The Corner

The Corner

cropped-Logo_round_grey-background.png

ဆရာတော်ရေးသည့် မှာတမ်းစာ 

Share မယ်

မေတ္တာစာဆိုသည့် အရေးအသားတစ်ခုဟာ ယနေ့ခေတ်မှာ မရှိသလောက် ဖြစ်သွားပေပြီ။ သို့သော်လည်း မြန်မာစာ အတိုးတက်ဆုံးဟု ဆိုနိုင်သည့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များတွင်မူ ခေတ်စားခဲ့ကြောင်း တွေ့ရပေသည်။ အင်းဝခေတ်တွင် ရှင်မဟာရဋ္ဌသာရနှင့် ကုန်းဘောင်ခေတ်တွင် ဦးပုညတို့မှာ အထင်ရှားဆုံးဖြစ်သည်။ မေတ္တာစာဆိုသည်က မေတ္တာနှင့် စာကို ပေါင်းစပ်ထားခြင်း မဟုတ်ပါလော။

မေတ္တာ၏အနက်ကို လိုက်ကောက်ကြည့်မည်ဆိုလျှင် ပါဠိဘာသာစကား ‘မိတ္တ’ (Mitta) မှ ဆင်းသက်လာသော မေတ္တာ (Metta) ဟူသည်မှာ မိတ်ဆွေကောင်းတို့၏ ချစ်ခင်ခြင်း၊ အကျိုး လိုလား ခြင်းနှင့် ငြိမ်းချမ်းစေလိုခြင်းဟူသော အနက်အဓိပ္ပာယ်ကို ဆောင်သည်။ မေတ္တာဟူသော စကားလုံးသည် သက္ကတ ဘာသာ ‘Maitri’ မှ ဆင်းသက်လာပြီး ယင်းသည် နေမင်း၏ နွေးထွေးမှုနှင့် တူညီသော သဘောကို ဆောင်သည်။ နေမင်းသည် ကမ္ဘာလောကရှိ သက်ရှိအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ အလင်းနှင့် အပူကို ပေးသကဲ့သို့ မေတ္တာတရားသည်လည်း သတ္တဝါအားလုံးအပေါ် အပြန်အလှန် အကျိုးမျှော်လင့်ချက်မရှိဘဲ ပေးကမ်းသော မွန်မြတ်သည့် စိတ်စေတနာဖြစ်သည်။

ဗုဒ္ဓအဘိဓမ္မာအရ မေတ္တာသည် ‘အဒေါသ’ (Adosa) ဟူသော မကောင်းသော စိတ်ဓာတ်မရှိခြင်းထက် ပိုမိုနက်ရှိုင်းပြီး အပြုသဘောဆောင်သည့် အစွမ်းထက်သော စိတ်စွမ်းအားတစ်ခု ဖြစ်သည်။ မေတ္တာတရား၏ အဓိကလက္ခဏာမှာ အများ၏ အကျိုးစီးပွားကို လိုလားခြင်း (Parahita-parasukha-kamana) ဖြစ်ပြီး ယင်းသည် ကိုယ်ကျိုးစီးပွားအပေါ် အခြေမခံသော အတ္တကင်းသည့် မေတ္တာမျိုး ဖြစ်သည်။ စစ်မှန်သော မေတ္တာသည် မနာလိုမှု၊ ရန်ငြိုးဖွဲ့မှုနှင့် ဒေါသတို့ကို အရည်ပျော်စေနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ဖျော်ရည် (Solvent) နှင့် တူသည်ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာဆရာ အရှင်ဗုဒ္ဓဃောသက ဖော်ပြခဲ့သည်။

မေတ္တာပွားများသူတို့ လိုက်နာရမည့် ကျင့်ဝတ်များ

ဗုဒ္ဓမြတ်စွာဘုရားသည် ကရဏီယမေတ္တသုတ်ကို တောအရပ်၌ တရားအားထုတ်နေကြသော ရဟန်းတော်များအား နတ်ဆိုးများ၏ နှောင့်ယှက်မှုမှ ကာကွယ်ရန်နှင့် မေတ္တာစွမ်းအားဖြင့် ငြိမ်းချမ်းမှု ရရှိစေရန် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဤသုတ်တော်တွင် မေတ္တာပွားများ မည့်သူတစ်ဦးသည် ဦးစွာပထမ မိမိကိုယ်တိုင်၏ စာရိတ္တပိုင်းဆိုင်ရာကို ပြုပြင်ရမည်ဟု ညွှန်ကြားထားသည်။

မေတ္တာတရားသည် စိတ်လေ့ကျင့်ခန်းသက်သက်မဟုတ်ဘဲ နေထိုင်မှုပုံစံတစ်ခုလည်း ဖြစ်သည်။ မေတ္တာပွားများသူသည် ရိုးသားရမည် (Uju)၊ အလွန်ရိုးသားရမည် (Su-uju)၊ ပြောဆိုဆုံးမလွယ်ရမည် (Suvaco)၊ နူးညံ့သိမ်မွေ့ရမည် (Mudu) နှင့် ထောင်လွှားခြင်းကင်းရမည် (Anatimani)။ ဤအရည်အချင်းများ သည် စိတ်နှလုံးကို နူးညံ့စေပြီး မေတ္တာဓာတ် ကိန်းအောင်းရန် မြေဆီလွှာကို ပြင်ဆင်ပေးသကဲ့သို့ ဖြစ်သည်။ ထို့ပြင် ရောင့်ရဲလွယ်ခြင်း (Santussako)၊ မွေးမြူရလွယ်ကူခြင်း (Subharo) နှင့် အာရုံငါးပါးကို ထိန်းချုပ်နိုင်ခြင်း (Santindriyo) တို့သည်လည်း မေတ္တာ၏ အရှိန်အဝါကို ပိုမိုအားကောင်းစေသည်။

ဤသို့ မေတ္တာကို အခြေခံ၍ ရေးသားထားသည့်စာကို မေတ္တာစာဟု ဆိုခြင်းဖြစ်သည်။ သို့ဖြစ်၍ တွေ့သမျှလူတိုင်းအတွက် မေတ္တာစာရေးရန်မှာ မဖြစ်နိုင်ပေ။ တစ်ခုရှိသည်မှာ မေတ္တာစာဟု ဆိုလိုက်လျှင် လူသားတစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက်လိင်သို့ ချစ်ခြင်းမေတ္တာအကြောင်းသာ ရေးဖွဲ့ခြင်းမျိုးလည်း မဟုတ်ပေ။ ဤသို့ ကိလေသာမီးအတွက် ရေးသားသည့်စာမျိုးမှာ “မှာတမ်း” သာလျှင် ဖြစ်သည်။ ကိလေသာ ကင်းစင်သော စာမျိုးသည်သာ မေတ္တာစာဖြစ်သည်။

မေတ္တာစာ၏ သမိုင်းကိုကြည့်လျှင် မေတ္တာစာဟူ၍ အစောဆုံးတွေ့ရသည်မှာ ပထမ မင်းခေါင်ကြီး လက်ထက် (၇၆၃ – ၇၈၃) တွင် ဖြစ်သည်။ သက္ကရာဇ် ၇၆၆ ခုနှစ်တွင် မွန်ဘုရင် ရာဇာဓိရာဇ် အင်းဝသို့ စစ်ချီရာ စစ်ကိုင်းမြို့ ရေဝန်းအရပ်တွင် တပ်ချနေချိန်၌ အင်းဝမှ အရှင်စကြိုသူမြတ်မှ တွေ့ဆုံခွင့်ပြုရန် မေတ္တာစာတစ်စောင် ပေးပို့ခြင်းဖြစ်သည်။ သို့သော်လည်း မေတ္တာစာဟူ၍ တိတိပပ ပေါ်ထွက်လာခြင်း မရှိသေးပေ။ ဒုတိယမင်းခေါင်လက်ထက် (၈၀၂ – ၈၆၃) ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့ လက်ထက်ရောက်မှသာ အထင်အရှား တွေ့ရခြင်းဖြစ်သည်။ ညောင်ရမ်းခေတ်သို့ ရောက်သည့်အခါ မင်းဧကရာဇ်တို့အမေးနှင့် ဆရာတော် သမားတော်တို့အဖြေများ၌ မေတ္တာစာဆိုသည့် ဝေါဟာရသည် စာပေနယ်၌ အခိုင်အမာ တွင်ကျယ်လာခြင်းဖြစ်သည်။

သို့နှင့် မေတ္တာစာများသည် ကုန်းဘောင်ခေတ်ရောက်သည့်အခါ မေတ္တာခံယူခြင်း၊ မေတ္တာရပ်ခံခြင်း သဘောမှနေ၍ ပိုမိုကျယ်ပြန့်လာသည်။ မေတ္တာစာရေးသူ အမြောက်အမြားလည်း ပေါ်ထွန်းလာ ခဲ့သည်။ များသောအားဖြင့်မူ ဆရာတော်များသာ ဖြစ်သည်။ ထိုမေတ္တာစာရေးသည့် ဆရာတော်များ အနက် ရခိုင်ပြည်သို့ ကြွရောက်ခဲ့သည့် အရှင်တေဇောသာရလည်း ပါဝင်ပေသည်။ အရှင်တေဇော သာရသည် ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ တပည့်လည်း ဖြစ်သည်။ ဆရာနှင့်အပြိုင်ဖြစ်သည့် ရှင်မဟာသီလဝံသ၏ တပည့်ဖြစ်သူ ရှင်အုန်းညိုနှင့် စာဆိုပြိုင်ဘက်ဟု ဆိုကြသည်။

သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစော်ဘွားစလုံက ပြည်ဘုရင် သတိုးမင်းစောနှင့် ပေါင်းကာ အင်းဝကို တိုက်ခိုက်ပြီး ပြည်ဘုရင်ကို နန်းတင်ခဲ့သည်။ “ဂငယ်သုံးခု ဥသျှစ်ထု” ဟုဆိုသည့် သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်းစော်ဘွားနှင့် သားသိုဟန်ဘွားတို့ ဒုတိယအကြိမ် လာရောက်တိုက်ခိုက်ပြီး အင်းဝကို အုပ်စိုးခဲ့သည်။ ထိုအချိန်တွင် စာဆိုရှင် အရှင်တေဇောသာရသည် စစ်ကိုင်းဘက်၌ တိမ်းရှောင်နေရာမှ မဟာမုနိ ရုပ်ပွားတော်မြတ်ကို ဖူးမြော်လိုသည့် ဆန္ဒကြောင့် ရခိုင်ပြည်သို့ ကြွရောက်ခဲ့သည်။

ထိုအချိန်က ရခိုင်ပြည်တွင် မင်းဘာကြီး နန်းတက်နေချိန်ဖြစ်သည်။ (ဘစောဖြူ၏ သားတော် မင်းဒေါလျာ နန်းတက်နေချိန်ဟုလည်း ဆိုသည်။) အရှင်တေဇောသာရသည် ရခိုင်ပြည်၌ သီတင်းသုံး နေစဉ်အတွင်း ရခိုင်ဘုရင်က ဆရာတော်၏ ပညာရည်ကို အလွန်ကြည်ညိုသဖြင့် အင်းဝသို့ ပြန်ခွင့် မပြုဘဲ ဝါထပ်၍ ဆွဲထားခဲ့သည်။ (အရှင်တေဇောသာရ ရခိုင်သို့ ရောက်သည့်နှစ်မှာ တိကျသေချာခြင်း မရှိပါ။)

သို့သော်လည်း အရှင်တေဇောသာရသည် ရခိုင်ပြည်တွင် ကြာရှည်သီတင်းမသုံးလိုပေ။ ဤသို့ ရခိုင်ပြည်သို့ လာရခြင်းရည်ရွယ်ချက်သည် မိမိအရပ်ဒေသတွင် မငြိမ်ဆိတ်သည်က တစ်ကြောင်း၊ မဟာမုနိဘုရားအား ဖူးမြော်လိုခြင်းတို့ကြောင့် ခရီးခဲကို ဖြတ်သန်းပြီး ခေတ္တ တိမ်းရှောင် လိုဟန် ရှိသည်။ ရခိုင်ပြည်နှင့် အင်းဝဆိုသည်မှာလည်း ဓလေ့ထုံးစံချင်း မတူသဖြင့် ရခိုင်ဘုရင်မှ မည်မျှ ချီးမြှောက်ပါသော်လည်း မိမိရပ်ရွာ ဒေသသို့သာ ပြန်ကြွလိုနေသည်။

ဤသို့ဖြင့် အရှင်ကလည်း ပြန်ကြွချင်၊ ရှင်ဘုရင်က ခွင့်မပေးနှင့် အခက်ကြုံနေချိန်တွင် မိုးညှင်း စော်ဘွားများ စေလွှတ်လိုက်သည့် တမန်တော်များ ရခိုင်ပြည်သို့ ရောက်လာသည်။ ထိုအချိန်တွင် အရှင်၏ စိတ်အတွင်း၌ အိမ်လွမ်းနာများက ပို၍သည်းထန်လာဟန်ရှိသည်။ တမန်တော်များအပြန်တွင် ပြန်လည်ကြွလိုစိတ်များ တဖွားဖွား ဖြစ်ဟန်တူသည်။ ခက်နေသည်က ကြည်ညိုလွန်းလှသော ဒကာတော် ဘုရင်အား မည်သို့ပြောရမည်ကိုပင်။ ထို့ကြောင့် မိမိနှင့် ရင်းနှီးကျွမ်းဝင်သည့် ဘုရင်၏ အမတ်ကြီး မဟာရာဇပညာ ထံသို့ မေတ္တာစာပေးပို့ကာ မိမိပြန်လည်ကြွခွင့်ရရန်အတွက် ဘုရင်ကို ကူညီတောင်းခံပေးဖို့ရန် အကြံဖြစ်မိသည်။ ထို့ကြောင့် –

“သဟဿက္ခိ ၊ ထောင်မျက်စိဖြင့် ၊ မြင်သိလုံးခြုံ ၊ နတ်နှစ်ဘုံကို ၊ အကုံစိုးရ ၊ တန်ခိုးပသား ၊ သိကြာ့လက်အောက် ၊ နတ်လေးယောက်တွင် ၊ ဆိပ်တောက်ပြင်းလှ ၊ ကုဝေရဟု ၊ ယက္ခသနင်း၊ ထိုနတ်မင်း၏ ၊ တူရင်းမှန်လှ ၊ ပုဏ္ဏကလျှင် ၊ ဝေပူလတောင် ၊ ထွတ်မြင့်ခေါင်နှိုက် ၊ အန်ထောင် ဟန့်တား ၊ ဘီလူးများကို ၊ ကြုံးဝါးအန်မြောက် ၊ နှင်လိုက်ချောက်မှ ၊ ယူမြောက်ရပြီး ၊ မင်းကြီးကောရဗျ ၊ နရိန္ဒနှင့် ၊ အန်ကစာ့ခါ ၊ လောင်းစရာဟု “

အစချီသော မေတ္တာစာကို ရေးသားဆက်သွင်းခဲ့သည်။ ဤနေရာတွင် တစ်ချိန်က ကဗျာစာဆိုတို့၏ ကဗျာဖွဲ့ရာတွင် ဝေါဟာရပိုင်း ကြွယ်ဝမှု တချို့မှာ ယနေ့ခေတ်တွင် မတွေ့ရတော့ပေ။ “နတ်နှစ်ဘုံကို ၊ အကုံစိုးရ“ ဟူသော ပါဒတွင် “အကုံ“ သည် အလုံးစုံကို ရည်ညွှန်းသည့် “အကုန်“  သာဖြစ်သည်။ သို့သော်လည်း ရှေ့တွင် နတ်နှစ်ဘုံဟု ပါပြီးသားဖြစ်နေသောကြောင့် နသတ်မသတ်ဘဲ သေးသေးတင် ဖြင့် သတ်ဟန်ရှိသည်။ ထို့အပြင် “သိကြာ့“ ဆိုသော အသုံးအနှုန်းသည် “သိကြား“ ကိုသာ ဆိုလိုရင်း ဖြစ်သည်။ သို့သော်လည်း ရှေ့ပါဒမှ ကာရန်နှင့် လိုက်ဖက်ညီအောင် သိကြားကို “သိကြာ့“ သံတို ဖြစ်အောင် ရေးဖွဲ့ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ယူနည်းမျိုးကို “အန်ကစာ့ခါ“ ဆိုသည့် ပါဒတွင်လည်း တွေ့နိုင်ပေသည်။ “သိကြာ့“ ယူနည်းနှင့် အတူတူပင်ဖြစ်သည်။ (ယနေ့ခေတ် ကဗျာအဖွဲ့များတွင် မတွေ့ရတော့သည်ဖြစ်၍ ထည့်ရေးလိုက်ခြင်းဖြစ်သည်။ – စကားချပ်)

နောက်ဆုံးပိုဒ်တွင် –

“မင်းစေအများ၊ ပြန်သွားသော့အခါ၊ ငါဆရာကို၊ လိုက်ပါရကြောင်း၊ ခွင့်လျှင်တောင်း၍၊ အလောင်းမင်းဖျား၊ စောတရားကို၊ စကားစပ်သင့်၊ လျှောက်သာခွင့်ဝယ်၊ ချီးပင့်နည်းနာ၊ ပုံအလာဖြင့်၊ လွှတ်ပါစေလို၊ တောင်းပန်ဆို”

ဟု ထည့်သွင်းဖွဲ့ဆိုထားသည်ကို ကြည့်ခြင်းအားဖြင့် အရှင်တေဇောသာရ၏ အိမ်လွမ်းသည့်ဝေဒနာကို ပြက်ပြက်ထင်ထင် မြင်နိုင်ပေသည်။ အထူးသဖြင့် ပြန်ခွင့်ရဖို့ကို သာမန်လျှောက်ထားခြင်းမျိုး မဟုတ်ဘဲ “ချီးပင့်နည်းနာ ၊ ပုံအလာကို” ဟု ရှင်ဘုရင်အား စိတ်တော် ဘဝင်ကျ အောင် ချီးမြှောက် နည်းမျိုးစုံအား အသုံးပြုစေလိုသည်မှာ သိသာထင်ရှားလှပေသည်။ အမတ်ကြီးကလည်း အခွင့်အခါ သင့်ချိန်တွင် ပြန်ခွင့် ရရန် လျှောက်တင်ပေးခဲ့ပါသော်လည်း ရှင်ဘုရင်က ခွင့်မပြုခဲ့ပေ။

ဆရာတော် အရှင်တေဇောသာရ၏ စိတ်အတွင်း၌မူ အင်းဝမှ တမန်များပြန်သွားချိန်တွင် တစ်ပါတည်း ပြန်လည်လိုက်ပါသွားလိုနေသည်။ သို့သော်လည်း ရခိုင်ပြည်ဘုရင်မှ ပြန်ခွင့်မပေးဘဲ ထာဝရ သီတင်းသုံး နေစေလိုဟန် ရှိသည့်အတွက် ဆရာတော်အား အခွင့်မပေး။ သို့ကြောင့် ဆရာတော် အရှင်တေဇောသာရက ရခိုင်ပြည်မှ အမတ်ကြီးတစ်ဦးဖြစ်သည့် ဇေယျသင်္ကြန် အမတ်ကြီးထံသို့ မေတ္တာစာတစ်စောင် ထပ်မံတင်သွင်းပြန်သည်။

ထိုမေတ္တာစာထဲတွင် –

“ကျော်သောင်းကြေညာ၊ မင်းကြီးစွာလျှင်၊ ပညာဆန်းကြယ်၊ အသွယ်သွယ်ဖြင့်၊ ကိုးကွယ်ပါကျိုး၊ မြတ်နိုးတနာ၊ စပ်လျဉ်းသာအောင်၊ လျှောက်ပါဘိတ”

ဟု ဖွဲ့ဆိုထားသည်ကို ကြည့်ခြင်းအားဖြင့် ဘုရင်သည်သာမက တူဖြစ်သူ မင်းကြီးစွာကပါ ဆရာတော် အား ကြည်ညိုသဒ္ဓါ ထက်သန် နေပုံရသည်။ မေတ္တာစာထဲတွင် မိမိပြန်လိုသည်မှာ ပုညရှင် စေတီ အပါးတွင် အသက်ထက်ဆုံး ဘုရားဝတ်ပြုကာ နေလိုသည်ဖြစ်၍ မိမိအား ယုံကြည်ကိုးကွယ်လိုသည့် စိတ်စေတနာကို သစ်စိမ်းချိုးချိုးလို၍ မဟုတ်ကြောင်းတို့ကိုပါ ထည့်သွင်းစပ်ဆိုထားသည်။ သို့သော်လည်း မည်သည့် အကြောင်းပြချက်ကိုပင်ပေးပေး ရခိုင်ပြည်ဘုရင်မှ ဆရာတော်အား ပြန်လည်ကြွမြန်းခွင့် မပေးခဲ့ပေ။

ဆရာတော်မှာလည်း အမတ်ကြီးနှစ်ဦးစလုံးကို အားကိုးတကြီးဖြင့် မေတ္တာစာ ရေးသွင်းခဲ့သည်ကို အမတ်ကြီးများကလည်း ဆရာတော်ကို ကရုဏာသက်စွာ လျှောက်တင်ပေးပါသော်လည်း အခွင့်မရ။ တစ်ခုရှိသည်မှာ အချိန်ကာလတို့ ရွေ့လျောလာသည်နှင့်အမျှ အင်းဝမှလာသည့် မင်းစေများကလည်း ပြန်ဖို့ရန် အချိန်က တဖြည်းဖြည်း နီးကပ်လာပေသည်။ ဆရာတော်မှာ အကြံအိုက်နေချေပြီ။ မိမိ မွေးရပ်မြေမဟုတ်သည့် ရေခြားမြေခြားတွင် သက်ဆုံးတိုင်နေရန်လည်း မဖြစ်နိုင်။ တိုင်းရေးပြည်ရေး အခက်ကြောင့်သာ ခေတ္တကြွလာခဲ့မိခြင်းကို နောင်တ ရနေဟန် ရှိသည်။ ကြွလာစဉ်က ဤသို့ ဖြစ်လိမ့်မည် ဟုလည်း မခန့်မှန်းမိခဲ့မှာ သေချာသည်။

တကယ်ဆိုလျှင် မင်းဆရာအဖြစ် နေရသည့်ကိစ္စမှာ အရာရာပြည့်စုံသည့်ဘဝဖြစ်သည်။ သို့သော်လည်း ဆရာတော်သည် ရုပ်ဝတ္ထု ပစ္စည်းများ အား မိမိဇာတိမြေနှင့် မလဲလှယ်လိုကြောင်း ထင်ရှားသည်။ ဇာတိချစ်စိတ်သည် တန်ဖိုးရှိလှသည့် ရုပ်ဝတ္ထုပစ္စည်းများဖြင့် လဲလှယ်၍ မရပေ။ နှလုံးအိမ်အတွင်း၌သာ ဇာတိသဘောအရ ဖြစ်တည်ကိန်းအောင်းနေသောစိတ်ဖြစ်ခြင်းသည်လည်း တန်ဖိုးဖြတ်၍ ရနိုင်သည့်အရာ မဟုတ်ပေ။ မလွဲသာ၍ လာခဲ့ရသော ခရီးတစ်ခုအား လွဲသာ ရန်ဖြစ်ဖို့ အတွက် ဆရာတော် အခက်ကြီး ကြုံနေချေပြီ။

ဤသို့ အသာအကြည်ဖြင့် ပြန်ကြွခွင့်ရရန် တောင်းဆိုသော်လည်း အခွင့်မရသည်ဖြစ်၍ ဆရာတော် အရှင်တေဇောသာရသည် မည်သို့ အကြောင်းဖန်ရန် ကောင်းမည်နည်းကို စဉ်းစားရင်းဖြင့် တစ်ညနေတွင် ဘုရင့်သမီးတော်ကို တွေ့မိခဲ့သည်ကို သတိရသွားသည်။ ဆရာတော်စိတ်ထဲတွင် မိမိဇာတိမြေ၏ နေရာတွင် ထိုဘုရင့်သမီးတော်လေးကို အစားထိုးလိုက်သည်။ ထို့နောက် ဘုရင့်သမီးတော်လေးအား စွဲလမ်းနှစ်သက် မြတ်နိုးဖွယ်ဟန်ဖြင့် “ဌာနတည်၍” ချီ မှာတမ်း ရတုပိုဒ်စုံကို ရေးသားကာ မင်းသမီးလေး လက်ဝယ်အရောက် ပို့လိုက်လေတော့သည်။

(ပထမပိုဒ်)

ဌာနတည်၍၊ ရွှေပြည်ကဲ့သို့၊ ရခိုင်မြို့ဝယ်၊ ဆန်းတို့ပေစွ၊ မျှော်ပါရသား၊ သိင်္ဂရောင်ရွှန်း၊ ရွှေပုံသွန်းသို့၊ လန်းလန်းလတ်လတ်၊ လိုက်ဘက်တင့်မော၊ မချောစရာ၊ ချောစရာလျှင်၊ ကေသာဆံလှ၊ ထုံးနောက်-စ-နှင့်၊ ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည် ။ ။ ရှင်သာ ရခိုင့် တန်ဆောင်လော။

(ဒုတိယပိုဒ်)

သာလှစည်၍၊ ရွှေပြည်ရပ်သူ၊ ထိုမျှလူဝယ်၊ ပြိုင်တူမထင်၊ သည်သခင်မူ၊ ရုပ်သွင်ပျိုချော၊ တင့်မောပေစွ၊ သဘောတည်ကြည်၊ မြတ်မူနည်နှင့်၊ ရွှေရည်ရုပ်တု၊ ပုံသွန်းပြုသို့၊ ပျို့နုထွတ်ထွတ်၊ ဝင်းရှိမ်းလတ်မူ၊ သွယ်ပတ်ဝေဝေ၊ ထုံးနောက်ခွေနှင့်၊ တင့်နေ စ-လှ၊ ဆည်းရီညဝယ်၊ လွလွဖြူစင်၊ ပေါ်ရုံတင်၍၊ ထမ်းစင်ယဉ်သာ၊ စီးစ-ကာတည်း၊ သူဇာပေပင်၊ ရှင့်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည် ။ ။ သောက်ရှူး သော်တာ အရောင်လော။

(တတိယပိုဒ်)

ဝါလလည်၍၊ ရွှေပြည်ရောက်စ၊ ရှေးသော်ကမူ၊ မမျှဆင်းပြင်၊ သည်သခင်ကို၊ မြင်လျှင်လွန်ကြူး၊ သောက်ရှူးသော်တာ၊ လ-အဝါသို့၊ ပြင်လျာ ဆုံ့ဆည်း၊ ရွှေဖျင်ပည်းဝယ်၊ စုလည်းမဆင်၊ နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့၊ သည်လျာမချွတ်၊ နောင်မင်းမှတ်သည်။ ။ မိုးနတ်သူဇာ အရောင်လော။

ဤသို့ဖြင့် ဆရာတော်ရေးသည့် မှာတမ်းရတုသည် ဘုရင့်သမီးတော်လေးမှတစ်ဆင့် ရခိုင်ပြည် ဘုရင်လက်ထဲသို့ ဆိုက်မြိုက်စွာ ရောက်ရှိ သွားပေသည်။ ဘုရင်လည်း သမီးတော်ကို ရဟန်းဝတ်တစ်ပါး ဤသို့ပြုမူသည်ကို စိတ်ဆိုးတော်မူ၍ “အကျင့်တန်သောရဟန်း ငါ့နိုင်ငံတွင် မနေစေရ၊ ပြန်စေ” ဆိုသည့် တစ်ချက်လွှတ်အမိန့် ထုတ်လိုက်သောကြောင့် ဆရာတော်၏ ဆန္ဒများ ပြည့်ဝခဲ့ပေတော့သည်။

သာမန်အားဖြင့် ကြည့်လျှင်မူ ဆရာတော်၏ ဇာတိမြေသို့ ပြန်ကြွခွင့်ရရန် ကြိုးစားမှုဟု ဆိုနိုင်သော်လည်း ရခိုင်ဘုရင်၏ သမီးတော်ကို ထိပါးခြင်းမှာ အသက်နှင့် လောင်းကြေးထပ်ရခြင်း ဖြစ်သည်။ အကယ်မဆွ “သတ်စေ” ဟုဆိုလျှင်လည်း ဆရာတော် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါချေ။ သူ့ပြည် သူ့နိုင်ငံတွင် သူ၏သမီးတော်ကိုမှ ထိပါးခြင်း မဟုတ်ပါလော။ သို့သော်လည်း ဆရာတော်၏ စိတ်ထဲတွင် မိမိအပေါ် ယုံကြည်ကိုးကွယ်သည့်စိတ်ကို အရဲကိုးဟန်ရှိသည်။ အကယ်၍ မင်းပြစ်မင်းဒဏ်ထိ၍ အသက်ဆုံးရှုံးရမည်ဆိုလျှင်လည်း ဆရာတော်အနေဖြင့် မိမိမွေးရပ်မြေအပေါ် ချစ်ခင်တွယ်တာသည့်စိတ်က ပို၍ ကြီးမားနေဟန်ရှိသည်။

ကိုယ့်ဇာတိ ကိုယ့်မွေးရပ်မြေသို့ ပြန်ခွင့်မရမည့်အစား အသက်ဆုံးသည်ကမှ ပို၍ကောင်းမွန်သည်ဟု ဆုံးဖြတ်ထားပုံရသည်။ ဪ… မွေးရပ်မြေဆိုသည်ကလည်း တစ်ဘဝတစ်သက်တွင် တစ်နေရာသာ ရှိသည် မဟုတ်ပါလား။ ရဟန်းသံဃာတော်တစ်ပါးကပင်လျှင် ထိုမျှ တွယ်တာသည်ဆိုပါက လူပုဂ္ဂိုလ်များအတွက်မူကား . . . . . . . . . . . . ။

၁၆ . ၃ . ၂၀၂၆

(ကိုးကား – မေတ္တာစာ‌လေ့လာချက်၊ မြန်စာဂုဏ်ကျော်မြင့်)

Graphic: Freepik
Click to rate this post!
[Total: 0 Average: 0]