စကားဖြင့် အပြန်အလှန် အနိုင်ယူကြသည်။ စီးပွားရေးအခြေခံ တောင့်တင်းသည့်နိုင်ငံများပီပီ မဟာဗျူဟာကျသည့် ကုန်သွယ်မှုကို သေးသိမ်အောင် ပြုလုပ်ကြရင်း အချင်းချင်း မသင့်မြတ်ကြ။ နောက်ဆုံးတွင် ညှိနှိုင်းရေး ပျက်ပြားသွားပြီး အားလုံးအချည်းနှီး ဖြစ်ကြရလေပြီ။
လတ်တလော ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးညှိနှိုင်းမှုများ ဆိုးရွားစွာ ပျက်ပြားသွားခြင်းသည် ထရမ့် ဦးဆောင်နေသည့် အမေရိကန်အစိုးရနှင့် မည်သည့်နည်း ပုံစံဖြင့်မဆို ဆွေးနွေးညှိနှိုင်းရန် ကြိုးပမ်းခြင်းသည် မဆွေးနွေးခင် ကတည်းက မအောင်မြင်နိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကို သတိပေးချက် တစ်ရပ်အဖြစ် သင်ခန်းစာတစ်ခု အဖြစ် လေ့လာ သင့်ပေသည်။ ဤမကြာသေးမီက အိမ်နီးချင်းနှစ်နိုင်ငံ၏ ဖြစ်ရပ်က မျှတသော သဘောတူညီချက် တစ်ရပ် ရှာဖွေခြင်းသည် အချည်းနှီးဖြစ်ကြောင်း ပြသနေသည်ဟု လေ့လာသူများက ဆိုကြသည်။
အွန်တေးရီယိုရှိ မက်ခ်မတ်စတာတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ အန်ဒရီယာ လောလာက “သမိုင်းကြောင်းအရ ဆက်ဆံရေး ဘယ်လောက်ပဲ နီးကပ်ခဲ့ပါစေ၊ အမေရိကန်အစိုးရက ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပူးပေါင်းညှိနှိုင်းမှု သို့မဟုတ် သဟဇာတဖြစ်မှုမျိုးထက် မိမိတို့၏ အကျိုးစီးပွားကို ဦးစားပေးကြောင်း အထင်အရှား ပြသထားပြီးဖြစ်တယ်။ ဒီဆွေးနွေးပွဲတွေ ‘မအောင်မြင်ခဲ့ဘူး’ လို့ ခံစားရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ရရှိနိုင်မယ့် အောင်မြင်မှုတစ်ခု ရှိခဲ့သလားဆိုတာကိုတော့ မသေချာပါဘူး”
သီတင်းပတ်များစွာအတွင်း အရေးတကြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ ပျက်ပြားသွားခဲ့ပြီးနောက် ကနေဒါနှင့် အမေရိကန်နှစ်နိုင်ငံသည် ပိုမိုနက်ရှိုင်းလာသော ကုန်သွယ်ရေးစစ်ပွဲအတွင်း ရောက်ရှိနေကြသည်။ ထိုအချိန်တွင် အမေရိကန်က အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် တန်ဖိုးရှိ ကနေဒါကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။
သြဂုတ်လ ၂၂ ရက် (စနေနေ့) တွင် ကနေဒါ ဝန်ကြီးချုပ် မာ့ခ် ကာနီက ကနေဒါ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေမည့် အမေရိကန်ဘက်၏ နောက်ဆုံး အချိန်အထိ တရားမျှတမှုမရှိသည့် တောင်းဆိုချက်များကြောင့် သဘောတူညီချက်ကို အလျှော့မပေးပဲ အာခံ ပယ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ ကနေဒါဝန်ကြီးချုပ်က “သူတို့ဘက်က အများကြီး တောင်းဆိုခဲ့ပြီး အနည်းငယ် လောက်ကိုပဲ ကမ်းလှမ်းတာလုပ်ခဲ့တယ်… မတရား တိုက်ခိုက်ခံရတဲ့အခါ စစ်ဖြစ် တော့တာပဲ၊ ကျွန်တော်တို့ မတရား တိုက်ခိုက်ခံခဲ့ရတယ်” ဟု ဆိုသည်။ ထို့အပြင် အမေရိကန်၏ အခွန်များကို “တစ်ဒေါ်လာကို တစ်ဒေါ်လာနဲ့ တန်ဖိုးတူ တုံ့ပြန်သွားမည်” ဟု ကတိပြုခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ကနေဒါအပေါ် သွင်းကုန်ခွန်များကို ဇူလိုင် ၂၀ ရက်တွင် ပထမဆုံး ကြေညာခဲ့ပြီး ကနေဒါသည် အမေရိကန် စီးပွားရေး လုပ်ငန်းများ အပေါ် မျှမျှတတ ကိုင်တွယ်ခြင်း မပြုပဲ ခွဲခြား ဆက်ဆံခဲ့သည်ဟု စွပ်စွဲ ပြောကြားခဲ့သည်။

ထိုအချက်နှင့် ပတ်သက်၍ အမေရိကန်ဘက်က ဥပမာပေး အဓိက ထောက်ပြထားသည်မှာ ကနေဒါ၏ ပြည်နယ် ၁၀ ခုအနက် ၈ ခုနှင့် နယ်မြေ ၃ ခုစလုံးတွင် အမေရိကန်အရက်များ ရောင်းချမှုကို ပိတ်ပင်ထားခြင်း ဖြစ်သည်။ အမေရိကန်ထုတ် အရက်ပြင်း၊ ဝိုင်နှင့် ဘီယာများကို ကနေဒါ လက်လီဆိုင်များ၏ စင်များထက်မှ ဖယ်ရှားလိုက်ခြင်းသည် ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ထရမ့်က ကနေဒါအပေါ် ပထမအကြိမ် အခွန်များ ချမှတ်ပြီးနောက်တွင် တုံ့ပြန်ခြင်း ဖြစ်သည်ဟု အမေရိကန်ဘက်က ထောက်ပြသည်။
ဆွေးနွေးပွဲများ ပျက်ပြား အဆုံးသတ်သွားခြင်းကတော့ ထရမ့်အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ သဘော တူညီချက်မှာ လက်မှတ် ရေးထိုးရန်သာ ကျန်တော့သဖြင့် အခွန်နောက်ဆုံးသတ်မှတ်ရက်ကို သုံးရက်တိုးပေးမည်ဟု ထရမ့်က သြဂုတ်လ ၂၂ ရက် (အင်္ဂါ) နေ့တွင် ပြောကြားခဲ့သည်။ နောက်နေ့ ဗုဒ္ဓဟူးနေ့တွင်လည်း နှစ်ဖက် စလုံးအတွက် “အလွန် မျှတသော သဘောတူညီချက်တစ်ခု” ကို အပြီးသတ်ညှိနှိုင်းနိုင်ခဲ့ပြီဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော်လည်း သဘောတူညီချက်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ကနေဒါ မီဒီယာသို့ စတင် ပေါက်ကြားလာချိန်တွင် ကနေဒါ ပြည်သူများက သံမဏိ၊ အလူမီနီယမ်နှင့် မော်တော်ယာဉ်များ အပေါ် အခွန်လျှော့ချပေးမှုနှင့် လဲလှယ်ကာ ကနေဒါ ဝန်ကြီးချုပ် ကာနီနှင့် ၎င်း၏ ညှိနှိုင်းရေးမှူးများက အလွန်အကျွံ အလျှော့ပေး မလားဟူသည့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
မနီတိုဘာပြည်နယ်ဝန်ကြီးချုပ် ဝက်ဘ် ကီနူးနှင့် နိုဗာစကိုရှာပြည်နယ်ဝန်ကြီးချုပ် တင်မ် ဟူစတန်တို့က ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်နိုင်ရန် ဝန်ကြီးချုပ် ကာနီက ပြည်နယ်များအား အမေရိကန်ထုတ် အရက်များကို ဆိုင်စင်များပေါ် ပြန်တင်ပေးရန် တောင်းဆိုခဲ့ကြောင်း ယခု သီတင်းပတ်တွင် အတည်ပြု ခဲ့သည်။
ကနေဒါသည် ထရမ့်ကို ပြန်လည် “တုံ့ပြန်တိုက်ခိုက်သင့်သည်” ဟု မိမိယုံကြည်ကြောင်းနှင့် “လူဆိုး တစ်ယောက်နှင့် ကောင်းမွန်သော သဘောတူညီချက် မရနိုင်” ကြောင်း ကီနူးက သတင်းထောက်များ အား ပြောကြားခဲ့သည်။ ပြည်နယ် ဝန်ကြီးချုပ်များက အမေရိကန်အရက်များကို ဆိုင်စင်များပေါ် ပြန်တင်ရန် သဘောတူခဲ့လျှင်ပင် ကနေဒါနိုင်ငံသားများအား ထိုအရက်ပုလင်းများကို မဝယ်ကြရန် တိုက်တွန်းခဲ့သည်။
လတ်တလောတွင် နောက်ထပ် အစည်းအဝေးများလည်း စီစဉ်ထားခြင်းမရှိဘဲ ထရမ့်ကို ပြင်းပြင်း ထန်ထန် ဝေဖန်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထရမ့်ကလည်း ကနေဒါသည် “ပြည်နယ်တစ်ခု မဖြစ်ဘဲ ပြည်နယ်တစ်ခုနည်းတူ အကျိုးကျေးဇူးများကိုသာ လိုချင်နေသည်” ဟု ပြန်လည်စွပ်စွဲခဲ့သည်။
သွင်းကုန်ခွန်များကြောင့် ဖြစ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုကို ထောက်ရှုလျှင် ကနေဒါသည် မကြာမီ ဆွေးနွေးပွဲစားပွဲသို့ ပြန်ရောက်လာမည်ဟု လောလာက သုံးသပ်ခဲ့သည်။ သို့သော် ထရမ့်အစိုးရ နှင့် ပြုလုပ်သည့် မည်သည့်ညှိနှိုင်းမှုမဆို အချိန်မရွေး ရုတ်တရက် ပျက်ပြားနိုင်ခြေရှိသည်ဟု ကြိုတင်နားလည် ထားသင့်ကြောင်း သူမက ထောက်ပြသည်။
သူမက ဆက်လက်၍ “ကျွန်ုပ်တို့သည် အခြေအနေများ အမြဲပြောင်းလဲနေသည့် ကာလတစ်ခုအတွင်း ရှိနေကြသည်။ ဆွေးနွေးညှိနှိုင်းမှုများမှ သဘောတူညီချက်များ ထွက်ပေါ်လာသည့်တိုင် ယင်းတို့ကို ထာဝရအတည်တကျ ချုပ်နှောင်ထားသော သဘောတူညီချက်များအဖြစ် မမြင်သင့်ပါ” ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ အိမ်နီးချင်းနှစ်နိုင်ငံကတော့ မသင့်မြတ်ကြပေ။ လတ်တလောအချိန်တွင် နှစ်ဖက်စလုံးက တင်းမာလျက် ရှိကြောင်း သုံးသပ်တင်ပြလိုက်ရသည်။
မူရင်း – The lesson from Canada’s collapsed trade talks with the US: negotiation may be futile, The Guardian


