The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

အတွဲ (၃) မာတိကာ

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၃)၊ ဧပြီလ ၂၀၂၅

စီစဉ်သူ အမှာ

The Corner ရဲ့ အတွဲ (၃) online magazine ကို တင်ဆက်လိုက်ပါပြီ။ Rip Van Winkle ကတော့ နှစ်ပေါင်း ၂၀ အိပ်ပျော်သွားပြီး ပြန်နိုးလာချိန်မှာ ကမ္ဘာကြီးက မမှတ်မိနိုင်အောင် ပြောင်းလဲ သွားတယ်လို့ ပုံပြင်ထဲမှာ ဆိုပါတယ်။ ကျွန်တော်တို့မှာတော့ နာရီ ၂၀ လောက် အဆက် ပြတ်သွား ရင်တောင် လက်ရှိ ကမ္ဘာရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို လိုက်မမီပါ။ ညမအိပ်ခင် တက်လာတဲ့ သတင်းတစ်ခုအပေါ် ထင်မြင်ချက်ပေးလိုက်ပြီး မနက်အိပ်ယာထတဲ့အခါ ပေးထားတဲ့ ထင်မြင်ချက်ကို ပြောင်းပြန်ဖြစ်စေမဲ့ သတင်းတစ်ခုက ပေါ်နေပါပြီ။ ညကသတင်းမှာ ဗီလိန်က မနက်သတင်းမှာ ဟီးရိုး ဖြစ်နေပါလေရော။ ဒါတွေက သတင်းကို review လုပ်တဲ့အခါ အတော် ခက်ပါတယ်။ The Corner အဖွဲ့သား တွေကတော့ တတ်စွမ်းသလောက် ကိုယ့်ရဲ့ အကြိုက်တူ The Corner ပရိသတ်တွေကို အကောင်းဆုံးပေးနိုင်ဘို့ပဲ ကြိုးစားကြပါတယ်။

ကျွန်တော်တို့ အဖြစ်က မီးဖိုချောင်ထဲ ဝင်မိတဲ့ စားတော်ကဲ တယောက်လိုပါ။ ဝင်ဝင်ချင်းမှာတော့ Main dish တစ်ခုပဲ ချက်ဖို့ပါ။ ဒါပေမယ့် Main dish ပြီးတဲ့အခါ အဲဒါနဲ့ လိုက်မယ့် နောက် dish လေးတစ်ခုကို စားသုံးသူကို ဆက်သချင်လာပြန်ပါတယ်။ ဒီလိုနဲ့ ဒါလေးနဲ့ဆို အအီပြေမလား ဆို နောက်ထပ် dish တစ် ခု ထပ်ချက်၊ အဲလိုနဲ့ ကျွန်တော်တို့ရဲ့ စားပွဲမှာ ဟင်းပွဲတွေ များလာ ပါတော့တယ်။

ဒီလထုတ်မှာ ဆိုရင် အရင်လတွေထက် ပိုမိုစုံလင်တဲ့ ဆောင်းပါးတွေကို တင်ဆက်ထား ပါတယ်။ လက်ရှိ trend ဖြစ်နေတဲ့ US အစိုးရရဲ့ မူဝါဒက တကမ္ဘာလုံးကို ရိုက်ခတ်နေမှုတွေ၊ နယ်စပ်ဂိတ်တွေ ပေါ်လာတဲ့ ဥရောပရဲ့ အခြေအနေ၊ အရှေ့ အလယ်ပိုင်းက ဟားမတ်စ်တွေရဲ့ အနာဂါတ်၊ ဂါဇာကို ဘယ်လိုမြင်ကြရမလဲ၊ အာရှဖက်ကိုလဲ မကျန်စေရပဲ တို့ထိထားတဲ့ ဆောင်းပါး တွေက တကမ္ဘာလုံးရဲ့ နေရာအစုံကို ထောင့်စုံက သုံးသပ်တင်ပြ ထားပါတယ်။ ဒီလမှာ တိုးချဲ့ ပါဝင် လာတာတွေက အတွေးတွေကို အရေးအဖြစ် တင်ပြတဲ့ “သူရေးတဲ့စာ” ကဏ္ဍသစ်မှာ ထိုက်၊ မယ်ကျော့နဲ့ နောင်နောင်စိုးသိမ်းတို့ရဲ့ ဆောင်းပါးများ တင်ဆက် ထားပါတယ်။ တင်ဆက်နေကျ Life style, Culture နဲ့ Technology ကဏ္ဍတွေကိုလဲ The Corner ရဲ့ မိတ်ဆွေတို့ စိတ်ဝင်စားမယ်လို့ ယုံကြည်ပါတယ်။

မကြာခင် လုပ်ငန်းခွင် အသီးသီးကနေ ခေတ္တခဏ အနားယူကြမယ့် စာချစ်သူများ သင်္ကြန် အားလပ်ရက်မှာ The Corner အတွဲ ၃ က တထောင့်တစ်နေရာမှ စိတ်အားသစ်မှုများ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်နေပါကြောင်း။

စီစဥ်သူ