The Corner

The Corner

cropped-Logo_round_grey-background.png

သမ္မတများ၊ စစ်များ

Share မယ်

အရပ်သား အမေရိကန်သမ္မတတွေရဲ့ တာဝန်တွေထဲမှာ Commander in Chief (စစ်ဦးစီးချုပ်) တာဝန်လည်း ပါဝင်ပါတယ်။ အမေရိကန် ကြည်းတပ်၊ လေတပ်၊ ရေတပ် အားလုံးဟာ အရပ်သားသမ္မတရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ဒီဆောင်းပါးမှာ အမေရိကန်သမ္မတ အဆက်ဆက် စစ်ပွဲတွေနဲ့ ကြုံရတဲ့အခါ Commander in Chief အနေနဲ့ ဘယ်လို ကိုင်တွယ်ခဲ့ကြလဲဆိုတာကို စုဆောင်းတင်ပြထားပါတယ်။ သမ္မတတွေရဲ့ အထုပ္ပတ္တိ မဟုတ်ပါ။ စစ်အတွင်းကာလ သူတို့ရဲ့ စီမံခန့်ခွဲမှု၊ စစ်အပေါ် သဘောထား စတာတွေဖြစ်ပါတယ်။ အခုလက်ရှိ အမေရိကန်ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ရှေးယခင်က သမ္မတကြီးတွေ၊ Commander in Chief တွေများ ဗျူဟာချ ကွပ်ကဲကြရင် ဘယ်လိုတွေများ ပြောင်းသွားမလဲ တွေးကြည့်မိပါတယ်။

ဂျော့ချ်ဝါရှင်တန် (၁၇၈၉ – ၁၇၉၇)

“သစ္စာတရားနဲ့ တရားမျှတမှုကို နိုင်ငံအားလုံးအပေါ် ကျင့်သုံးပါ။ ငြိမ်းချမ်းရေးနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ပျိုးထောင်ပါ။ ကမ္ဘာကြီးရဲ့ ဘယ်နေရာကဖြစ်ဖြစ် တို့ရဲ့ အမြဲတမ်း မဟာမိတ်တွေအနေနဲ့ ဒီမူဝါဒအသစ်ကို ရှင်းရှင်းလင်းလင်း နားလည်အောင် ဦးတည်ဆောင်ရွက်ရမယ်”

မှာကြားသွားသူက အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ချ်ဝါရှင်တန် ဖြစ်ပါတယ်။ ဒီမူဝါဒဟာ နှစ်ပေါင်း ၁၅၀ လောက် နိုင်ငံခြားရေးရာမူဝါဒအဖြစ် တည်ရှိခဲ့တာပါ။ ဝါရှင်တန်ဟာ လွတ်လပ်ရေးစစ်ပွဲအတွင်း အမေရိကန်တပ်တွေကို ဦးဆောင်ခဲ့ပြီးနောက် တာဝန်မှ အနားယူချိန်မှာ သမ္မတအဖြစ် တင်မြှောက်ခံရပါတယ်။ ဗြိတိသျှတွေဆီက လွတ်လပ်ရေးယူပြီးနောက် အမေရိကန်ပြည်ထောင်စုကို ဘယ်လိုစနစ်နဲ့ သွားမလဲလို့ စဉ်းစားကြရာမှာ တချို့က ဘုရင်စနစ်ထူထောင်ပြီး ဝါရှင်တန်ကို သရဖူဆောင်းမင်းအဖြစ် နန်းတက်စေချင်ကြပါတယ်။ ဝါရှင်တန်က ဘုရင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။ သူက တစ်နိုင်ငံလုံး လှည့်လည်ခရီးသွားရာမှာ အမေရိကန်ပြည်သူတွေရဲ့ အမြင်မှာ တတိယမြောက် အင်္ဂလိပ်ဂျော့ဘုရင်ကို ပထမမြောက် အမေရိကန်ဂျော့ဘုရင်က ဆက်ခံတဲ့ပုံစံမျိုး မဖြစ်စေရအောင် အထူးဂရုပြုခဲ့ပါတယ်။

အင်္ဂလိပ်နဲ့ ပြင်သစ်တို့ ၁၇၉၃ ခုနှစ် ဧပြီလမှာ စစ်ဖြစ်ကြတဲ့အခါ သမ္မတကြီး ဝါရှင်တန်က အမေရိကန်က ကြားနေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဥရောပက အရှုပ်အထွေးတွေထဲ ဝင်မပါချင်လို့ပါ။ ဒါပေမဲ့ ပါရီသဘောတူညီချက်အရ အင်္ဂလိပ်တပ်တွေဟာ အမေရိကန်မြေပေါ်မှာ ရှိနေဆဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာဖြစ်လာတာမို့ ဝါရှင်တန်ဟာ ဝန်ကြီး ဂျွန်ဂျေးကို အင်္ဂလန်ကို စေလွှတ်ပြီး စေ့စပ်စေပါတယ်။ အင်္ဂလိပ်တပ်တွေ ရုပ်သိမ်းအောင် စေ့စပ်နိုင်ပေမဲ့ ကုန်သွယ်ရေးမှာတော့ သဘောတူညီချက်ဟာ အမေရိကန်အတွက် နစ်နာတယ်လို့ ယူဆကြပါတယ်။ ၁၇၉၉ ခုနှစ် ဒီဇင်ဘာလမှာ သမ္မတကြီး ဂျော့ချ်ဝါရှင်တန် ကွယ်လွန်ခဲ့ပြီး သူ့ရဲ့သေတမ်းစာမှာ သူ့ရဲ့ကျွန်တွေကို လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ စစ်တိုက်ပြီး လွတ်လပ်ရေးကို ယူခဲ့ပြီးနောက် သမ္မတဖြစ်လာချိန်မှာတော့ စစ်ပွဲတွေကို မကြုံခဲ့ရတဲ့ သမ္မတတစ်ဦး ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ သူ့ရဲ့ မကွယ်လွန်မီ အမှာစကားကို ထောက်ရင် သူဟာ နိုင်ငံအားလုံးနဲ့ တန်းတူရည်တူ ငြိမ်းချမ်းစွာ ဆက်ဆံလိုသူ၊ ဗိုလ်မကျလိုသူဆိုတာ ထင်ရှားပါတယ်။

ဒီသမ္မတကတော့ စစ်နဲ့တည့်တည့်ကြီးတိုးတဲ့ သမ္မတပါ။ သူကိုယ်တိုင် ဗြိတိသျှအစိုးရရဲ့ ရန်စမှုတွေကို ဆက်သည်းမခံသင့်ကြောင်း ကွန်ဂရက်ကို တင်ပြပြီး ကွန်ဂရက်က စစ်ကြေညာခဲ့ပါတယ်။ တိုက်မယ့်တိုက်ရတော့လည်း အမေရိကန်ထက် အင်အားသာလွန်တဲ့ အင်္ဂလိပ်စစ်တပ်နဲ့ စစ်မျက်နှာ သုံးခုဖွင့် တိုက်ရပါတယ်။ ကနေဒါ၊ အတ္တလန္တိတ် သမုဒ္ဒရာနဲ့ ဒေသခံလူမျိုးစုများ ကြီးစိုးတဲ့ ဒေသများမှာပါ။ ဩဂုတ်လ ၁၈၁၄ မှာ မြို့တော် ဝါရှင်တန်ဒီစီကို အင်္ဂလိပ်တပ်တွေ ထိုးစစ်ဆင်လာလို့ အိမ်ဖြူတော်နဲ့ လွှတ်တော်လည်း မီးတင်အရှို့ခံရပြီး သမ္မတလည်း ထွက်ပြေးရပါတယ်။ ပြဿနာက ဒီစစ်ပွဲမှာ ပြည်နယ်အားလုံးရဲ့ ထောက်ခံမှုကို မရတာပါ။ စစ်ဘေးဒဏ်မခံရတဲ့ ပြည်နယ်တွေက စစ်ပွဲမှာ ဝင်ကူဖို့ ငြင်းဆန်ကြပါတယ်။ တချို့က ပြည်ထောင်စုက ခွဲထွက်ဖို့တောင် ပြောလာကြပါတယ်။ Federalist party က စစ်ကို လုံးဝဆန့်ကျင်ပါတယ်။ နယူးအော်လင်းတိုက်ပွဲမှာ အမေရိကန်က အောင်ပွဲရလိုက်ပါတယ်။ နောက်ဆုံးတော့ စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အမေရိကန်က အသာရတယ်လို့ ဆိုနိုင်ပါတယ်။ ကွန်ဂရက်က စစ်တိုက်ဖို့ ခွင့်ပြုခဲ့ပေမယ့် ပြည်နယ်အချို့က ဆန့်ကျင်ခဲ့တဲ့ စစ်ပွဲပါ။

ဂျိမ်းစ်ပေါ့လ်ခ် (၁၈၄၅ – ၁၈၄၉)

သမ္မတက စစ်ပွဲဆင်နွှဲသင့်တယ်လို့ ပြောတာကို အငြင်းအခုံ လုပ်ကြတဲ့ စစ်ပါ။ တက္ကဆပ် ပြည်နယ်ကို ၁၈၄၅ မှာ အမေရိကန် ပြည်ထောင်စုအတွင်း ပါဝင်ဖို့ ခွင့်ပြုလိုက်ပြီးတဲ့နောက် မက္ကဆီကိုက စတင် တိုက်ခိုက်လာပါတယ်။ ၁၈၄၆ မေလမှာ တက္ကဆပ်နယ်စပ်မှာ အမေရိကန်တပ်တွေကို မက္ကဆီကိုတပ်တွေက တိုက်ခိုက်ခဲ့ကြောင်း “အမေရိကန်မြေပေါ်မှာ အမေရိကန်တွေရဲ့ သွေးမြေကျခဲ့ရပြီ” လို့ သမ္မတ ပေါ့လ်ခ်က ကွန်ဂရက်မှာ ပြောပါတယ်။ တချို့က မယုံပါဘူး။ ဖြစ်စဉ်ဖြစ်ပွားတာ အမေရိကန်မြေပေါ်မှာ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်သူက နောင်သမ္မတဖြစ်လာမည့် အီဘရာဟင် လင်ကွန်း ဖြစ်ပါတယ်။ စစ်ပွဲက နှစ်နှစ်ကြာပြီး မက္ကဆီကိုက အညံ့ခံသွားပါတယ်။ ဒီစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ခဲ့ကြတဲ့ အမေရိကန်တပ်သားတွေဟာ နောင်နှစ်အနည်းငယ်အကြာမှာ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြီးမှာ ဆန့်ကျင်ဘက်တွေ အဖြစ် တိုက်ကြရမှာကို မသိခဲ့ကြပါဘူး။

အီဘရာဟင် လင်ကွန်း (၁၈၆၀ – ၁၈၆၅)

ကျွန်စနစ်ကို ဖျက်သိမ်းလိုသူ ပြည်နယ်များနဲ့ ကျွန်စနစ်ထားရှိလိုသူ ပြည်နယ်များအကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြီးဟာ သမ္မတလင်ကွန်း လက်ထက်မှာ ဖြစ်ပွားခဲ့ပါတယ်။ တောင်ပိုင်းပြည်နယ်တွေနဲ့ မြောက်ပိုင်းပြည်နယ်တွေအကြားဖြစ်တဲ့ စစ်ပွဲကြီးလို့ ပြောရင်လည်း ရပါတယ်။ မြောက်ပိုင်းပြည်နယ်တွေကို အပြာရောင်ယူနီဖောင်းနဲ့ ပြည်ထောင်စုတပ်တွေလို့ ခေါ်ပြီး တောင်ပိုင်းသားတွေကတော့ မီးခိုးရောင်ယူနီဖောင်းနဲ့ မဟာမိတ်တပ်တွေလို့ ခေါ်ကြပါတယ်။ တောင်ပိုင်းပြည်နယ် ၁၁ ခုက ပြည်ထောင်စုကနေ ခွဲထွက်ကြောင်း ကြေညာကြပါတယ်။ ခွဲထွက်သွားတဲ့ ပြည်နယ်တွေကို ပြည်ထောင်စုထဲ ပြန်ထည့်သွင်းဖို့အတွက် ဒီစစ်ကြီးကို လင်ကွန်း တိုက်တာဖြစ်သလို ကျွန်စနစ်ကို အပြီးတိုင်ဖျက်သိမ်းရေးအတွက်လည်း ပါပါတယ်။ သူ့ရဲ့မိန့်ခွန်းတစ်ခုမှာ သမ္မာကျမ်းချက်တစ်ခုကို ကိုးကားထားပါတယ်။ “A house divided against itself cannot stand.” သူက ကျွန်စနစ်တစ်ဝက်၊ ကျွန်မဲ့စနစ်တစ်ဝက်နဲ့ ဒီအစိုးရ ဆက်သွားလို့ မရကြောင်း ထည့်သွင်းပြောသွားခဲ့ပါတယ်။

ပြည်တွင်းစစ်ဟာ ၁၈၆၁ ဇူလိုင်လကနေ ၁၈၆၅ ဧပြီလအထိ ကြာရှည်ခဲ့ပါတယ်။ ဝတ်စုံအပြည့် ဝတ်ထားတဲ့ တောင်ပိုင်းမဟာမိတ်တပ် ဗိုလ်ချုပ်ကြီး ရောဘတ်လီက ရွှံ့တွေပေနေတဲ့ ရိုးရိုးတပ်သား ယူနီဖောင်းဝတ်ထားတဲ့ ပြည်ထောင်စုတပ် ဗိုလ်ချုပ်ကြီး ဂရန့်ထံ ၁၈၆၅ ဧပြီလ ၉ ရက်နေ့မှာ လက်နက်ချခဲ့ပါတယ်။ လင်ကွန်းသမ္မတသက်တမ်းမှာ အပြိုင်သမ္မတတစ်ဦး ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဂျက်ဖာဆန်ဒေးဗီးစ်ကို တောင်ပိုင်းပြည်နယ်များက သူတို့ရဲ့ သမ္မတအဖြစ် ၁၈၆၁ ခုနှစ်မှာ တစ်ခဲနက် တင်မြှောက်လိုက်လို့ပါ။ စစ်ပွဲရဲ့ ပထမနှစ်နှစ်မှာ ပြည်ထောင်စုတပ်တွေ အရေးနိမ့်နေခဲ့ရာက နောက်နှစ်နှစ် ၁၈၆၃ – ၆၄ ကျမှ အောင်ပွဲခံနိုင်လာတာပါ။ အရေးပါတဲ့ တိုက်ပွဲတစ်ပွဲက ပြည်ထောင်စုတပ်များ အောင်ပွဲရခဲ့တဲ့ ဂက်တီစဘတ်တိုက်ပွဲ ဖြစ်ပြီး အဲဒီဂက်တီစဘတ်မှာ ပြောခဲ့တဲ့ လင်ကွန်းရဲ့ မိန့်ခွန်းဟာလည်း အမေရိကန်သမိုင်းမှာ နာမည်ကျော်ခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲက “…that government of the people, by the people, for the people, shall not perish from the earth.” ဆိုတဲ့ စာသားလေးက ကမ္ဘာကျော်ခဲ့ပါတယ်။

စစ်ပွဲအတွင်းမှာ လင်ကွန်းဟာ သူ့ရဲ့ဗိုလ်ချုပ်ကြီးများရဲ့ လုပ်ဆောင်မှုတွေကို အမြဲစောင့်ကြည့်နေပြီး လိုအပ်လာပြီဆိုရင် အသစ်တစ်ယောက်နဲ့ လဲလိုက်ဖို့ အချိန်မဆိုင်းတာ တွေ့ရပါတယ်။ နောက်တစ်ခုက စိတ်ဓာတ်ရေးရာမှာ သူ့ရဲ့အရှိန်အဝါကို အချိန်ကိုက် အသုံးချနိုင်တာပါ။ စစ်ပွဲဆင်နွှဲရတဲ့ ရည်ရွယ်ချက်ကို ပြည်ထောင်စုတည်တံ့ဖို့ ဆိုတာကနေ ကျွန်စနစ်ကို ဖျက်သိမ်းမယ့် ကိုယ်ကျင့်သိက္ခာစစ်ပွဲအဖြစ် ပြောင်းပေးလိုက်ပါတယ်။ ဒါတွေဟာ လင်ကွန်းစစ်နိုင်ရခြင်းရဲ့ အကြောင်းရင်းများထဲက တချို့ ဖြစ်ပါတယ်။ တောင်ပိုင်းဘက်က လက်နက်ချအပြီး ငါးရက်အကြာ ၁၈၆၅ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ လုပ်ကြံခံရပြီး လင်ကွန်း ကွယ်လွန်ပါတယ်။ ပြည်ထောင်စုကနေ တောင်ပိုင်းပြည်နယ်တွေ ခွဲထွက်မသွားတော့အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ပြည်ထောင်စုကို အပြီးတိုင် ခွဲခွာသွားရပါတယ်။

ဝီလီယမ် မက်ကင်လေ (၁၈၉၇ – ၁၉၀၁)

ပြည်တွင်းထောက်ခံမှုတွေ ပိုများများလိုချင်လို့ စစ်တိုက်တဲ့ သမ္မတပါ။ သူက အမေရိကန်ရေတပ်ရဲ့ အင်အားကို ကြွားချင်တယ်။ ကျူးဘားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်စစ်သင်္ဘော မိန်း (Maine) ဟာ ၁၈၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပါတယ်။ မတော်တဆကြောင့်လည်း ဖြစ်နိုင်ပေမယ့် အမေရိကန်အစိုးရက ဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ အထောက်အပံ့ခံ ကျူးဘားအစိုးရဆန့်ကျင်ရေးတပ်တွေကို နှိမ်နင်းနေတဲ့ စပိန်တွေရဲ့ လက်ချက်လို့ သတ်မှတ်လိုက်ပါတယ်။ စပိန်က အမေရိကန်ပြည်ထောင်စုအပေါ် စစ်ကြေညာပြီးတဲ့နောက် လေးလကြာတဲ့အခါ စစ်ပွဲပြီးဆုံးပါတယ်။ ကျူးဘားဟာ စပိန်လက်အောက်က အကန့်အသတ်နဲ့ လွတ်လပ်ရေးရပြီး အမေရိကန်ရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်ပါတယ်။ ဒီစစ်ရဲ့ အကျိုးဆက်အနေနဲ့ ပွါတိုရီကို၊ ဂူအမ်တို့ အမေရိကန်လက်အောက်ရောက်လာပြီး ဖိလစ်ပိုင်ကျွန်းစုကို ဒေါ်လာ သန်း ၂၀ နဲ့ ဝယ်လိုက်ပါတယ်။ သမ္မတကတော့ ၁၉၀၁ ခုနှစ်မှာ လုပ်ကြံခံရပြီး ကွယ်လွန်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်အင်အားသုံးပြီး ပြင်ပနိုင်ငံတွေကို သိမ်းသွင်းတာကို ပထမဆုံးမြင်ရတဲ့ စစ်ပွဲပါ။

ဝုဒ်ရိုးဝီလ်ဆင် (၁၉၁၃ – ၁၉၂၁)

ပထမကမ္ဘာစစ်နဲ့ တိုးတဲ့ သမ္မတပါ။ ဥရောပမှာ စစ်စဖြစ်တော့ အမေရိကန်က ကြားနေပါ။ ဒါပေမဲ့ ခရီးသည် ၁၀၀၀ ကျော်တင်ထားတဲ့ သင်္ဘောတစ်စင်းကို ဂျာမန်တွေက ပစ်ခတ်နှစ်မြှုပ်လိုက်ရာမှာ အမေရိကန်လူမျိုး ၁၂၈ ယောက် ပါသွားတဲ့အတွက် သမ္မတက စစ်ပွဲထဲဝင်ဖို့ လုပ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးက ကန့်ကွက်နုတ်ထွက်သွားပါတယ်။ စစ်ဖြစ်နေတဲ့ ဥရောပနိုင်ငံတွေအကြား စေ့စပ်ပေးဖို့ သမ္မတဝီလ်ဆင် အပြင်းအထန် ကြိုးစားပေမယ့် မအောင်မြင်ပါ။ ၁၉၁၇ ခုနှစ် ဧပြီလမှာ ဂျာမနီကို စစ်ကြေညာဖို့ သမ္မတက ကွန်ဂရက်ကို တောင်းဆိုပါတယ်။ တစ်နှစ်လောက်ကြာတဲ့အထိ အမေရိကန်တပ်တွေကို ဥရောပ မပို့နိုင်သေးပေမယ့် အမေရိကန်က ဥရောပမဟာမိတ်တွေကို ထောက်ပံ့မယ့် စစ်ပစ္စည်းပမာဏဟာ စစ်ပိုမြန်မြန် ပြီးစေနိုင်ခဲ့ပါတယ်။

၁၉၁၈ ဇန်နဝါရီလမှာ သမ္မတဝီလ်ဆင်ဟာ အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ အဲဒီအချက်တွေထဲမှာ ဥရောပနိုင်ငံက ဧကရာဇ်တွေ သူတို့ရဲ့ တိုင်းသူပြည်သားတွေ ရသင့်တဲ့ အခွင့်အရေးတွေအပေါ် လေးစားဖို့ ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်မှာ ရေးဆွဲတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် ဥရောပနိုင်ငံတွေက ကိုယ့်အကျိုးအတွက် ကိုယ်ကြည့်ကြတာပါ။ အမေရိကန်သမ္မတတစ်ယောက်ရဲ့ ဒီမိုကရေစီအခြေခံ ကျင့်ထုံးတွေကို လှည့်မကြည့်ပါ။ ဒါပေမဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး ထူထောင်ရန်ဆိုတဲ့ အဆိုကိုတော့ လက်ခံလိုက်ကြပါတယ်။ အမေရိကကို သူပြန်ရောက်တဲ့အခါမှာ ဒီသဘောတူညီချက်ဟာ သူတို့ကို စစ်ဝင်တိုက်ပေးဖို့ ဆွဲဆောင်မှုတွေနဲ့ မတူညီဘူး၊ ငြိမ်းချမ်းရေးအတွက်လည်း ဘာမှ ဝင်လုပ်မပေးနိုင်တော့ဘူးဆိုတဲ့ အသံတွေကို ပြည်သူတွေထံက ကြားရပါတယ်။ သီးသန့်နေဖို့ပဲ သဘောထားရှိကြပါတယ်။ ဒီသဘောထားဟာ နိုင်ငံပေါင်းချုပ်အသင်းကြီး ထူထောင်ဖို့ စတင်အုတ်မြစ်ချခဲ့တဲ့ သမ္မတအတွက် စိတ်ပျက်အားလျော့ဖွယ်ပါ။ ဒီစိတ်ကြောင့် ကျန်းမာရေးလည်း ထိခိုက်လာပြီး ဗုန်းဗုန်းလဲသွားပါတယ်။ စစ်ပွဲတွေ ထပ်မဖြစ်အောင် ရေရှည်ငြိမ်းချမ်းရေးအတွက် စုပေါင်းလုပ်ဆောင်မှရမယ်ဆိုတဲ့ အမြော်အမြင်နဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းစေနိုင်သော သမ္မတ ဖြစ်ပါတယ်။

အမေရိကန် သမိုင်းတစ်လျှောက် စစ်ပွဲများနှင့် ကုန်ကျစရိတ်များ (Credit: Howmuch.net)

ဟယ်ရီထရူးမင်း (၁၉၄၅ – ၁၉၅၃)

အဏုမြူဗုံးနှစ်လုံးကြဲချပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်နိုင်ခဲ့ပေမယ့် စစ်ပွဲအသစ် “စစ်အေးတိုက်ပွဲ” (Cold War) ကို စတင်ဆင်နွှဲခဲ့ရတဲ့ သမ္မတဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မိတ်ဖက်နိုင်ငံတွေဟာ စစ်အပြီးမှာတော့ ကမ္ဘာကြီးကို စိုးမိုးဖို့ ဝါဒချင်း ပြိုင်ဆိုင်လာကြတာပါ။ ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမှုကို တိုက်ဖျက်ဖို့ သူ့လက်ထက်မှာ CIA, National Security Council တို့ကို တည်ထောင်ခဲ့ပြီး စစ်ဝန်ကြီးဌာနကို ကာကွယ်ရေးဝန်ကြီးဌာနလို့ အမည်ပြောင်းခဲ့ပါတယ်။

စစ်ပွဲကြီးအပြီး နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းဆဲမှာ ကွန်မြူနစ်နိုင်ငံ မြောက်ကိုရီးယားက အမေရိကန်မဟာမိတ် တောင်ကိုရီးယားကို ၁၉၅၀ ခုနှစ်မှာ ကျူးကျော်တိုက်ခိုက်လာပါတယ်။ အမေရိကန်တပ်တွေလည်း ဝင်ပါရပြန်ပါတယ်။ စစ်သေနင်္ဂပါရမီရှင် ဗိုလ်ချုပ်ကြီး မက်အာသာကို ထိန်းသိမ်းဖို့ရာ ထရူးမင်းအတွက် မလွယ်ကူခဲ့ပါဘူး။ မက်အာသာက ထရူးမင်းရဲ့ စကားကို နားမထောင်ပါဘူး။ ယာလူးမြစ်ကို မကျော်ဖို့ တရုတ်က ရာဇသံပေးတာကို မက်အာသာက အလေးမထားဘဲ ကျော်လိုက်လို့ တရုတ်နိုင်ငံက စစ်သည် သုံးသိန်းပို့လိုက်ပြီး စစ်ထဲ ပါလာပါတယ်။ နောက်ဆုံးမှာတော့ အရပ်သားသမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ စစ်တပ်က ရှိရမယ်ဆိုတဲ့ အခြေခံမူဝါဒအရ ထရူးမင်းဟာ မက်အာသာကို ရာထူးက ဖြုတ်လိုက်ပါတယ်။ အမေရိကန်စစ်သား ၁၅၀,၀၀၀ ကျဆုံးခဲ့ပြီးနောက် ၁၉၅၃ မှာ စစ်ပြေငြိမ်းစာချုပ် ချုပ်ကြပါတယ်။ လူထုအကြား ကျော်ကြားပြီး စစ်တိုက်တော်လှတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို စစ်ပွဲ နိုင် မနိုင်ကို အရေးမစိုက်ဘဲ အမိန့်မနာခံမှုကြောင့် ပြတ်ပြတ်သားသား ထုတ်ပစ်ရဲတဲ့ သမ္မတ ထရူးမင်းပါ။ ၁၉၅၃ ခုနှစ်မှာ တာဝန်က အနားယူပြီး သမ္မတ ထရူးမင်းဟာ ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ပါတယ်။

လင်ဒန်ဂျွန်ဆင် (၁၉၆၃ – ၁၉၆၉)

သမ္မတ ရုဇ်ဗဲ့လ်နောက် အကောင်းဆုံးသမ္မတဖြစ်ဖို့ဆိုတဲ့ သူ့ရဲ့ အိပ်မက်ဟာ ဗီယက်နမ်စစ်ကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ဗီယက်နမ်အခြေအနေ မတည်ငြိမ်တာ သမ္မတ ကနေဒီလက်ထက်ကတည်းက ပေမယ့် တကယ်စစ်ဝင်တိုက်ဖို့ ခွင့်ပြုချက်ကို လင်ဒန်က တောင်းပြီး ကွန်ဂရက်က ပေးလိုက်တာပါ။ “ဗီယက်နမ်ကို အဆုံးရှုံးမခံပါဘူး။ အရှေ့တောင်အာရှကြီး တစ်ခုလုံး တရုတ်ဖြစ်စေချင်သလို ဖြစ်သွားမှာကို ထိုင်ကြည့်နေတဲ့ သမ္မတလို့ ကျုပ်အဖြစ်မခံနိုင်ဘူး” လို့ လင်ဒန်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်တပ်တွေကို ချက်ချင်းစေလွှတ်တာတော့ မဟုတ်သေးပါဘူး။ ရွေးကောက်ပွဲနီးလာတဲ့အခါ သူက “အာရှသားလူငယ်တွေ သူတို့ဘာသာသူတို့ လုပ်ရမယ့်အလုပ်အတွက် အမေရိကန်လူငယ်လေးတွေကို မိုင်ပေါင်း ကိုးထောင်၊ တစ်သောင်း အကွာအဝေးကို မလွှတ်ပါဘူး” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူငယ်တွေ အများကြီးဆင့်ခေါ်ပြီး ဗီယက်နမ်ကို ပို့ပါတယ်။ လက်နက်၊ ပစ္စည်းအားလုံး အမေရိကန်က သာပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ မြောက်ဗီယက်နမ်သားတွေနဲ့ ဗီယက်ကောင်းတွေကို မယှဉ်နိုင်ပါဘူး။ ပြည်တွင်းမှာလည်း စစ်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ပြင်းသထက် ပြင်းထန်လာနေပါတယ်။ ဆိုင်ဂုံမှာရှိတဲ့ အမေရိကန်သံရုံးကို ဗီယက်ကောင်းတွေက ဝင်ရောက် စီးနင်းလိုက်တာကို အမေရိကန်ပြည်သူတွေ ရုပ်မြင်သံကြားကနေ မြင်ကြရပါတယ်။ နောက်ဆုံးမှာတော့ သမ္မတ လင်ဒန်က စစ်ပြေငြိမ်းရေး အစပြုတဲ့အနေနဲ့ ဗုံးကြဲတာတွေကို ရပ်ဖို့ ၁၉၆၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အမိန့်ပေးလိုက်ပြီး သမ္မတ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။ ၁၉၇၄ ဇန်နဝါရီ ၂၃ ရက်နေ့မှာ သမ္မတ နစ်ဆင်က ဗီယက်နမ်စစ်ပြီးဆုံးကြောင်း တရားဝင် ကြေညာပါတယ်။ လင်ဒန်က အဲဒီနေ့ မတိုင်မီတစ်ရက်မှာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

ဂျင်မီကာတာ (၁၉၇၇ – ၁၉၈၁)

အရှေ့အလယ်ပိုင်းစစ်ပွဲတွေ ရပ်တန့်အောင် လုပ်နိုင်ခဲ့ပေမယ့် အရှေ့အလယ်ပိုင်းကြောင့်ပဲ သမ္မတသက်တမ်း တစ်ခုလုံး ကျဆုံးခဲ့ရတဲ့ သမ္မတတစ်ဦးပါ။ ၁၉၇၈ ခုနှစ်မှာ သမ္မတကာတာရဲ့ စေ့စပ်ပေးမှုနဲ့ အစ္စရေးဝန်ကြီးချုပ် မီနာချမ်ဘီဂင်နဲ့ အီဂျစ်သမ္မတ အန်ဝါဆဒတ်တို့ဟာ ကမ့်ဒေးဗစ်မှာ တွေ့ဆုံညှိနှိုင်းခဲ့ပြီး နောက်တစ်နှစ်အကြာမှာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ သမ္မတကာတာအတွက် အောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာတော့ အီရန်မှာ လူထုတော်လှန်ရေးတစ်ရပ် ဖြစ်ပွားပြီး ရှားဘုရင်ကို နန်းချကာ အယာတိုလာခိုမေနီက အသစ်ထူထောင်တဲ့ သမ္မတနိုင်ငံမှာ ခေါင်းဆောင်ဖြစ်လာပါတယ်။ ကင်ဆာဝေဒနာသည် ရှားဘုရင်ကတော့ တစ်နိုင်ငံပြီးတစ်နိုင်ငံ ပြောင်းရွှေ့ခိုလှုံရင်း နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စုက လက်ခံမလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ သမ္မတကာတာရဲ့ အစိုးရအဖွဲ့ဝင် အများစုက ရှားဘုရင်ကို ခိုလှုံခွင့်ပေးချင်ကြပါတယ်။ သမ္မတကာတာက မေးခွန်းတစ်ခု မေးပါတယ် – “ရှားဘုရင်ကို ခိုလှုံခွင့်ပေးလိုက်လို့ အီရန်တွေက တီဟီရန်အမေရိကန်သံရုံးကို ဝင်စီးပြီး ဓားစာခံတွေ လုပ်လိုက်ရင် ဘယ်လိုလုပ်ကြမလဲ”။ ဘယ်သူမှ မဖြေနိုင်ကြပါ။ ၁၉၇၉ ခုနှစ်မှာ ရှားဘုရင်ကို ခိုလှုံခွင့်နဲ့ ဆေးကုသခွင့် ပေးလိုက်ပါတယ်။ နောက်တစ်လအကြာမှာပဲ တီဟီရန်အမေရိကန်သံရုံး ဝင်အစီးခံရပြီး သံရုံးဝန်ထမ်း ၅၂ ဦးကို ဓားစာခံအဖြစ် ဖမ်းလိုက်ပါတယ်။ သမ္မတရဲ့ သက်တမ်း ၁၄ လအတွင်း အမျိုးမျိုးသော စေ့စပ် အပေးအယူတွေ လုပ်ပေမယ့် လွှတ်မပေး ပါဘူး။ ကယ်တင်ရေးစစ်ဆင်ရေးတစ်ခုလည်း ရာသီဥတုကြောင့် မအောင်မြင်ခဲ့ပါ။ ဒီအရေးဟာ သမ္မတရဲ့ အားနည်းပျော့ညံ့မှုနဲ့ ဗီယက်နမ်စစ် နောက်ပိုင်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာအရေးတွေမှာ အရာမရောက်မှုကို ဖော်ပြနေတယ်လို့ ယူဆကြပါတယ်။ သမ္မတ ကိုယ်တိုင်လည်း အိမ်ဖြူတော်က ထွက်ပေးခဲ့ရပါတယ်။ သမ္မတအသစ် ကျမ်းကျိန်အပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဓားစာခံတွေကို လွှတ်ပေးလိုက်ပါတယ်။ သမ္မတဟောင်း ကာတာဟာ သာမန်အရပ်သားတစ်ယောက်အနေနဲ့ လွတ်လာတဲ့ ဓားစာခံတွေကို ဂျာမနီမှာ သွားရောက်တွေ့ဆုံဖို့ သမ္မတသစ် ရော်နယ်ရီဂင်က သူ့ကိုယ်စား စေလွှတ်ခဲ့ပါတယ်။ အကြမ်းဖက်ပြန်ပေးသမားတွေနဲ့ တိုက်တဲ့စစ်ပွဲမှာ ကျရှုံးခဲ့ရတဲ့ သမ္မတ ဖြစ်ပါတယ်။

ရော်နယ်ရီဂင် (၁၉၈၁ – ၁၉၈၉)

ကြယ်တာရာစစ်ပွဲ (Star Wars) ကို စတင်ခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ သမ္မတ ရီဂင်က ပြည်သူတွေအားလုံး နျူကလီးယားအန္တရာယ်က ကင်းဝေးဖို့ Strategic Defense Initiative (SDI) ဆိုတဲ့ စနစ်ကို ဖော်ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။ ကြယ်တာရာစစ်ပွဲ (Star Wars) လို့ ကျော်ကြားတဲ့ စနစ် ဖြစ်ပါတယ်။ ဝေဖန်စောင့်ကြည့်သူတွေက ဒီစနစ်ဟာ စိတ်ကူးယဉ်ဆန်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက် ပြည်ထောင်စုတို့အကြား နျူကလီးယားလက်နက်ပိုင်ဆိုင်မှု အချိုးညီမျှခြင်းကို မတည်မငြိမ် ဖြစ်စေမယ်လို့ ယူဆတဲ့အတွက် ပယ်ချ ခဲ့ကြပါတယ်။ ရီဂင်ကတော့ ဒီကိစ္စကို ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ်နဲ့ ဆွေးနွေးတဲ့အခါ ထည့်ဆွေးနွေးပါတယ်။ ဂေါ်ဘာချော့ဗ်က ဒီစိတ်ကူးကို မကြိုက်ပေမယ့် ရီဂင်ရဲ့ ဒီစိတ်ကူးဟာ နျူကလီးယားစစ်ပွဲကို ရှောင်ကြဉ်ဖို့၊ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေကို လျှော့ချဖို့ဆိုတဲ့ အချက်တွေအပေါ်မှာ အခြေခံတာဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သွားပါတယ်။ ရီဂင်ဟာ နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးလည်း လုပ်မှာမဟုတ်ဘူးဆိုတာ နားလည်သွားပါတယ်။ ဂေါ်ဘာချော့ဗ်ဟာ ကာကွယ်ရေးစရိတ်တွေကို ပိုလျှော့ချသွားနိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ စစ်အေးခေတ် ပြီးဆုံးသွားရခြင်းမှာ သမ္မတရီဂင်ရဲ့ ကြယ်တာရာစစ်ပွဲကလည်း အရေးပါပါတယ်။ သမ္မတရီဂင်ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ပါတယ်။

ဂျော့ချ်ဘုရှ် (စီနီယာ) (၁၉၈၉ – ၁၉၉၃)

ပင်လယ်ကွေ့စစ်ပွဲကို တိုက်ခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ သမ္မတဖြစ်လာချိန်မှာ အမေရိကန်ရဲ့ အင်အားကို အခြားသောနိုင်ငံများ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံမယ်၊ အမေရိကန်ရဲ့ ဒီမိုကရေစီဟာ အခြားနိုင်ငံများအတွက် စံနမူပြ ဖြစ်ရမယ်လို့ သူက သတင်းစကားပါးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သတင်းစကားကို အီရတ်က ဆဒမ်ဟူစိန်က အလေးမထားပါဘူး။ ၁၉၉၀ ဩဂုတ်လမှာ အီရတ်က အိမ်နီးချင်း ကူဝိတ်ကို ကျူးကျော်သိမ်းပိုက်ပါတယ်။ အောက်တိုဘာလ ကုလသမဂ္ဂမှာ သမ္မတဘုရှ်က မိန့်ခွန်းပြောကြားရာမှာ ဒီကျူးကျော်မှုကို ပထမကမ္ဘာစစ်ဖြစ်စေခဲ့တဲ့ ကျူးကျော်မှုမျိုးလို့ ပြောကြားခဲ့ပါတယ်။ အခြားနေရာတွေမှာ ပြောတဲ့အခါမှာလည်း ဆဒမ်ဟူစိန်ကို ဟစ်တလာနဲ့ ခိုင်းနှိုင်းပြီး ကူဝိတ်ကို ကျူးကျော်မှုဟာ ဂျာမနီက ပိုလန်ကို ကျူးကျော်မှုနဲ့ အလားတူပဲလို့ ပြောသွားပါတယ်။

အမေရိကန်လေတပ်က ၁၉၉၁ ဇန်နဝါရီလမှာ စတင်ဗုံးကြဲတိုက်ခိုက်ပါတယ်။ ကန္တာရစစ်ဆင်ရေး (Operation Desert Storm) လို့ နာမည်ပေးထားပြီး “နောက်ထပ် ဗီယက်နမ် မဖြစ်ရပါဘူး” လို့ အာမခံချက် ပေးပါတယ်။ ခြောက်ပတ်ကြာ အကြီးအကျယ် ဗုံးကြဲပြီးမှ မြေပြင်စစ်ဆင်ရေး ဝင်ပါတယ်။ ခုခံမှု ကြီးကြီးမားမား မရှိဘဲ လေးရက်အကြာမှာ စစ်ပွဲပြီးဆုံးပါတယ်။ သမ္မတဘုရှ်အတွက် ပင်လယ်ကွေ့စစ်ပွဲဟာ ဗီယက်နမ်မှာ ရှုံးခဲ့ရတဲ့ အတိတ်ဟောင်းကို ချေဖျက်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ သမ္မတဘုရှ်ဟာ ၂၀၀၀ ပြည့်နှစ်မှာ သားဖြစ်သူ ဘုရှ်ဂျူနီယာရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်ပါတယ်။

ဂျော့ချ်ဘုရှ် (ဂျူနီယာ) (၂၀၀၁ – ၂၀၀၉)

ဗီယက်နမ်စစ်ပွဲမှာ စစ်မှုမထမ်းခဲ့သော်လည်း အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို စစ်ကြေညာပြီး ချေမှုန်းခဲ့တဲ့ သမ္မတဖြစ်ပါတယ်။ 9/11 ဖြစ်တဲ့အချိန်မှာ သမ္မတဘုရှ်က ဖလော်ရီဒါပြည်နယ်ကို ရောက်နေပါတယ်။ ချက်ချင်းပဲ အဖြစ်အပျက်ကို နိုင်ငံလုံးဆိုင်ရာ ကြေကွဲ ဝမ်းနည်းဖွယ် အဖြစ်လို့ ကြေညာချက် ထုတ်ပါတယ်။ ညနေပိုင်း တစ်နိုင်ငံလုံးကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ “အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျူးလွန်သူ အကြမ်းဖက်တွေနဲ့ သူတို့ကို အကာအကွယ်ပေးထားတဲ့သူတွေကြားမှာ ခွဲခြားနေမှာ မဟုတ်ဘူး” လို့ သတိပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့မှာ ကြိုတင်စီစဉ်မထားဘဲ သမ္မတဘုရှ်ဟာ နယူးယော့ကို ရောက်လာပါတယ်။ မီးသတ်ကားတစ်စီးပေါ်တက်ပြီး လက်ကိုင်အသံချဲ့စက်နဲ့ ခက်ခက်ခဲခဲ အော်ပြောနေချိန် အောက်ကလူတစ်ယောက်က မကြားရဘူးလို့ အော်ပါတယ်။ အဲဒီမှာ သမ္မတဘုရှ်က “ခင်ဗျားပြောတာ ကျွန်တော်ကြားရတယ်။ တစ်ကမ္ဘာလုံးလည်း ကြားရတယ်။ ဒီအဆောက်အဦးကြီးတွေကို ဖြိုလှဲပစ်လိုက်တဲ့သူတွေလည်း ကျွန်တော်တို့ပြောမှာကို မကြာခင် ကြားကြရလိမ့်မယ်” လို့ တုံ့ပြန်တဲ့စကားဟာ သူ့သမ္မတသက်တမ်းမှာ အကောင်းဆုံးပြောခဲ့တဲ့ စကားလို့ မှတ်တမ်းပြုကြပါတယ်။ ဒီအဖျက်လုပ်ရပ်ကို ကျူးလွန်တဲ့အဖွဲ့ဟာ အိုစမာ ဘင်လာဒင် ဦးဆောင်တဲ့ အယ်ကေးဒါးအဖွဲ့ဆိုတာ သိလာရ ပါတယ်။ 9/11 အပြီး တစ်ပတ်မပြည့်ခင်မှာ သမ္မတဘုရှ်က အိုစမာ ဘင်လာဒင်ကို အသေရရ အရှင်ရရ ဖမ်းဆီးမိန့် ထုတ်လိုက်ပါတယ်။ “War on Terror” အကြမ်းဖက်ချေမှုန်းရေးစစ်လို့ ခေါ်ဆိုလိုက်ပြီး ဘင်လာဒင်ခိုအောင်းရာ အာဖဂန်နစ္စတန်ဟာ “အကြမ်းဖက်ချေမှုန်းရေးစစ်” ရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာပါတယ်။ အယ်ကေးဒါးကို ခိုအောင်းခွင့်ပေးပြီး သင်တန်းတွေ ဖွင့်ခွင့်ပေးထားတဲ့ တာလီဘန်အစိုးရကို အမေရိကန်နဲ့ မဟာမိတ်တွေက ဖယ်ရှားပစ်လိုက်ပါတယ်။ သမ္မတဘုရှ်ဟာ အီရတ်ကို ဝင်တိုက်ပြီး ဆဒမ်ဟူစိန်ကို တရားရုံးတင် စီရင်ခဲ့ပါတယ်။ သမ္မတဘုရှ် သက်တမ်း ၂၀၀၉ မှာ ပြီးဆုံးသွားပေမဲ့ “War on Terror” ကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါ။

ဘာရက် အိုဘားမား (၂၀၀၉ – ၂၀၁၇)

War on Terror ကို ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့ သမ္မတဖြစ်ပြီး သူ့အချိန်မှာ အိုစမာ ဘင်လာဒင်ကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပါတယ်။ သမ္မတအိုဘားမားရဲ့ အမိန့်နဲ့ Navy SEAL တပ်ဖွဲ့က အိုစမာ ဘင်လာဒင်ကို ၂၀၁၁ ခုနှစ် မေလမှာ ပုန်းအောင်းရာ ပါကစ္စတန်နိုင်ငံက မြို့လေးထဲမှာ အသေပစ်သတ်ဖမ်းဆီးပြီး အလောင်းကို ပင်လယ်ထဲ ပစ်ချ ရေမြှုပ်သင်္ဂြိုဟ်လိုက်ပါတယ်။

ကိုးကား – The Illustrated Encyclopedia of the Presidents of America by Professor Jon Roper

Click to rate this post!
[Total: 0 Average: 0]