လူထုဖတ်ဖို့ ဆောင်းပါးရေးတော့မယ်ဆိုရင်
စာပေ ခြေလှမ်းသစ်လှမ်းချင်တဲ့ လူငယ်ကလောင်ရှင်တို့ရေ…

မင်္ဂလာပါ….
အွန်လိုင်းပေါ်မှာ စာရေးရတာဟာ လွယ်သလိုလိုနဲ့ ခက်ခဲတဲ့ အနုပညာတစ်ခုပါ။ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူရဲ့ စိတ်ကို ဖမ်းစားနိုင်မလား၊ ဒါမှမဟုတ် ဖတ်နေရင်း ‘မျက်တောင်ခတ်ဖို့တောင် မေ့သွားစေမယ့် ဆွဲဆောင်မှု’ ဖြစ်မလားဆိုတာကတော့ ကိုယ်တိုင် ဖန်တီးယူမှုပေါ်မှာ တည်မှီမှာပါ။
တကယ်လို့ စာဖတ်သူရဲ့ရင်ကို လှုပ်ခတ်နိုင်တဲ့ ဆောင်းပါးရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် လျှို့ဝှက်ချက်တွေကို အသည်းထဲ စွဲမြဲနေအောင် မှတ်သားထားဖို့ လိုပါလိမ့်မယ်။
အဘိဓာန်ကြီး ဘေးချထားလိုက်တော့
စာလုံးကြီးကြီးတွေ၊ ခက်ခဲတဲ့ ပါဠိသက်တွေ သုံးမှ “ပညာရှိ” စံနှုန်းမီမယ်ဆိုတာ ရှေးခေတ်ကပါ။ အခုခေတ်ကတော့ ကလေးလည်း နားလည်၊ လူကြီးလည်း သဘောကျမှ ဆောင်းပါးက ပေါက်တာ။ ကင်ညာက ပုံပြင်ဆရာမ Wangari ကို ကြည့်။ “ယုန်နဲ့လိပ်” ကို စကားလုံး ကြီးကြီး မသုံးဘဲ ရေးလိုက်တာ ကမ္ဘာကျော်သွားတာပဲ။
ကင်ညာက စာရေးဆရာမ Wangari Maathai (ဝမ်ဂါရီ မာထိုင်) ကို သာဓကပြချင်ပါတယ်။ သူဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဖြစ်သလို ကလေးပုံပြင်လေးတွေကို ရိုးရှင်းတဲ့ ဘာသာစကားနဲ့ ရေးသားပြီး လူထုကို စည်းရုံးနိုင်ခဲ့သူပါ။ မြန်မာနိုင်ငံမှာတော့ လူထုဦးလှ၊ ဒေါ်အမာ တို့လို ပုဂ္ဂိုလ်မျိုးပေါ့။
အထူးသဖြင့် သူဟာ “The Hummingbird” (နှုတ်သီးရှည်ငှက်ကလေး) ပုံပြင်ကို ပြောပြလေ့ရှိပြီး “ငါ တတ်နိုင်တဲ့ အလုပ်ကလေးကို ငါလုပ်မယ်” ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးလေးတွေနဲ့ တစ်ကမ္ဘာလုံးကို လှုပ်ခတ်စေခဲ့တာပါ။ Wangari တို့လို ပုံပြင်ပြောဆရာမတွေက ခက်ခဲတဲ့ စာလုံးကြီးတွေ မသုံးဘဲ နှလုံးသားထဲ ရောက်သွားအောင် ရေးပြ၊ ပြောပြနိုင်တဲ့အတွက် ပိုပြီးအသက်ဝင်သွားတာ ဖြစ်ပါတယ်။ စာရေးတဲ့အခါ “ရိုးရှင်းခြင်းဟာ အစွမ်းထက်ဆုံး” ဆိုတာကို သက်သေပြနေတာပါပဲ။
လူတွေက ရေးသူရဲ့ “စကားကြီး – စကားကျယ်” ကို လာဖတ်တာမဟုတ်ဘူး၊ “ဇာတ်လမ်း” ကို လာဖတ်တာပါ။
စာဖတ်သူ မျက်လုံးထဲမှာ မြင်ကွင်းက ကွင်းခနဲ ဖြစ်သွားပါစေ
ဆောင်းပါးရေးတဲ့အခါ စာဖတ်သူရဲ့ အာရုံကို နှိုးဆွပေးနိုင်မယ့် စာသားရုပ်ပုံလွှာ (Imagery) တွေကို သုံးရပါမယ်။ အောက်က နှိုင်းယှဉ်ချက် တွေကို ကြည့်လိုက်ရင် အရေးအသား ကွာခြားချက်ကို မြင်သွားပါလိမ့်မယ် –
ရာသီဥတုအကြောင်း ရေးတဲ့အခါ… သာမန်အရေး အသား အနေနဲ့ – “နေက အရမ်းပူနေတယ်။”
မျက်လုံးထဲ ကွင်းခနဲဖြစ်မယ့် အရေးအသား – “အမိုးသွပ်ပြားပေါ်ကို နွေနေရောင်က တည့်တည့်ကြီး ကျနေပြီး လမ်းမပေါ်က ကတ္တရာစေး တွေဟာ ဖိနပ်အောက်မှာ ပျော့အိထွက်လာတော့မတတ် ပူလောင်နေတယ်။”
အောင်မြင်မှုအကြောင်း ရေးတဲ့အခါ သာမန်အရေး အသားအရ – “သူ အောင်မြင်မှုရဖို့ အများကြီး ကြိုးစားခဲ့ရတယ်။”
မျက်လုံးထဲ ကွင်းခနဲဖြစ်မယ့် အရေးအသား – “သူ့လက်ထဲက ရွှေတံဆိပ်ကိုပဲ မြင်ကြတာပါ။ ဒီရွှေတံဆိပ်နောက်ကွယ်မှာ လပေါင်းများစွာ အိပ်ရေးပျက်ခဲ့တဲ့ ညတွေ၊ ဒူးခေါင်း ပြတ်ရှဒဏ်ရာတွေနဲ့ ချွေးစော်နံနေတဲ့ လေ့ကျင့်ရေးကွင်းထဲက အချိန်တွေကိုတော့ ဘယ်သူမှ မမြင်ခဲ့ကြဘူး။”
စာရေးတယ်ဆိုတာ စာလုံးတွေ စီနေတာ သက်သက် မဟုတ်ဘူး၊ ရုပ်ရှင်ပြနေတာ ဖြစ်ရမယ်။ စာဖတ်သူရဲ့ မျက်လုံးထဲမှာ မြင်ကွင်းက ကွင်းခနဲ ဖြစ်သွားအောင် ဖန်တီးနိုင်မှ ခင်ဗျားရဲ့ ဆောင်းပါးဟာ ‘အိပ်ငိုက်ဆေး’ မဟုတ်ဘဲ ‘အားဆေး’ ဖြစ်လာမှာပါ။
အသံတွေနဲ့ ကလိထိုးပါ
ဆောင်းပါးက စာအုပ်ကြီးအတိုင်းဆို ပျင်းစရာကြီး။ ဩစတြေးလျက သားပိုက်ကောင်တွေအကြောင်း ရေးရင် “ခုန်တယ်” လို့ပဲ မရေးနဲ့။ “ဘုန်း… ဘုန်း… ဘုန်း…” နဲ့ မြေကြီးတုန်အောင် ခုန်တာမျိုး။ သူတို့က ကိုယ့်စာကို ဖတ်နေတာမဟုတ်ဘူး၊ ကိုယ်နဲ့ စကားပြောနေသလို ခံစားရပါစေ။
အက်ရှင်တွေ ခပ်သွက်သွက်ထည့်
တရုတ်က မျောက်မင်းအကြောင်းရေးရင် “ဒိုင်း… ခနဲ၊ ဝုန်း… ခနဲ” ပါမှ လူငယ်တွေက ကြိုက်တာ။ ကောင်လေးတွေ ရေထဲခုန်ချရင်လည်း ဘရာဇီးက ရေမြင်းလို “ဗွမ်း… ဗွမ်း…” ဆိုတဲ့ အသံတွေက ဆောင်းပါးကို အသက်ဝင်စေတယ်။
မဂ္ဂဇင်းဆောင်းပါးဆိုတာ ဘုရားဟောစာစု မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ ပုံပြောပြသလို ရေးရတာ။ ခင်ဗျားရေးပြီးရင် ကိုယ့်ဘာကိုယ် ပြန်ဖတ်ကြည့်။ ဖတ်ရင်းနဲ့ ပြုံးမိလား၊ ဒါမှမဟုတ် အိပ်ချင်လာလား၊ ခင်ဗျားတောင် ပြုံးရင် စာဖတ်သူ ကတော့ အားပေးမှာ သေချာပြီ။
အွန်လိုင်းမဂ္ဂဇင်းလောကမှာ အောင်မြင်ချင်တဲ့ လူငယ်ကလောင်ရှင်တို့အတွက် ဆောင်းပါးတစ်ပုဒ်ရဲ့ “မျက်နှာစာ” ကို စတင် ပြုပြင် ကြရအောင်ပါ။ လူတွေဟာ Facebook ပေါ်မှာဖြစ်ဖြစ်၊ စာအုပ်ဆိုင်မှာဖြစ်ဖြစ် ခင်ဗျားရဲ့ ခေါင်းစဉ်ကိုကြည့်ပြီးမှ “ဖတ်မလား၊ ကျော်မလား” ဆိုတာကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ကြတာပါ။ ခေါင်းစဉ်ဆိုတာ ဟိုတယ်ရှေ့က ဆိုင်းဘုတ်လိုပါပဲ။ ဆိုင်းဘုတ်က ဆွဲဆောင်မှုမရှိဘဲ ပျင်းစရာကောင်းနေရင် ဘယ်သူမှ ဝင်မတည်းသလို၊ ခေါင်းစဉ်က မဆွဲဆောင်နိုင်ရင်လည်း ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတွေ ပိုကြည့်စေဖို့ ခေါင်းစဉ်ထဲမှာ “ဘယ်လို”၊ “ဘာကြောင့်” ဆိုတဲ့ စကားလုံးတွေနဲ့ စိတ်ဝင်စားစရာ ဖြစ်အောင် သီကုံးရေးဖွဲ့ကြဖို့ တိုက်တွန်းချင်ပါတယ်။
ခေါင်းစဉ်အပြီးမှာတော့ “The Hook” လို့ခေါ်တဲ့ အဖွင့်စာသားနဲ့ စာဖတ်သူကို ပထမစာကြောင်းမှာတင် ဖမ်းစားနိုင်ရပါမယ်။ “ဟင်… ဒါဘာလဲ” ဆိုပြီး စာဖတ်သူ မျက်လုံးပြူးသွားအောင် လုပ်နိုင်ဖို့ဆိုရင် “ရှေးရှေးတုန်းက” ဒါမှမဟုတ် “ယနေ့ခေတ်တွင်” ဆိုတဲ့ ရိုးအီနေတဲ့ အဖွင့်တွေကို မေ့ထားလိုက်ပါ။ တစ်ဖက်လူကို ချက်ချင်းစဉ်းစားသွားစေမယ့် မေးခွန်းနဲ့ပဲဖြစ်ဖြစ်၊ မြင်ကွင်းထဲ ရောက်သွားစေမယ့် အက်ရှင်အသံတွေနဲ့ပဲဖြစ်ဖြစ် စတင်နိုင်ပါတယ်။ ဥပမာ- “‘ဝုန်း… ဒိုင်း… ဖုန်း! ဆိုတဲ့ အသံနဲ့အတူ နဂါးတွေကို ကိုင်ပေါက်လိုက်တဲ့ မျောက်မင်းရဲ့ အက်ရှင်လိုမျိုး ခင်ဗျားရဲ့ ဆောင်းပါးက စိတ်လှုပ်ရှားဖို့ ကောင်းနေပြီလား” ဆိုတာ သတိပြုရမှာပေါ့။ ဒါမှမဟုတ် လူတွေရဲ့ စိတ်နေစိတ်ထား အမှန်တရားတစ်ခုကို ထုတ်ပြပြီးတော့လည်း စာဖတ်သူရဲ့ အာရုံကို ဖမ်းစားလို့ ရပါတယ်။
ဒါပေမဲ့ သတိထားရမယ့် “အနီရောင်အချက်ပြ” လက္ခဏာအချို့တော့ ရှိပါတယ်။ ကျောင်းသုံးစာအုပ် မဟုတ်တဲ့အတွက် “ယနေ့ခေတ်တွင်” ဆိုတဲ့ စာသားကြီးနဲ့ ဘယ်တော့မှ မစပါနဲ့။ နောက်ပြီး စာကြောင်းအရှည်ကြီးတွေကို ရှောင်ပါ၊ စာဖတ်သူ အသက်ရှူကျပ်သွားပါလိမ့်မယ်။ စာသားတွေကို တိုတိုနဲ့ ထိထိမိမိရေးတတ်ဖို့ လိုပါတယ်။
ကဲ… လက်တွေ့ သင်ခန်းစာ အနေနဲ့ မေဒေး (အလုပ်သမားနေ့) အကြောင်းကို လူငယ်တွေ စိတ်ဝင်စားလာအောင် စတိုင် ဖမ်းပြီး ရေးပြပေးလိုက်ပါတယ်။
လှိုင်သာယာက စက်ရုံအလုပ်သမလေးတွေဖြစ်တဲ့ မစု၊ မပု၊ မဥ နဲ့ မငု တို့လေးယောက်၊ မေဒေး (အလုပ်သမားနေ့) မှာ အလုပ်ပိတ်လို့ မုန့်ဟင်းခါးဆိုင်မှာ ထိုင်ရင်း လေပစ်နေကြတဲ့ မြင်ကွင်းကို ရေးပေးလိုက်ပါတယ်။
ခေါင်းစဉ် – “မေဒေးနေ့နဲ့ မုန့်ဟင်းခါး စားသုံးသူ အလုပ်သမတွေရဲ့ အရေးတော်ပုံ”
လှိုင်သာယာ ကားမှတ်တိုင်တစ်ခုနားက “ဆာမှစား” မုန့်ဟင်းခါးဆိုင်ထဲမှာ မစု၊ မပု၊ မဥ နဲ့ မငု တို့ လေးယောက် မျက်နှာချင်းဆိုင် ထိုင်နေကြတယ်။ အထည်ချုပ်စက်ရုံက ချုပ်စာ (Quota) တွေနဲ့ လုံးပန်းနေရတဲ့ လက်ချောင်းလေးတွေက အခုတော့ ဇွန်းကို အားရပါးရ ကိုင်ထားကြပြီ။ (အလုပ်တာဝန် သတ်မှတ်ချက် (Production Quota) ဆိုတာ စက်ရုံအတွင်း အလုပ်သမားတစ်ဦးချင်းစီ သို့မဟုတ် လိုင်း (line) တစ်ခုချင်းစီက တစ်နေ့တာ အပြီးချုပ်ပေးရမယ့် “အထည်အရေအတွက် သတ်မှတ်ချက်” ဖြစ်ပါတယ်။ အလုပ်သမားတွေကြားမှာတော့ “ဂိုတာ” လို့ အသံထွက်ပြီး ခေါ်လေ့ရှိကြပါတယ်။)
“ဟဲ့ မဥ … နင်ကလည်း မုန့်ဟင်းခါးကို အငမ်းမရ စားလှချည်လား။ အလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးအကြောင်း ဆွေးနွေးဦး မှပေါ့” လို့ မစုက ပဲကြော်ကို ကိုက်ရင်း စကားစလိုက်တယ်။
မဥက ပါးစပ်ထဲက မုန့်ဟင်းခါးကို မျိုချလိုက်ပြီး “အလုပ်သမား အခွင့်အရေးဆိုတာ ဒါပဲလေအေ။ ငါ့ဗိုက်ထဲက အလုပ်သမားတွေကို အစာကျွေးနေတာ။ ဒီနေ့ မေဒေး (May Day) ဆိုတော့ ငါတို့လည်း အလုပ် ခဏနားပြီး အဝစားရတာပေါ့”
မငုကတော့ ငရုတ်သီးမှုန့်ကို ခပ်ရဲရဲခတ်ရင်း ဝင်ပြောတယ်။ “အေးလေ … မေဒေးဆိုလို့သာ အလုပ်ပိတ်တာ။ စက်ရုံထဲမှာဆိုရင် ငါတို့က အလုပ်သမမဟုတ်ဘူး၊ ‘အလုပ်စက်ရုပ်’ တွေ။ မန်နေဂျာက ‘ချုပ်စာ ပြည့်အောင်ချုပ်’ လို့အော်ရင် ငါ့နားထဲမှာ ‘ရွှေမင်းသမီးလေးရေ … ကပေးပါဦး’ လို့ ကြားနေရတာ”….
“နင်ကလည်း အလကား ဇာတ်နာပြမနေနဲ့” လို့ မပုက ဘဲဥပြုတ်ကို တစ်ဝက်ဖဲ့ပေးရင်း ဟန့်လိုက်တယ်။ “အလုပ်သမားနေ့ဆိုတာ ငါတို့အတွက်တော့ ‘အိပ်စက်ခြင်းနေ့’ ပဲ။ ဒီမနက် ၉ နာရီအထိ အိပ်လိုက်တာ … အိပ်မက်ထဲမှာတောင် အပ်ပေါက်ထဲ အပ်ချည် ထိုးနေရသေးတယ်။ နိုးလာတော့မှ ‘သြော် … ငါ့မှာ အခွင့်အရေးရှိသေးသားပဲ’ ဆိုပြီး ပြန်အိပ်ပစ်လိုက်တာ”…
မစုက သက်ပြင်းကို အသာချလိုက်ရင်း … “ဒါနဲ့ ညည်းတို့ သိလား။ ကမ္ဘာမှာ အလုပ်သမားနေ့ဆိုတာ ရှစ်နာရီ အလုပ်လုပ်၊ ရှစ်နာရီ အနားယူ၊ ရှစ်နာရီကတော့ မိမိနှစ်သက်ရာ အပန်းဖြေဖို့ ဆိုပြီး တောင်းဆိုခဲ့ကြတာတဲ့”
“အရင်တုန်းကတော့ လူတွေဟာ တစ်နေ့ကို ၁၀ နာရီ၊ ၁၂ နာရီကျော်အောင် ပင်ပင်ပန်းပန်း လုပ်ခဲ့ကြရတာလေ။ အဲဒီလို မတရား ခေါင်းပုံဖြတ်ခံရတာတွေကို အဆုံးသတ်ဖို့ ‘ရှစ်နာရီ အလုပ်၊ ရှစ်နာရီ အနား၊ ရှစ်နာရီ စိတ်ကြိုက်’ ဆိုတဲ့ သုံးပုံတစ်ပုံ စနစ်ကို ချီကာဂိုက အလုပ်သမားတွေ သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြလို့ အခု ငါတို့ ဒီလို အခွင့်အရေးတွေ ရနေကြတာပေါ့အေ” ဟု သူက ဆက်လက်ရှင်းပြလိုက်သည်။
“ငါတို့ကျတော့ ချုပ်စာ မပြည့်လို့ OT ဆင်း၊ လိုင်းကားစီး၊ ကျန်တဲ့ နာရီတွေမှာ အဝတ်လျှော် ထမင်းချက်နဲ့တင် မေဒေးမှာ ဖတ်ဖတ် ဆာနေရပြီ”
“အဲ့ဒါကြောင့် ငါကတော့ ဒီနေ့မှာ ဆန္ဒပြဖို့ စဉ်းစားထားတယ်” လို့ မငုက ခပ်တည်တည် ပြောလိုက်တော့ အားလုံးက ဝိုင်းကြည့်ကြတာပေါ့။
“ဘာ … ဆန္ဒပြမယ်၊ လှိုင်သာယာလမ်းမပေါ်မှာလား”
မငုက ပြုံးစိစိနဲ့ … “မဟုတ်ပါဘူးအေ။ ဒီနေ့ အိမ်ပြန်ရောက်ရင် အမေခိုင်းတဲ့ အိုးခွက်ဆေးတဲ့ အလုပ်ကို ‘အလုပ်သမားနေ့ အထိမ်းအမှတ်’ အနေနဲ့ သပိတ်မှောက်မှာ။ ငါ့ရဲ့အခွင့်အရေးကို အိမ်မှာ အရင်စတောင်းမလို့”
အားလုံး ဝါးလုံးကွဲ ရယ်မောလိုက်ကြရင်း မဥက လက်ကျန် မုန့်ဟင်းခါးရည်ကို မော့သောက်လိုက်တယ်။ “အေးပါအေ … အလုပ်သမားနေ့မှာ ငါတို့လို အလုပ်သမားတွေ တကယ်တောင်းဆိုသင့်တာကတော့ ‘မုန့်ဟင်းခါးတစ်ပွဲကို အကြော်နှစ်ခု အလကားထည့်ပေးဖို့’ ပဲ။ အဲ့ဒါမှ တကယ့် အလုပ်သမား အခွင့်အရေး”
သူတို့လေးယောက်ရဲ့ ရယ်သံတွေဟာ မေဒေးနေ့ရဲ့ ပူပြင်းတဲ့ လှိုင်သာယာနေရောင်အောက်မှာ မုန့်ဟင်းခါးနံ့နဲ့အတူ လွင့်ပျံ့နေပါတော့တယ်။
ဟဲဟဲ… ဟီးဟီး…. ဟားဟား….
တိုတိုထွာထွာ မှတ်စရာ (၁၃)

ကိုရီးယား တံတား သစ်ကြီး ပေါ်လာလို့ “ဆံထုံးနောက် သျှောင်ပါ” ဖြစ်ရလေခြင်း
ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး “ဟည်း” နေအောင် ပေါ်လာတဲ့နေ့ဟာ ဦးဗေဒါတို့ မိသားစုအတွက်တော့ ကောင်းကင် ပေါ်ကနေ “ဥက္ကာပျံ” တစ်လုံး အိမ်ခေါင်မိုးပေါ် တည့်တည့်ကျလိုက်သလိုပါပဲ။ ဦးဗေဒါကတော့ တံတားကြီးကို မျှော်ကြည့်ပြီး …
“မိန်းမရာ… ကိုရီးယားက ဆောက်ပေးတာဆိုတော့ တံတားကလည်း အသားဖြူဖြူ ချောချောလှလှလေး၊ ငါ့သမ္ဗန်စုတ်လေးကတော့ စီးသူ မရှိဘဲ ‘အထီးကျန်’ နေတော့မှာ” ဆိုပြီး ညည်းတွားရှာပါတယ်။ သမ္ဗန်ခတ်သက် အနှစ် ၃၀ ရှိပြီဖြစ်တဲ့ သူ့ရဲ့ သံမဏိလိုမာတဲ့ လက်မောင်းကြီးတွေဟာ အခုတော့ တံတားကြီးကို ကြည့်ပြီး အားလျှော့ချင်သလို ဖြစ်ရပြီပေါ့။
ညနေစောင်း မိသားစု ထမင်းဝိုင်းကတော့ တကယ့်ကို “Silent Movie” ရိုက်နေသလို တိတ်ဆိတ်လို့နေပါတယ်။ သားဖြစ်သူ ဗညားကလည်း သူ့ရဲ့ ဆယ်နှစ်သား ကြွက်သားလေးတွေကို ငုံ့ကြည့်ပြီး… “ငါ့လက်မောင်းတွေ အလကားဖြစ်တော့မှာလား” ဆိုပြီး ငိုင်နေသလို ဒေါ်ဧရာ ကလည်း ဈေးရောင်းမကောင်းလို့ မျက်နှာက စူပုတ်နေတာ “ဒလဘက်ကမ်းက ရွှံ့နွံ” ထက်တောင် ပိုပြီး စေးပျစ်နေပါသေးတယ်။ ဒါပေမဲ့ ဒေါ်ဧရာက ဧရာဝတီသူပီပီ ဇွဲကတော့ ကောင်းသားဗျ။
“ရှင်တို့ သားအဖ မျက်နှာမကောင်းတာ တော်စမ်းပါဦး။ ကျုပ်က ဆရာကြီးဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလို ‘ပန်းပန်လျက်ပဲ’ တော်။ လောကဓံက ဘယ်လောက်ပဲ ကန်ကန်၊ ကျုပ်တို့ကတော့ အပြုံးမပျက် ခါးစည်းခံရမှာပေါ့” လို့ ဟောက်လိုက်ပါတော့တယ်။
ဦးဗေဒါရဲ့ သက်ပြင်းချသံတွေနဲ့ “Drama” ခင်းနေတဲ့ ထမင်းဝိုင်းလေးထဲမှာ ဒေါ်ဧရာက ခဏတာ ငြိမ်သက်သွားပြီးမှ၊ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း သားအဖနှစ်ယောက်လုံးကို ဝေ့ကြည့်ပါတယ်။ ပြီးတော့ ဆရာကြီး ဇော်ဂျီရဲ့ “ဗေဒါလမ်း” ကဗျာလေးကို အသံခပ်အေးအေးနဲ့ ရွတ်ပြ လိုက်တော့ တစ်မိသားစုလုံး စိတ်ဓာတ်တွေ ပြန်တက်လာကြပါတော့တယ်။
“ပန်းပန်လျက်ပဲ”
ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ်၊ မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ပဲ။ ။
စိတ်ဓာတ်ခွန်အားပေး ကဗျာ အဆုံးမှာ…
“အဖေ… ကျွန်တော် စဉ်းစားပြီးပြီ။ ကျွန်တော်တို့မှာ ကျန်တာက သံမဏိလိုမာတဲ့ ဒီကြွက်သားကြီးတွေပဲ ရှိတော့တယ်။ မြို့ပေါ်ကလူတွေက ဗိုက်ခေါက်ထွက်လို့ Gym မှာ ပိုက်ဆံပေးပြီး ကြွက်သားတက်အောင် လုပ်နေကြတာ။ ကျွန်တော်တို့က ‘Professional ရေလုပ်သား Body’ တွေလေ။ မြို့တက်ပြီး ကြွက်သားသွားရောင်းစားကြစို့”
အဲဒီလိုနဲ့ ဦးဗေဒါတို့ သားအဖ ရန်ကုန်မြို့လယ်က နာမည်ကြီး Gym တစ်ခုမှာ နည်းပြ (Trainer) အလုပ် အသီးသီး ရသွားကြတော့တာပေါ့။
“ဒလစတိုင် ဖစ်နက်စ် (Dala Style Fitness)”
ပထမဆုံးနေ့မှာတင် ဦးဗေဒါက ပညာရှိစတိုင်နဲ့ သင်တန်းသားတွေကို ဟိန်းဟောက်တော့တာပဲ။ “ကဲ… မောင်ရင်တို့။ ဒီ Gym က ပစ္စည်းတွေက ပျော့လွန်းတယ်။ အခု ‘မြစ်ပြင်ညီ အကြောဆန့်နည်း’ စမယ်။ အားလုံး သမ္ဗန်ခတ်သလို ကိုယ်ကိုကိုင်း၊ ပြီးရင် ရေစီးကို အန်တုသလို အားနဲ့ နောက်ကိုဆွဲ”
လူကောင်သေးသေးလေးနဲ့ သင်တန်းသားတစ်ယောက်က ကြောင်အမ်းအမ်းနဲ့ မေးရှာတယ်။ “ဆရာ… ဒါက ဘာကြွက်သားတက်မှာလဲခင်ဗျ?”
“သမ္ဗန်သမား လက်မောင်း တက်မှာပေါ့ကွ။ မင်းကြည့်… ငါ့လက်မောင်းက တံတားတိုင်လောက် မာနေပြီ။ ဗိုက်ချပ်ချင်ရင် ‘ရေပက်နည်း’ ကျင့်ရမယ်။ ခါးကိုကိုင်းပြီး ရေခပ်သလို တရစပ် လှုပ်ရှားစမ်း”
ဘေးနားက ကိုဗညားကလည်း… “ညီလေးတို့… Protein Powder တွေ သောက်မနေနဲ့။ ဒလဘက်မှာ သမ္ဗန်ခတ်တုန်းကဆိုရင် မနက်စာ ‘ပဲပြုတ်နဲ့ နံပြား’၊ နေ့လယ်ကျရင် ‘ငါးပိရည်နဲ့ တို့စရာ’ ပဲ စားတာ။ အဲဒါမှ သံမဏိကြွက်သား ဖြစ်တာကွ” လို့ အာဟာရဗေဒ (Nutrition) အကြံပေးချက်တွေ ဝင်ပေးနေလေရဲ့။
Gym ရှေ့မှာတော့ ဒေါ်ဧရာကလည်း ခေတ်မီပါတယ်။ “ဟောဒီမှာ… သမ္ဗန်ခတ် အားဖြည့်စာ။ ကြက်ဥပြုတ်ကို ငံပြာရည်ဆမ်းစားကြဟေ့” လို့ အော်ပြီး ဈေးရောင်းနေတာပေါ့။
ဒါပေမဲ့ တစ်ပတ်လောက်ကြာတော့ Gym ပိုင်ရှင် ရောက်လာပြီး… “ဦးဗေဒါ… ခက်တော့တာပဲ။ သင်တန်းသားတစ်ယောက်က သမ္ဗန်ခတ်တဲ့ ပုံစံကျင့်ရင်းနဲ့ ခါးလွဲသွားလို့ ဆေးရုံတင်လိုက်ရပြီဗျ” လို့ ပြောလိုက်တဲ့အခါမှာတော့ ဦးဗေဒါတို့ သားအဖ မြို့ပေါ်မှာ အသားမကျမှန်း သိလိုက်ကြရတယ်။
ဒါနဲ့ပဲ ဦးဗေဒါတို့ မိသားစုဟာ မြို့ပြရဲ့ ရုန်းရင်းဆန်ခတ် Gym လောကကြီးကို ကျောခိုင်းပြီး ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်အနီးက “တညင်ကုန်းရွာ” လေးဆီကို ခြေစုံပစ် ဝင်လိုက်ကြပါတော့တယ်။ အဲဒီရွာလေးကတော့ ဒေါ်ဧရာတို့ မိဘဘိုးဘွားတွေ အစဉ်အဆက် နေထိုင်လာခဲ့တဲ့ လယ်ယာမြေတွေရှိရာ ဇာတိချက်ကြွေအရပ်ပေါ့ဗျာ။
သမ္ဗန်လက်မောင်းနဲ့ စပါးနှံရွှေရောင်
မြို့ပေါ်က Gym မှာ “သမ္ဗန်ခတ်စတိုင်” လေ့ကျင့်ခန်းတွေက အခုတော့ ပုံပြင်တစ်ပုဒ်လို ဖြစ်ကျန်ခဲ့ပါပြီ။ ဦးဗေဒါနဲ့ ကိုဗညားတို့ သားအဖအတွက်တော့ ဒယ်အိုးဟောင်းထဲ ဖုန်းထည့်ပြီး လိုင်းရှာစရာမလိုတဲ့၊ ကတ္တရာလမ်းတွေအစား ရွှံ့နွံနံ့သင်းတဲ့ လယ်ကွင်းပြင်ကျယ် ကြီးက ဆီးကြိုနေပါတယ်။
ဦးဗေဒါက လယ်ကွင်းထဲမှာ ပုဆိုးကို ခပ်တိုတို ခါးတောင်းကျိုက်ပြီး ရပ်နေတာဟာ တကယ့်ကို ကာယဗလမောင်တစ်ယောက်အတိုင်းပါပဲ။ “ဟေ့ကောင် ဗညား… ကြည့်စမ်း။ ဒီမှာက Gym က ဘားတန်း (Barbell) တွေထက် ပိုလေးတဲ့ မြေဩဇာအိတ်တွေ ရှိတယ်ဗျ။ ငါတို့ရဲ့ သမ္ဗန်ခတ်လက်မောင်းတွေက ဒီမှာမှ တကယ်အသုံးကျတာ”
ကိုဗညားကလည်း အားကျမခံပါဘူး။ လယ်ထဲမှာ ရေသွင်း၊ ရေထုတ်လုပ်ရင်းနဲ့ သူ့ရဲ့ Six Pack တွေက ရွှံ့တွေကြားမှာ ပြောင်လက်နေတာပေါ့။ “ဟုတ်တယ်အဖေ… Gym မှာတုန်းကတော့ ‘သမ္ဗန်ခတ်စတိုင်’ ဆိုပြီး ဟန်ပြလုပ်ခဲ့ရတာ။ အခုတော့ စပါးပင်တွေကြားမှာ တကယ်ကြီးကို အားနဲ့ ခတ်နေရပြီ”
ဒေါ်ဧရာကတော့ လယ်ကွင်းဘေးက တဲလေးပေါ်မှာ ဈေးသည်ဘဝကနေ “တောင်သူမကြီး” ဘဝကို အပီအပြင် ကူးပြောင်းသွားပါတယ်။ ဒေသခံလယ်သမားကြီး ဖိုးထောင် သင်ပေးထားတဲ့ နည်းလမ်းတွေကိုလည်း လက်တွေ့သုံးနေတာပေါ့။ “တော်… ဟိုဘက်က ခရမ်းချဉ်ခင်းထဲကို ဆန်ဆေးရည် လောင်းလိုက်ဦး။ ကြက်ဥခွံတွေကိုလည်း အမှုန့်ကြိတ်ထားတယ်၊ အပင်ခြေမှာ သွားဖြူးပေးလိုက်” လို့ လှမ်းညွှန်ကြားနေတာက ဒေါ်ဧရာရဲ့ နေ့စဉ်အလုပ်ပေါ့။ ညနေစောင်းရင်တော့ လယ်လုပ်သားတွေအတွက် အုန်းနို့ခေါက်ဆွဲအစား “ငါးပိရည်နဲ့ တို့စရာ” အပြင် အားရှိအောင် “ကြက်ဥပြုတ်” လေးတွေပါ ပြင်ဆင်ပေးထားတတ်ပါတယ်။
ပန်းပန်လျက်ပဲ… ဧရာဝတီရဲ့ ရင်ခွင်မှာ
ညနေခင်း နေဝင်ရီတရောအချိန်မှာတော့ ဦးဗေဒါတို့ မိသားစုဟာ လယ်ကန်သင်းပေါ်မှာ ထိုင်ပြီး ဝေးလံလှတဲ့ ဒလတံတားကြီးကို လှမ်းအောက်မေ့နေကြပါတယ်။ “ကိုရီးယားက ဆောက်ပေးတဲ့ တံတားကြီးက ငါတို့ကို အလုပ်ပြုတ်စေခဲ့ပေမယ့်၊ အဲဒီတံတားကြီးကပဲ ငါတို့ကို ဒီရွာလေးဆီရောက်လာအောင် တွန်းပို့ပေးခဲ့တာပဲ မိန်းမရာ” လို့ ဦးဗေဒါက ပြောလိုက်ပါတယ်။
ဒေါ်ဧရာက ပြုံးပြီး ဆရာကြီးဇော်ဂျီရဲ့ ကဗျာလေးကို ပြန်ရွတ်ပြပါတယ်။
“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။”…
“မိန်းမရေ … ကိုရီးယား တံတား သစ်ကြီး ပေါ်လာလို့ မြန်မာ စကားပုံကို ပြင်ရပါလိမ့်မယ်။ စကားပုံမှာတော့ ‘သျှောင်နောက် ဆံထုံးပါ’ ပေါ့ … ဒါပေမဲ့ အခုတော့ ငါ့မှာ ဆံထုံးနောက် သျှောင်ပါ ဖြစ်ရပြီပေါ့။ ကိုရီးယား တံတားသစ်ကြီး ရေးတဲ့ ဖူးစာ … ယောက်ျား သိက္ခာ တော့ ကျရပြီ။ သို့ဖြစ်လင့်ကစား မင်းနဲ့ ငါ၊ ငါ့သားလေးနဲ့အတူ ဘဝသစ်ကို တည်ဆောက်ကြပြီပေါ့နော်။ မိန်းမရေ … ဒါကို ‘ဆံထုံးနောက် သျှောင်ပါ’ တဲ့ခေတ်လို့ ခေါ်တယ်။ ငါတို့သျှောင်တွေခမျာ ဆံထုံးခိုင်းသမျှ ‘ဟုတ်ကဲ့ပါ’ ဆိုပြီး ကုန်းရုန်းလုပ်နေရတော့တာပဲ” လို့ ပြောလိုက်တော့ သားအဖနှစ်ယောက် ရွှံ့ဗွက်ထဲမှာ တဟားဟားနဲ့ ရယ်မောမိကြပါတော့တယ်။
ရှေးက “သျှောင်နောက် ဆံထုံးပါ” ဆိုတဲ့ စကားပုံဟာ အခုတော့ ဒေးဒရဲက တညင်ကုန်းရွာ လယ်ကွက်ထဲမှာ “ဆံထုံးနောက် သျှောင်ပါ” အဖြစ် ပြောင်းလဲသမိုင်းတွင်သွားလေရဲ့။ ဒီလိုနဲ့ ဦးဗေဒါတို့ မိသားစုဟာ တံတားကြီးကြောင့် အလုပ်ပြုတ်ပေမယ့် ဇနီးသည်ရဲ့ ဇာတိမြေမှာ ဆံထုံးဦးဆောင်မှုအောက်မှာ ပျော်ပျော်ကြီး လယ်စိုက်ရင်း ဘဝသစ်ကို ထူထောင်နိုင်ခဲ့ကြပါပြီ။ သမ္ဗန်သမားဘဝကနေ ကာယဗလနည်းပြ၊ အဲဒီကနေတစ်ဆင့် ရိုးသား ကြိုးစားတဲ့ တောင်သူကြီးတွေအဖြစ် ဘဝကို အပြုံးမပျက် ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြပြီပေါ့ဗျာ။
ဦးဗေဒါတို့ မိသားစုရဲ့ ဇာတ်လမ်းလေးကတော့ ဒီမှာတင် အောင်အောင်မြင်မြင်နဲ့ ဇာတ်သိမ်းသွားပါပြီ။ လောကဓံ တွေ ဘယ်လို ကြုံကြုံ အစဉ်အမြဲ ပန်းပန်နိုင်ကြပါစေ – ပန်းကိုင်နိုင်ကြပါစေ ခင်ဗျာ။
တိုတိုထွာထွာ မှတ်စရာ (၁၄)

Suzuki ကားကုမ္ပဏီက “နွားချေး” ကနေ ကားမောင်းနိုင်တဲ့ ဂတ်စ် (Biogas) ထုတ်နေပြီ
ဒီနေ့တော့ နည်းပညာလောကရဲ့ ထူးထူးဆန်းဆန်း သတင်းလေးတစ်ခုအကြောင်း ဖောက်သည်ချချင်လို့ပါ။ ဒါကတော့ လူတိုင်းသိကြတဲ့ ဂျပန် Suzuki ကားကုမ္ပဏီက အိန္ဒိယမှာ “နွားချေး” ကနေ ကားမောင်းဖို့ “ဂတ်စ်” (Biogas) ထုတ်နေပြီတဲ့လေ။ ဟုတ်တယ်… မမှားဘူးနော်၊ နွားချေးအစစ်ကြီးပါ။
Biogas ဆိုတာ မြန်မာလို “ဇီဝဓာတ်ငွေ့” လို့ ခေါ်တယ်။ လွယ်လွယ်ပြောရရင်တော့ – တိရစ္ဆာန်အညစ်အကြေးတွေ (ဥပမာ – နွားချေး၊ ဝက်ချေး)၊ စိုက်ပျိုးရေးကထွက်တဲ့ အမှိုက်သရိုက်တွေနဲ့ စားကြွင်းစားကျန်တွေကို လေမဖြတ်သန်းတဲ့ကျင်းထဲမှာ ပုပ်အောင်လုပ်ပြီး ထွက်လာတဲ့ ဂတ်စ် (ဓာတ်ငွေ့) ကို ပြောတာပါ။
သူ့ရဲ့ အသုံးဝင်ပုံတွေကတော့ –
အဲဒီဂတ်စ်ကို ပိုက်နဲ့သွယ်ပြီး မီးဖိုမှာ ထမင်းဟင်းချက်လို့ရတယ်။ မီးခိုးလည်းမထွက်တော့ မျက်စိမစပ်ဘူးပေါ့။
အဲဒီဂတ်စ်နဲ့ပဲ အိမ်မှာ မီးထွန်းလို့ရသလို အင်ဂျင်မောင်းပြီး လျှပ်စစ်မီးပါ ထုတ်လို့ရတယ်။
ဂတ်စ်ထုတ်ပြီးလို့ ကျန်ခဲ့တဲ့ ဘေးထွက်ပစ္စည်းတွေကို စိုက်ပျိုးရေးမှာ မြေဩဇာအဖြစ် ပြန်သုံးလို့ရသေးတယ်။
ကျေးလက်တောရွာတွေမှာဆိုရင်တော့ နွားချေးကို သုံးပြီး ဒီဇီဝဓာတ်ငွေ့ကို အများဆုံး ထုတ်လုပ်ကြပါတယ်။
စဉ်းစားသာကြည့်တော့… အရင်ကဆို လမ်းဘေးမှာ နွားချေးပုံမြင်ရင် နှာခေါင်းပိတ်ပြီး ရှောင်ခဲ့ကြတာ။ အခုတော့ Suzuki က အဲဒီနွားချေးတွေကို ရွှေဖြစ်အောင် လုပ်နေပြီ။ ဂူဂျာရတ်ပြည်နယ်မှာ စက်ရုံကြီးဆောက်ပြီး နွားချေးတွေကို ကန်ကြီးထဲထည့်၊ တစ်လလောက် အချဉ်ဖောက်လိုက်တာနဲ့ ကားမောင်းလို့ရတဲ့ လောင်စာငွေ့ ဖြစ်သွားရော။ အိန္ဒိယမှာက နွားက ကောင်ရေ သန်း ၃၀၀ တောင်ရှိတာဆိုတော့ ကုန်ကြမ်းကတော့ “အလျှံပယ်” ပဲပေါ့။
ဒါတင်မကသေးဘူးနော်၊ အဲဒီနွားချေးစက်ရုံက ထွက်လာတဲ့ အဖတ်တွေကိုလည်း သဘာဝမြေဩဇာဆိုပြီး ပြန်ရောင်းစားသေးတာ။ ဘယ်လောက်တွက်ခြေကိုက်သလဲဆိုရင် တစ်နေ့ကို နွားချေး တန် ၁၀၀ လောက် သုံးပြီး ကားအစီးရေ ၈၅၀ ကျော် တစ်နေ့စာ မောင်းလို့ရမယ့် ဂတ်စ်တွေ ထုတ်ပေးနေတာတဲ့။ နွားပိုင်ရှင် လယ်သမားတွေလည်း ပိုက်ဆံပိုရ၊ ကားသမားတွေလည်း ဈေးသက်သာတဲ့ ဂတ်စ်ရနဲ့ အားလုံး “ဝင်း-ဝင်း win-win” ပဲ။
ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ နည်းနည်းတော့ ရယ်ချင်စရာကြီးဗျ။ နောက်ဆိုကားမောင်းရင်း ဆီကုန်လို့ ဆီဆိုင်ဝင်ရင် “နွားချေး ငါးဂါလန် လောက် ဖြည့်ပေးပါ” လို့ ပြောရတော့မလားပဲ။ ကားနောက်မြီးက ထွက်လာတဲ့ အခိုးအငွေ့တွေကရော “နွားချေးနံ့” များ ရနေမလားလို့ စိုးရိမ်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးပူနွေးမှုကိုလည်း ကာကွယ်ရာရောက်တယ်ဆိုတော့ Suzuki ရဲ့ ဒီ “နွားချေးတိုက်ပွဲ” ကတော့ တကယ်ကို လေးစားစရာပါပဲ။
တိုတိုထွာထွာ မှတ်စရာ (၁၅)
“ရေငုပ်ပြီး ဘွဲ့ယူကြမယ်”

ဘွဲ့နှင်းသဘင်ဆိုတာ ခန်းမကြီးထဲမှာ အင်္ကျီအရှည်ကြီးတွေဝတ်၊ ဘွဲ့ဦးထုပ်ဆောင်းပြီး ဘွဲ့ပေးအခမ်းအနား လုပ်ကြတာ ရိုးနေပြီမဟုတ်လား၊အခုအန်ဒမန်နဲ့ နီကိုဘာကျွန်း (Andaman and Nicobar Islands) က သစ်တောဌာနကလူတွေကတော့ ထူးထူးဆန်းဆန်း ပွဲထုတ်လိုက်ပြီဗျ။
လှေစီးပြီး သွားမယ်ဆိုရင်တော့ အန်ဒမန်နဲ့ နီကိုဘာကျွန်းစု (Andaman and Nicobar Islands) က ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တောင်ဘက်၊ ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိတာပါ။ သူက မြန်မာပြည်ရဲ့ ဟိုင်းကြီးကျွန်းတို့၊ ကိုကိုးကျွန်းတို့နဲ့ တော်တော်နီးတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိပြီး အိန္ဒိယနိုင်ငံပိုင်တဲ့ ကျွန်းစုတွေပေါ့။ မြေပုံထဲမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အောက်ဘက်၊ ထိုင်းနိုင်ငံရဲ့ အနောက်ဘက် ပင်လယ်ထဲမှာ တန်းစီပြီး ရှိနေတာကို တွေ့ရပါလိမ့်မယ်။ အရင်ကတော့ “ကပ္ပလီကျွန်း” လို့ လူသိများကြတယ်။ အခုဆိုရင်တော့ ခရီးသွားလို့ အရမ်းကောင်းတဲ့ နေရာလှလှလေးတွေအဖြစ် နာမည်ကြီးနေတာပေါ့။
အန်ဒမန်နဲ့ နီကိုဘာကျွန်းစုမှာ ၂၀၂၆ ခုနှစ်၊ မတ်လတုန်းက ဒေသတွင်းမှာ ပထမဆုံးဖြစ်တဲ့ ရေအောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲကို ဝမ်ဒူး (Wandoor) မှာရှိတဲ့ အဏ္ဏဝါအမျိုးသားဥယျာဉ်ထဲက ပင်လယ်ရေအောက်ထဲမှာ ကျင်းပခဲ့တာပါ။ စကူးဘားဒိုင်ဗင်နဲ့ သန္တာကျောက်တန်းတွေကို ဘယ်လိုစောင့်ကြည့်ရမလဲဆိုတဲ့ အထူးသင်တန်းကို တက်ရောက်ခဲ့တဲ့ ရှေ့တန်းသစ်တော ဝန်ထမ်းတွေကို အဲဒီရေအောက်ထဲမှာပဲ သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
နာမည်ပေးထားတာက “ရေအောက်ဘွဲ့နှင်းသဘင်” (Underwater Graduation) တဲ့။ ကဲ… လာထား၊ ဘယ်လိုတွေ ဘွဲ့နှင်းသဘင် အခမ်းအနား လုပ်တာလဲဆိုတာ ဖတ်ကြည့်လိုက်ဦး။
ဒီပွဲက ရိုးရိုးပွဲမဟုတ်ဘူးနော်။ ပင်လယ်ရေအောက်ထဲမှာ သန္တာကျောက်တန်းတွေကို ဘယ်လိုစောင့်ကြည့်မလဲဆိုတဲ့ သင်တန်းဆင်းပွဲ။ သင်တန်းသား ၁၄ ယောက်က တစ်ပတ်လုံးလုံး ရေငုပ်သင်တန်းတက်ထားတာ။ အဲဒီတော့ ဆရာကြီးတွေက စဉ်းစားတယ်… “ငါတို့တပည့်တွေ ရေငုပ်တတ်မတတ် လက်တွေ့စမ်းမှဖြစ်မယ်၊ လက်မှတ်ကို ရေထဲဆင်းပေးမယ်” ဆိုပြီး ဆုံးဖြတ်လိုက်တာပဲ။
ပွဲနေ့ကျတော့ ပင်လယ်ပြင်က ထူးထူးခြားခြား ငြိမ်သက်လို့။ ပင်လယ်လိပ်တွေ၊ ငါးလေးတွေကလည်း “ဒီနေ့ လူတွေ ဘာလာလုပ်ကြတာလဲ” ဆိုပြီး ဝိုင်းကြည့်နေကြတာပေါ့။ Principal Chief Conservator of Forests ဆိုတဲ့ အရာရှိကြီး Sanjay Kumar Sinha ကိုယ်တိုင် အောက်ဆီဂျင်ဘူးကြီးလွယ်၊ ဝတ်စုံအပြည့်နဲ့ ရေထဲကို “ဗွမ်း” ခနဲ ခုန်ချလိုက်တာပဲ။
အောက်ရောက်တော့ မြင်ကွင်းက တကယ့်ဟာသဗျ။ ပုံမှန်ဆို ဘွဲ့နှင်းသဘင်မှာ “ဘွဲ့ရမောင်မယ်များ ခင်ဗျာ…” ဆိုပြီး အသံချဲ့စက်နဲ့ အော်ရမှာ မဟုတ်လား၊ အခုတော့ ဘယ်အော်လို့ရမလဲ… ပါးစပ်ထဲမှာ ပိုက်ကြီးတပ်ထားရတာဆိုတော့ “ပလုံ… ပလုံ… ပလုံ…” နဲ့ ပူဖောင်းလေးတွေပဲ ထွက်လာတာပေါ့။ လက်မှတ်ပေးတဲ့သူကလည်း ပလုံ၊ ယူတဲ့သူကလည်း ပလုံနဲ့… တကယ့်ကို “ပလုံစီတဲ့ဘွဲ့နှင်းသဘင်” ကြီးပါပဲ။
လက်မှတ်တွေကလည်း ရေစိုခံ (Waterproof) ဖြစ်ရမယ်လေ။ မဟုတ်ရင် ရေထဲရောက်တာနဲ့ စာရွက်တွေက ငါးစာဖြစ်ကုန်မှာပေါ့။ လက်မှတ်ပေးတဲ့အချိန်မှာ ဓာတ်ပုံဆရာကလည်း အလုပ်ရှုပ်နေတာ။ “ကဲ… ပြုံးလိုက်ဦး… လက်မထောင်ပြဦး” ဆိုတော့ သင်တန်းသား တွေခမျာမှာ ရေကူးမျက်မှန် (Goggles) ကြားထဲကနေ မျက်လုံးလေးတွေ ပြူးပြီး ပြုံးပြနေရတာ။ ရယ်ချင်ရင်တောင် ရေဝင်မှာကြောက်လို့ အောင့်ထားရရှာတယ်။
ဒီပွဲရဲ့ ကောင်းကွက်ကတော့ “ဘွဲ့ယူရင်း ငါးကြည့်လို့ရတာ” ပဲ။ ရှေ့ကလူ ဘွဲ့ယူနေတုန်း ဘေးနားကနေ Nemo ငါးလေးတွေက ဖြတ်ကူးသွားလိုက်၊ သန္တာကျောက်တန်းတွေက ကနေလိုက်နဲ့… တကယ့်ကို သဘာဝတရားကြီးက ပရိသတ်အဖြစ် လာအားပေးနေသလိုပဲဗျာ။
ဒါပေမဲ့ စဉ်းစားကြည့်နော်… ဘွဲ့ယူပြီးလို့ အပေါ်ပြန်တက်လာတဲ့အချိန်မှာတော့ အားလုံးက ဖားပြုပ်တွေလိုပဲ ရေတွေရွှဲလို့။ ခန်းမထဲမှာ ဘွဲ့ယူတုန်းကလို အမွှေးနံ့သာတွေ သင်းနေတာမဟုတ်ဘဲ အားလုံးဆီကနေ “ငါးညှီနံ့” တွေ ထွက်နေတာပေါ့။
ဒါပေမဲ့ နောက်ပြောင်တာ ခဏထား… ဒါက တကယ်ကို လေးစားဖို့ကောင်းတဲ့ အစီအစဉ်ပါ။ ပင်လယ်ရေအောက်က သယံဇာတတွေကို ထိန်းသိမ်းဖို့ဆိုရင် အပေါ်ကနေ ကြည့်နေလို့မရဘူး၊ ကိုယ်တိုင် ရေထဲဆင်းပြီး လက်တွေ့လေ့လာမှရမှာလေ။ “စာတွေ့ထက် လက်တွေ့” ဆိုတာ ဒါမျိုးကို ပြောတာပေါ့။
ကဲ… နောက်ဆိုရင်တော့ မင်္ဂလာဆောင်တာတွေ၊ မွေးနေ့ပွဲလုပ်တာတွေပါ ရေအောက်မှာ လုပ်လာကြရင် မဆိုးဘူးနော်။ အနည်းဆုံးတော့ ပူအိုက်တဲ့ဒေသမှာ အေးအေးဆေးဆေး ပွဲကျင်းပလို့ရတာပေါ့။
ဒီသတင်းကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတာကတော့… “သူတို့တွေ ရေအောက်မှာ ဘွဲ့ယူနေတုန်း ဗိုက်ဆာရင် ဘာစားကြလဲ” ဆိုတာပါပဲ။ ငါးကင်တော့ သွားမစားလောက်ပါဘူးနော်…။
တိုတိုထွာထွာ မှတ်စရာ (၁၆)
မေ့လျော့ခံ “ကျေးဇူးရှင်” လယ်ယာ ဦးကြီးတွေနဲ့ တွေ့ဆုံခြင်း

ဒီနှစ် သင်္ကြန်ပွဲတော်ကာလအတွင်း ကျေးလက်ဒေသရဲ့ လူနေမှုဘဝကို ကိုယ်တွေ့မျက်မြင် သိရှိခွင့်ရတာဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူမှုရေးဒဿနတွေကို စူးစမ်းခွင့်ရရှိခြင်းပါပဲ။ ပျော်ပွဲရွှင်ပွဲတွေရဲ့ နောက်ကွယ်မှာ မြင်တွေ့ခဲ့ရတဲ့ ပကတိအရှိတရားတွေက စိတ်မကောင်းစရာ ဖြစ်သလို အတွေးပွားစရာတွေလည်း အပြည့် ရှိနေပါတယ်။
ပထမဆုံး သတိပြုမိတာကတော့ ကျေးလက်ပြည်သူတွေရဲ့ အင်မတန် ရိုးသားဖြူစင်မှုပါ။ မြို့ပြရဲ့ အတုအယောင်တွေ ကင်းစင်ပြီး ဧည့်ဝတ်ကျေပွန်ကြပုံက ချီးကျူးစရာပါ။ ဒါပေမဲ့ အဲဒီရိုးသားမှုတွေရဲ့ နောက်ကွယ်မှာတော့ “ငွေတွင်းနက်” နေတဲ့ လူမှုစီးပွားဘဝတွေကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ မိုးလင်းက မိုးချုပ် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရပေမယ့် ရလာတဲ့ အကျိုးအမြတ်ကတော့ လက်ထဲမှာ မြဲမြဲမြံမြံ မရှိလှပါဘူး။
ထူးခြားတဲ့ လူမှုစီးပွား ကွာဟချက်တစ်ခုကတော့ ဓနရှင် တောသူဌေးတွေနဲ့ သာမန်တောင်သူတွေရဲ့ ဘဝပါ။ ရွာထဲမှာ ဆန်စက်တွေ၊ ပွဲရုံတွေ ထောင်ထားတဲ့ သူဌေးကြီးတွေကတော့ လုပ်ငန်းတွေ ချဲ့ထွင်ရင်း ရန်ကုန်လို မြို့ကြီးတွေရဲ့ အကောင်းဆုံးနေရာတွေမှာ အိမ်ရာခြံမြေတွေကို တစ်လုံးပြီးတစ်လုံး ဝယ်ယူစုဆောင်းနိုင်ကြပါတယ်။ တစ်ဖက်မှာတော့ သာမန်စိုက်ပျိုးရေးသမားတွေဟာ သွင်းအားစုစရိတ်နဲ့ ထုတ်လုပ်မှုစရိတ် ကြီးလေးတဲ့ဒဏ်ကို ခါးစည်းခံနေရပါတယ်။
သီးနှံထွက်နှုန်း ကျဆင်းမှု၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ ဈေးကွက်မတည်ငြိမ်မှုတွေကြားမှာ တောင်သူတွေဟာ အရင်းပြုတ်ရုံတင်မကဘဲ အကြွေးသံသရာထဲ နစ်မွန်းနေကြရတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေဟာ “လုပ်သူက မစားရ၊ စားသူက မလုပ်ရ” ဆိုတဲ့ မမျှတတဲ့ လူမှုအဆောက်အအုံကို မီးမောင်းထိုးပြနေသလိုပါပဲ။ ကျေးလက်ရဲ့ သင်္ကြန်ဟာ အပေါ်ယံကြည့်ရင် အေးချမ်းပေမယ့် အတွင်းသားမှာတော့ အခြေခံလူတန်းစားတွေရဲ့ ရုန်းကန်လှုပ်ရှားရမှု ဒဿနတွေက ပြင်းထန်လွန်းလှပါတယ်။
ဒီလို အခြေခံတောင်သူတွေရဲ့ အခက်အခဲတွေကို ပြေလျော့စေဖို့ ဘာလုပ်သင့်လဲဆိုတာ ဝိုင်းဝန်းအဖြေမရှာကြဘဲ ပစ်ထားကြမယ်ဆိုရင် “ကျေးဇူးရှင်လယ်ယာဦးကြီးများ” ဆိုတဲ့ အသုံးအနှုန်းဟာ မူလတန်း “ကျောင်းသုံးစာအုပ်” ထဲက လောကွတ်ဝေါဟာရမျှသာ ဖြစ်ကျန်ရစ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ ထမင်းတစ်လုတ်ဟာ ဒီတောင်သူတွေရဲ့ ချွေးနှဲစာတွေပါ။ ဒါကို သိတတ်နားလည်လို့ “ကျေးဇူးရှင်” လို့ ဂုဏ်ပုဒ်တပ် ခေါ်ဝေါ်ခဲ့ကြပေမယ့် လက်တွေ့ဘဝမှာတော့ သူတို့ဟာ လူမှုအသိုင်းအဝိုင်းရဲ့ အောက်ခြေအလွှာမှာပဲ မေ့လျော့ခံ ထားရပါတယ်။ ဓနရှင်တွေက သူတို့အပေါ် အမြတ်ထုတ်ပြီး ချမ်းသာကြွယ်ဝလာချိန်မှာ တကယ့်မြေပေါ်က လူတွေကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်ဘဲ ဖြစ်နေတာဟာ အလွန်တရာ ရင်နာစရာကောင်းတဲ့ ပကတိတရားပါ။
အပြောနဲ့တင် ဂုဏ်ပြုနေရုံနဲ့ သူတို့ဗိုက်မဝပါဘူး။ စနစ်တကျနဲ့ အဖြေရှာမပေးဘဲ လျစ်လျူရှုထားမယ်ဆိုရင် အဲဒီ “ကျေးဇူးရှင်” ဆိုတဲ့ စကားလုံးဟာ အနှစ်သာရမရှိတဲ့ စာအုပ်ကြီးထဲက စာသားသက်သက် ဖြစ်သွားပါလိမ့်မယ်။ သူတို့ရဲ့ ဘဝရပ်တည်မှုတွေ ပြိုလဲသွားရင် ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံစီးပွားရေးမဏ္ဍိုင်ကြီးလည်း အက်ကြောင်းထင်လာမှာ မလွဲဧကန်ပါပဲ။ ဒါကြောင့် ဒါဟာ စာနာမှု သက်သက်တင် မဟုတ်ဘဲ အားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
Source: စာရေးသူ၏ နေ့စဉ်မှတ်တမ်း
