၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ တနင်္ဂနွေနေ့
ရှိပြီးသားတွေ လျော့သွားတယ်
ဝလုံးရေ သင်္ကြန်တစ်နှစ်ကျပြီးပြန်ပြီ။ ငါက အရင် မြန်မာပြည်မှာ ရှိတုန်းကတည်းကဘယ်တော့မှ သင်္ကြန်မလည်ခဲ့ပေမယ့် သင်္ကြန်နီးလာလို့ သီချင်းသံတွေ ကြားရင်ကို စိတ်ထဲက ပျော်နေတတ်ခဲ့တာ။ အခုလည်း ဟိုရက်တွေကတည်းက ပင်နီဆူလာ ဘက်ရောက်နေခဲ့တယ်။ ဒီနေ့တော့ ထုံးစံအတိုင်း တစ်ပတ်တစ်ခါ ထွက်လာပြီး ဂျာနယ် ဝယ်တော့ ဖတ်နေကျ အစုံမရဘူး။ ဆိုင်ရှင်က ရန်ကုန်မှာ သင်္ကြန်ပိတ်ရက်တွေမှာ ဘာမှမထွက်ဘူးလို့ သတင်းပေးပါတယ်။ ဒီမှာရော ခါတိုင်း လုပ်နေကျ ပင်နီဆူလာ သင်္ကြန်လုပ်သံ မကြားလို့ မေးကြည့်တော့ ဒီနှစ် မလုပ်ဘူးတဲ့။ ဘာကြောင့်ဆိုတာ သေချာ မသိပေမယ့် မနှစ်က လုပ်တဲ့ အချိန်တုန်းက ရေမပက်ရလို့ တားထားတာကို အပျော်လွန်နေတဲ့ လူတချို့က မိန်းကလေးတွေကို အတင်း စနောက် ရေလောင်းကြတဲ့ အတွက် နည်းနည်း ပြဿနာ ဖြစ်သွားတာတော့ ကြားမိလိုက်တာမို့ ဒီနှစ် လုပ်ခွင့် မရတာလားလို့ ထင်မိတယ်။ ရှေ့က မြက်ခင်းပေါ်မှာ ခါတိုင်း ရန်ကုန်က တီးဝိုင်းတွေ အဆိုတော်တွေကို ဖိတ်ပြီး လုပ်နေကျ စင်္ကာပူမြို့လယ်ကောင်က မြန်မာသင်္ကြန်လည်း လုပ်တာ မတွေ့ရတော့ဘူး။ တကယ်ဆိုရင် ထိုင်းလူမျိုးတွေနဲ့လည်း သင်္ကြန်ကျတဲ့ ရက်က တူတာမို့ သူတို့တွေ စုဝေးရာ golden mile plaza မှာလည်း လုပ်ကြတာပဲ။ အဲဒီမှာဆိုရင် ခြေသလုံးလောက်အထိ ရေမြုပ်အောင်ကို ပက်ကြတာ။ ဒါဆိုရင် မြန်မာတွေကို တားတာက ရေပက်လို့တော့ဖြင့် မဟုတ်နိုင်ဘူး။ အခွင့်အရေးတွေ တိုးမလာဘဲ ရှိပြီးသားလေးတွေတောင် လျော့သွားရတာတော့ စိတ်မကောင်းစရာပဲ၊

ပြီးခဲ့တဲ့ အပတ်က တိုးပါးယိုး ဘုန်းကြီးကျောင်းမှာတော့ နှစ်တိုင်း လုပ်နေကျအတိုင်း လုပ်ဖြစ်တယ်ကြားလို့ သွားဖို့ စဉ်းစားမိသေးတယ်။ ဒါပေမဲ့ ညနေကျတော့ ဖေဖေ့ ကျောင်းနေဖက် သူငယ်ချင်း အန်ကယ်တို့ မိသားစုက သူတို့ ကိုးကွယ်နေကျ သတိပဋ္ဌာန် ဘုန်းကြီးကျောင်းက ကြီးမှူးပြီး စတုဒိသာပွဲလေးလုပ်မယ် လာခဲ့ပါလို့ ဖိတ်လာတာနဲ့ သွားစရာက နှစ်ခုဖြစ်လာတယ်။ နှစ်ခုလုံးကို သွားဖို့ မဖြစ်နိုင်တာမို့ သွားနေကျ တိုးပါးယိုးကို နှုတ်ဆက်လိုက်ပြီး မသွားဖူးတဲ့ စမ်ဘာဝမ်း (Sembawang) ကိုပဲ သွားဖို့ ရွေးလိုက်တယ်။ မနက် ၉ နာရီလောက်ကစပြီး လုပ်တာချည်းပဲမို့ ဒီလောက်ဆို လှိမ့်အိပ် နေကျ ငါ့အတွက် တော်တော်ကို ကြိုးစားရတဲ့ အားထုတ်မှု တစ်ခုပေါ့။
ဒီလို ကျွေးတာ မြင်ဖူးလား
ဝလုံးရေ ကြိုးစားပြီး စောစော ထွက်လာတာတောင် ဟိုရောက်တော့ ၁၁ နာရီလောက် ရှိနေပြီ။ HDB) လူနေအိမ်တွေ ရှေ့က ဝင်ပေါက်ဘေး မြက်ခင်းမှာ အမိုးတွေမိုးပြီး စားပွဲတွေနဲ့ စားစရာ အစုံအလင်နဲ့ သင်္ကြန်သီချင်းသံတွေနဲ့ သင်္ကြန်အသေးစားလေးတစ်ခုကို တွေ့ရတယ်။ ဖေဖေ့မိတ်ဆွေတို့မိသားစုကို နှုတ်ဆက်ရင်း သူတို့ အလှူကိုလည်း ဒါနမြောက်အောင် အားပေးရင်း ကျန်တာတွေလည်း လွတ်မှာ စိုးတာမို့ စားပွဲစေ့ လျှောက်ကြည့်ရင်း ကြိုက်တာ တွေ့သမျှ လက်ထဲမှာ ကိုင်ထားပြီး ဥစ္စာခြောက် နေရသေးတယ်။ မကြာလိုက်ဘူး စားပွဲအားလုံးက အရမ်းရောင်းကောင်းတယ်ဆိုပြီး အကုန်ကုန်သွားပါရော။ တချို့မရောက်သေးတဲ့သူတွေကို အချင်းချင်း ဖုန်းလှမ်းဆက်ပြီး မလာရင် မလာနဲ့တော့ ကုန်သွားပြီဆိုပြီး သတင်းပေးနေတာလည်း ကြားခဲ့တယ်။ ဒီတစ်ခါ ဝီရိယ ရှိမိလိုက်တာ မှန်သွားတယ်။ မြန်မာ အစားအစာတွေကို တစ်နေရာတည်းမှာ အစုံ အလကား စားခွင့်ရတာ ဘယ်လောက်ကောင်း လိုက်သလဲနော်။ အချိန် ငွေတွေ အကုန်ခံ လူအပင်ပန်းခံပြီး လှူဒါန်းချင်ကြတဲ့ စိတ်ဓာတ်တွေကိုလည်း မချီးကျူးဘဲ နေနိုင်ပါဘူး။ ရေတောင် အလကား မရတဲ့ ဒီနိုင်ငံမှာ ရေသန့်ဘူးတွေကိုပါ စတုဒိသာ လှူနေတာ တွေ့ရတော့ လျှော့ဈေးနဲ့ ပေးတာတွေဆို ညအိပ် တန်းစီစောင့်ဖို့ မလေးတတ်တဲ့ ဒီက စင်္ကာပူနိုင်ငံသားတွေကို လာကြည့်စမ်း ဒီလိုပွဲမျိုး မြင်ဖူးလား၊ ဒါ မြန်မာ့ဓလေ့လို့ ဆွဲခေါ်ပြလိုက်ချင်တယ်။
အခုလိုလည်း ပျော်လို့ရပါတယ်
ကံကောင်းချင်တော့ ဒီအပတ်မှာလည်း သူငယ်ချင်းတစ်ယောက် နေတဲ့ နေရာနားမှာ စတုဒိသာပွဲတစ်ခု ရှိပြန်တာမို့ ထပ်သွားလိုက်သေးတယ်။ ဒီနေရာကတော့ ပိုလည်း ကျယ်ပြီး တီးပိုင်းတွေပါ ပါတာမို့ ပိုစည်ကားတယ်။ စားစရာတွေကလည်း စားချင်တာတွေ အငမ်းမရ စားတဲ့အပြင် ကြိုက်လျက်နဲ့ မစားနိုင်တော့တာတွေကိုပါ ပါဆယ်ယူလာခဲ့လို့ ရသေးတယ်။ ရေပိုက်တွေနဲ့ ပက်တာတွေ ရှိပေမယ့် အားလုံးဟာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ဆင်နွှဲနေကြတဲ့မြင်ကွင်းကလည်း သိပ် စိတ်ချမ်းသာ ဖို့ကောင်းတာပဲ။ ပိုပြီး ကျေနပ်စရာကောင်းတာက နေပူကျဲကျဲအောက်မှာပေမယ့် ကျွေးနေတဲ့သူတွေရော စားနေတဲ့သူတွေရော အားလုံးရဲ့မျက်နှာတွေပြုံးနေကြတာပဲ။ ဘာပြဿနာမှမဖြစ်တော့ ဘာအပြောမှလည်း မခံရတော့ဘူး။ ပျော်တယ်ဆိုတာ ဒီလိုမျိုး စည်းကမ်းရှိရှိ ပျော်လို့လည်း ရတာပဲ မဟုတ်လား။

ထူးခြားတာတစ်ခုက အခု စင်္ကာပူမှာလုပ်တဲ့ ပွဲတွေမှာရော ကျန်တဲ့ နိုင်ငံခြား တိုင်းပြည်က မြန်မာတွေလုပ်တဲ့ သင်္ကြန်ပွဲတွေမှာရော အွန်လိုင်းမှာ တက်လာတဲ့ မြန်မာပြည်က ပုံတွေထဲကလို ဝတ်စားမှုတွေ မတွေ့ရဘူး။ တချို့ဆိုရင် မြန်မာဝတ်စုံတွေတောင် ဝတ်လာတာရှိတယ်။ ကျန်တဲ့သူတွေကလည်း ဘောင်းဘီရှည်ကလွဲလို့ ဘောင်းဘီတိုတို့ စကတ်တို့တောင် မဝတ်ကြဘူး။ အပြင်မှာ သွားလာရင်းနဲ့ ဆိုရင်တော့ မျိုးစုံဝတ်ကြပေမယ့် ဒီလိုပွဲမျိုးမှာတော့ မတွေ့ရသလောက်ဘဲ။ ဒီနိုင်ငံတွေမှာ ဝတ်မယ် ဆိုရင် ကြိုက်သလို ဝတ်လို့ရနေတဲ့အချိန်မှာ ဘာလို့ မဝတ်တာလဲလို့ စဉ်းစားကြည့်မိတော့ ဒါဟာ သူများနိုင်ငံ လူမျိုးရှေ့မှာ တမင် ထိန်းသိမ်းကြတာ ဖြစ်မယ်လို့ တွေးမိတယ်။ ဒါဆို ငါတို့ တိုင်းပြည်ထဲမှာကျတော့ ဘာလို့ အဲဒီလိုတွေ ဖြစ်နေရတာလဲ။ ဘယ်ပွဲမှာ ဘယ်အဝတ်အစား ဝတ်သင့်တယ်ဆိုတာ ရှိတယ်လေ။ ငါ့မှာ အခု ရုံးက လူတွေက နင်တို့ မြန်မာနှစ်သစ်ကူးက ပုံတွေ ကြည့်ချင်ပါတယ် တောင်းလာလို့ ကိုယ်က အရင် ဆင်ဆာဖြတ်ပြီးမှ အရှက်မကွဲရမယ့်ပုံတွေကို သူတို့ကို ပြနေရတယ်။ နိုင်ငံခြားသားကတော့ ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားနိုင်မှာမှ မဟုတ်တာ။ မြန်မာသင်္ကြန်မှာ ဒီလိုတွေ ရှိတယ်လို့ပဲ မြင်သွားမှာလေ။
မနိုင်ရင် ရေသန့်ဘူးနဲ့ ပေါက်
ဝလုံးရေ…ဟိုတလောကလည်း ဧရာဝတီဘလော့မှာ ဖတ်လိုက်ရတဲ့ စင်္ကာပူနဲ့မြန်မာ ကလပ်အသင်း ဘောလုံးပွဲအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အချိုရည် ခွက်ထဲက ရေခဲနဲ့ ကွင်းထဲကို ပစ်ပေါက်ကြလို့ စင်ကာပူ ရဲတွေနဲ့ ရှာမယ်ဖွေမယ် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူကြီးတွေဝင် တောင်းပန်လို့ပြဿနာ အရမ်းမကြီးသွားပေမယ့် ပွဲပြီးတဲ့အချိန်အထိ စင်္ကာပူရဲတွေက ဘောလုံးကွင်းကို ကျောပေးပြီး မြန်မာတွေ ထိုင်တဲ့ ပွဲကြည့်စင်ဘက်ကို စက်ရုပ်မျက်နှာတွေနဲ့ တောက်လျှောက် ရပ်ကြည့်နေတယ်လို့ တွေ့လိုက်တယ်။ ပွဲအဝင်ပေါက် မှာကတည်းက ရေဘူးတွေ အကုန်ထားခဲ့ရတာတောင် အခုလိုဖြစ်ရတယ် ဆိုတာတော့ ရုပ်ဆိုးလှတယ်။ မနှစ်က ငါသွားကြည့်တဲ့ ဇော်ဝင်းထွဋ် စတိတ်ရှိုး တုန်းကလည်း ဝင်ပေါက်မှာ ရေဘူးတင်မကဘဲ အချိုရည်တောင် ယူခွင့် မရှိလို့ တစ်ချိန်လုံး ရေငတ်ခံပြီး ကြည့်ခဲ့ကြရတာ။ စင်္ကာပူနိုင်ငံသားတွေချည်းပဲ ကြည့်တဲ့ ပွဲတွေမှာ ဆိုရင်ရော ရေဘူး ယူခွင့်ရှိလား မရှိလား မသိပေမယ့် မြန်မာပွဲတွေ ဆိုရင်တော့ ထားခဲ့ရတာ ထုံးစံကြီးကို ဖြစ်နေပြီ။ ဟိုတစ်နေ့က လူရွှင်တော် ပြက်လုံးတစ်ခုမှာ ရှုံးရင် ရေသန့်ဘူးနဲ့ ပေါက်ဆိုတာ ရယ်စရာ ဟာသတစ်ခုလို့ မမှတ်လိုက်ကြပါနဲ့။
ရှက်စရာကို ရှက်တတ်ကြပါ
မဖြစ်သင့်ပါ၊ ဖြစ်သင့်ပါတယ်တွေ ဘာမှမငြင်းချင်ပေမယ့် အခုလို ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက အာရုံစိုက်ပြီး စုပြုံရောက်နေတဲ့အချိန်မှာ ကိုယ်ပိုင်အသိနဲ့ ထိန်းသိမ်းသင့် ပါတယ်။ နိုင်ငံခြားသား မျက်နှာဖြူတွေကလွဲပြီး ကျန်တာကို အထင်မကြီးတတ်တဲ့ စင်္ကာပူလို နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာတိုင်း ဒီက စည်းကမ်းတွေတွေကို သိကြပါတယ်။ သိလျက်နဲ့ လုပ်တယ်ဆိုတာကတော့ သတ္တိရှိတယ် မခေါ်နိုင်ဘူး။ မြန်မာ့သွေးနီတာ ပြတယ်လို့ ပြောစရာ စရာ မဟုတ်ဘူး။ ခုနက စတုဒိသာပွဲလေးတွေလို ဘာမှ ပြဿနာ မရှိဘဲ ပြီးသွားတော့ ပိုပြီး ဂုဏ်မရှိဘူးလား။ ဒီထက် ပိုပြီး မြင့်စေချင်သေးရင် ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေနဲ့ ပြလို့ရပါသေးတယ်။ မလုပ်ရဘူး တားမြစ် ထားတာကို ဇွတ်လုပ်လို့ နှစ်ပြားမတန် အပြောခံ အကြည့်ခံရတာကို ဂုဏ်ယူစရာ မမှတ်ကြပါနဲ့။ ရှက်စရာ နာစရာတွေကို ကောင်းကောင်း သိပြီ သိပြီး ရှက်တတ် နာတတ်ကြပါ။
ဝလုံးရေ…. အခုဆိုရင် ဈေးထဲက အသားငါးရောင်းတဲ့သူကရော လော်ရီကား မောင်းတဲ့ ဒရိုင်ဘာကရော ရုံးတွေက မန်နေဂျာတွေရော အလွှာစုံက လူတိုင်းပဲ မြန်မာပြည်ကလို့ ပြောလိုက်တာနဲ့ ခေါင်းထောင်လာပြီး ဒီအချိန်က အခွင့်ကောင်းပဲ နင်တို့ပြန်ပြီး မြေတွေ အိမ်တွေ ဝယ်ထားပါလား လို့ပြောကြတယ်။ ငါက ဝယ်စရာမလိုဘူး အစကတည်းက ရှိပြီးသားလို့ ပြန်ပြောတာတောင် ထပ်ဝယ် များများဝယ် ဒီမှာ ၁၀ နှစ်လောက် လုပ်ပြီး ငွေစုပြီး များများသာ ဝယ်လို့ ပြောကြတယ်။ ငါ့နိုင်ငံအကြောင်း ငါသိတယ် နင် အကြံပေးစရာ မလိုဘူး။ နင်တို့နိုင်ငံမှာ ၁ဝ နှစ်လည်း ဆက်လုပ်ဖို့ စိတ်ကူးမရှိဘူး၊ မကြာခင် ပြန်တော့မှာဆိုပြီး တစ်ခွန်းမကျန် ပြန်ပြောရင်း အနိုင်ပိုင်းပိုင်းပစ်ရတယ်။
ကယ်ချင်သူတွေ များနေတယ်
ဒါကို ကြည့်ခြင်းအားဖြင့် ငါတို့နိုင်ငံကို သူတို့တွေ ဘယ်လောက် စိတ်ဝင်စားနေကြလဲ ဆိုတာ သိပ်သိသာပါတယ်။ အခုမှ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုတယ်ဆိုပြီး ငါတို့ အိမ်နီးချင်းတွေ ထအော်နေတာကို နားထောင်ရင်း အရင်က ရွှေဘတို့ အလူးအလဲ ခံနေရချိန်တုန်းကတော့ အသံ တစ်ချက် မထွက်ဘဲ လက်ပိုက် ဒူးနှန့် ကြည့်နေခဲ့ပြီးမ အခု ရွှေဘ နိုင်တာတောင် မဟုတ်သေးဘူး အသက်လေးရှူနိုင်ရုံလေးရှိတဲ့ အချိန်ကျမှ အတင်းကို ဝိုင်းသနားနေတဲ့ ကယ်တင်ရှင်တွေ များနေ ကြပါလားလို့ ခံစားရတယ်။ ကောင်းတာလေးတစ်ခုဖြစ်ရင်တောင် ငါလုပ်ပေးလို့ဆိုပြီး လက်ညှိုး ထောင်ချင်ကြတဲ့ သူတွေ တန်းစီနေတယ်။
တကယ် ကူညီချင်တဲ့ စေတနာကောင်းနဲ့ စိတ်ဝင်စားတာ ဟုတ်မဟုတ်ကို ချင့်ချိန်ကြစေချင်တယ်။ သူတို့တွေ ခလုတ်တိုက်မတတ် ဝင်လာမှာ မကြာတော့ဘူ။ အဲဒီကျရင် အလုပ်လိုနေတဲ့ သူတို့ လူတွေကိုပဲ အလုံးအရင်းနဲ့ ခေါ်သွင်းလာဦးမယ်။ နေရာကောင်းတွေ ပေးဦးမယ်။ ငါတို့က ငါတို့နိုင်ငံ ထဲမှာ သူတို့ကို ဖယ်မပေးရအောင် ကိုယ်ခံအားတွေ ကောင်းနေအောင် နေ့မအိပ် ညမအိပ် ကြိုးစားထားမှ အချိန်မီမယ်။ တလွဲ ဆံပင်ကောင်းတာတွေနဲ့ နာမည်ပျက်တံဆိပ် အကပ်ခံဖို့ အချိန်မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် လုပ်ထားရပါမယ်။ အရည်အချင်း ရှိတဲ့သူတွေ အများကြီးဖြစ်လာရင် ဈေးပေါင်ကျိုးနဲ့ အချောင်ရမလားဆိုပြီး ဝင်လာတဲ့သူတွေလည်း တန်ရာတန်ကြေးပေးပြီး ဝယ်ကို ဝယ်ရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ စိတ်ဓာတ်တွေ မပြင်နိုင်ဘူး မကြိုးစားနိုင်ဘူးဆိုရင်တော့ သူတို့တွေက ဆီဦးထောပတ်တွေ ခူးခပ် ယူသွားပြီး ငါတို့လူမျိုးတွေက အောက်ကြေးနဲ့ပဲ ကျေနပ်ကြရလိမ့်မယ် ဝလုံးရေ…။
ပြည်သူ့ခေတ်ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ထိုက်၏ ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၂)၊ အမှတ် (၉၂) ပါ ဆောင်းပါး။ “စင်္ကာပူလိုဖြစ်အောင် ဘယ်လိုလုပ်ကြမှာလဲ” စာအုပ်မှ။


