The Corner

The Corner

cropped-Logo_round_grey-background.png

မိုးသည်း……ဘုရား……ပန်းအိုး……

Share မယ်

ဘုရားပန်းအိုးထဲမှာ
သေချာထိုးထည့်လိုက်တဲ့
စနေနဲ့ တနင်္ဂနွေရှိတယ်။

ဘုရားပန်းအိုးထဲမှာ 
သံသရာအဆက်ဆက်က ရေစက်နဲ့ ဝဋ်ကြွေးတွေ
တံခွန်နဲ့ ကုက္ကားလို
မတူဘဲ အတူရှိနေတယ်။

ဘုရားပန်းအိုးထဲမှာ
အုန်းပန်းနဲ့ နှင်းဆီဟာ
ရယ်ရယ်မောမောနဲ့
မနာကျင်ယောင် ဆောင်နေကြတယ်။

ဘုရားပန်းအိုးထဲမှာ
မုသားနဲ့သစ္စာ ပန်းမျိုးစုံ
အရောင်အမျိုးမျိုးခြုံလို့
အကုန်လန်းနေကြတယ်။

ဘုရားပန်းအိုးထဲမှာ
သံသယရေကျန်က
မယုံချင်စိတ်ခြင်ပုန်းပေါက်လာ
ခွဲခွာခြင်းတုတ်ကွေးအစရှိနေတယ်။

ဘုရားပန်းအိုးထဲမှာ
သေချာခြင်းနဲ့ မသေချာခြင်းတွေ
အပေါ်မှာ ထိုးထောင်မို့မောက်
အောက်ခြေမှာ ဆွဲထုတ်မရဖြစ်နေတယ်။

ဘုရားပန်းအိုးထဲမှာ
အဆိုရှင်ကိုစောင့်နေတဲ့
စန္ဒရားချစ်ဆွေရဲ့ သီချင်းရှိတယ်။

ဘုရားပန်းအိုးထဲမှာ
အတူရှိနေတဲ့ အရာတွေ
နက်ဖြန်ဘယ်ရောက်မယ်ဆိုတာ
နက်ဖြန်ကျမှသာ သိနိုင်တော့မယ်။

Click to rate this post!
[Total: 0 Average: 0]