီး ပျံ့နှံ့ သွားတာပါ။ ဂျေအေ ဆိုလာ (JA Solar)၊ ဂျင်ကို ဆိုလာ (Jinko Solar) နဲ့ ထရီနာ ဆိုလာ (Trina Solar) ဆိုတဲ့ တရုတ်ဆိုလာပြားထုတ်လုပ်ရေး ကုမ္ပဏီ သုံးခုကိုပဲ ကြည့်ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက အရှေ့တောင်အာရှ နိုင်ငံအသီးသီးမှာ ဆိုလာပြားတွေ စတင် ထုတ်လုပ်ခဲ့တဲ့ ဒီတရုတ် ဆိုလာကုမ္ပဏီတွေ ဟာ ခုဆိုရင် ပါရှန်ပင်လယ်ကွေ့ ဒေသတွေမှာပါ စက်ရုံတွေ လာဆောက် နေကြပါပြီ။ တရုတ်တွေရဲ့ ကုန်ထုတ်လုပ်မှုဗဟိုချက်မ အသစ်တွေဟာ ဝယ်ယူသူတွေရဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲကို တဖြည်းဖြည်းနဲ့ အစားထိုး ဝင်ရောက်လာနေတာပါ။ လေအားလျှပ်စစ် တာဘိုင်တွေထုတ်တဲ့ ဂျာမန်ကုမ္ပဏီ နော့ဒက်စ် (Nordex) ဆိုရင် အခုဆို သူတို့ လိုအပ်တဲ့ လေရဟတ်ဒလက်တွေကို မော်ရိုကိုမှာရှိတဲ့ တရုတ်စက်ရုံကနေ ဝယ်နေ ရပါပြီ။ အဲဒီစက်ရုံက သူတို့ကို ပစ္စည်းသွင်းပေးနေတဲ့ တရုတ်ကုမ္ပဏီကပဲ မနှစ်ကမှ ဖွင့်လှစ်ခဲ့တာပါ။

ဥရောပဟာလည်း လူကြိုက်များတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Rhodium Group နဲ့ MERICS သုတေသနအဖွဲ့တို့ရဲ့ အဆိုအရ ဥရောပတိုက်မှာရှိတဲ့ “Greenfield” လို့ခေါ်တဲ့ အသစ်စက်စက် စီမံကိန်း တွေမှာ တရုတ်လုပ်ငန်းတွေရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၂၅ ခုနှစ်မှာ ထက်ဝက် နီးပါးအထိ မြင့်တက်လာပြီး ယူရို ၈ ဒသမ ၉ ဘီလျံ (ဒေါ်လာ ၁၀ ဒသမ ၁ ဘီလီယံ) အထိ စံချိန်တင်ခဲ့တယ်။ ဟန်ဂေရီနိုင်ငံ ဆိုရင် အများကြီး အာရုံစိုက် ခံခဲ့ရသလို ဆားဘီးယားနိုင်ငံမှာလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာတာ တွေ့ရတယ်။

Photo credit: Linkedln

မော်တော်ကားအပိုပစ္စည်း သွင်းပေးတဲ့ လင်လုံ တာယာ (Linglong Tire) ကုမ္ပဏီဟာလည်း ဆားဗီးယားနိုင်ငံမှာ စတင် ထုတ်လုပ်နေတဲ့ တရုတ်လုပ်ငန်းတွေထဲက တစ်ခုပါ။ မကြာသေးခင်ကပဲ သူတို့ဟာ ဇရမ်ညာနင် (Zrenjanin) မြို့မှာရှိတဲ့ အလိုအလျောက်စနစ်သုံး စက်ရုံကြီးရဲ့ ထုတ်လုပ်မှုစွမ်းအားကို ထပ်မံတိုးချဲ့မယ်လို့ ကြေညာခဲ့တယ်။ ဒီစက်ရုံဟာ ဗောက်စ်ဝက်ဂွန် (Volkswagen) နဲ့ ဖို့ဒ်(Ford) အပါအဝင် အနောက်နိုင်ငံက ကားကုမ္ပဏီကြီးတွေကို ကားပစ္စည်းအစိတ်အပိုင်းတွေ ထောက်ပံ့နေတာပါ။

တစ်ချိန်တည်းမှာပဲ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေဟာ ပိုပြီးတော့ ခိုင်မာနက်ရှိုင်းလာပြီး ပြည်ပနိုင်ငံတွေမှာ အဆင့်မြင့် ထုတ်လုပ်မှုတွေ ပိုမိုများပြားလာပါတယ်။ တရုတ် ဘက္ထရီထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဂိုရှန် (Gotion) ဆိုရင် မော်ရိုကိုမြို့တော် ရာဘတ်ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၇၀ အကွာက စက်မှုဇုန်တစ်ခုမှာ ဘက္ထရီစက်ရုံအကြီးကြီး (gigafactory) တစ်ခုကို တည်ဆောက် နေပါတယ်။ ကားဘက္ထရီသုံး ပစ္စည်းတွေ ထုတ်လုပ်တဲ့ ဘီတီအာရ် (BTR) နဲ့ ကြေးနီပြားတွေထုတ်တဲ့ ဟိုင်လျန် ဂရုဖ် (Hailiang Group) အပါအဝင် တရုတ် ကုန်ကြမ်းပံ့ပိုးတဲ့ လုပ်ငန်းအများအပြားဟာလည်း ကုန်ကြမ်းတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် အဲဒီနေရာနဲ့ ကားမောင်းရင် နာရီပိုင်းပဲဝေးတဲ့ နေရာတွေမှာ စက်ရုံတွေ လာဆောက်နေကြပါတယ်။ ကိုင်ရိုမြို့ ဆင်ခြေဖုံးက စက်မှုဇုန်တစ်ခုမှာ စက်ရုံလာဆောက်ထားတဲ့ တရုတ်အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းက အမှုဆောင် တစ်ယောက်ရဲ့ ပြောပြချက်အရ သူတို့ ကုမ္ပဏီအနေနဲ့လည်း ကုန်ကြမ်းပံ့ပိုးပေးတဲ့ တခြားလုပ်ငန်းအချို့ကို ဒီဒေသတွင်းမှာပဲ စက်ရုံတွေ လာထောင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရတယ်။

ဒါပေမဲ့လည်း ကုန်ကြမ်းပစ္စည်း အတော်များများကိုတော့ အခုထိ တရုတ်ပြည်ကနေပဲ သင်္ဘောတွေနဲ့ သယ်နေရ တုန်းပါ။ စက်မှုလုပ်ငန်းသုံး ကိရိယာတွေကိုတော့ ရန်လီဂရုဖ် (Yangli Group) လိုမျိုး တရုတ် ကုန်ပစ္စည်း ပံ့ပိုးသူ တွေဆီကနေ အများဆုံး တင်သွင်းလေ့ရှိတယ်။ ဒေသတွင်းမှာ ရှာရခက်တဲ့ (ဒါမှမဟုတ် စျေးအလွန်ကြီးတဲ့) အစိတ် အပိုင်းတွေနဲ့ ကုန်ကြမ်းတွေကိုလည်း ဒီလိုပဲ တင်သွင်း ကြတာပါ။ တရုတ်နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းသုံး ပစ္စည်း (capital goods) တင်ပို့မှုဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာတင် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အလယ်အလတ်ကုန်ပစ္စည်း (intermediate goods) တင်ပို့မှုကတော့ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ ဒီလိုကုန်ကြမ်းပစ္စည်းတွေကို အနီးအနား ဝန်းကျင်ကနေပဲ ပိုပြီး ရရှိလာနိုင်ခြေ ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ထောက်ပံ့ပို့ဆောင်ရေး (logistics) ကုမ္ပဏီတွေဟာ သူတို့ရဲ့ ကုန်ထုတ်လုပ်သူတွေ အတွက် အသစ်တိုးချဲ့ထားတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ချိတ်ဆက်မိစေဖို့ ကူညီပေးနေကြတယ်။ အခုဆိုရင် ဂရိနိုင်ငံကနေ သီရိလင်္ကာနိုင်ငံအထိ ပြည်ပဆိပ်ကမ်း အနည်းဆုံး ၁၃၂ ခုမှာ တရုတ်ကုမ္ပဏီတွေက လည်ပတ်နေတာ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံထားတာတွေ ရှိနေပါပြီ။ ဒါတင်မကသေးဘဲ လေဆိပ်တွေ၊ ရထားလမ်းတွေကိုပါ ချိတ်ဆက် ထားပြီး ဒီနှစ်အစောပိုင်းကမှ ပြီးစီးခဲ့တဲ့ ဘူဒါပက်စ်ကနေ ဘဲလ်ဂရိတ်အထိ ပြေးဆွဲတဲ့ ရထားလမ်းလည်း အပါအဝင် ဖြစ်တယ်။

တရုတ်ကုမ္ပဏီတွေရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အရှိန်အဟုန်ဟာ မဟာဗျူဟာမြောက် စက်မှုလုပ်ငန်း အနည်းငယ် အပေါ်မှာပဲ အဓိက အာရုံစိုက်ထားတာပါ။ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက် လာတာကို ဖြည့်ဆည်းဖို့အတွက် ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ သန့်စင် စွမ်းအင် နည်းပညာတွေကို စိတ်အားထက်သန်စွာနဲ့ ဝယ်ယူလာကြတယ်။ အီဂျစ်သဲကန္တာရထဲမှာ ဆောက်လုပ်နေတဲ့ ဆိုလာစွမ်းအင်သုံး စက်ရုံကြီးတွေဟာ တရုတ် စက်ပစ္စည်းတွေ အပေါ်မှာပဲ အဓိက အမှီပြုနေရပြီး အခုဆိုရင် အဲဒီပစ္စည်းတွေရဲ့ တော်တော်များများကို ဒေသတွင်းမှာပဲ ထုတ်လုပ်လာ ကြပါပြီ။ ရီယိုဒီဂျနေးရိုး ကနေ လန်ဒန်မြို့အထိ လမ်းမတွေပေါ်မှာ ဒီနေ့ အတွေ့ရများလာတဲ့ တရုတ် လျှပ်စစ်ကား (EV) တွေဟာ ဝယ်ယူသူတွေနဲ့ ပိုပြီးနီးကပ်တဲ့ ဒေသတွင်း ဗဟိုချက်မတွေမှာ တိုးမြှင့် ထုတ်လုပ် လာနေတာ တွေ့ရတယ်။

နောက်ထပ် အဓိက အာရုံစိုက်ခံရတဲ့ အရာတစ်ခုကတော့ အေအိုင်နည်းပညာ (AI) ဒေတာ စင်တာတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဆိုရင် တရုတ်ရဲ့ မြန်နှုန်းမြင့် အလင်းပြန်စနစ်သုံး အစိတ်အပိုင်း (high-speed optical components) ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ကုန်ထုတ်လုပ်မှု ဗဟိုချက်မ တစ်ခု ဖြစ်လာပါတယ်။ အဲဒီထဲမှာ ကျုံ့ကျိ အင်နိုလိုက်ဖ် (Zhongji InnoLight) ကုမ္ပဏီလည်း အပါအဝင်ဖြစ်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာတစ်လွှားမှာရှိတဲ့ အမေရိကန်ရဲ့ Cloud ကွန်ပြူတာစနစ်သုံး ကုမ္ပဏီကြီးတွေက အသုံးပြု နေကြတာပါ။

ပြည်ပမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတဲ့ တရုတ်လုပ်ငန်းတွေဟာ သူတို့လုပ်နိုင်တဲ့ နေရာကို တွေ့ရှိ ထားကြတယ်။ ဘာ့ကြောင့်လဲဆိုရင် အနောက်နိုင်ငံ ပြိုင်ဘက်ကုမ္ပဏီတွေက ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကျင့်သုံးတဲ့ အစိုးရအကြိုက် လိုက်ပြီး အမေရိကန်နိုင်ငံတွင်းမှာပဲ စက်ရုံတွေ ဆောက်ဖို့ အာရုံစိုက်နေကြတဲ့အတွက်ပါ။ အီဂျစ်အရာရှိတစ်ဦးရဲ့ ပြောပြချက်အရ တရုတ်လုပ်ငန်း တွေဟာ စက်ရုံဆောက်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ တအားကို မြန်မြန်ဆန်ဆန် လုပ်တတ်ကြတယ်လို့ ဆိုတယ်။

ဒါပေမဲ့ သူတို့ရဲ့ ပြည်ပတိုးချဲ့မှုဟာ အခက်အခဲတွေ မရှိတာတော့ မဟုတ်ပါဘူး။ အမေရိကန်က ချမှတ်လိုက်တဲ့ မတည်ငြိမ်တဲ့ အခွန်စည်းကြပ်မှု (Tariff) တွေကြောင့် စီမံကိန်းအချို့ ဖျက်သိမ်းခံရတာ ဒါမှမဟုတ် လျှော့ချခံရတာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကပဲ အိမ်ဖြူတော်ကနေ “အဓိက ကုန်စည်လွှဲပြောင်းမှု လိမ်လည်မှုကြီး” (The Great Transshipment Scam) ဆိုတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ အနည်းငယ် ပတ်သက်မှု ရှိတဲ့ ဘယ်လိုကုန်ပစ္စည်း တင်သွင်းမှုကိုမဆို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ကန့်သတ်ဖို့ တောင်းဆိုခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဘရာဇီးနဲ့ တူရကီလို နိုင်ငံတွေရဲ့ အစိုးရတွေကလည်း ဒေသတွင်းထုတ် ကုန်ကြမ်းပစ္စည်းတွေ (local-content) ကိုပဲ အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ချမှတ်လာကြပါတယ်။ ဒါက သူတို့ နိုင်ငံတွင်း ကုန်ထုတ်လုပ်မှု တန်ဖိုးကို မြင့်တက်စေပေမယ့် ကုန်ထုတ်လုပ်သူတွေအတွက်တော့ အဲဒီနိုင်ငံ တွေမှာ လာရောက် ထုတ်လုပ်ဖို့ စိတ်ဝင်စားမှုကို လျော့နည်းစေတယ်။ ဒါ့အပြင် ထွန်းသစ်စ စျေးကွက်တွေ ရဲ့ ငွေလဲနှုန်း မတည်ငြိမ်မှုတွေနဲ့ ချေးငွေအတိုးနှုန်း မြင့်မားတာတွေကလည်း အခြေအနေတွေကို ပိုပြီး ရှုပ်ထွေးစေပါတယ်။

တရုတ်အစိုးရ ကိုယ်တိုင်ကလည်း ကမ္ဘာအနှံ့ သွားရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ သူတို့နိုင်ငံက လုပ်ငန်းတွေကို အခက်တွေ့အောင် လုပ်နေတာ ရှိတယ်။ ပြီးခဲ့တဲ့လကပဲ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း အသစ်တွေကို စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီ စည်းမျဉ်းတွေထဲမှာ တခြား အချက်တွေအပြင် နည်းပညာ နဲ့ ဒေတာ (data) တွေကို ပြည်ပလွှဲပြောင်းပေးအပ်တာနဲ့ ပတ်သက်ပြီး ကန့်သတ်တာ နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ် (national – security review process) တွေကို ထည့်သွင်းလာတာမျိုး ပါဝင်နေတယ်။

အခုအချိန်အထိတော့ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုလုံးမှာ ထုတ်လုပ်မှု လျော့ကျ သွားမယ့် အရိပ်အယောင်မျိုး မပြသေးပါဘူး။ ဒါပေမဲ့ ပြည်ပမှာ သွားရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေ ပိုမို များပြားလာတာနဲ့အမျှ ဒီအခြေအနေဟာ သိပ်မကြာခင်မှာ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲသွားရင်တောင်မှ ကမ္ဘာကြီးကတော့ (ကမ္ဘာကြီးရဲ့ ဘယ်နေရာကပဲ ထုတ်ထုတ်) တရုတ် ကုန်ပစ္စည်းတွေ အပေါ်မှာပဲ ဆက်ပြီး မှီခိုနေရဦးမှာပါ။

ref: Chinese firms are wrapping their supply chains around the globe. The Economist. August 22nd-28 2026

Click to rate this post!
[Total: 2 Average: 3.5]

Leave a Comment

Your email address will not be published. Required fields are marked *